.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, April 19, 2011

Fire Fighting

အလုပ်တွေ များလွန်းလို့ ဘလော့ဘက်ကို ခြေဦးမလှည့်မိတာ အတော် ကြာလှပေါ့။ စာရေးဖို့ အချိန် မရသလို စာရေးချင်စိတ်လည်း လုံးဝကို မရှိဘူး။ ရေးစရာအကြောင်းလည်း ခေါင်းထဲမှာ မစဉ်းစားမိဘူး။ အဲဒီလို မစဉ်းစားနိုင်လောက်အောင် မြွေကိုက်ပျားတုပ် ကင်းမှောင့်ခံနေရသလိုမျိုး ပြဿနာပေါင်းစုံကို တခုပြီး နောက်တခု ဒိုင်ခံ ရှင်းပေးနေရတယ်။ တခုများ ပြီးသွားလို့ အေးသွားပြီ မထင်နဲ့ နောက်တခုက အရန်သင့် စောင့်နေတတ်တယ်။ တခါတလေဆို သုံးလေး ငါးခုကို တပြိုင်နက်တည်း ရှင်းပေးရတယ်။

အလုပ်မှာ လုပ်သက်ရင့်လာတာနဲအမျှ အေးဆေးသက်သာတဲ့ သေးသေးမွှားမွှား အလုပ်တွေက ကျွန်တော့်ဆီကို မလာဘူးခင်ဗျ။ တကယ်ကို မိုးမီးလောင်နေတဲ့ ပြဿနာမျိုးတွေ ပရောဂျက်တွေ ကျွန်တော်ဆီ လာတယ်။ အကြောင်းပြချက်က ခင်ဗျားက လွဲရင် ကျန်တဲ့သူတွေ ရှင်းတတ်မှာ မဟုတ်ဘူး ဆိုတာမျိုးတွေ။ အဲဒီလိုနဲ့ ရုံးရဲ့ လုပ်ငန်းပိုင်းဆိုင်ရာမှာ Fire fighter ဖြစ်လာတယ်။

Fire fighter ဆိုတာကလည်း တကယ်တမ်းကျတော့ လွယ်တဲ့ အလုပ် မဟုတ်ပါဘူး။ အရင်ဆုံး ရင်ဆိုင်ရတာကတော့ ပြဿနာတက်နေတဲ့ ပတ်ဝန်းကျင်ကို သည်းခံ ရင်ဆိုင်ရတာပဲ။ ဘာဖြစ်နေမှန်း မသိလို့ စုံစမ်းရင်လည်း အသေးစိတ် မသိရဘူး။ အပြစ်တွေကို လွှဲချနေတာကိုပဲ နားထောင်နေရတယ်။ သူ့ကြောင့် ဟိုဟာကြောင့် ဒီလူကြောင့်ပေါ့။ ဒီလိုနဲ့ပဲ တခါတလေ ပြဿနာရဲ့ အဓိက လိုရင်းကို မရောက်တော့ဘူး။ ဘာကြောင့် ဖြစ်နေရတယ်ဆိုတဲ့ အကြောင်းအရင်းထက် ဘာဖြစ်နေမှန်းကို မသိရတာလည်း ရှိတယ်။ မေးမြန်းရင်လည်း ဖြေတဲ့အသံတွေက ဒေါသသံတွေ စွက်နေတယ်။ အမုန်းတွေ ဝေနေတဲ့ ပတ်ဝန်းကျင် အလည်မှာ ငုတ်တုပ်လေး ထိုင်နေရတဲ့ ဘဝမျိုးပေါ့။

သည်းခံသင့်သမျှ သည်းခံ။ ပြန်အော်သင့်သမျှ ပြန်အော်၊ ခံစစ်ရော တိုက်စစ်ရော ပေါင်းစုံ ကစားရတဲ့ ကွန်မွန်ဒို ဖြစ်လာရတယ်။ ရာထူးကြီးတာတွေ ငယ်တာတွေ ဘေးချိတ်ထားလိုက်တာ ကြာပြီ။ မှားနေရင် မှားနေကြောင်း ပြောပစ်ရတယ်။ ရာထူးကြီးလို့ လုပ်သမျှ မှန်တာမျိုးမှ မဟုတ်တာလေ။ အကောင်ကြီးပြီး အချိန်မစီးတာတွေ အများသား။ ကျွန်တော်လည်း သိလွန်းလို့ တတ်လွန်းလို့ ဒီလိုသတ်ကွင်းထဲ ဝင်လာရတာမျိုး မဟုတ်ပါဘူး။ လာသမျှ ပြဿနာပေါင်းစုံကို သိထားသမျှ တတ်သမျှ အကောင်းဆုံး ဒိုင်ခံဖြေရှင်းရင်း သိသထက်သိ တတ်သထက်တက် လာရတာမျိုးပေါ့။ ပိုသိလို့ဆိုပြီး ပြဿနာတွေပဲ ထပ်ပို့တယ်။ အဲဒါနဲ့ သံသရာ လည်နေတယ်။

အခုချိန်ထိတော့ ပြဿနာရှင်းတဲ့ အကောင်ကြီးဘဝနဲ့ နေ့ရော ညရော အလုပ်တွေ ပိနေမိတယ်။ ဝင်လာသမျှ ပြဿနာအားလုံးကို စိန်ခေါ်မှုတခုလို့ ရှုမြင်ထားရတယ်။ အဲဒီစိန်ခေါ်မှုတွေက ကျွန်တော့်အတွက် အခွင့်အလမ်းတွေလည်း ဖြစ်လာနိုင်တယ်။ စိန်ခေါ်မှုတိုင်းမှာ အောင်မြင်တာတွေ ရှိသလို ကျရှုံးတာလည်း ရှိတယ်။ ယောင်လည်လည်နဲ့ အဖြေမထွက်ပဲ ပွဲပြီးသွားတာမျိုးလည်း ရှိတယ်။ ဒါပေမယ့် တိုက်ပွဲထဲက ရလိုက်တဲ့ အသိအမြင်နဲ့ အတွေ့အကြုံကတော့ ကျွန်တော့်အတွက် အမြတ်ပါပဲလေ။

Sunday, April 10, 2011

They are lovely birds...


Silver-beaked tanager


Green Honey-creeper


Saffron Finch

ဒီကနေ့ ညပိုင်း RIO ဆိုတဲ့ ကာတွန်းကား သွားကြည့်ဖြစ်ပြီး အရင်တုန်းက ရိုက်ခဲ့တဲ့ ငှက်ပုံတွေကို သတိတရ ရှိတာနဲ့ ဘလော့ဂ်မှာ တင်ထားလိုက်တာပါ။ တကယ်တော့ ငှက်ကလေးတွေက ချစ်ဖို့ အလွန်ကောင်းပါတယ်။ အရောင်အသွေး စုံလင်လှတဲ့ ငှက်တွေရဲ့ အလှ၊ တီတီတျာတျာ အသံပေးနေတဲ့ ငှက်တွေရဲ့ ဘာသာစကား၊ အဲဒါတွေကို ခံစားနားဆင် ရှုမြင်နိုင်ရင် အပြစ်ကင်းတဲ့ ချစ်ခြင်းတွေနဲ့ ရိုးရိုးရှင်းရှင်းလှပနေတဲ့ ကမ္ဘာကြီးကို ပိုင်ဆိုင်နေမှာပေါ့လေ။

Sunday, March 20, 2011

Mother's Home...

အမေ့အိမ်

လောကရဲ့ လမ်းများပေါ်
လျှောက်သွားရင်းနဲ့ မောပန်းနွမ်းနယ်
နှလုံးသားက လွမ်းဆွတ်လို့
တမ်းတမိခဲ့ အမေ့ရဲ့အိမ်ကို
အေးမြတဲ့အမေ့ရဲ့မေတ္တာရိပ်နဲ့ဝေးခဲ့သူမို့
တခါတလေ ပြန်လည်တွေးရင်
ရင်မှာပိုကြေကွဲ...

ခြောက်သွေ့တဲ့ အိပ်မက်ရှည်တွေကြားထဲမှာ
အရိပ်တခု လွင့်ပြယ်
ရက်စက်တဲ့ နေ့ရက်များ
တိုက်ခိုက်လို့ အားနည်းနေပြီဆို
တင်းထားတဲ့ စိတ်ဓါတ်များ
ပြိုကွဲသွားမလား စိုးရိမ်လို့
ရင်မှာဒဏ်ရာများနဲ့ နာကျင်နေပြီပဲ...

အိမ်ပြန်ချင်တယ် အနွေးထွေးဆုံး အမေ့အိမ်...
အိမ်ပြန်ချင်တယ် အငြိမ်းချမ်းဆုံး အမေ့အိမ်...

အိပ်မရတဲ့ ညများစွာထဲ
ရထားဥသြသံလေးများ ကြားရင်
အိမ်ပြန်ချင်တဲ့ စိတ်ကလေး တားမရဘူး။

မွန်းကြပ်တဲ့ မြို့ပြလူနေမှုစနစ်မှာ
စီးမျောရင်းလေ
မပြီးသေးတဲ့ ခရီးဆုံးတခု
အဆုံးထိရောက်ဖို့ ကြိုးစားနေသူမှာ
ရိုးသားတဲ့ ကျေးလက်က
အမေ့အိမ်ကလေးအကြောင်း တွေးမိနေလို့
မြင်ယောင်ကာ အိပ်မက်ရင်
အလိုလို ငိုချင်တယ်...

အိမ်ပြန်ချင်တယ် အငြိမ်းချမ်းဆုံး အမေ့အိမ်...
အိမ်ပြန်ချင်တယ် အနွေးထွေးဆုံး အမေ့အိမ်...

အိပ်မရတဲ့ ညများစွာထဲ
ရထားဥသြသံလေးများ ကြားရင်
အိမ်ပြန်ချင်တဲ့ စိတ်ကလေး တားမရဘူး။


တေးရေး တေးဆိုက ထူးအိမ်သင်ပါ။ သီချင်းထဲမှာကတော့ ရထားဥသြသံလေးတွေ ကြားမိရင် အမေ့အိမ်ကို လွမ်းတယ်ပေါ့လေ။ ဒီမှာကတော့ ရထားဥသြသံ မကြားရဘူး။ ရထားလာရင် အဝါရောင်လိုင်း အနောက်မှာ ရပ်နေဖို့ သတိပေးသံတော့ ကြားရတယ်။ ဒါပေမဲ့ အရှေ့ဘက်ကမ်းခြေကို အလည်တခေါက်များ ရောက်ခဲ့ရင် ငါးမိနစ်ခြား ဆင်းလာနေတဲ့ လေယာဉ်ပျံကြီးတွေကို မြင်မိရင် မြန်မာပြည်ကို ပြန်ချင်စိတ်တွေ တဖွားဖွား ပေါ်မိတယ်။ မြန်မာပြည်ကို ပြန်ထားတာ မကြာသေးပေမယ့်လည်း အဲဒီလို လေယာဉ်ပျံကြီးတွေ မြင်မိလိုက်ရင် ထပ်ပြန်ချင်မိတယ်။

မွန်းကြပ်တဲ့ မြို့ပြ လူနေမှုစနစ် ဆိုတာကိုလည်း ခံစားရတာ အတူတူပါပဲ။ ရန်ကုန်သား မြို့သားဖြစ်ပေမယ့် စင်္ကာပူမှာက ပိုပြီး မွန်းကြပ်တယ်လို့ ခံစားမိတယ်။ ရန်ကုန်မြို့ပေါ် အမေ့အိမ်က စင်္ကာပူနဲ့ ယှဉ်လိုက်ရင် သီချင်းထဲမှာလို ကျေးလက်အိမ်ကလေး ဖြစ်သွားရှာတယ်။ နေပွင့်တဲ့ မနက်ခင်းချင်း အတူတူတောင် ရန်ကုန်က မနက်ခင်းက ရိုးရှင်းတယ်၊ ပွင့်လင်းတယ်၊ အေးချမ်းလှတယ်။ စိတ်လွတ် ကိုယ်လွတ် အပူအပင် သိပ်မရှိဘူး။ ခေါင်းထဲမှာ အလုပ်တွေ တန်းစီ မနေဘူး။ ဒါကတော့ စင်္ကာပူကို ရောက်နေတဲ့သူတယောက်ရဲ့ နှိုင်းယှဉ် ခံစားချက်ပါ။

အဲဒီအကြောင်းတွေ တွေးမိလိုက်ရင်... အဲဒီအမေ့အိမ်သီချင်းကို နားထောင်မိရင်... ခရီးဆုံးတခု ရောက်ဖို့ တောက်လျှောက် ကြိုးစားနေရတဲ့ ကျွန်တော့်ရဲ့ စိတ်ထဲမှာ ခေတ်မှီဖွံ့ဖြိုး တိုးတက်နေတဲ့ ရွှေပြည်ကြီးကို လွမ်းသွားတာကတော့ ငြင်းလို့မရတဲ့ တကယ့်အဖြစ်ပါပဲလေ။ ပျော်ရာမှာ မနေရ... တော်ရာမှာ နေရတဲ့ အဝေးမြေရောက် ရွှေပြည်သားရဲ့ ခံစားချက်တွေပေါ့ဗျာ။

Sunday, March 6, 2011

Merlion Hotel



စင်္ကာပူရဲ့ အထင်ကရ ရုပ်တုကြီးဖြစ်တဲ့ Merlion လည်း အခပေးတည်းခိုရတဲ့ ဟိုတယ်ဘဝကို ဧပြီလ ၄ ရက်နေ့ကနေ မေလ ၅ ရက်နေ့အထိ ၃၂ ရက်တာ ပြောင်းလဲရှာရတော့မယ်။ ငါးခြင်္သေ့ရုပ်ကြီးရဲ့ ရှေ့မှာ ၂ ယောက်အိပ် အိပ်ခန်းဆောင်တခုပဲ ပါတဲ့ ဟိုတယ်က တညတာ တည်းခိုခ စင်္ကာပူဒေါ်လာ ၁၅၀ ပါ။ ရေချိုးခန်း အိမ်သာလည်း ပါပါတယ်။ မနက်စာကိုတော့ ဖူလတန်ဟိုတယ်မှာ သွားစားရပါမယ်။ ဈေးကြီးလွန်းတယ်လို့ မဆိုနိုင်တဲ့ စင်္ကာပူဒေါ်လာ ၁၅၀ ကြောင့် ဟိုတယ် Booking လုပ်ထားတာ ၃၂ ရက်စာအပြည့်ပါပဲ။

အခုတော့ ပြင်ဆင်တည်ဆောက်ဆဲ ကာလပေါ့။ မတ်လ ၁၁ ရက်နေ့မှာ တည်ဆောက်ရေး လုပ်ငန်းခွင်ကို အပြီးသပ်ပါမယ်။ မတ်လ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်းမှာတော့ အများပြည်သူ အလည်အပတ် ကြည့်ရှုခွင့်ပြုမယ်လို့ ကြားထားပါတယ်။

ဒီနေ့ မရည်ရွယ်ပဲ အဲဒီအနား ရောက်သွားလို့ မှတ်တမ်းတင် ဓါတ်ပုံရိုက်ယူထားခဲ့လိုက်တယ်။

Sunday, February 27, 2011

Trust or not?

ဟိုတလောက အသိတယောက်က အကူအညီတောင်းပါတယ်။ စင်္ကာပူကို အလုပ် လာရှာဖို့အတွက် Show Money ပြချင်လို့ စင်္ကာပူငွေ ရောင်းပေးပါတဲ့။ အစိမ်းတွေ ပြရင်လည်း ရပါတယ်လို့ ပြောပြပေမယ့် စလုံးငွေပဲ လိုချင်တယ်တဲ့။ ကူညီနိုင်ရင် ကူညီပေးပါဆိုလို့ အဲဒီနေ့က ပေါက်ဈေးအတိုင်း တွက်ချက် သဘောတူပြီး လွှဲပေးမယ်လို့ ပြောလိုက်တယ်။ အိမ်ကို ငွေလွှဲဖို့ မလိုတဲ့အချိန် ဖြစ်ပေမယ့်လည်း ကူညီပေးလိုက်တယ်။

ငွေကို ဘယ်လို လွှဲပေးရမလဲ ဆိုတော့ သူ့အသိတယောက်က စင်္ကာပူကို ခေတ္တခဏ အလည်ရောက်နေတယ်။ အဲဒီတယောက်ဆီ စလုံးငွေကို သွားပို့ပေးရင် ရပြီတဲ့။ အဲဒါဆို စင်္ကာပူဘက်အခြမ်း ကိစ္စက ရှင်းတယ်။ ငွေလက်ခံမယ့်သူရဲ့ ဖုန်းနံပါတ်ကို ယူထားပြီး ဆက်သွယ်လိုက်ရုံပဲ။ ပြီးရင် နှစ်ဦးနှစ်ဘက် အဆင်ပြေမယ့် အချိန်မှာ ငွေလွှဲပေးကြတာပေါ့။ ရန်ကုန်ဘက်အခြမ်းက ဘယ်လို ငွေလက်ခံယူရမလဲ။ သွားပို့မှာလား လာယူရမှာလား။ ရန်ကုန်ဘက်မှာ အိမ်အရောက် ကိုယ်တိုင် သွားပို့ပေးမယ်ဆိုတော့ သွားရလာရ လွယ်ကူတဲ့ ကျွန်တော့်အဖွားအိမ်ကိုပဲ သွားပို့ပေးဖို့ ပြောလိုက်တယ်။ အဲဒီအထိတော့ အားလုံး အဆင်ပြေ အိုခေနေတာပေါ့။

အဆင်မပြေတာတွေက နောက်မှ သိလိုက်ရတယ်။ ငွေသွားပို့တဲ့နေ့မှာ စာချုပ်လုပ်သွားပြီး ငွေလက်ခံ ရယူတဲ့ အိမ်က အဖွားကို လက်မှတ်ထိုးခိုင်းသလို ဦးလေးကိုလည်း အသိသက်သေနေရာမှာ လက်မှတ်ထိုးခိုင်းတယ်။ အဲဒီအထိကတော့ အိမ်က လူကြီးတွေက အိုခေပါတယ်။ ငွေရေးကြေးရေးကိစ္စမှာ စာချုပ်တွေနဲ့ လုပ်တာကို အတိုင်းအတာ တခုအနေနဲ့ လက်ခံပါတယ်။ လိုအပ်သလို လက်မှတ် ထိုးပေးတယ်။ ပြဿနာက စာချုပ်ကို ယူသွားပြီး ပြန်သွားပြီးကာမှ နောက်ပြန်လှည့်လာပြီး အဖွားကို သက်သေအနေနဲ့ ဓါတ်ပုံရိုက်ယူသွားတယ်။ အိမ်က လူကြီးတွေက အဲဒီကိစ္စကို အစာမကြေဖြစ်ပြီး ကျွန်တော့်ဘက်ကို ဖုန်းဆက်ဗုံးကြဲပါလေရော။

အခုကိစ္စမှာ... ဘဝတခု အသစ်စဖို့ ရှိသမျှကို စုဆောင်းပြီး ပျံသန်းဖို့ အရှိန်ယူဆဲကာလမှာ အလိမ်အညာ မုသားအိမ်ထဲ ယောင်မှားဝင်မိမှာ စိုးရိမ်မိလို့... မိုးပြိုခဲ့သည် ရှိသော်ဆိုပြီး ခြေနှစ်ချောင်း မိုးပေါ်ထောင် အိပ်တဲ့ တစ်တီတူးငှက်လိုမျိုး... သံသယကို အခြေခံပြီး မရည်ရွယ်ပဲ လုပ်သွားတဲ့ အမှားလေးက တဘက်လူရဲ့ စေတနာကို ဝေဒနာ ဖြစ်စေခဲ့တယ်။ ကူညီတတ်တယ်၊ ရက်ရောတယ် ဆိုတဲ့ မြန်မာ့လူနေမှုဘဝမှာ ခြေနှစ်ချောင်း မကယ်ကောင်းဘူး ဆိုတဲ့စကားက အလကားပေါ်လာခဲ့ပုံ မပေါ်ပါဘူး။ အကူအညီလိုနေတဲ့ သူကို ကူညီရတာ မင်္ဂလာတပါးပါပဲ။ မလိုတဲ့နေရာမှာ သွားပြီး ကူနေရတာထက် တကယ်လိုနေတဲ့သူကို ကူရတာ ပိုကောင်းတာပေါ့။ ဒါပေ့မယ် ခြေနှစ်ချောင်း မကယ်ကောင်းဘူးဆိုတဲ့ အဲဒီစကားက ဘယ်ကနေ ဘယ်လိုမျိုး ပေါ်လာရတာလဲ။

ကျွန်တော့်ဘက်မှာ အဆင်မပြေတာ အသေးအမွှားလေးတွေလည်း ရှိပါတယ်။ ပုံမှန်မှာဆို မြန်မာပြည်ကို ငွေလွှဲချင်ရင် ပင်နီဇူလားက လွှဲနေကြအေးဂျင့်ကို လွှဲပေးလိုက်ရင် အဆင်ပြေပြီ။ ကိုယ်မအားလို့ ကိုယ်တိုင် မသွားဖြစ်ရင်လည်း ဘဏ်ကနေ ငွေလွှဲပေးလိုက်ရင် အဆင်ပြေတာပဲ။ အခုဟာကျတော့ တမျိုးပါ။ သူ့ဘက် ကိုယ့်ဘက် အားတဲ့အချိန်ကို ညှိယူရတယ်။ ပြီးတော့ ငွေလက်ခံမယ့်သူ တည်းနေတဲ့ နေရာကို ကိုယ်တိုင် အရောက် သွားပေးရတယ်။ ဘဏ်ကနေ လွှဲပေးလို့ရတာမျိုး မဟုတ်ဘူး။ အလုပ်တွေ မအားတဲ့ ကြားကနေ ရုံးဆင်းချိန်မှာ အပြေးတပိုင်း မြို့ထဲသွားရတယ်။ ဖုန်းတွေ ဆက်ရတယ်။ ဆိုလိုချင်တာက အေးဂျင့်ကနေ လွှဲတာလောက် မလွယ်ပါဘူး။ အချိန်ကုန် လူပန်း စိတ်ရှုပ်ရပါတယ်။

အပြန်အလှန် ယုံကြည်မှုဆိုတာ ရင်းနှီးခင်မင်ပါတဲ့ လူရင်းတွေကြားမှာတောင် ရှိခဲပါတယ်။ ယုံရပါတယ် ဆိုတဲ့ လူတွေတောင် ယုံကြည်မှုကို အလွဲသုံးစား လုပ်တတ်သေးတာပဲ။ ဒီလိုနဲ့ပဲ ဖိုးတွမ်တီးဆိုတဲ့ အမှုတွေက ပေါများလွန်းနေတယ်။ ဒါကြောင့် အကျွမ်းတဝင် မရှိသေးတဲ့ လူအဖို့ဆိုရင် အပြန်အလှန် ယုံကြည်မှု ရှိဖို့ဆိုတာ ပိုလို့တောင် ခက်လှပါတယ်။ ဆွေမျိုးသားချင်းတောင် မယုံရဲတဲ့ ခေတ်ကို ရောက်နေပြီလေ။

အဲဒါကြောင့် ခြေနှစ်ချောင်းကို အပေါ်ထောင်ထားတဲ့ တစ်တီတူးလို လူမျိုးရဲ့ သဘောသဘာဝကို ကျွန်တော် နားလည်ဆင်ခြင်မိတဲ့အလျှောက် အခုကိစ္စမှာ အိမ်က ပြောသမျှ ဆူသမျှကို ခေါင်းငုံ့ခံပြီး ရေငုံနှုတ်ပိတ် တိတ်တိတ်လေးပဲ နေလိုက်ပါတယ်။ စေတနာကို ဝေဒနာ ဖြစ်အောင် မလုပ်မိစေလိုတဲ့ ဆန္ဒလေးပဲ ရင်ထဲမှာ ရှိနေခဲ့လို့ ဆင်ခြင်နိုင်အောင် ရေးမှတ်ထားလိုက်ပါတယ်။