.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, February 10, 2008

Day for Human Beings

တရုတ်ရိုးရာ အစဉ်အလာအရ တရုတ်နှစ်သစ်ကူးပွဲတော်ရဲ့ ခုနစ်ရက်မြောက်နေ့ဟာ လူသားနေ့ အဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီနေ့လေး ဖြစ်ပေါ်လာပုံကို အခုတစ်ခေါက် ရေးသားပါအုံးမယ်။

ဟိုးရှေးရှေးတုန်းက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးဟာ အခုလို သီခြား တည်ရှိမနေပဲ ဥတစ်လုံးလို လုံးဝန်းနေတဲ့ အစိုင်အခဲကြီးတစ်ခုပေါ့။ အဲဒီ ဥကြီးထဲမှာ တရုတ်တွေရဲ့ ဘိုးဘေးအဖြစ် လူသိများတဲ့ ပန်ခူ ဆိုတဲ့ လူတစ်ယောက် အိပ်ပျော်လျက် ရှိနေပါတယ်။ သူ့ခန္ဓာကိုယ်ဟာ လီပေါင်း ကိုးသောင်း ရှိပါတယ်။ လီဆိုတာ တရုတ်အတိုင်းအတာ သတ်မှတ်ချက်တစ်ခုပါ။ ၂ လီ မှာ ၁ ကီလီုမီတာ ရှိပါတယ်။ လီပေါင်း ကိုးသောင်းဆိုတော့ သူ့ခန္ဓာကိုယ်ဟာ ကီလိုမီတာ ၄ သောင်းခွဲလောက် ရှိတယ်ပေါ့။ တစ်ကိုယ်လုံး အမွေးအမှင်တွေ ဖုံးအုပ်နေတဲ့ ဧရာမ လူအကြီးကြီးပေါ့ဗျာ။

တစ်နေ့မှာ သူ နိုးထလာခဲ့တယ်။ ပြီးတော့ အဲဒီဥခွံထဲကနေ အပြင်ကို ထွက်ဖို့ ကြိုးစားပါတော့တယ်။ ပန်ခူဟာ အားကုန်စိုက်ထုတ်ပြီး ဥကြီးကို ဖောက်ထွက်ခဲ့ပါတယ်။ အဲဒီလို ပေါက်ကွဲသွားတဲ့ ဥကြီးရဲ့ သိပ်သည်းမှု နည်းတဲ့ အပိုင်းအစတွေ မိုးကောင်းကင် ဖြစ်လာပြီး သိပ်သည်း လေးလံတဲ့ အပိုင်းဟာ ကမ္ဘာမြေကြီး ဖြစ်လာပါတော့တယ်။ အဲဒီ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးဟာ ဥအဖြစ် ပြန်လည် ပေါင်းစည်ဖို့ တဖြည်းဖြည်း ပြန်လည် နီးကပ်လာနေပါတယ်။



ဒါပေမယ့် ပန်ခူဟာ အဲဒီအခြေအနေကို မဖြစ်စေလိုပါဘူး။ အဲဒါကြောင့် ပန်ခူဟာ သူ့ရဲ့ တုတ်ခိုင် သန်စွမ်းတဲ့ လက်တွေနဲ့ ကောင်းကင်ကြီးကို ပင့်ထောက် မ ထားပါတယ်။ သူရဲ့ ခြေထောက်ကြီးတွေနဲ့ ကမ္ဘာမြေကြီးကို ခြေကန်ထားပါတယ်။ နှစ်ပေါင်း ထောင် သောင်း ချီတဲ့အထိ အဲဒီလို ကျားကန်ထားတဲ့အခါ ကမ္ဘာမြေကြီးနဲ့ မိုးကောင်ကင်ဟာ သီးခြား တည်ရှိလာခဲ့ပါတယ်။ ပထမဦဆုံးကလို ပြန်လည် ပေါင်းစည်းတာမျိုး ထပ်မဖြစ်တော့ပါဘူး။ အဲဒီလို သီးခြား တည်ရှိလာတဲ့ အချိန်အထိ လက်နဲ့ မ ခြေထောက်နဲ့ ကန်ထားရတဲ့ ပန်ခူဟာ အလွန်ကို ပင်ပန်းနွမ်းနယ်ပါပြီ။ ခဏကြာတော့ သူ အားပြတ်ပြီး အရုပ်ကြိုးပြတ် လဲကျပါတော့တယ်။ နောက်ဆုံးတော့ ပန်ခူ သေသွားရှာပါလေရော။

ပန်ခူ သေသွားပြီးတဲ့နောက်... သူရဲ့ ဘယ်ဘက်မျက်လုံး တစ်လုံးဟာ နေဖြစ်သွားပြီး ညာဘက်မျက်လုံး တစ်လုံးက လ ဖြစ်သွားကြပါတယ်။ သူရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်ဟာ တောင်တန်းတွေ တောင်ကုန်းတွေ ဖြစ်ကုန်ကြပါတယ်။ သူရဲ့ သွေးတွေကတော့ မြစ်တွေအဖြစ် စီးဆင်းသွားပါတယ်။ သူရဲ့ အမွေးအမှင်တွေက အပင်တွေ ဖြစ်ကုန်ပါတယ်။ သူရဲ့ ချွေးတွေက မိုးတွေ၊ ဆီးနှင်းတွေအဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒီလိုနဲ့ ကမ္ဘာမြေကြီး ရှင်သန် ဖွံ့ဖြိုးလာပါတော့တယ်။

အဲဒီလို မိုးနဲ့ မြေ ဖြစ်တည်ပြီး နှစ်ပေါင်းများစွာ ကြာတဲ့အထိ ကမ္ဘာမြေမှာ လူသားဆိုတာ မပေါ်သေးပါဘူး။ တစ်နေ့မှာ နွီဝှါး လို့ခေါ်တဲ့ တန်ခိုးရှင် နတ်မိမယ်တစ်ပါး မြေပေါ်ကို ဆင်းသက်လာပါတယ်။ နတ်မိမယ်ဟာ မြေကမ္ဘာမှာ အဖော်မဲ့နေပါတယ်။ အလွန်ကို အထီးကျန်ဆန်ပြီး ပျင်းရိဖွယ် ကောင်းနေခဲ့ပါတယ်။ အဲဒီလိုနဲ့ နွီဝှါးဟာ ရေကန်စပ်တစ်ခုမှာ ထိုင်ရင်း ရေပြင်ကို ငေးကြည့်နေပေမယ့် ရေထဲမှာ သူမရဲ့ အရိပ်ကိုပဲ အဖော်အဖြစ် မြင်တွေ့နေရပါတယ်။

ရေကန်ထဲမှာ ရေဆော့ ကစားနေတုန်း သူမရဲ့ လက်မှာ ရွှံ့တွေ လာကပ်ကုန်ပါတယ်။ လက်ထဲမှာ ကပ်နေတဲ့ ရွှံ့တွေကို ရေထဲကို ခါချလိုက်တဲ့အခါ ရွှံ့စက်လေးတွေက ဖားတစ်ပိုင်း ငါးတစ်ပိုင်းလေးတွေ ဖြစ်ကုန်ပါတယ်။ အဲဒါကို မြင်တွေ့ပြီး နောက်ပိုင်းမှာ နွီဝှါးဟာ ရွှံ့တွေကို အသုံးပြုပြီး သူ့အတွက် အဖော် တိရစ္ဆာန်တွေကို ဖန်တီးပါတော့တယ်။ နှစ်သစ် ပထမလရဲ့ ပထမ ခြောက်ရက်အတွင်းမှာ ကြက်၊ ခွေး၊ ၀က်၊ ဆိတ်၊ နွားနဲ့ မြင်းတွေကို ဖန်တီးခဲ့ပါတယ်။

ဒါပေမယ့် သူမဟာ တစ်ခုခု လိုအပ်နေတယ်လို့ ခံစားနေရပါတယ်။ ဒါနဲ့ သူနဲ့ တူတဲ့ပုံစံတစ်ခုကို ဖန်တီးဖို့ စဉ်းစားမိပါတယ်။ ပထမဦးဆုံး မိန်းခလေး ရုပ်တုတစ်ခုကို ရွှံ့နဲ့ ပြုလုပ်လိုက်ပါတယ်။ တစ်ခုတည်း ဖန်တီးထားရင် အထီးကျန်ဆန် ပျင်းနေမှာကို စိုးတာနဲ့ နောက်ထပ် ယောကျာ်းလေးတစ်ရုပ်ကို ထပ်ဖန်တီးလိုက်ပါတယ်။ နောက်ထပ် အရုပ်တွေ အမြောက်အမြား ဆက်လုပ်နေပါတော့တယ်။ အဲဒီလိုနဲ့ နှစ်သစ် ပထမလရဲ့ ခုနစ်ရက်မြောက်နေ့မှာ နွီဝှါးဟာ လူသားတွေကို စတင် ဖန်တီးမွေးဖွါးခဲ့ပါတယ်။ အဲဒါကြောင့် တရုတ်နှစ်သစ်ကူးပွဲတော်ရဲ့ ခုနစ်ရက်မြောက်နေ့ကို လူသားနေ့အဖြစ် သတ်မှတ်ပြီး လူသားတွေကို စတင်ဖန်တီးခဲ့တဲ့ နွီဝှါး နတ်မိမယ်ကို ပူဇော်ကန့်တော့ကြတဲ့ ရိုးရာအစဉ်အလာ ဖြစ်တည်လာခဲ့ပါတော့တယ် ခင်ဗျာ။

No comments: