ကွက်လပ်လေးဖြည့်ပါ...
ငယ်ငယ်တုန်းက မူလတန်းကျောင်း စာမေးပွဲတွေမှာ ဖြည့်ခိုင်းတဲ့ ကွက်လပ်တွေ မဟုတ်ပါ။ ကျွန်တော် သိပ်ကြိုက်ခဲ့တဲ့ မစန္ဒာရဲ့ ၀တ္ထုလေးတစ်ပုဒ်လည်း မဟုတ်ပါ။ အဲဒါဆို ဘာလဲ။ အဲဒါက ကျွန်တော်ရဲ့ မသိစိတ် အတွင်းစိတ်က ပုံရိပ်လေးတစ်ခုပါ။ ဟုတ်ကဲ့... ကျွန်တော် ကွက်လပ်ဖြည့်တာကို လုပ်လေ့ လုပ်ထ ရှိပါတယ်ခင်ဗျ။
ကွက်လပ်ဖြည့်တယ်ဆိုတာ လိုအပ်နေတဲ့နေရာကို လိုအပ်တဲ့အရာလေးတွေကို ဖြည့်ပေးတာမျိုးပေါ့။ မလိုအပ်တဲ့နေရာမှာ အဲဒါမျိုးတွေ သွားလုပ်ရင် ဘာအကြောင်းထူးမှာလဲ။ ဖြုန်းတီးရာ ရောက်မယ်လေ။ ကျေးဇူးမတင်တဲ့အပြင် ဖင်လှန်ပြမှာတောင် စိုးရသေးတယ်။
ငယ်ငယ်ကတည်းက အတန်းထဲမှာ စာတော်တဲ့သူတွေနဲ့ အပေါင်းအသင်း မလုပ်ဖြစ်ဘူး။ စာညံ့တဲ့သူတွေ နှစ်ကျသမားတွေနဲ့ ထိုင်လေ့ရှိတယ်။ ပိုက်ဆံချမ်းသာတဲ့ သူဌေးသားသမီးတွေနဲ့ မပေါင်းဖြစ်ဘူး။ တစ်နေ့လုပ် တစ်နေ့စား ဘ၀သမားတွေရဲ့ သားသမီးတွေနဲ့ သူငယ်ချင်း ဖြစ်လေ့ရှိခဲ့တယ်။ ခြောက်တန်းမှာ နှစ်ကျတွေကို စာအတူလုပ်ပေးခဲ့တာ အဲဒီထဲကတစ်ယောက် တစ်တန်းလုံးမှာ ဒုတိယအဆင့် ချိတ်ခဲ့ပြီး ဆယ်တန်းအထိ ပညာသင်ယူခွင့်ရခဲ့ပါတယ်။ အခုအချိန်အထိ ကျွန်တော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းအဖြစ် တည်ရှိနေဆဲပါ။
အရွယ်ရောက်လာပြီး လူမှုရေးအလုပ်တွေ လုပ်တဲ့အခါကျတော့လည်း ကွက်လပ်ဖြည့်ခဲ့ပြန်တယ်။ ၀န်ကြီးတွေ၊ ဗိုလ်ချုပ်တွေ လိုအပ်သည်များကို မှာကြားမယ့်ပွဲများ၊ လက်ခုပ်တီးပေးရမယ့် ပွဲမျိုးတွေ၊ လူအင်အားပြရမယ့် ပွဲမျိုးတွေကို မတက်ပါဘူး။ တတ်နိုင်သလောက် ရှောင်ပါတယ်။ အလကားသပ်သပ် အချိန်ဖြုန်းခံရတယ်လို့ မြင်မိပါတယ်။ ဒီလို လူကြီးတွေ လာမယ့်ပွဲမှာ ကျွန်တော်လိုလူမျိုး မသွားလို့ မလာလို့ ဘာမှမဖြစ်သွားပါဘူး။ မျက်နှာကို ပြေးပြီး လျှာနဲ့လျှက်မတတ်လုပ်မယ့် ဖော်လံဖားတွေ အများကြီးပါ။ ရှေ့တန်းက နေရာယူပြီး မျက်နှာချိုသွေးမယ့် လူတွေအများကြီးပါ။
ဒါပေမယ့် မီးဘေး ရေဘေး ကယ်ဆယ်ရေးတွေကြရင် ကျွန်တော်တို့ သူငယ်ချင်းတစ်စု ဦးဆောင်ပြီး ရပ်ကွက်ထဲက ညီငယ်တွေနဲ့ ကယ်ဆယ်ရေး ဆင်းကြပါတယ်။ မီးလောင်ပြင်တွေမှာ မီးသတ်တွေနဲ့အတူ မီးငြိမ်းသတ်တာတွေ၊ ဒဏ်ရာရ လူနာတွေကို ပြုစုစောင့်ရှောက်တာတွေ၊ မီးလောင်ပြင်က လူတွေကို နေရာချထားပေးတာတွေ၊ လူကြီးမိဘနဲ့ ကွဲကွာသွားတဲ့ ကလေးတွေကို ပြန်လည်ရှာဖွေတာတွေ၊ ကယ်ဆယ်ရေးစခန်းတွေမှာ တာဝန်ယူတာတွေ လုပ်ကြပါတယ်။ လူကြီးတွေ လာမယ့်ပွဲမျိုးတွေမှာ အူယားဖားယား အလုပ်လုပ်ပြနေတဲ့လူစားတွေ အဲဒီလို မီးလောင်ပြင်မျိုးမှာ လိုက်ရှာကြည့်ရင် ဘယ်နားရောက်နေမှန်းကို မသိတော့ပါဘူး။ အဲ... ကယ်ဆယ်ရေးစခန်းတွေ သေချာလုပ်ပြီးပါပြီ၊ လူတွေအကုန် နေရာချပြီးပါပြီဆိုရင် အဲဒီလူစားတွေ ပြန်ပေါ်လာပြန်ရောဗျာ။ ကယ်ဆယ်ရေးစခန်းရဲ့ နေရာကောင်းတစ်ခုမှာ ကုလားထိုင်လေးတွေနဲ့ စုထိုင်ပြီး ရေနွေးကြမ်း သောက်နေကြပါလေရော။ လိုအပ်သည်များကို မှာစားကြပါတယ်ပေါ့။ ဟဟ...
အလှူအတန်း လုပ်တဲ့အခါဆိုရင်လည်း ရွှေတွေ တ၀င်းဝင်းဖြစ်နေတဲ့ ဘုရားကြီးတွေကို ရွှေထပ်ချဖို့ စိတ်မပါတော့ပါဘူး။ ဆွမ်းကွမ်းပြည့်စုံတဲ့ ကျောင်းကြီးရခိုင်နဲ့ ကားအကောင်းစားကြီးတွေ စီးနေတဲ့ ဘုန်းကြီးကျောင်းတွေကို ထပ်လှူဖို့ စိတ်မ၀င်စားမိပြန်ဘူး။ စေတီပုထိုးတွေ ဒီလောက်များနေတဲ့ တိုင်းပြည်ကြီးမှာ ဘုရားတွေ ထပ်တည်ပြီး ဘုရားဒါယကာ ကျောင်းဒါယကာ အမည်တပ်ခေါ်ခံရမှာကိုလည်း မမက်မောတော့ပါဘူး။ ဇရပ်တွေ ကျောင်းတွေ ဆောက်ပြီး မုဒ်ဦးမှာ အမည်ထိုးချင်တဲ့ လူစားတွေကိုလည်း ရွှံရှာမိလာတယ်။ အဲဒီအစား မိဘမဲ့ကလေးတွေကို စာသင်ပေးနေတဲ့ ဘုန်းကြီးကျောင်းတွေ၊ လမ်းပေါ်ကလေးတွေ ပြုစုစောင့်ရှောက်နေတဲ့ ဂေဟာတွေ၊ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်နေတဲ့ လူနာတွေကို ဖေးမကူညီနေတဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းချင်မိပါတယ်။ လူအများ သတိမမူမိတဲ့ ချန်ခဲ့တဲ့ ကွက်လပ်လေးတွေကို ဖြည့်ချင်မိတယ်။
ကွက်လပ်ဖြည့်တယ်ဆိုတာ တကယ်တော့ လွယ်မလိုနဲ့ အတော်ခက်ပါတယ်။ လူအများစုနဲ့မတူ... သူများယောင်တိုင်း လိုက်မယောင်နိုင်တဲ့အတွက် တခါတလေ လူ့ဂွစာအဖြစ် အထင်ခံရပါတယ်။ အမြင်မကြည်တာ ခံရပါတယ်။ အငြိုအငြင် ခံရပါတယ်။ အများမိုးခါးရေ သောက်တာပဲ ကျွန်တော်လည်း သောက်သင့်တယ် ဆိုတဲ့ အပြောမျိုးတွေ မကြာခဏ ခံရပါတယ်။ ဂဏန်းကောင်လို့ပဲ ကန့်လန့်နေချင်တဲ့ ကျွန်တော်အဖို့ အခုလို လူစားတွေကြားမှာ ကန့်လန့်တိုက်ရတာကို နှစ်သက်ခုံမင်မိနေပါတယ်။ ဒါကြောင့် ကျွန်တော့်ဘ၀မှာ အခွင့်အရေးပေးသလောက် ကွက်လပ်လေးတွေ ဆက်ပြီး ဖြည့်နေအုံးမှာပါ။ အဲဒီလိုပဲ လူ့ဂွစာလည်း ဆက်ဖြစ်နေအုံးမှာပါ။

3 comments:
ကွက်လပ်ကလေးတွေ ဖြည့်ရင်း
အထင်မှားခံရ၊ လွဲခံရ
အပြောအဆိုခံရ
ဒေါသထွက်ရ၊ စိတ်မောရတာလေးတွေ
ခုချိန်မှာ လဲ အမြဲ သတိရလျက်.. ကွက်လပ်ဖြည့် လုပ်ငန်းလေးတွေကို တစ်ဖက်တစ်လမ်းက ကူညီပေးချင်နေသေးတယ်။
ကိုယ်တိုင်ကိုယ်ကျ ပြန်လုပ်နိုင်မယ့် နေ့တစ်ရက်ကို မျှော်လင့်နေတုန်းပဲ
ကိုဇူလိုင်ရေ…လိုအပ်တဲ့နေရာမှာ ကွက်လပ်ဖြည့်ပေးတယ်ဆိုတာ အင်မတန် မွန်မြတ်တဲ့ အလုပ်ပါ။ ရေများရာ မိုးရွာနေတတ်ကြတဲ့ လူအများစုကြားမှာ ကွက်လပ်ဖြည့်ပေးတဲ့သူက လူ့ဂွစာ ဖြစ်နေတာ မဆန်းလောက်ဘူး ထင်ပါတယ်။ ကွက်လပ်တွေကို ဖြည့်ပေးနိုင်တဲ့သူ ဖြစ်ရတာ ဂုဏ်ယူစရာပါ။ ကိုဇူလိုင့် ရည်ရွယ်ချက်တွေ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ပါစေ။
လုပ်ရပ်တွေတူချင်တူနိုင်ပေမယ့် စေတနာတွေကွာခြားနေတဲ့လူ့သဘောကို မြင်မိသွားပါတယ် ..
ကိုယ်တတ်နိုင်တဲ့ဘက်က ကွပ်လပ်ဖြည့်ပေးနိုင်အောင် ကြိုးစားပါ့မယ် ..
Post a Comment