.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, December 3, 2008

I hate about myself

ကိုယ့်ကိုယ်ကို မုန်းတဲ့အချက် ၁၀ ချက်... ရေးပေးပါဆိုပြီး နှစ်ကျောင်းတူ ပုလုကွေးဆိုတဲ့ ရခိုင်သားက အစောဆုံး လာပြောသွားပါတယ်။ တစ်ပတ်လုံး အလုပ်တွေများလို့ သူ့အကြွေးကိုတောင် မဆပ်ရသေးချိန်မှာ အလွမ်းမင်းသမီးလို့ ကိုယ်ဘာသာ အမည်ပေးထားတဲ့ မျက်ရည်မီးတောက်ရှင် ကလေးသိုးကြီးမလင်းက အဲဒီအကြောင်းကိုပဲ ထပ်ဆင့် ရေးခိုင်းပြန်ပါတယ်။ အဲဒါနဲ့ပဲ ထပ်ဆင့် အကယ်ဒမီ မဟုတ်ရှာတဲ့ ဒီပို့စ်ကို ကျွန်တော် ရေးရပါတော့မယ်။

တကယ်တော့ အပြင်ပန်းကနေ ကြည့်လိုက်ရင် ဒီအချက်တွေကို မုန်းမယ်လို့ ထင်ရပေမယ့် ဒီအချက်တွေကပဲ ကျွန်တော်ဇူလိုင် ဖြစ်နေတာပါပဲ။ ဒီလိုပုံစံ ဒီလိုအကျင့် ဒီလို မုန်းစရာတွေ မရှိရင် ဇူလိုင်ဆိုတဲ့ ကောင်ဟာ ဒီပုံစံမျိုးဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော့်အဖို့ ချစ်ခြင်းနဲ့ မုန်းခြင်းဆိုတာမှာ နယ်နမိတ်လို့ သတ်မှတ်ထားတဲ့ မျဉ်းကြောင်းငယ်လေး တစ်ခုပဲ ခြားထားတာပါ။

၁။ ဂွတီးဂွကျ စကားကို ခပ်ပြတ်ပြတ် ပြောဆိုတတ်ပါတယ်။
ပင်ကိုယ်စရိုက်အရ လူတိုင်းနဲ့အဆင်ပြေအောင် ဆက်ဆံပါတယ်။ ဒါပေမယ့် လူအများစုက ကိုယ့်အပေါ်မှာ ဒုက္ခပေး၊ သစ္စာဖောက်သွားတော့ ဘ၀မှာ ဒဏ်ရာတွေက များလာပါတယ်။ ပျားသကာလို ချိုသာတဲ့ စကားတွေ ပြောပြီးမှ ကိုယ့်နောက်ကျောကို ဓါးနဲ့ထိုးခံရတာ များလှပြီ။ ကိုယ့်အပေါ် အမြတ်ထုတ်သွားတာလည်း မနည်းလှဘူး။ ဒါကြောင့် ဂွကျကျပုံစံ ဖြစ်သွားပါတယ်။ အရွဲ့တိုက်တတ်သွားပါတယ်။ အဖြူရောင်မှာ အဲဒီလိုပဲ နာကျင်ညစ်ထေး စွန်းပေတဲ့ဘ၀တွေ ရှိနေနိုင်ပါတယ်။ စကားကို ခပ်ပြတ်ပြတ်ပြောတာ၊ ဂွတီးဂွကျပြောတာ မကောင်းမှန်းသိပေမယ့် ပြင်လို့မရသေးတဲ့ အကျင့်ကိုတော့ မုန်းမိပါတယ်။

၂။ စိတ်မြန်လက်မြန် လုပ်တတ်ပါတယ်။
တစ်ခုခုကို လုပ်မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် စိတ်မြန်လက်မြန် တုံးတိုက်တိုက် ကျားကိုက်ကိုက် ချက်ချင်း လုပ်တတ်ပါတယ်။ အချိန်ဆွဲနေတာကို မကြိုက်ပါဘူး။ လုပ်စရာရှိတာတွေ ပြီးသွားတော့ စိတ်ဆေးရတာပေါ့။ ဒါပေမယ့် ကိုယ်တစ်ယောက်တည်း လုပ်ရတဲ့ အလုပ်မျိုးမဟုတ်တဲ့ အဖွဲ့လိုက်လုပ်ရတဲ့ နေရာတွေမှာတော့ ကိုယ်က စိတ်မြန်လက်မြန်သလောက် နောက်ကနေ မလိုက်နိုင်တဲ့ အခြားအဖွဲ့သားတွေကြောင့် စိတ်အလိုမကျ ဘ၀င်မကျဖြစ်ရပါတယ်။ ဒီလို စိတ်ပင်ပန်းရတဲ့ စိတ်မြန်လက်မြန် အကျင့်ကလည်း မုန်းစရာပါပဲ။

၃။ ရန်ငြိုးကို ကလဲ့စားချေ တုန့်ပြန်တတ်ပါတယ်။
ပေးဆပ်မှုနဲ့ချစ်တတ်လွန်းတဲ့ နှလုံးသားက မထင်မှတ်ရအောင် အငြိုးကြီးလှပါတယ်။ ကိုယ်တန်ဖိုးထားတဲ့ အရာတွေကို စော်ကားသွားတဲ့သူတွေ၊ ကိုယ့်ကို ဒုက္ခပေးထား၊ နှိမ့်ချဆက်ဆံထားခဲ့တဲ့သူတွေအပေါ်မှာ အခါအခွင့်သင့်ရင် ကလဲ့စားချေ တုန့်ပြန်တတ်ပါတယ်။ ဒါပေမယ့် အခါအခွင့်ကို တကူးတကကြီး အချိန်ပေး စောင့်မနေပါဘူး။ ကလဲ့စားချေဖို့ အခွင့်အရေး ပေါ်လာတဲ့အချိန်ကို အမိအရ သေသေချာချာ ဆုပ်ကိုင်ပြီး ကလဲ့စားချေတာမျိုးပါ။ ဒါပေမယ့် ဘယ်တော့မှ ကန့်လာကာရှေ့ ထွက်မလာပါဘူး။ အရာရာကို ကန့်လန့်ကာ နောက်ကွယ်ကနေ အကွက်ကျကျ ထောင့်စေ့အောင် စီစဉ်တတ်လို့ အကြောင်းသိတဲ့ သူငယ်ချင်းတွေက ကိုယ့်ကို ကြောက်ကြပါတယ်။ ဒါလည်း မုန်းစရာတစ်ခုပါပဲ။

၎။ ခံစားချက်တွေကို သိုဝှက်ထားတတ်ပါတယ်။
ခံစားချက်မှန်သမျှကို ရင်ထဲမှာ သိုဝှက်ထားတတ်တဲ့အတွက် ကိုယ်ရဲ့ ၀မ်းနည်းဝမ်းသာ ခံစားချက်မှန်သမျှ ဘယ်သူမှ ခန့်မှန်းလို့မရပါဘူး။ ၀ဋ်ရှိလို့သာ ခံစားခဲ့ရတယ်လို့ပဲ အလွမ်းတွေကို သဘောထားတတ်တယ်။ အဲဒီလိုပဲ အခြားသူကို အားနာလိုက်လျော အကူအညီတွေ ပေးဖို့ ၀န်မလေးပေမယ့် ကိုယ်တိုင် အကူအညီ လိုတဲ့အခါမှာ ထုတ်မပြောတတ်ပြန်ဘူး။ တစ်ယောက်တည်း ကျိတ်မှတ်ခံစားရတာ မသက်သာပေမယ့် အဲဒီလို မုန်းစရာ ပုံစံလေးကလည်း ပြင်လို့မရသေးပါဘူး။

၅။ စည်းစနစ်မကျတဲ့သူတွေကို ရှောင်ရှားတတ်ပါတယ်။
စည်းစနစ်မကျတဲ့သူဆိုတာ အလုပ်ကို ပေါ့ပျက်ပျက် လုပ်တတ်တဲ့သူ၊ ပျာယာခတ်နေအောင် လုပ်တတ်တဲ့သူ၊ အချိန်ကို မလေးစားတဲ့သူတွေကို ပြောတာပါ။ ကိုယ်က အလေးအနက်ထား သေသေချာချာ လုပ်နေပြီး သူတို့က ပေါ့ပျက်ပျက်လုပ်ရင် စိတ်ပျက်ရပါတယ်။ ကိုယ်က တည်တည်ငြိမ်ငြိမ် ခေါင်းအေးဆေးထားပြီး လုပ်နေချိန်မှာ သူတို့က ဆပ်ပြာသည် လင်ပျောက်သလို ပျာယာခတ်နေရင် စိတ်ရှုပ်ရပါတယ်။ ကိုယ်က အချိန်ပေးပြီး တကူးတက လာခဲ့ပြီးမှ သူတို့တွေက ရောက်မလာတတ်ရင် အတော်ကို စိတ်တိုပါတယ်။ သူတို့က သူတို့ပုံစံနဲ့ လုပ်နေပေမယ့် ကိုယ်ရဲ့ ပေတံကြီးအောက်မှာ အလူးအလဲခံနေရရှာတယ်။ ဒါကြောင့် သူတို့ကို အားနာလို့ သနားလို့ ရှောင်နေတတ်ပါတယ်။ အဲဒီတော့ ကိုယ်ပဲ ပေါင်းသင်းဆက်ဆံရေး ညံ့တယ် ဖြစ်သွားရတာပေါ့ဗျာ။

၆။ အချောင်စားတတ်တဲ့သူတွေကို ရွံ့မုန်းတတ်ပါတယ်။
တကယ်ကို အကူအညီလိုအပ်တဲ့သူတွေကို ကူညီဖို့ ၀န်မလေးတတ်ပေမယ့် အချောင်စားတတ်သူတွေကိုတော့ ရွံ့မုန်းပါတယ်။ အချောင်စားတတ်တဲ့သူတွေကို ပေးရမှာလေးက ဘာမှမဟုတ်ပေမယ့် ခေါင်းမာစွာနဲ့ မပေးပဲ တင်းခံထားတတ်ပါတယ်။ လူရွှင်တော်ဇာဂနာ ပြောခဲ့တဲ့အတိုင်း အားလည်းနာတယ် ခင်လည်း ခင်တယ် ဆိုတဲ့ မြန်မာပြည်က အချို့ကိစ္စတွေမှာ အချောင်စားတတ်တဲ့သူတွေကို မကျွေးမပေးရင် ရှေ့ဆက်လို့မရတဲ့အရာတွေ အများကြီးပါပဲ။ ကျွေးလိုက် ပေးလိုက်ရင် အဆင်ပြေသွားမှာကို သိရဲ့သားနဲ့ သူတို့ကို မကျွေးမမွေးပဲ ခွေးပဲ ကျွေးလိုက်တဲ့ အကျင့်က မုန်းစရာပါပဲ။

၇။ ကိုယ်ပိုင်ဟန်ကို ဦးစားပေးတတ်ပါတယ်။
ကိုယ်ရဲ့ ယုံကြည်မှုအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်တတ်တယ်။ ကိုယ့်ကျင့်တရားကို တန်ဖိုးထားတယ်။ အရာရာကို ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အတွေးနဲ့ လုပ်ကိုင်တတ်တယ်။ ဒါကြောင့် နောက်လိုက် မလုပ်တတ်ဘူး။ စိတ်နှလုံး နူးညံ့ပေမယ့် မလိုအပ်ရင် အလျှော့မပေးတတ်တဲ့ ပုံစံလေးက နားလည်တဲ့သူတွေကြားမှာပဲ ရှင်သန်ကြီးထွားခွင့်ရပါတယ်။ နားမလည်တဲ့ သူတွေကြားမှာတော့ ကိုယ်ဟာ လူ့ဂွစာကြီးပါပဲ။ အဓိပတိဖွားပီပီ ဆရာကြီး လုပ်တတ်သေးတယ်။ ကောင်းစေချင်လို့ ထောက်ပြဝေဖန် ပြောဆိုဆုံးမတာ ဖြစ်ပေမယ့် မကြိုက်ကြဘူးလေ။ အဲဒီတော့ တချို့တလေတွေက မုန်းကြတာပေါ့။

၈။ အပေါင်းအသင်း နည်းပါတယ်။
ဖာခေါင်း၊ သူတောင်းစားကနေ ၀န်ကြီးအထိ နယ်ပယ်အစုံက ကျယ်ပြန့်တဲ့ အသိုင်းအ၀ိုင်း ရှိပေမယ့် ရင်းနှီးတဲ့၊ သစ္စာရှိတဲ့၊ ကိုယ့်အပေါ် ကောင်းတဲ့ အပေါင်းအသင်း နည်းလှပါတယ်။ တွေ့ကရာနေရာကို မသွားတတ်သလို တွေ့ကရာ အပေါင်းအသင်းလည်း မပေါင်းသင်းတတ်ပါ။ ရွေးချယ်ပေါင်းသင်းတတ်တဲ့ အကျင့်ကြောင့် အပေါင်းအသင်း များများစားစား မရှိပါဘူး။ ဒါကြောင့် နားလည်ရခက်တဲ့ ပေါင်းသင်းရခက်တဲ့ မျက်နှာသေကြီး မာနမင်းသားတစ်ယောက်အဖြစ် ပတ်ဝန်းကျင်က မြင်တတ်ကြပါတယ်။ ဒါလည်း မုန်းစရာတစ်ခုပါပဲလေ။

၉။ အစားအသောက်ကို ခုံခုံမင်မင် မရှိပါဘူး။
စားနေကျ အစားအစာတွေကိုပဲ စားသောက်လေ့ရှိတယ်။ အသစ်အဆန်းတွေ တကူးတက ရှာဖွေ မစားဘူး။ သူငယ်ချင်းတွေရဲ့အလှူကို သွားရင်တော့ မိတ်ပျက်ရတာပဲ။ ဟိုမှာက ကြက်ဝက်အမဲဆိတ် ဖွယ်ဖွယ်ရာရာ အစုံအလင် ချက်ထားပေမယ့် ကိုယ်က ချဉ်ပေါင်ကြော်၊ ငပိချက်နဲ့ သခွါးသီးပဲ ယူစားတော့ တစ်မျိုးတိုးတိုး ဖြစ်တာပေါ့။ ကိုယ်မကြိုက်တဲ့ဟာဆိုလည်း မစားတတ်ဘူး။ ဘာတစ်ခုမှ စားစရာမရှိရင်လည်း ဗိုက်မှောက် ရေသောက် ပေတေနေတတ်တယ်။ အစားအသောက်အတွက် တကူးတက အချိန်ပေးမနေဘူး။ ဖြစ်သလိုပဲ စားတာများတယ်။ ကျန်းမာရေးအတွက် မကောင်းမှန်းသိပေမယ့် အဲဒီပုံစံလေးကို မပြင်နိုင်သေးတော့လည်း အမုန်းစာရင်းထဲမှာ ထည့်လိုက်ပါတယ်။

၁၀။ ချစ်တတ်ပေမယ့် အလိုမလိုက်တတ်ဘူး။
အချစ်ရေးမှာ စိတ်ကူးယဉ်ဆန်သလောက် ဘ၀ကို အိပ်မက်တစ်ခုလို သဘောမထားတတ်ပါဘူး။ ဒါကြောင့် ချစ်တတ်ပေမယ့် အလိုမလိုက်တတ်ဘူး။ အချစ်ရေးမှာ ဟန်ဆောင်တာတွေ မကြိုက်ဘူး။ ချစ်သူကို သ၀န်တို ချုပ်ချယ်တာမျိုးတွေ မလုပ်ဘူး။ ဒါပေမယ့် စည်းကမ်းတကျ နေထိုင်ပြောဆိုတတ်မှ သဘောကျတယ်။ မပြောပဲနဲ့ သိနေတာကို ပိုပြီးလိုလားတယ်။ ရင်ဘတ်ချင်းတူတဲ့ ကိုယ်ပွါးချစ်သူမျိုးကို မရသေးသရွှေ့ကတော့ အလိုမလိုက်တတ်တဲ့ ပုံစံလေးကြောင့် ချစ်သူရဲ့ သစ်စိမ်းချိုး ချိုးခြင်းခံရပါတယ်။ အလိုလိုက်သင့်တယ်ဆိုတာ သိပေမယ့် အခုထိ မပြင်နိုင်တော့လည်း မုန်းစရာပဲပေါ့။


ကဲ... အစဉ်အလာရ လက်ဆင့်ကမ်းရမယ်ဆိုရင်တော့...
မိုးရွာရင် စိတ်ညစ်တဲ့ မနှင်းဆီ

17 comments:

လင်း said...

ခံစားချက်တွေကိုသိုဝှက်တတ်ပေမဲ့ မိမိုးနဲ့  ပတ်သက်ရင်တော့ မသိုဝှက်နိုင်ပါ့လား
ရန်ငြိုးကို ကလဲ့စားချေတတ်တယ်ဆိုပါ့လား
အမလေးးးကြောက်စရာကြီး စိတ်တိုအောင် ဒုက္ခမပေးမိအောင် စကားပြောဆင်ခြင်မှဖြစ်မယ်။ အခုတောင် အလကားနေရင်းလူကို အသားလွတ်ထထ နှိပ်ကွပ်နေတာ မီးမီးကြောက်ကြောက်။
အပေါင်းအသင်းနည်းမှာပေါ့ ဘုဂလန့် ဂွစာလုပ်နေတာကိုး။
ချစ်တတ်ပေမယ့် အလိုမလိုက်တတ်ဘူးတဲ့
သေချာတယ် ဒီတသက်တော့မိန်းမရမယ်မထင်။ ဟိဟိ

ရေးပေးထားတာကို ကျေးဇူးတင်စွာဖြင့် အလည်တခေါက်လာရောက်ဖတ်ရူသွားပါသည်။

strike said...

"ရင်ဘတ်ချင်းတူတဲ့ ကိုယ်ပွါးချစ်သူမျိုးကို မရသေးသရွှေ"့ ...(ကြော်ငြာကြီးကလဲ ဇွတ်ကိုဝင်တော့တာပဲ)
တကယ်လားဟင်....

Younggun said...

ဒီလိုပုံစံ ဒီလိုအကျင့် ဒီလို မုန်းစရာတွေ မရှိရင် ဇူလိုင်ဆိုတဲ့ ကောင်ဟာ ဒီပုံစံမျိုးဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော့်အဖို့ ချစ်ခြင်းနဲ့ မုန်းခြင်းဆိုတာမှာ နယ်နမိတ်လို့ သတ်မှတ်ထားတဲ့ မျဉ်းကြောင်းငယ်လေး တစ်ခုပဲ ခြားထားတာပါ။

ဆိုတဲ့ အပိုဒ်လေးကတော့ ကျွန်တော်နဲ့ တစ်သားတည်းပါပဲ။ ကရကကဋ်တွေပဲ ဟာကို။ ဟဲဟဲ။ ဟုတ်တယ်မှလားဟင်။

puluque said...

နံပါတ် ၁ ဂွတီ ဂွကျကတော့ သိပါတယ်။ နံပါတ်နှစ် စိတ်မြန်တာတော့ မင်းနဲ့ငါတူတယ်။ ကိုယ် က လောနေသလောက် သူတို့ ကအေးဆေးဆိုရင် ကိုယ့်မှာ ဟတ်ကော့ကြီးကို ဖြစ်လို့။ သယ်ရင်းရေ..ဂလဲစားချေတာတော့ မကောင်းပါဘူးကွာ။ ဆရာလုပ်တာတော့ မဟုတ်ပါဘူးကွာ.. မင်းက ငါ့ထက်ပိုသိမှာပါ။။ သယ်ရင်းရေ.. အစားအသောက်တော့ မှန်အောင် စား ။ အဟာရဖြစ်တာကို စားကွ။ ဒါမှ ဂွတီ ဂွကျတွေ ပြောနိုင်ရေးနိုင်မှာကွ..ဟားဟား

JulyDream said...

မလင်း...
အဟဲ... ပြောမှ ပြောပါမလားလို့ကွယ်။ ထင်တဲ့အတိုင်း ကျွန်တော့်ရဲ့ မိုးကို တန်းကို ထိအောင် ဆော်တော့တာပဲနော်။ အဟက် အဟက်... တွေ့ကြသေးတာပေါ့ဗျာ။

Strikeရေ...
ဒီဟာကို ကွတ်တိ ပြောတော့မယ်ဆိုတာ သိထားလိုက်တယ်။ ဒါကြောင့် သပ်သပ်မဲ့ကို ထည့်ရေးလိုက်တာ။ ထင်တဲ့အတိုင်းပဲ အဟက် ပြောတော့တာပဲနော်။

ဗေဒင်ဆရာလေးရေ...
အဲဒါလေးကလည်း ကရကဋ်တွေရဲ့ အမူအကျင့်ဆိုတာ ဟုတ်ပသတဲ့ဗျာ။ ကျွန်တော် အခုပို့စ်ကို ခြုံကြည့်ရင် ကရကဋ်ရဲ့ ဗီဇ စရိုက်တွေကို အများဆုံး တွေ့ရမှာပါ။ ကလဲ့စားချေတာတွေ၊ အလိုမလိုက်တတ်တာတွေ၊ ဂွကျတာတွေ၊ အပေါင်းအသင်း နည်းတာတွေ စသည်ဖြင့်ပေါ့ဗျာ။

ပုလုကွေးရေ...
ကလဲ့စားချေတယ် ဆိုတာကလည်း ချေသင့်တဲ့သူကိုမှ ကလဲ့စားချေတာပါကွယ်။ အလကားနေရင် အသေးအဖွဲ မှန်သမျှ အကုန် ရန်ငြိုးထား ကလဲ့စား လိုက်ချေနေရင် အီးပေါက်ချိန်တောင် ရမှာ မဟုတ်ဘူးကွဲ့။

Red's Rose Dream said...

ကိုယ့်ကိုကိုယ် မုန်းစရာကောင်းတာတွေ သိရင် ပြင်ပေါ့ကွယ်။ ကိုယ်တိုင်ပြင်မှရမှာလေ သူများ ပြင်လို့မှမရတာ။ ဟုတ်တယ်ဟုတ်။

စေတနာနဲ့ သတိပေးတာပါဗျာ မိန်းမလိုချင်ရင်တော့ နံပတ် (၁၀) ပြင်ဗျာ။ ဧကန်အဆင်ပြေသွားမယ်။ မပြင်ရင်တော့ ရည်စားသက်စေ့ကျော်သွားမယ် စိတ်ကူးယဉ်သလိုမျိုး ရင်ဘတ်ချင်းတူတဲ့ ချစ်သူတော့ ရမှာမဟုတ်ဘူး။

မုန်းစရာကလည်း ၁၀ ချက်တည်းလား နဲတာ။

JulyDream said...

အိသွပ်ခိုင်...

ညည်း ကျုပ်ရေးတာကို သေချာ ဖတ်ခဲ့ရဲ့လား။

"တကယ်တော့ အပြင်ပန်းကနေ ကြည့်လိုက်ရင် ဒီအချက်တွေကို မုန်းမယ်လို့ ထင်ရပေမယ့် ဒီအချက်တွေကပဲ ကျွန်တော်ဇူလိုင် ဖြစ်နေတာပါပဲ။ ဒီလိုပုံစံ ဒီလိုအကျင့် ဒီလို မုန်းစရာတွေ မရှိရင် ဇူလိုင်ဆိုတဲ့ ကောင်ဟာ ဒီပုံစံမျိုးဖြစ်မှာ မဟုတ်ပါဘူး။ "

အဲဒီစာကို တွေ့တယ်နော်... အဟက်...
ဒါမျိုးတွေ လာပြောမယ်ဆိုတာ သိလို့ ဒီစာကြီးကို တမင်ရေးထားတာပဲ။ သဘောပေါက်။

နောက်တစ်ချက် မိန်းမလိုချင်တာ မဟုတ်ဘူး။ မိန်းမဆိုတာ အခု ကောက်ယူ အခုချက်ချင်းရတယ်။ သဘောပေါက်။ ဇနီးမယားနဲ့ မိန်းမဆိုတာ တူတာ မဟုတ်ဘူးကွဲ့။

ခက်တာပဲ ကလေးမရယ်။ အဲငှယ်...

strike said...

မိန်းမဆိုတာ အခု ကောက်ယူ အခုချက်ချင်းရတယ်။ သဘောပေါက်....

အမျိုးသမီး Bloggers များရေ၊ဒီလိုပဲငြိမ်နေကြတော့မှာလားဗျ။

JulyDream said...

Strikeကြီးရယ်...
မိန်းမယူတာနဲ့ ဇနီးမယားယူတာ မတူဘူးလေကွဲ့။ သေချာ ရေးထားတယ်လေ။ မိန်းမဆိုတာ မိန်းမပဲလေ။ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ မိန်းမဖြစ်နေပြီ ဆိုတာနဲ့ မိန်းမပဲလေဗျာ။

နိုက်ကလပ်က ပြည့်တန်ဆာလည်း မိန်းမပဲ။ သီရိမင်္ဂလာဈေးက ဈေးသည်လည်း မိန်းမပဲ။ တက္ကသိုလ်က ကျောင်းဆရာမလည်း မိန်းမပဲ။ လွှတ်တော်က အမတ်မလည်း မိန်းမပဲ။

ဒါပေမယ့် အဲဒီမိန်းမဟာ ကျွန်တော်ရဲ့ ဇနီးမယား ဖြစ်ချင်မှ ဖြစ်မယ်လေ။ ကျွန်တော် ပလာတာ မကျွေးချင်ဘူးနော်။ အဟက်...

Pinkgold said...

သြော် အဓိပဓိ ဖွားကြီးလား.. တူတူပဲ.. အပြန်အလှန် ဆရာလုပ်ကြတာပေါ့.. နော..

ချစ်တူက အလိုမလိုက်လို့ သစ်စိမ်းချိုး ချိုး သွားတယ် ဆိုပါကလား.. အေးလေ မိန်းကလေးတွေက အချော့ကြိုက်တာကို သိရက်နဲ့ သူမို့ လုပ်ရက်တယ်.. အွန့်..

ကလဲ့စားလည်း သိပ်တော့ မချေပါနဲ့.. အနိုင်လိုချင် အရှုံးပေး နှလုံးအေးတဲ့ဆေးတဲ့ သားရယ်

strike said...

JD ကြီးတော့စွံတော့မယ်ထင်ရယ့် :P

laminkhin said...

ဂျူလိုင်ရေ -- ကိုယ်ကိုယ်ကိုယ် မုန်းစရာအချက်တွေတင်ထားတာ ရိုးသားမှု တွေ့ ရတယ် ။ ကောင်းပါတယ် -- မြင်ရင် ပြင်ရပိုလွယ်တာပေါ့ --

Anonymous said...

ဆရာ့မုန်းတာတွေက တကယ်အပြင်းစားတွေပါလားဗျာ ... ဒီ TAG က ဂွကျတယ် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုပါပဲဗျာ ...

JulyDream said...

Pinkgold...
မိကျောင်းမင်း ရေခင်းပြနေပါလားကွယ်။ ခက်တာပဲ သမီးကတော့။ ဆရာဝန် သေချာပြအုံးနော်။ လူကြီးစကား နားထောင်ရတယ်။ အဟက်..

မမေအိခင်ရေ...
တချို့ဟာတွေက သေတဲ့အထိ ပြင်ဖို့မရှိဘူး ခင်ဗျ။ မုန်းပဲ မုန်းတာ မပြင်ချင်ဘူး။ အကုန်ပြင်လိုက်ရင် ကျွန်တော့်ပုံစံ ပျောက်သွားမှာပေါ့နော်။

အိပ်မက်ရှင်ရေ...
မုန်းစရာ အပြင်းစားတွေပဲ ရေးလိုက်တာလေ။ သေးသေးမွှားမွှားတွေကို စာမဖွဲ့ချင်တော့ဘူး ခင်ဗျ။ အဟဲ...

TZO said...

ဦးလေး

ဆရာရွှေ ပြောတာ သတိရမိတယ် “ကိုယ်ရင်လေး
ခြေ ၄ ချောင်းသား မစားလို့ မိန်းမ ကျွေးမယ်” ဆိုတာ

su wai said...

ကိုဇူလိုင်ကြီးက စကားကို ဂွတီးဂွကျ ပြောတတ်ပေမယ့် ခင်ဖို့တော့ ကောင်းသား.. ပြောတာတွေကလဲ မှန်လွန်းလို့ ခက်နေတယ်.. ကလဲ့စားချေတတ်တယ် ဆိုတာတော့ ကြောက်တယ်.. နောက်ဆို အပြောအဆို ဆင်ခြင်မှ ဖြစ်မယ်...တော်ကြာ တရုတ်ကားတွေထဲကလို ဆွေစဉ်မျိုးဆက် ကလဲ့စားလိုက်ချေနေမှာစိုးလို့ :P

JulyDream said...

သားရေ...
ဆရာရွှေကိုတော့ သတိရမိတယ်။ ဒီတစ်ခေါက် ပြန်ဖြစ်ရင် ဆရာရွှေနဲ့ သွားတွေ့အုံးမယ်။ ရှေ့တစ်ခေါက်က နာဂစ်နဲ့ ဆုံလိုက်လို့ ဆရာနဲ့ ဖုန်းပဲ ပြောဖြစ်ခဲ့တယ်။

ဆုဝေရေ...
မှန်ကန်ရင် ကွဲတတ်တယ်ဆိုတာ ကိုဇာဂနာ ပြောခဲ့တာပဲလေ။ ဒါပေမယ့် ကွဲတော့လည်း ကွဲပေါ့။ ဘယ်တတ်နိုင်မလဲ။