.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, March 7, 2009

Architect Saya Shwe


ကျွန်တော်ရဲ့ ဆရာ ဗိသုကာဆရာရွှေ...

ဂျပန်မှာ ပညာတော်သင်ခဲ့ပြီး မြန်မာပြည်က ရန်ကုန်စက်မှုတက္ကသိုလ် ဗိသုကာဌာနမှာ ကျောင်းဆရာလုပ်ရင်း လူငယ်မျိုးဆက်သစ်တွေအတွက် တစ်ထောင့်တစ်နေရာကနေ တာဝန်ကျေပွန်ခဲ့သူတစ်ဦးပေါ့။ ဘုဂလန့်ကျကျ နေတတ် ပြောတတ်လို့ တချို့တွေက ဆရာ့ကို မကြိုက်ကြပါဘူး။ မတည့်တဲ့သူတွေလည်း ရှိပါတယ်။ ဆရာက လူမုန်းများသလို လူချစ်လူခင်လည်း အလွန်ပေါပါတယ်။ အထူးသဖြင့် ဗိသုကာ တပည့်ဟောင်းတွေက သူ့ကို ချစ်ကြောက်ရိုသေပါတယ်။ ပျော်ပျော်နေတတ်တဲ့ ဆရာ့ကို တပည့်တွေ ချစ်ကြတာ မဆန်းပါဘူး။

ကျောင်းသားဘ၀တုန်းက ကြို့ကုန်းကျောင်းကနေ အပြန်ခရီးတိုင်းမှာ ဆရာရဲ့အိမ်ရှိတဲ့ လှည်းတန်းဘူတာမှာ ဆင်းပြီး ညနေခင်းတွေကို လက်ဖက်ရည်ဆိုင်မှာ ဆရာနဲ့ စကားပြောဆို ရယ်မောရင်း ဖြတ်သန်းခဲ့ပါတယ်။ ကျောင်းပိတ်ရက် ညနေပိုင်းတွေမှာလည်း ဆရာရှိတဲ့ လှည်းတန်းဘူတာကို တကူးတက ရထားစီးပြီး မလာရရင် မနေနိုင်ခဲ့ပါဘူး။ လက်ဖက်ရည်ဆိုင်မှာ ဆရာနဲ့အတူ ဗိသုကာ ကျောင်းသားတွေ၊ ကျောင်းသားဟောင်းတွေ အပြင် ပန်းချီဆရာတွေ၊ ဂျာနယ်အသိုင်းအ၀ိုင်းက တက်သစ်စ အယ်ဒီတာတွေပါ ၀ိုင်းထိုင်လေ့ရှိကြပါတယ်။ ဆရာပြောပြတဲ့ သတင်းစကားတွေကို နားထောင်ချင်ကြတယ်။ ဆရာရဲ့ ရှုထောင့်တွေကို ပုံဖော်ချင်ကြတယ်။ ဆရာရဲ့ အယူအဆ အတွေးအမြင်ကို သိချင်ကြတယ်။

ဘ၀တကွေ့မှာ ဆရာနဲ့ ကျွန်တော် ခဏတာ ဆုံတွေ့ရပေမယ့် ဆရာဆီက အတွေးအမြင်တွေ ဗဟုသုတတွေ ခံယူချက်တွေ မျှဝေရရှိခဲ့ပါတယ်။ ဗိသုကာပညာနဲ့ ပါတ်သတ်တာရော၊ နိုင်ငံရေး၊ ကျန်းမာရေး၊ ပညာရေး စုံပလုံစိအောင် ဆရာက မျှဝေပါတယ်။ ကျောင်းမှာ သင်ပေးလို့မရတဲ့ ပညာတွေ ဆရာဆီက ရစေပါတယ်။ ဆရာရဲ့ ဖြတ်သန်းခဲ့တဲ့ ဘ၀အတွေ့အကြုံတွေက ကျွန်တော်တို့ရဲ့ ပါးစပ်တွေကို ပွင့်ဟစေတဲ့အထိ အြံ့သစေ အံ့အားသင့်စေပါတယ်။ တချို့ဟာတွေက ဆရာပြောပြမှ သိခဲ့ရတာမျိုးတွေပါ။ ရှေ့မီနောက်မီ ဆရာဟာ ခေတ်လည်းမှီပါတယ်။ အင်တာနက်နဲ့ အီးမေးလ်တွေကို အဲဒီအချိန်ကတည်းက သုံးနေပါပြီ။ လူကြီးဆိုပေမယ့် ခေတ်နောက်ကျ ကျန်နေလေ့မရှိပဲ လူငယ်တွေနဲ့ ရင်ဘောင်တန်းနိုင်လောက်အောင် အသိအမြင် ဗဟုသုတ ကြွယ်ဝလှပါတယ်။

ဒီတစ်ခေါက် ကျွန်တော် ရန်ကုန်ပြန်ခဲ့တုန်းက ဆရာ လက်ရှိနေထိုင်နေတဲ့ သုဝဏ္ဏကို သွားခဲ့ပြီး ကျွန်းရွှေမြိုင် လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး စကားတွေ ပြောခဲ့ကြပါသေးတယ်။ အခုချိန်ထိတော့ ဆရာက ကျန်းကျန်းမာမာ ရှိလှပါတယ်။ သန်သန်မာမာပါပဲ။ ပေါက်တက်ကရ ဟာသတွေလည်း ရယ်ရယ်မောမော ပြောနေတုန်းပါပဲ။ အဲဒီလိုပဲ နိုင်ငံရေးတွေလည်း မပြောပဲ မနေပါဘူး။ နိုင်ငံတကာရေးရာ ကမ္ဘာ့ရေးရာတွေလည်း ပါတာပေါ့။ ကျွန်တော် ရန်ကုန်ကနေ ဒီကို ပြန်လာတော့ ဆရာက စာအုပ်နှစ်အုပ် လက်ဆောင် ပြန်ပေးလိုက်ပါသေးတယ်။

သင်ဆရာ မြင်ဆရာ ကြားဆရာ ကျွန်တော့်ရဲ့ ဗိသုကာ ဆရာရွှေအတွက် အမှတ်တရပါ။

22 comments:

Moe Cho Thinn said...

ဓာတ်ပုံလေးပါ ပါသေးသကိုး။ ကျန်းမာတယ်ဆိုလို့ ၀မ်းသာပါတယ်။ ကြုံရင် သတိရကြောင်း ပြောပါနော်။

JulyDream said...

ဟုတ်ကဲ့... ဆရာနဲ့အတူ ကျွန်တော် လက်ဖက်ရည်ဆိုင် ထိုင်ခဲ့တုန်းက အစ်မတို့ မိသားစု အကြောင်း ပြောဖြစ်ပါသေးတယ်။ ဆရာလည်း အစ်မတို့ အိမ်ကလေး အကြောင်း၊ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ သွားသွားလာလာ နေခဲ့တဲ့ သူ့ရဲ့ ငယ်ဘ၀အကြောင်းတွေ ပြောပြခဲ့ပါသေးတယ်။

ဆရာလည်း သတိရပါတယ်တဲ့ ခင်ဗျာ။

khin oo may said...

နားထောင်သွားသည်။ ရှေးဟောင်းနောင်းဖြစ်

strike said...

အဲ့လိုဆရာမျိုးတွေသိတ်သနားဖို့ကောင်းတယ်ဗျာ။

JulyDream said...

ဟုတ်ဆြာမကွမ်း...
နားထောင်သွားပါ ခင်ဗျ။

Strikeရေ...
ဟုတ်တယ်ခင်ဗျ။ ဆရာအနေနဲ့ ဂျပန်မှာ ပြန်သွားနေလို့ ရရဲ့သားနဲ့ မနေပဲ မြန်မာပြည်မှာပဲ ပေကပ်နေနေတာပါ။

ကလူသစ် said...

ကလူသစ်ထင်တာတော့ သူတို့ဘ၀မှာ ဘယ်မှာနေမယ်၊ ဘာလုပ်စားမယ်၊ ဘယ်လိုကြီးပွားတိုးတက်အောင်လုပ်မယ် ဆိုတာမျိုး သိတ်ခေါင်းထဲမထားတော့ဘူးလို့လားပဲဗျ။ မတိုးတက်ချင်တာတော့မဟုတ်ဘူး။ ဘ၀စုံသွားတော့ တော်ရုံတန်ရုံဆို မထိခိုက်တော့ဘူး။ စိတ်ငြိမ်းချမ်းသွားတဲ့သဘောထင်ပါရဲ့။ “အေးအေး နေပရစေကွာ” လို့ ပြန်ပြောတတ်တဲ့ သူမျိုးဖြစ်မယ်ထင်တယ်။

Anonymous said...

ဆရာဦးရွှေအကြောင်းလာဖတ်တယ်။ ကျေးဇူး။
ဆရာ ရီနေတာအရင်လိုပဲ။
ဆရာ့ဒီဇိုင်းတွေ ထပ်ကြည့်ချင်သေးတယ်။
လွန်ခဲ့တဲ့နှစ်များတုန်းက ဗိသသနိုးဂယ်လာရီမှာ ဆရာဒီဇိုင်းတွေ ပြဖူးတယ်။

JulyDream said...

ကလူသစ်ရေ...
ဟုတ်ပခင်ဗျာ။ ဆရာလည်း မကြာခဏ အဲဒီလိုပဲ ပြောပါတယ်။ အေးဆေးနေပါရစေ မောင်ရင်လေးရာတဲ့။

မအပြုံးပန်းရေ...
ဆရာကတော့ မပြောင်းလဲသေးပါဘူး။ အရင်လိုပဲ ဂွကျနေတုန်း၊ ပျော်ပျော်နေတတ်တုန်း၊ နိုင်ငံရေး စိတ်ဓါတ် ပြင်းထန်နေတုန်းပါပဲ ခင်ဗျ။ ဒီတစ်ခေါက်တော့ ဆရာရဲ့ ဒီဇိုင်းအသစ်ကို ပြပါသေးတယ်။ နှစ်ခန်းတွဲ ကားဂိုဒေါင်ကို လူပါနေလို့ရအောင် ၂ ထပ် ဆောက်မယ်လို့ ပြောပါတယ်။

မမသီရိ said...

ဆရာ့ ဓါတ်ပုံ အင်တာနက်မှာ တင်မဲ့ အကြောင်း
ခွင့်ရော တောင်ခဲ့ ရဲ့ လား... ;)

Rita said...

ဆရာနဲ့ ၈၈, ၈၉ ခုနှစ်တွေ ဆီမှာ သိကျွမ်းခဲ့ဖူးပါသည်။ ဒါပေမယ့် အဲဒီတုန်းက ၈နှစ် ၉နှစ် ကလေးပဲရှိသေးတာ။
နောက်ပိုင်း ရန်ကုန်မှာ နေဖြစ်တော့လဲ မတွေ့တော့ဘူး။
အိမ်ရှေ့က ရေတွင်း ၀ိုင်းဝိုင်းကြီးကို ဆရာ သိပ်စိတ်ဝင်စားတာ မှတ်မိတယ်။

Phyo Maw said...

ဖတ်ပြီးတော့ ဒို့များလည်း ကိုယ့်ဆရာတွေ ဘာညာတွေ အကုန်အကုန် ကိုလွမ်းမိတော့သည်။

Thet Oo said...

တိုင်းပြည်မှာ ဆရာရွှေလို လူမျိုးတွေရယ်၊ အဲလိုဆရာမျိုးကို စာဖွဲ့တဲ့ ကိုဂျူလိုင်လို လူမျိုးတွေရယ် အများကြီး လိုအပ်ပါတယ်။

JulyDream said...

မမသီရီရေ...
ခွင့်တော့ မတောင်းခဲ့မိဘူး ခင်ဗျ။ ခွင့်ပြုမယ်လို့ ထင်ပါတယ်။ ဆရာက ကျွန်တော်ဆိုးတာကို ခွင့်လွှတ်တတ်ပါတယ်လေ။ အဟီး...

ရီတာရေ...
ရေတွင်းအ၀ိုင်းကြီးကို စိတ်ဝင်စားခဲ့တဲ့ ဆရာကို တွေ့ရင် ပြန်မေးလိုက်ပါအုံးမယ်။ ဘာတွေကိုများ စိတ်ဝင်စားခဲ့သလဲ ဆိုတာကိုပေါ့ဗျာ။

ကိုဖြိုးမော်ရေ...
ကျွန်တော်လည်း အမှတ်တရ ရေးလိုက်တာပါ။ ဆရာပုံလေးလည်း တခြားသိမှီတဲ့သူများ မြင်နိုင်အောင်ပါ တခါတည်း တင်ပေးလိုက်တာပါ။

ကိုသက်ဦးရေ...
ဆရာရွှေလို ဆရာမျိုးတွေ များလာရင် ကျွန်တော်လို့ တပည့်မျိုးတွေလည်း များလာမှာပါ။ အဲဒါက အသေအချာပါပဲဗျာ။

မေငြိမ်း said...

တော်ပါသေးရဲ့.. ရုတ်တရက် ဓာတ်ပုံနဲ့ တွေ့လိုက်ရတော့ တခုခုများလားဆိုပြီး ပူသွားတာ..။
ကျမက ကြာ်းဖူးရုံနဲ့ကို ဟိုတုန်းကတည်းက ဆရာ့ကို လေးစားခဲ့တာပါ..။
ဆရာ ကျန်းမာ ချမ်းသာပါစေ..။

Rita said...

ရေတွင်းက ထုအရမ်းကြီးထားတာကြောင့်လို့ ထင်တာပဲ။
အညာမှာ ရေတွင်းပေါပေမယ့် အိမ်က ရေတွင်းက သူများတွေထက် ထုပိုကြီးလို့ ဖြစ်ပါလိမ့်မယ်။

JulyDream said...

အစ်မမေငြိမ်းရေ...
ဆရာ့ကို ချစ်ခင်တဲ့စိတ်နဲ့ စိတ်ပူသွားရတာကို နားလည်မိပါတယ်။ ဆရာ ကျန်းမာပါတယ် ခင်ဗျ။

မရီတာရေ...
အခုလို ရှင်းပြတဲ့အတွက် ကျေးဇူးပါ။ ဒါနဲ့ ဘယ်အညာဒေသလည်း ဆိုတာ ပြောပြထားပါလား။ ဒါမှ ဆရာနဲ့ တွေ့တဲ့အခါ ပြန်မေးနိုင်မှာလေ။

Rita said...

ရေစကြိုပါရှင်။ ၈၈, ၈၉ လောက်မှာ ဆရာဆောက်ခဲ့တဲ့ အိမ် လို့ ပြောရင် ကောင်းကောင်းမှတ်မိမှာပါ။ မေမေ့ ဘက်က အဘိုး အဘွားတွေ အိမ်ပါ။
ဆရာ သေချာကြည့်ခဲ့တဲ့ ရေတွင်းကတော့ ဖေဖေ့ဘက်က အိမ်မှာ ရှိတာပါ။
ပြောရင်း ဆိုရင်းနဲ့ ဗိသုကာမို့ မျက်စေ့ရှေ့ရှိတာ ကြည့်တာလဲ ဖြစ်ကောင်းဖြစ်မှာပါ။ ကျွန်မက ကလေးမှတ်ဉာဏ်နဲ့မို့ ဒါကိုပဲ မှတ်မိနေတာဖြစ်မှာ။

Rita said...

ဆရာ စက်ဘီး မစီးတတ်တာလဲ မှတ်မိသေးတယ်။

Rita said...

မသေမချာနဲ့ မှတ်မိတာရှိသေးတယ်။ ဆရာ့ရဲ့ first degree က Archi မဟုတ်ဘူး ထင်တယ်။ ဂျပန်ရောက်မှ ဒါကို ပြောင်းသင်ခဲ့တယ် ဆိုတယ်။ ဟုတ်လား။

JulyDream said...

ဆရာက ၁၆ နှစ်ကျော် အရွယ်ကတည်းက ပညာတော်သင် အနေနဲ့ ဂျပန်ကို သွားခဲ့တာပါ။ ကျွန်တော့် အထင်တော့ ဂျပန်မှာပဲ တက္ကသိုလ် ပညာရေးကို လေ့လာသင်ယူခဲ့တာပါ။ First Degree က ဘာလဲဆိုတာတော့ သေချာ မမေးခဲ့ဖူးသေးပါဘူး ခင်ဗျာ။

Rita said...

အော် ကျွန်မက ဂျပန်ကို ဘွဲ့လွန်ကျမှ သွားတယ်ထင်တာ။
ကျေးဇူးပါ ကို JD...
ဒီ post ကို တွေ့တော့ childhood ကို သတိရသွားလို့

Anonymous said...

ကိုဂျုရေ အဲလို ဆရာကောင်း သမားကောင်းတွေနဲ့ ဆုံဆည်းဖို့ဆိုတာ မလွယ်
ဘူးဗျ၊ ကျနော်တောင် တွေ့ခြင်တယ် စကားတွေ
ပြောခြင်တယ်ဗျာ။