.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, March 5, 2009

Once upon a time

ဟိုရှေးရှေးတုန်းကပေါ့။ ရန်ကုန်မြို့ရဲ့ ကွန်ပျူတာသင်တန်းကျောင်းတစ်ခုမှာ ဆရာပေါက်စဖြစ်နေတဲ့ အသက် ၂၀ မပြည့်တပြည့် ကောင်လေးတစ်ယောက် ရှိခဲ့တယ်။ တစ်နေ့တော့ ကျောင်းမှာ အလုပ်နေရာတွေအတွက် အင်တာဗျူး လုပ်မယ်ဆိုတော့ အဲဒီမှာ ကျောင်းသားဖြစ်တဲ့ သူက အင်တာဗျူး အတွေ့အကြုံ ရအောင်ဆိုပြီး အပျော်သဘောမျိုး လက်တည့်စမ်း ဖြေလိုက်ပေမယ့် အလုပ်တစ်ခု ရလိုက်တယ်တဲ့ကွယ်။ အလုပ်ကတော့ ပထမနှစ် ကျောင်းသားတွေ ပရောဂျက်လုပ်တဲ့အခါမှာ ကြီးကြပ်ပေးရမယ့် စူပါဗိုက်ဆာ ဆိုတဲ့ ရာထူးပါပဲ။ ပရိုဂမ်မာဖြစ်ချင်နေတဲ့ သူ့အတွက်တော့ ဒီအလုပ်က ကွတ်တိပါပဲ။ ဒီပလိုမာ ပထမနှစ်ရဲ့ ပရောဂျက်တွေက ပရိုဂရမ်းမင်း ပရောဂျက်တွေပဲလေ။ အဲဒီတော့ ပုံစံမျိုးစုံကို တွေ့ထိရပြီပေါ့ဗျာ။

အဲဒီလိုနဲ့ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ကိုင်လာခဲ့တာ ၁၁ မီးငြိမ်းတဲ့ ဆရာကို ဖြစ်လို့။ တစ်ရက်မှာ စာသင်ခန်းတစ်ခုရဲ့ ရှေ့မှာ ဖိုင်တွဲလေးကို ရင်မှာဖိပြီး မတ်တပ်ရပ်နေတဲ့ နတ်သမီးလေးတစ်ပါးကို ရင်ခုန်ဖွယ် တွေ့ခဲ့လိုက်ရတယ်။ ဖြူဝင်းတဲ့ အသားအရည်နဲ့ သေးသွယ်တဲ့ ခန္ဓာကိုယ်အလှဟာ ပိုင်ဟွေ့ဒီဇိုင်းလို့ ခေါ်ကြတဲ့ ရှန်ဟိုင်းစတိုင် ၀တ်စုံလေးနဲ့ တွဲဘက်ထားတော့ ပြစ်မျိုးမှဲ့မထင် ရိုးရိုးစင်းစင်းလေး လှနိုင်လွန်းတယ်လို့ သူ့စိတ်ထဲမှာ စွဲထင်နေခဲ့တာပေါ့။ သူ့အတွက် ရင်ခုန်ဖွယ် တိမ်းညွတ်စေတဲ့ နတ်သမီးလေးဟာ ရိုးရိုး ကွန်ပျူတာသင်တန်း ကျောင်းသူလား၊ ဒီပလိုမာသင်တန်းသူလား ဆိုတာ သူကိုယ်တိုင်လည်း မသိခဲ့ပါဘူး။

ဒီလိုနဲ့ ဒီပလိုမာ အတန်းတစ်ခုရဲ့ ပရောဂျက်တွေ ကိုင်ရမယ့် အလှည့်ကို ရောက်လာပြန်ပါပြီ။ ပရောဂျက် လုပ်မယ့်သူတွေကို စာသင်ခန်းတစ်ခုမှာ စုထားကြတယ်။ သက်ဆိုင်ရာ စူပါဗိုက်ဆာတွေ အဖွဲ့တွေ ခွဲယူရမယ် ဆိုတော့ သူလည်း လိုက်လာရပြီပေါ့။ လူစုထားတဲ့ အခန်းထဲကို သူလှမ်းကြည့်လိုက်တော့ နတ်သမီးလေးကို တွေ့လိုက်ရတယ်။ ခြေလှမ်းတွေကို ရပ်လိုက်ပြီး အခန်းထဲကို ချက်ချင်း မ၀င်သေးပဲ ပရောဂျက်အခန်းထဲက နောက်ကျမှ ထွက်လာတဲ့ လုပ်ဖော်ကိုင်ဖက် အခြား စူပါဗိုက်ဆာ ၂ ယောက်ကို စောင့်နေလိုက်တယ်။ အဲဒီ ၂ ယောက် ရောက်လာတော့ တိုးတိုးလေး လှမ်းချိတ်လိုက်တယ်။ အဲဒီ နတ်သမီးလေး အဖွဲ့ကို သူ ကိုင်မယ်ပေါ့။ ဟို ၂ ယောက်ကလည်း သဘောပေါက်တယ်။ အဲဒီအဖွဲ့ကို သူတို့ တာဝန်မယူပဲ ရှောင်ပေးမယ်ပေါ့။ ဒီလိုနဲ့ နတ်သမီးလေးရဲ့အဖွဲ့ကို သူ ကိုင်တွယ် ကြီးကြပ် စူပါဗိုက်စ် လုပ်ပါတော့တယ်။

မိုးဖွဲဖွဲလေးတွေ ရွာနေတဲ့ နေ့တစ်နေ့...ဗိုလ်တထောင်ဘုရားလမ်းမကြီး အပေါ်မှာ ကျိုက်ထီးရိုးက ၀ယ်လာတဲ့ လက်ဆောင်လေးတွေကို ပေးရင်း သူက နတ်သမီးလေးကို မိုးရေထဲမှာ ချစ်ခွင့်ပန်ခံတယ်။ လမ်းမထက်မှာ နှစ်ယောက်စလုံး မိုးတွေ စိုလို့ပေါ့။ နတ်သမီးလေးကတော့ အဖြေမပေးသေးပါဘူး။ ဆောင်းရောက်တဲ့အထိ စောင့်ပါအုံးတဲ့။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက် ဟိုမရောက် ဒီမရောက် ဘ၀ချိုချိုလေးမှာ မိုးရေစက်တွေနဲ့အတူ ပျော်နေခဲ့ကြတယ်။

အတန်းဆင်းတာ အချိန်စောပေမယ့် နတ်သမီးလေးက အိမ်မပြန်သေးပဲ ရုံးဆင်းချိန်ရောက်မှ သူနဲ့အတူတူ အိမ်ပြန်တယ်။ ညအမှောင်မှာ နတ်သမီးလေးရဲ့ လက်ကို ဆွဲပြီး အိမ်လိုက်ပို့ပေးရတဲ့အချိန်မှာ သူ့ရင်ထဲမှာ ကုလားဘုရားပွဲ လှည့်နေသလိုပါပဲ။ နေ့လည်ပိုင်းတွေမှာ တခြားအတန်းဖော် သူငယ်ချင်းတွေ ရှိပေမယ့်လည်း သူနဲ့ပဲ ထမင်းစား ထွက်ကြတယ်။ သူ မအားသေးရင် အားတဲ့အချိန်ထိ စောင့်ပေးရှာတယ်။ နတ်သမီးလေး အတန်းမပြီးသေးရင် သူကလည်း တစ်ယောက်တည်း ထမင်းထွက်မစားပဲ အတန်းချိန်ပြီးတဲ့အထိ အခန်းဝမှာ ထိုင်စောင့်နေတတ်တယ်။ သူတို့နှစ်ယောက်ဟာ အဲဒီသင်တန်းကျောင်းက ဆရာမအချို့ရဲ့ ပါးစပ်ဖျားမှာ ဒီစုံတွဲလေး အတွဲညီလိုက်တာလို့ ပြောစမှတ် တွင်ခဲ့စေတယ်။

တစ်ရက် နေ့လည်ပိုင်း ထမင်းစား ထွက်ခဲ့ကြတယ်။ သူတို့ နေ့လည်စာ ထမင်းစားရင် စားသောက်ဆိုင်ရဲ့ အပေါ်ထပ် အဲယားကွန်းရှိတဲ့ အထူးခန်းမှာ စားကြလေ့ရှိတယ်။ တိတ်ဆိတ် အေးချမ်းပြီး သက်တောင့်သက်သာ ရှိတာကြောင့် သူတို့ အဲဒီနေရာကိုပဲ သေချာရွေးထားတာပါ။ ထမင်းစားပြီး ဆိုင်အောက်ထပ်ကို ဆင်းလာတော့ ဇူလိုင်မိုးသည်းတွေ ထစ်ခြုန်းရွာနေတယ်။ တိမ်ညိုတွေ အလုအယက် ပြိုဆင်းနေတယ်။

အတန်းတက်စရာရှိတဲ့ နတ်သမီးလေးနဲ့ အလုပ်လုပ်စရာရှိတဲ့ သူ့အတွက် မိုးစဲနေကို စောင့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူ ယူလာတဲ့ ထီးလေးကို ဖွင့်ပြီး ထီးတစ်ချောင်းအောက် နှစ်ယောက်အတူတူ ဆောင်းပြီး ထွက်ခဲ့ကြတယ်။ နတ်သမီးလေးကို ချစ်လွန်းတဲ့ သူက ထီးအောက်မှာ သိပ်မနေပဲ နတ်သမီးလေးဘက်ကိုပဲ ထီးမိုးပေးထားခဲ့တယ်။ ဒါပေမယ့်လည်း သည်းသည်းမဲမဲ ရွာသွန်းဖြိုးနေတဲ့ မိုးဒေ၀ါက သူတို့နှစ်ယောက်ကို ရွှဲရွှဲ စိုစေခဲ့တယ်။ ချမ်းချမ်း တုန်စေခဲ့တယ်။

မျက်မှန်ပေါ် လာတင်နေတဲ့ မိုးရေစက်တွေက သူရဲ့ မြင်ကွင်းတွေကိုေ၀၀ါးစေခဲ့တယ်။ မျက်စိမှုန်တဲ့ သူ့အဖို့ မျက်မှန်ချွတ်လိုက်ရင်လည်း မြင်ကွင်းတွေက မကြည်လင်ပြန်ဘူး။ ဒါနဲ့ပဲ မျက်မှန်ကို တကူးတက လက်မှာ မကိုင်ထားချင်တဲ့ သူက မျက်မှန်မချွတ်ပဲ ရှေ့ကို စွတ်တိုးနေခဲ့တယ်။ လက်တစ်ဘက်က ထီးကို မြဲမြဲကိုင်ရင်း နောက်လက်တစ်ဘက်က နတ်သမီးလေးရဲ့ လက်ကို ခိုင်ခိုင်တွဲထားလို့ပေါ့။ မိုးကလည်း သည်းတုန်းပါပဲ။

ဝုန်းကနဲ... ဆိုတဲ့ အသံလိုမျိုး သူ့နားထဲမှာ ကြားလိုက်ရတယ်။ မျက်နှာတစ်ခုလုံး ထူပူရှိန်းတိန်းသွားတယ်။ ထီးကို လက်မှာ ဆုပ်ကိုင်ထားရင်း သူ ဖင်ထိုင်လဲကျတော့မလို ယိုင်တိုင်တိုင် ဖြစ်သွားတယ်။ မျက်မှန်လည်း ကျွတ်ကျသွားလို့ မမြင်မစမ်းနဲ့ လိုက်ကောက်ရသေးတယ်။ ဘေးနားက နတ်သမီးလေးကတော့ တခစ်ခစ် ရယ်နေလိုက်တာများ မိုးသည်းထဲမှာတောင် အတိုင်းသား ကြားနေရတယ်။ ရုတ်တရက် သူ ဘာဖြစ်သွားမှန်း မသိရသေးတဲ့အတွက် မျက်မှန်ပေါ်က မိုးရေစက်တွေကို ပုဆိုးခါးပုံစနဲ့ အရင်ဦးဆုံး သုတ်ပစ်လိုက်တယ်။ ကြည်လင်သွားပြီဖြစ်တဲ့ မျက်မှန်ကို တပ်ကြည့်ပြီးတဲ့အခါ မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းက "အားလားလား..." ရှေ့တည့်တည့်မှာ ဓါတ်တိုင်ကြီးကို မြေကြီးနဲ့ ဆွဲတင်းပေးထားတဲ့ သံမဏိကြိုးလုံးကြီးပါလား။ မိုးရေထဲမှာ မမြင်မစမ်းနဲ့ ဓါတ်တိုင်ကို ဆွဲထားတဲ့ ကြိုးကို တည့်တည့်ကြီးကို ၀င်တိုးမိတာကို။

ကျောင်းပြန်ရောက်တော့ မှန်ထဲကြည့်လိုက်တဲ့အခါ သူ့နဖူးကနေ နှာထိပ်အထိ အရှိုးရာကြီးက အပေါ်အောက် တန်းနေတာပါပဲ။ ဘာဖြစ်လာတာလဲ ဆိုတာကို ပရောဂျက်အဖွဲ့တွေက ပြုံးဖြဲဖြဲနဲ့ မေးပေမယ့် သူ့မှာ ဖြေစရာ စကားလုံး ရှာမရခဲ့ဘူး။ တစ်ယောက်လာမေးတိုင်း တခစ်ခစ်နဲ့ ထိုင်ရယ်နေတာ သူ့ရဲ့ နတ်သမီးလေးပေါ့။ သူ့မှာတော့ ရှက်ရှက်နဲ့ မျက်နှာကြီးတစ်ခုလုံး နီရဲတွတ်နေပြီ။ မျက်နှာတည်လွန်းတဲ့ သူ့ကို အခုလို ပုံစံမျိုးနဲ့ မြင်ရတော့ လူတွေက ပိုရယ်ချင်ကြတယ်။ ဟီးဟီးဟားဟားလည်း မရယ်ရဲကြတော့ ပါးစပ်လေးတွေ အုပ်ပြီး ကျိတ်ရယ်ကြတယ်။ အဲဒါတွေကို မြင်ရလေလေ သူမျက်နှာကြီးက ပိုပြီး နီလာလေလေပါပဲ။

တစ်ပတ်လောက်အထိ သူ့မျက်နှာမှာ အဲဒီအရှိုးရာကြီးက ဟန်ပါပါနဲ့ မင်းမူကြီးစိုးနေခဲ့ပါတယ်။ မျက်နှာအုပ်ပြီး နေလို့ရတဲ့ ဘ၀မျိုး မဟုတ်တော့ ဒီမျက်နှာကြီးနဲ့ ဒီလိုပဲ ရယ်သံတွေကြားမှာ ဒုက္ခခံခဲ့ရတာပေါ့ကွယ်။

ဟိုးတချိန်တုန်းက ဒုက္ခလှလှကြီးဟာ အခုချိန်မှာ ပြန်တွေးမိတော့လည်း ပြုံးချင်စရာ ဘ၀မှတ်တိုင် တစ်ခုအဖြစ် သူ့ဘ၀မှာ တည်ရှိနေခဲ့ပါပြီလေ။
~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော့်ကို Tag ရေးပါဆိုတဲ့ ညီမငယ် ၀က်သိုး ခေါ် နှင်းပွင့်ဖြူလေးရေ... အခုပို့စ်ကို ကျေနပ်မယ်လို့ ထင်ပါတယ်။

ကဲ... အစဉ်အလာရ လက်ဆင့်ကမ်းရမယ်ဆိုရင်တော့...
ဆပ်ပြာတုံး မတူးတူးသာ...
အော်စလိုပြန် မခင်မင်းဇော်...
ပလာတာ မကြိုက်တဲ့ ရွှန်းတီ...
ရာထူးတိုးသွားရှာတဲ့ မနှင်းဆီနီ...

17 comments:

နှင်းပွင့်ဖြူလေး said...

ဟားဟား............... ဖတ်လာလိုက်တာ... တယ်ဟုတ်ပါလားလို့ င့ါအစ်ကို အချစ်ဇာတ်လမ်းလေးက ... မိုးရေထဲရောက်တော့မှပဲ....... ငှဲငှဲငှဲ
ဒါကြောင့်ပြောတာ သိပ်ပဲမများနဲ့လို့ဆိုမှ .....
သြော်....... မိုးမိုးမိုး................ ခုတော့ သဘောပေါက်ပြီ ဘာကြောင့်မိုးသလဲဆိုတာ... :P

ကျေးဇူးပါ ကိုဂျုလိုင်မိုး...အဲ့လေ ကိုဂျူလိုင်ဒရွမ်း အခုလို ရေးပေးတဲ့အတွက် ...... :D

PS..........
သူညားကို ဘလော့ပေါ်တက်ပြီး အရှက်ခွဲတယ်....... ဒီလောက် ချစ်ဖို့ကောင်းတဲ့သူကိုများ ၀က်သိုးတဲ့...
ဝါးးးးးးးးးးးးး ရက်စက်တယ် အဟင့် ရွှတ်

Moe Cho Thinn said...

ဒီလိုပဲ မွှန်ရင် ဓာတ်တိုင်မမြင် သံကြိုး မမြင် ဖြစ်တတ်ပါတယ် ကိုဂျူလိုင် :D
မိုးမွှန်တာကို ပြောတာပါလေ။

khin oo may said...

နတ်သမီးလေး နဲ့ဘာဆက်ဖြစ်ကြတယ် ဆိုတာမသိလို့မကျေနပ်သေးပါ။

strike said...

JD အသီးကသံမဏိကြိုးလုံးကြီးနဲ့တိုက်လိုက်ပြီးကထဲက အက်သွားတာဖြစ်မယ်၊ဒုက္ခဗျာ။

MANORHARY said...

ဇာတ်လမ်းကတော့ စပြီ ဒန်တန့်တန် လို့တွေးနေတုန်း
ဝုန်း ဆို ဓါတ်တိုင်ကကြိုးကိုဝင်တိုက်လိုက်တာကတော့
အင်း..ဟုတ်သေးဘူးထင်တယ်နော်..း)
ရှေ့လာမယ့်အခန်းတွေ ဆင်ဆာထိပုံရတယ်..း)

Phyo Maw said...

တခစ်ခစ်နဲ့ ပြီးသွားပြီလား...
(အားမလိုအားမရဖြစ်စွာဖြင့်)

sin dan lar said...

ဒါပဲလားးးးးးငှင်

မမသီရိ said...

ဟေ့ ..
ရှေ့ ဓါတ်တိုင်မြင်ရက် သားနဲ့
ဝင်တိုက်မိတော့မဲ့ ဟာ
ဘေးက ပါနေရက်ရဲ့ လက်တို့ သတိမပေးတာ
ဘယ်ကောင်မလေးလဲ ကွ..
အစ်မ မောင်လေး တစ်ပတ်လောက် ဒဏ်ရာ ရစေသတဲ့
သူများတွေ မေးရင် သူက ရီသေးသတဲ့..း(..
မင်း..အဲဒီကောင်မလေး အဲ ..အဲဒီနတ်သမီးလေး ကို ချစ်နေတုန်း လား....း)... ဆရာ..
အဲသလိုဆို ရေ့ လျှောက်
သတိသာ ထားပေတော့ ကိုယ့်လူ...း)

JulyDream said...

ဝက်သိုး...
ညည်း ရေးခိုင်းလို့ ရေးတာလေဟာ။ အရှက်ခွဲတာမှ မဟုတ်တာ။ ကျုပ်က ညည်းကို ၀က်သိုးလို့ပဲခေါ်တာ ဘာဖြစ်တာ မှတ်လို့။ ၀က်သိုးခေါ်တာ မကြိုက်မှန်း သိပေမယ့် ၀က်သိုးလို့ပဲ ခေါ်တာ ကောင်းပါတယ်ဟာ။ ဟုတ်တယ် မဟုတ်လား ၀က်သိုးရာ။ (၀က်သိုးတွေ အများကြီး ရေးလိုက်ရတယ်။ အဟား)

မချိုသင်း...
မိုးမွှန်တာ မဟုတ်ဘူး မိုးကြောင့် မှုန်တာ။ မိုးမှုန် မိုးမှုန်ခင်ဗျ။ :)

မခင်ဦးမေ...
တချိန်တုန်းက ဒုက္ခ အခုတော့ ဟာသက အဲဒီမှာပဲ ရပ်လိုက်ရမယ်လေ။ ဆက်ရေးလို့မှ မရတော့တာဗျာ။

JulyDream said...

Strike...
ဟုတ်ပဗျာ။ အဲဒီကတည်းက အသီးအက်သွားပုံပဲ။ သံမဏိကြိုးစာ မိသွားလို့ဗျာ။ အဟား...

မနော်ရေ...
ဆင်ဆာထိမယ့် အခန်းတွေ မပါဘူးခင်ဗျ။ ကျွန်တော်တို့က ဆင်ဆာဘုတ်က ထုတ်ထားတဲ့ စည်းကမ်းနဲ့အညီ နေထိုင်ပါတယ်။ အဟီး...

ဖြိုးမော်ရေ...
ဟုတ် ဒီနေရာမှာတော့ တခစ်ခစ်နဲ့ပဲ ဇာတ်လမ်းလေး ပြီးသွားပါတယ် ခင်ဗျာ။

strike said...

ဆင်ဆာထိမယ့်အခန်းတွေ မပါဘူးခင်ဗျ၊ ဆိုတော့ဆင်ဆာဘုတ်နဲ့အညီ ဆင်းရဲသားအခန်းတွေမပါဘူးပေါ့နော်။

may16 said...

ဖတ်လို့ အရမ်းကောင်းပါတယ် နောက်တော့ ဘာဆက်ဖြစ်သွားလည်းတော့ မရေး ဘူး ကိုဂျူလိုင်ကြီး

khin oo may said...

ဘာမှ မဖြစ်လို့ ဘာမှ ဆက်ရေးလို့မရတော့တာပေါ့။လွမ်းစရာကောင်းလိုက်တာ။

လင်း said...

ဝုန်းဆိုတော့ ကားများတိုက်ခံလိုက်ရပြီလားလို့ ။ ဟိဟိ ဒီလိုဂယောက်ချောက်ချားမို့ လဲ ခုထိ ....

Younggun said...

ဖတ်ကောင်းကောင်းနဲ့ဖတ်သွားလိုက်တာ.. အစပိုင်းက တာရာမင်းဝေစတိုင်..နောက်ပိုင်းက အကြည်တော်လိုလို ဖြစ်လာပြီး အဆုံးသတ်ကတော့ မောင်လှမျိုးဖြစ်သွားတာကိုးဗျ။ အဟီးဟီး။

Phyo Maw said...

နီကိုရဲလေလားလို့ လှည့်ကွက်များ ပါလေမလား တစ်ကွေ့မှာ ပြန်ဆုံ ပြန်ကြုံ အတိတ်ကိုတွေး စိတ်မှာဆွေး တစိမ့်စိမ့်နဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် စကားတွေမွှန်းတင် စိတ်ကူးတွေမျော...
အာ မင်းခိုက်စိုးစန်လို ဟိုမကျ ဒီမကျ comment ပဲထပ်ပေးလိုက်တော့မယ် ခစ်ခစ်နဲ့ ပြီးသွားတယ်ဆိုလို့

3D Crazy said...

အဟက်...
ကိုယ့်အထုပ် ကိုယ်ဖြေနေတယ်...
အဲဒီ နတ်သမီး ဖြူတူတူ ပုတုတု က အခုဆို ကလေး တောင် ရ လောက်ရောပေါ့ ချိန်သီး ပေပင်ရဲ့ ...
မှတ် ပ လားးးး