ရန်ကုန်ပြန်တုန်းက ဗိသုကာဆရာရွှေနဲ့တွေ့ဖြစ်ခဲ့တယ်။ ရန်ကုန်ကနေ မပြန်ခင် တစ်ရက်အလိုမှာ ဆရာရွှေက စာအုပ် ၂ အုပ် လက်ဆောင် ပြန်ပေးလိုက်တယ်။ တစ်အုပ်က ချင်းတွင်းမဂ္ဂဇင်း အမှတ် ၃၅၊ ဖေဖော်ဝါရီ ၂၀၀၉ ထုတ်ပါ။ ဒီနေ့ အဲဒီစာအုပ်လေးကို ဖတ်နေခဲ့တယ်။ အဲဒီအထဲမှာ ပြန်လည်ဝေမျှချင်တဲ့ ဆောင်းပါးတစ်ပုဒ်ကို တွေ့မိလို့ တကူးတက အချိန်ပေး စာရိုက်ပြီး ပို့စ်တင်လိုက်ပါတယ်။ မူရင်း စာရေးသူရဲ့ ကလောင်အမည်တော့ မောင်ကျော်ရွေးပါ။ ဆောင်းပါးက ချင်းတွင်းမဂ္ဂဇင်းရဲ့ စာမျက်နှာ ၇၁ မှာ ဖော်ပြထားပါတယ်။ သရုပ်ဖော် ကာတွန်းပုံလေးကိုလည်း သဘောကျလို့ ကင်မရာနဲ့ ဓါတ်ပုံရိုက်ယူပြီး ဒီမှာပြန်တင်လိုက်ပါတယ်။
အဲဒီဆောင်းပါးလေး ဖတ်မိပြီးနောက် မြန်မာပြည်ကြီးအတွက် ရင်လေးပြီး သက်ပြင်းချမိပါတယ်။ တကယ်ဆို အဲဒီနိုင်ငံရေးဆိုတဲ့ နယ်ပယ်တွေမှာ ကျွန်တော်ဟာ ကကြီးရေ က ဆိုသလိုမျိုး တစ်လုံးတစ်ပါဒမှ မသိပါဘူး။ ကာတွန်းပုံထဲမှာဆို ကျွန်တော်ရဲ့ နေရာက သစ်ပင်အောက်ကနေ သစ်ပင်ပေါ်က လူတွေကို မော့ကြည့်နေတဲ့ အုပ်စုထဲမှာပါ။ ကျွန်တော် မော့ကြည့်လို့ မြင်မိတာကတော့ တခြားမတွေးပါနဲ့။ အပေါ်စီးမှာ နေရာယူထားတဲ့ အာဏာပိုင်တွေကလည်း လွှတိုက်ရင်း အလျှော့မပေးပါဘူး။ နေရာတစ်ခုမှာ ရောက်ရှိနေပြီး လွှဆွဲနေတဲ့ အတိုက်အခံတွေကလည်း အလျှော့မပေးပါဘူး။ ဘယ်သူမှားလည်း မှန်တယ်ဆိုတာထက် သေချာတာတစ်ခုက မြန်မာပြည်ကြီးရဲ့ အနာဂတ်က ရင်လေးစရာပါ။ ဒီမြေဒီရေမှာ ကျန်ခဲ့မယ့် သူတွေဟာ အခုလို အလျှော့မပေးပဲ နေနေကြတဲ့ လူကြီးတွေရဲ့ နောက်မျိုးဆက်တွေပါပဲ။ မြန်မာပြည်ဖွား သွေးချင်းများပါပဲ။ ငါတို့လက်ထက် ငါလုပ်ချင်သလို လုပ်မယ်။ ဖြစ်လာမယ့် အကျိုးဆက်ကို နောက်လူတွေ ခံ၊ အဲဒီအချိန်မှာ ငါတို့ သေနှင့်ပြီလို့ ပြောမယ် ဆိုရင်တော့လည်း ကျွန်တော့်မှာ ပြောစရာ မရှိပါဘူး။ ဖြစ်စေချင်တဲ့ ဆန္ဒလေးကတော့ ဒီမြေဒီရေက နောက်မျိုးဆက်အတွက် သေသေချာချာ ဆင်ခြင် စဉ်းစားပေးကြပါခင်ဗျာ။

ဥတုသုံးလီ ရာသီစက်ဝန်း ပြောင်းလဲကုန်ပြီ
ဆမ်ဒုန်းရင်ဖိုချေးဆိုတဲ့ တိဘတ်ဘုန်းကြီးတစ်ပါးရှိတယ်။ ဟိုတစ်လောက ဘာလီမှာ ဥတုတွေပြောင်းလို့ လူတွေမှာ ကြုံရမယ့် ပြဿနာတွေအကြောင်း နိုင်ငံရေးခေါင်းဆောင်တွေ ဆွေးနွေးကြတယ်။ ဆမ်ဒုန်း ရင်ဖိုချေးက ဆွေးနွေးပွဲကို ဝေဖန်တယ်။
ဘာလီဆွေးနွေးပွဲတက်တဲ့ အစိုးရတွေအနေနဲ့ ဂလိုဘယ် ပူနွေးလာမှုကြီးရဲ့ အရေးကြီးမှု၊ ဘိုင်အိုစဖီယား (biosphere)ကို ကာကွယ်ဖို့ အရေးပေါ်ဖြစ်နေမှုကို သဘောပေါက်ကြပါတယ်။ ဒါပေမယ့် ဘယ်လို ဆောင်ရွက်ကြမယ် ဆိုတာကျတော့ မဆုံးဖြတ်နိုင်ကြဘူး။ အမေရိကန်တွေက တရုတ်နဲ့ အိန္ဒိယအနေနဲ့ ကာဗွန် ထုတ်လုပ်မှုကို လျှော့စေချင်တယ်။ ငါတို့ မလျှော့ခင်မှာ မင်းတို့ လျှော့ရမယ်တဲ့။ တရုတ်နဲ့ အိန္ဒိယက အမေရိကန်နဲ့ အပေါင်းပါ စက်မှုထွန်းကားတဲ့ အနောက်နိုင်ငံတွေကြောင့် ဂလိုဘယ် ပူနွေးမှုကြီးဖြစ်ရတာ မင်းတို့ အရင်လျှော့ရမှာပေါ့လို့ ပြန်ပြောတယ်။ စီးပွါးရေး တိုးတက်အောင် လုပ်ခွင့်ရှိတာပေါ့။ ကာဗွန် လျှော့နေရင် နောက်ကျန်ခဲ့မှာပေါ့တဲ့။
ဆမ်ဒုန်းက တစ်ဘက်က အမေရိကန်၊ နောက်တစ်ဘက်က တရုတ်နဲ့ အိန္ဒိယ ငြင်းခုန်နေကြတာကို ရယ်တယ်။ ကိုယ်ထိုင်နေတဲ့ သစ်ကိုင်းကို လွှတိုက်နေကြတာပဲ။ အပေါ်ကိုင်းမှာထိုင် လွှဆွဲနေတဲ့ အမေရိကန်က အောက်ကိုင်းသေးပေါ်မှာ ထိုင်ပြီး လွှဆွဲနေတဲ့ တရုတ်နဲ့ အိန္ဒိယကို တော်ကြတော့လို့ ပြောတယ်။ လိမ့်ကျမှာ စိုးလို့ပါတဲ့။ တရုတ်နဲ့ အိန္ဒိယက မင်းအရင် ရပ်ပါလားလို့ ပြန်ပြောတဲ့အခါ အမေရိကန်က မဟုတ်ဘူး။ မင်းက အရင်ရပ်ရမှာလို့ ပြန်ပြောတယ်။ တကယ်တော့ လွှတိုက်တာကို မရပ်ရင် နှစ်ဦးလုံး လိမ့်ကျမှာ၊ ထိုင်နေတဲ့ သစ်ကိုင်းတွေ ကျိုးကုန်မှာ။
တကယ်တော့ အစိုးရတွေကို ပညာတတ်တယ် ဆင်ခြင်တတ်တယ်လို့ ထင်စရာရှိတယ်။ ဥတုတွေ ပြောင်းကုန်တဲ့ အကျပ်အတည်းဟာ အားလုံးစုစည်း အလုပ်လုပ်ဖို့ အခွင့်အရေးကြီးတစ်ခု။ တစ်ဦးကို တစ်ဦး လက်ညှိုးထိုးနေတာထက် ကျက်သရေရှိတဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်လာဖို့ ဒီဇိုင်းလုပ်နိုင်တဲ့ အခွင့်အရေး။ အမှိုက်သရိုက်တွေ ပြည့်နေတဲ့ စိတ်ပင်ပန်းစရာတွေနဲ့၊ လူဦးရေ ထူထပ်ကျပ်ညပ်ပြီး ခေါင်းပုံဖြတ်နေတဲ့ ကမ္ဘာကြီး။ လူတစ်ဝက်လောက်က ငတ်ပြီး၊ လူတစ်ဝက်က အ၀လွန်နေတဲ့ ကမ္ဘာကြီးကို ဘယ်သူက လိုချင်မှာလဲ။ ရေသန့်၊ လေသန့်၊ အစာသန့်တွေ ရှားပါးလာတဲ့ ကမ္ဘာကြီးကို ဘယ်သူက ကြိုက်မှာလဲ။ ဒီထက် ကောင်းအောင် မကြံနိုင်ကြတော့ဘူးလား။
ဥတုပျက်တာဟာ ပြဿနာရဲ့ အရင်းအမြစ် မဟုတ်ဘူး၊ ပြဿနာရဲ့ လက္ခဏာသာ ဖြစ်ပါတယ်။ စီးပွါးရေး၊ နိုင်ငံရေး၊ လူမှုရေး စနစ်တွေ ညံ့လို့ဖြစ်တာပါ။ ရုပ်ကြွင်းလောင်စာနဲ့ ဈေးဝယ်ချင်အောင် လုပ်တဲ့ဝါဒကို ဘိန်းစွဲသလို စွဲနေတဲ့ အပေါ်မှာ အခြေခံတာပါ။ စိတ်ကူးစိတ်သန်း ကွန့်မြူးပြီး တီထွင်ပြီး နာမ်အရ သန့်ရှင်းလာပြီး ကောင်းတဲ့ ကမ္ဘာကြီးဖြစ်အောင် လုပ်လို့ရပါတယ်။ အမေရိကန်၊ တရုတ်၊ ကုလားနဲ့ ကျန်တဲ့ ကမ္ဘာသူ ကမ္ဘာသားတွေဟာ ဇီဝသစ်ပင်ရဲ့ အသီးအပွင့်တွေကို ဆွတ်ခူးစားသုံးပြီး ပျော်ရွှင်လို့ ရပါတယ်။ ကိုယ်ထိုင်နေတဲ့ သစ်ကိုင်းကို လွှဆွဲနေတဲ့ လူတွေ မဟုတ်ကြရင်။
ချင်းတွင်းမဂ္ဂဇင်း အမှတ် ၃၅
ဖေဖော်ဝါရီလ ၂၀၀၉

16 comments:
ကျေးဇူးပ..ဲဝေး...ပြန်မျှဝေပေးတာ...
တကယ်ကောင်းတဲ့ ဆောင်းပါးတိုလေး ပါ
တွေးစရာတွေနဲ့ ပြည့်နေတယ်..
တစ်ခုပဲ..
....
ကာတွန်းပုံထဲမှာဆို ကျွန်တော်ရဲ့ နေရာက သစ်ပင်အောက်ကနေ သစ်ပင်ပေါ်က လူတွေကို မော့ကြည့်နေတဲ့ အုပ်စုထဲမှာပါ။ ကျွန်တော် မော့ကြည့်လို့ မြင်မိတာကတော့ တခြားမတွေးပါနဲ့။
.......
မတွေးပါနဲ့ ဆိုလဲ...တချို့တွေ က တော့ တွေးကြမယ် ထင်ပါရဲ့....း)
:-) I'll stop when you do.
ကာတွန်းဆရာ ထောက်ပြသွားတာ သိပ်ကောင်းတဲ့အချက်ပဲ။
နောက်မျိုးဆက်အတွက် ကြည့်မယ်ဆိုရင် ပြဿနာတွေ ရှာမနေပဲ ပြဿနာတွေ ရှင်းအောင်လုပ်သင့်တယ်။
ဘယ်လိုလုပ်ကြမလဲ??
ဘယ်သူလုပ်ကြမလဲ??
တို့လိုသစ်ပင်အောက်က မော့ကြည့်နေတဲ့သူတွေက အပေါ်ကိုလေးခွနဲ့ လှမ်းပစ်ရမှာလား??
သင်ကောင်းလျှင် ကျွန်ုပမဆိုးပါ ဆိုသလိုဖြစ်နေပြီ။
သူမရပ်ကိုယ်မရပ်နဲ့တော့...
အချိန်ပေး ပြန်တင်ပေးတဲ့စိတ်ကို သဘောကျမိသည်။
ဆောင်းပါးက ချင်းတွင်းမှာ ဖတ်ပြီးသား။ ခံစားပြသွားတာလေးကို သဘောကျကြောင်းပါ။
သုခမိန်(E-Journal)
အောက်ကလူတွေက ငါးမန်းလွှနဲ့ဆွှဲပြီး သစ်ပင်ကို ဆွဲလှဲသင့်တယ်။ တခါထဲအေးရောပဲ။
ဟုတ်ပါတယ် မြန်မာပြည် နောင်ရေးကတော့ ရင်လေးစရာပါပဲဗျာ..။
တကယ်ကောင်းတဲ့ဆောင်းပါးလေးပါ.
ကျွန်တော်ကိုယ်တိုင်လည်းအနာဂါတ်ကမ္ဘာကြီးအတွက်
လုပ်နိင်သလောက်ကြိုးစားပါတယ်.ကျွန်တော်မိသားစုနဲ့
ပါတ်ဝန်းကျင်ကိုသစ်ပင်တွေစိုက်ဘို့အမြဲတိုက်တွန်း
ဖြစ်တယ်.အားလုံးလည်းတနိင်တပိုင်အပင်စိုက်ကြပါ.
ကိုယ့်ပါတ်ဝန်းကျင်ကိုလဲတိုက်တွန်းပေးကြပါ.
၂၀၃၀ မှာဖြစ်လာတော့မယ့်ဆိုးကျိုးကို
ခုထဲကပြင်ဆင်ကြပါ.အဲဒီလောက်ထိအသက်မရှည်ဘူး
ဆိုလည်းနောက်လူတွေအတွက်လုပ်ကြရမယ်.
အရမ်းကို တွေးစရာကောင်းတဲ့ ပို့စ်လေးပါ ကိုဂျူလိုင်။
အပင်ပေါ်ရောက်နေသူအားလုံး လွှတိုက်ဖို့ မစဉ်းစားဘဲ ကိုယ့်အကျိုးအတွက် မဟုတ်တဲ့ သစ်ပင်စိုက်ဖို့ကို စဉ်းစားကြရင် ဘယ်လောက် ကောင်းလိမ့်မလဲ လို့ တွေးမိသွားတယ်။
တချို့လဲ ကိုယ် စားဖို့ မဟုတ်ဘဲ သစ်ပင်စိုက်နေကြ ပါတယ်လို့ အမ အသေအချာ ယုံကြည်ပါတယ်။ ဒါပေမဲ့ လွှတိုက်သူများနေ၊ ရပ်ကြည့်သူများနေတော့ ခက်တယ်။
(ဒါနဲ့ ဆရာရွှေ နေကောင်းရဲ့လား။ ဆရာက အမတို့အိမ်ကလေးကို မေတ္တာနဲ့ ဆောက်ပေးခဲ့တာလေ။ သတိရတယ်လို့ ကြုံရင် ပြောပါနော်)
အောက်ကအဖွဲ့ကသစ်ပင်ကို ဒိုင်းနမိုက်နဲ့လှဲပြစ်ရမှာ
မဖတ်ရတာကြာသွားတဲ့ ချင်းတွင်းရဲ့ အရသာတစ်ခုတွက်
ကျေးဇူးပါ...အင်း..တစ်ခုခုမကတော့မှားနေကြသလို
ပဲနော်..ကိုယ်လည်းရပ်ကြည့်သူအဆင့်တောင်မရှိတော့
ဘာမှလည်းမပြောတတ်...
အတ္တကို ပေါ်လွင်စေတဲ့ လူသား၊ လောဘကို အတောမသတ်နိုင်တဲ့ လူသား။ ထိုအမျိုးအစားထဲ မပါအောင် တတ်နိုင်သမျှ ထိန်းကျောင်းသွားဖို့ သတိတရ ရှိသွားပါတယ်။ ဒီဆောင်းပါးအတွက် ကျေးဇူးပါပဲ ကိုဂျူလိုင်ခင်ဗျာ။
အလည်တခေါက် လာရောက် ဖတ်ရှုသွားပါတယ်။
အဲ..အဲ..မေ့တော့မလို့..တကယ်မှတ်ချက်ပေးမလို့..
လူနဲ့ ခေါင်းဆောင်မူရဲ့ သဘောသဘာဝလေးပဲ။ အမြင်ပြောရရင်တော့.. အားလုံး မှားယွင်းနေဟန် ရှိတဲ့ အထဲမှာ..မြင်သာပွင့်လင်းမူ ရှိတယ် ဆိုရင်တော့..တော်သေးတာပဲ..လို့။
ရပ်ကြည့်နေသူတွေလဲ မှားတဲ့အထဲ တရားခံထဲပါပါတယ်။ သူတို့ကိုယ်တိုင် တရားတဲ့ဘက်ကပါရမယ်။ အောက်ကနေ စည်းဝိုင်းအပြင်ဖက်ကနေ မြင်နေရတဲ့ မတရားမှုကို ၀င်ပြီးရပ်အောင် လုပ်ရမယ်။ ဒီပုံထဲကအတိုင်း ဆိုရင် ပိုပြီး ဆိုးနေတဲ့ လူကို လေးခွနဲ့ပစ်ပြီး ရပ်အောင် လုပ်ပိုင်ခွင့် ကြည့်နေသူတွေမှာ ပါတယ်။
ခုပုံထဲမှာတော့ အားလုံးက သစ်ပင်ကို ခုတ်လှဲနေတယ်ဆိုတဲ့ အတွက် ဒီဥပမာနဲ့ မြန်မာနိုင်ငံနဲ့ နှိုင်းတာတော့ လွဲနေသေးတယ် ထင်ပါတယ်။
ကိုယ်ပိုင်အယူအဆပါ။
ကျေးဇူးပါ
Cheers ပါ ကိုJD
ခုတလော ဒီလို post မျိုးတွေ ဖတ်ရတာ အားရ၀မ်းသာ ဖြစ်မိပါတယ်။ ကိုယ်တိုင် မရေးနိုင်ပေမယ့်လည်း...
ဦးနှောက်ရှိတဲ့ post တွေကနေ အများကြီး ပညာယူချင်ပါတယ်ရှင်
ကိုယ်စီမှာ ဖြူစင်တဲ့နှလုံးသား အစကတည်းက ရှိနေခဲ့ရင် ဒီလိုစာတွေတောင် ပေါ်လာစရာ အကြောင်းမရှိဘူးပေါ့။
အင်း... ဘာပြောရမှန်းတောင် မသိတော့ဘူးဗျ
ပြောစရာတွေ များနေတော့ ဘယ်က စရမှန်းမသိတာလဲ ပါတယ်ဗျာ...။
Post a Comment