.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, June 24, 2009

Dear Yesterday - 11

မနေ့က ရုံးတက်မလို့ ပြင်နေပြီးမှ မသွားတော့ပါဘူးကွာဆိုပြီး အလုပ်ပြုတ်ထားတဲ့ အိမ်ကအစ်ကိုနဲ့ ကော်ဖီ ထွက်သောက်လိုက်တယ်။ ရုံးမလာတော့ဘူးဆိုတာ ကော်ဖီဆိုင်အသွား လမ်းမှာပဲ မန်နေဂျာဆီ မတ်ဆေ့ခ်ျ ပို့လိုက်တယ်။ နေ့လည်ပိုင်းမှာ ဆေးရုံသွားစရာရှိလို့အိမ်ကနေ မနက်ပိုင်းမှာ အလုပ် လုပ်ပေးလိုက်တယ်။ ရေချိုးပြီးတော့ အိမ်မှာ ချက်ထားတဲ့ ဘူးသီးနဲ့ကြက်သားဟင်းကို ငပိရည်ဆမ်းပြီး အားပေးလိုက်တယ်။

ထမင်းစားပြီးတော့ အ၀တ်အစားလဲပြီး ဘူတာဘက်ကို ထွက်လာခဲ့လိုက်တယ်။ စင်္ကာပူ အထွေထွေဆေးရုံကို သွားဖို့ပေါ့။ သူငယ်ချင်းက စအိုဝမှာ ကင်ဆာဖြစ်လို့ ဖြတ်ထုတ်ဖို့ အဲဒီမှာ ဆေးရုံတင်ထားတယ်။ မနေ့က ခွဲစိတ်ခန်း ၀င်မယ့်နေ့ပေါ့။ သူက ခွဲစိတ်ခန်းကို မနက် ၉ နာရီခွဲကတည်းက စ ၀င်တာပါ။ ခွဲခန်းအထွက် အခြေအနေ အကျိုးအကြောင်း သိရအောင်ဆိုပြီး ကျွန်တော်က နေ့လည်ပိုင်းမှာ ထွက်လာခဲ့လိုက်တာပါ။ ခွဲနေတဲ့အချိန် ထိုင်စောင့်နေလည်း အကျိုးမှ မထူးတာလေ။

ရထားပေါ်ရောက်တော့ ဆေးရုံကို လာမယ်လို့ ပြောထားတဲ့ သူငယ်ချင်းတစ်ယောက်ကို ဖုန်းလှမ်းဆက်တော့ ကျေးဇူးရှင်က နေ့လည် ၂ နာရီကျော်မှ ရောက်မယ်တဲ့။ အဆောင်နဲ့ အခန်းနံပါတ်တွေကို သိပေမယ့်လည်း တစ်ခါမှ မရောက်ဖူးတဲ့ နေရာကြီး။ ဆင်းရမယ့် ဘူတာပဲ သိတော့ ဟိုစမ်းစမ်း ဒီစမ်းစမ်းနဲ့ သွားရပြီပေါ့။ နောက်ဆုံးတော့လည်း ခွဲခန်းရှိတဲ့ အဆောင်ကို ရောက်သွားပါတယ်။ ဆေးရုံ အပေါ်တက်ဖို့ကို ကောင်တာမှာ မှတ်ပုံတင်ရသေးတယ်။ လူနာကို ဆေးရုံမှာ မှတ်ပုံတင်ကတည်းက လာလည်မယ့် ဧည့်သည်စာရင်းကို ကြိုပေးထားရတယ်။ ဒါတောင် လူနာရှင် အပါအ၀င် ၈ ယောက်ပဲ လက်ခံတယ်။ အမည်တွေ၊ မှတ်ပုံတင်တွေ၊ ဖုန်းနံပါတ်တွေ ပေးထားရတယ်။

မှတ်ပုံတင်ပြီးတော့ လက်မှာ မင်နဲ့ ရာဘာတုံး ထုပါတယ်။ ဘယ်အဆောင်ကနေ အပေါ်ကို တက်သလဲဆိုတာ သိရအောင်ပေါ့။ ပြီးရင် စတေကာ ကပ်ပါတယ်။ အဲဒီမှာ ဂွကျတာက တစ်ကြိမ်ကို ဧည့်သည် ၂ ယောက်ပဲ ခွင့်ပြုတယ်။ အပေါ်မှာ သူငယ်ချင်းရဲ့ အစ်မနဲ့ အခန်းဖော် သူငယ်ချင်းမတွေ ရှိနေနှင့်ပြီ။ အပေါ်က ၂ ယောက် ပြန်ဆင်းလာမှ သူတို့ စတေကာတွေနဲ့ လဲပြီး အပေါ်တက်ပါတဲ့။ အခုတော့ တက်ခွင့် မရှိပါဘူးတဲ့။ အပေါ်က နှစ်ယောက်ကို အောက်ပြန်ခေါ်ပြီး စတေကာ လဲရအောင်လည်း ကျွန်တော့်အလုပ်က အပေါ်မှာ ဘာမှ လုပ်စရာ မရှိဘူး။ ပြီးတော့ သူတို့ မိန်းခလေး အချင်းချင်း အဖော်တောင် ရသေးတယ်။ အဲဒီတော့ ဆေးရုံအပေါ်ကို တက်မနေတော့ဘူး။

ခွဲစိတ်တာက ပြီးသွားပေမယ့် ခွဲခန်းထဲမှာပဲ လူနာကို ထားထားသေးတယ်။ နာလွန်းလို့ အော်နေတယ်ဆိုပဲ။ အဲဒီတော့ အပြင်ထုတ် မလာသေးပဲ ဆေးစုံ ပစ္စည်းစုံတဲ့ ခွဲခန်းထဲမှာ ဆက်ထားလိုက်တယ်။ ကျွန်တော်လည်း ဆေးရုံအောက်မှာ ယောင်ချာချာ မဖြစ်ချင်တာနဲ့ အဲဒီဆေးရုံဝင်းထဲမှာ အရင်းနှီးဆုံး နေရာတစ်ခုဖြစ်တဲ့ သွေးဘဏ်ဘက်ကို ပြန်သွားလိုက်တယ်။ သတင်းစာလည်း ၀ယ်လာခဲ့တာ ဆိုတော့ အတော်ပဲဖြစ်သွားတယ်။ သွေးဘဏ်ထဲမှာက ရေသောက်ဖို့လည်း အဆင်ပြေတယ်။ အပေါ့အပါး သွားဖို့လည်း အိုခေတယ်။ အ၀င်ဝမှာ ဧည့်သည်အနေနဲ့ မှတ်ပုံတင်တော့ ဘာလာ လုပ်သလဲ မေးရော။ စင်္ကာပူကြက်ခြေနီကို ကိစ္စရှိလို့ လာတာပါ ပြောပြီး မှတ်ပုံတင်လိုက်တယ်။ ပြီးတော့ ခပ်တည်တည်နဲ့ အထဲမှာဝင်ထိုင် ရေသောက်ပြီး သတင်းစာ ဖတ်နေလိုက်တယ်။

လာမယ်ဆိုတဲ့ သူငယ်ချင်းက နေ့လည် ၂ နာရီကျော်မှ ရောက်ချလာတယ်။ သူလည်း ထမင်း မစားရသေးဘူး ဆိုတာနဲ့ ဆေးရုံဝင်းထဲက စားသောက်ဆိုင်တန်းဘက်ကို ချီတက်လာခဲ့တယ်။ ဆေးရုံဝင်းထဲမှာ ဆိုပေမယ့် ကုန်တိုက်ထဲက စားသောက်ဆိုင်တွေလို သန့်ရှင်းသပ်ရပ်ပါတယ်။ ကိုရီးယား ကင်ချီထမင်းကြော် မှာပြီး ကင်ချီတွေ ထပ်တောင်းလိုက်တာ သွားတွေကိုတောင် အားနာမိတယ်။ ချဉ်ပြုံးနေတာပဲ။ စားပြီးတော့ ဧည့်ချိန် မရောက်သေးတာနဲ့ ထိုင်စောင့်နေလိုက်တယ်။ ဧည့်ချိန်က ၅ နာရီမှ ဆိုတော့ ကြားထဲမှာ ၂ နာရီလောက် လိုနေသေးတယ်။ အဲဒါနဲ့ ဆိုင်ထဲမှာပဲထိုင်ပြီး ဟိုကောင်မလေး ငမ်း၊ ဒီနပ်စ်မလေး ငမ်း၊ ဟိုအကြောင်းပြော ဒီအကြောင်းပြော အချိန်ဖြုန်းနေလိုက်တယ်။

ညနေ ၅ နာရီထိုးတော့ အပေါ်တက်ခွင့်ရတယ်။ ဖွဲ့စည်းပုံကတော့ ရန်ကုန်က ဆေးရုံကြီးလိုပါပဲ။ အထဲက အပြင်အဆင်တွေ ကွာတာပဲ ရှိပါတယ်။ ရန်ကုန်ဆေးရုံကြီးကတော့ ရှေးအမွေအနှစ်ကို ထိန်းသိမ်းထားတာ နှစ်ပေါင်းများစွာ ကြာခဲ့တာတောင် အပြောင်းအလဲ မရှိသေးဘူး။ ပိုတောင် ဟောင်းမှန်း သိအောင် တမင် လုပ်ထားသလား မှတ်နေရတယ်။ ဆေးရုံအပေါ် ရောက်တော့ အခန်း လိုက်ရှာတယ်။ အခန်းထဲမှာ လူနာက တစ်ယောက်တည်း ရှိသေးတယ်။ ကျန်တဲ့ ကုတင်တွေ လွတ်နေသေးတယ်။ ခွဲစိတ်ပြီးကာစ လူနာတွေကို ခဏထားတဲ့ အခန်းဆိုပဲ။ ပိုးသတ်ဖို့အတွက်တဲ့။

လူနာက ခွဲထားတဲ့အရှိန်နဲ့ နာနေလို့ စကားတောင် ကောင်းကောင်း မပြောနိုင်ဘူး။ နာတာ ပျောက်ဖို့ မော်ဖိန်း ထိုးပေးထားတယ်။ အဲဒီတော့ ရီဝေေ၀လေး ဖြစ်နေရော။ ခွဲစိတ်မှုကတော့ အောင်မြင်ပါတယ်။ ခွဲထုတ်သွားတဲ့ အသားစကို ဓါတ်ခွဲပြီးမှ ကင်ဆာအဆင့် ဘယ်လောက်ရှိနေသလဲဆိုတာ သိရမှာ။ လောလောဆယ်တော့ မသိရသေးဘူး။ ကင်ဆာအဆင့် ၂ အထိဆို ဓါတ်ကင်ဖို့ မလိုဘူးလို့ ဆရာဝန်ကတော့ ပြောပြပါတယ်။ လူနာလည်း အိပ်ချင်သလိုလို ဖြစ်နေတာနဲ့ ခဏတဖြုတ်ပဲ စကားပြောလိုက်တယ်။ လူနာ နားချင်ရင် နားလို့ရအောင် ကျွန်တော်တို့လည်း အလိုက်သိစွာနဲ့ နေပေးလိုက်တယ်။ အပေါ် ရောက်တာကလည်း မကြာသေး... ချက်ချင်း ပြန်သွားရင်လည်း မကောင်းတတ်တော့ အဲဒီအဆောင်မှာ တာဝန်ကျနေတဲ့ နပ်စ်မ ချောချောလေးတွေကို ငေးနေလိုက်တော့တယ်။ တရုတ်မလေးတွေလည်း ချစ်စရာ၊ မလေးမလေးတွေလည်း ချစ်စရာ။ ဒါတောင် တချို့တွေက မျက်နှာဖုံးတွေ စွပ်ထားတော့ နှဖူးနဲ့ မျက်လုံးလောက်ပဲ မြင်ရတာဗျ။

နောက်တော့ လူနာရှင်ကို နှုတ်ဆက်ပြီး ပြန်လာခဲ့လိုက်တယ်။ အစိုးရဆေးရုံမှာက နိုင်ငံသားတွေပဲ သက်သာတဲ့ စရိတ်နဲ့ ကုလို့ရတော့ နိုင်ငံခြားသားဖြစ်နေတဲ့ သူငယ်ချင်းခမျာ ဆေးဖိုး အတော်ကုန်မှာ။ လောလောဆယ် သိထားသလောက်က ခွဲစိတ်ခနဲ့ အခန်းခ အပါအ၀င် စပေါ်တင်ထားရတာက စလုံး ဒေါ်လာ ၃ သောင်းနီးပါး ရှိတယ်တဲ့။ ကျန်းမာရေးဆိုတာ လာဘ်တစ်ပါးဆိုတာ သိတော့ သိပေမယ့် အခုတော့ ပိုသိသွားပါပြီလေ။

ဆေးရုံမှာ အချိန်ကုန်ခဲ့တဲ့ မနေ့ကပေါ့...

10 comments:

ဖားကြီး said...

အစ်ကိုလည်း ကျွန်တော့်လည်းပဲ အလှတရားကို ရှာဖွေခံစားတတ်တယ်ထင်တယ်.. နပ်စ်မလေးတွေက တော်တော်ချောလားဟင် :)... စိတ်ဝင်စားဖို့ ကောင်းတယ်အစ်ကိုရေပို့စ်က

Nge Naing said...

ခွဲစိတ်ပြီး ခဏထားတဲ့အခန်းက ပိုးသတ်ဖို့အတွက် မဟုတ်ဘူး။ Recovery room လို့ခေါ်ပါတယ်။ အဲဒီအခန်းမှာ လူနာကို ခွဲစိတ်ထားလို့ နာကျင်နေတာ၊ မေ့ဆေးအရှိန် မပြေသေးတာ၊ Vital Signs တွေ ပုံမှန်ပြန်မဖြစ်သေးတာကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ပြီးမှ မိသားစုနဲ့ ပေးတွေ့ပြီး သက်ဆိုင်ရာ Ward တွေကို ပို့ပေးတာ ဖြစ်တယ်။ ကိုဂျူလိုင်က ခေါင်းစွပ်တွေ ခြေစွပ်တွေ၊ Perioperative ၀တ်စုံနဲ့ အလှဆိုလို့ ဘာမှ သိပ်မတွေ့ရတဲ့ Theatre အ၀တ်အစား ၀တ်ထားတဲ့ နာ့စ်တွေရဲ့ အလှကိုတောင် မြင်အောင် မြင်တတ်တယ်ဆိုတော့ အလှရှာဖွေတဲ့နေရာမှာ တော်တော် မျက်စိရှင်ပုံရတယ်နော်။ သတိလည်းထားပါ ဒီပို့စ်ကို မြန်မပြည်က ချစ်သူလေး ဖတ်မိရင် စိတ်ကောက်နေဦးမယ်။

JulyDream said...

ကိုဖားကြီးရေ...
သူငယ်ချင်းနဲ့အတူ ဆေးရုံမှာ ကဲနေတာပါ။ တချို့ နပ်စ်မလေးတွေက ကျောင်းသူလေးတွေ ဆိုတော့ ချောတယ်ဗျ။ ၀တ်ထားတာလည်း လှတယ်။ ပါးပါးလေးတွေ။ အဟီး...

မငယ်နိုင်ရေ...
အခုလို အမှန်ကို ထောက်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း လူနာရှင် ပြောသလိုက်ပဲ သိရတာ ခင်ဗျ။ သြော်... ချစ်သူလေးက စိတ်မကောက်ပါဘူး။ အဲဒါမျိုးတွေ များများကြည့်ပါတဲ့။ သူ့ ညွှန်ကြားချက်အရ ကျွန်တော်လည်း အလှတရားတွေ ကြည့်ပေးတာပါ ခင်ဗျ။ ချစ်သူ့ စကားဆိုတာ နားထောင်ရတယ်လေ။

Rita said...

ဟမ်းးးးး
ဘုရားလဲဖူး လိပ်ဥလဲတူး
လူနာလဲမေး နာ့စ်မလဲငေး

Phyo Maw said...

သူတို့လေးတွေ(ခြေသလုံးဖြူတရုတ် နဗ်မလေး) အရွယ်က ဘယ်လောက်များတုန်း
သိပ်စိတ်မဝင်စားသယောင် လေသံဖြင့် မေးသွားသည်။ O.o

JulyDream said...

ရီတာရေ...
ဟုတ်ပ ဟုတ်ပ... လိပ်ဥတူးရင်း နပ်စ်မ ငေးလိုက်တာပါဗျာ။ အဟီး... (ဒါနဲ့ အလှူ လုပ်မယ်ဆို ပြောနော်။ မှန်ဘီလူး အလှူခံထားတယ်။)

ဖြိုးမော်ရေ...
အရွယ်လေးတွေက ၂၀ ပတ်ဝန်းကျင်တွေပေါ့။ ၂၃ မကျော်လောက်ဘူး။ (မဖြေချင် ဖြေချင် လေသံနှင့် ဖြေသွားသည်။)

သီဟသစ် said...

ကိုဇူလိုင်ရေ

ဒီတစ်ခေါက်တော့ လက်နာတာ ပျောက်လောက်အောင် မဖြစ်ဘူးပေါ့လေ။

:D

စကားမစပ် နန်းစတော့ ပြောခဲ့တဲ့ စကားတွေက မေ့ကုန်ပြီဗျ။ ကိုဇူလိုင့် အတွက်လည်း လိုမယ်မထင်တော့ပါဘူး။
:)

ခင်မင်စွာဖြင့်
သီဟသစ်

Rita said...

ကို JD အလှူခံတာသာ လှူရရင် မျှစ်တောင် ကြော်စားနိုင်မယ် မထင်တော့ဘူး။ ပြုတ်တို့ရမယ့် ကိန်းပဲ။

အိမ် said...

သေပြီဆ၇ာပေါ့..။ ၃သောင်းဆိုတော့ မပေးဘူးကွာဆိုရင် ဘာလုပ်မလဲဗျာ.. သိချင်လို့ပါ အဟေဟေ

JulyDream said...

ီခြင်္သေ့အသစ်ကြီးရေ...
မလိုဘူး ထင်စရာလားဗျာ။ လိုပါတယ်ဗျ။ မေ့နေရင် သတိရအောင် ပြန်လုပ်နော်။

ရီတာရေ..
ရေလုံပြုတ် စားတာလည်း ကျန်းမာရေးအတွက် ကောင်းတယ်တဲ့။ တခါတလေပဲ စားကြည့်ပေါ့။

အိမ်ရေ...
ပိုက်ဆံက ဆေးရုံတင်ကတည်းက ကြိုပေးထားရတာ ခင်ဗျ။ ၃ သောင်းနီးပါး စပေါ် တင်ထားရတာ။ နောက်မှ ပိုတာတွေ ပြန်ပေးမှာပါ။