.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, June 29, 2009

My dream town

စိတ်ကူးထဲမှာ နေချင်မိတဲ့မြို့ကလေး... ရှိလားလို့ မေးလာရင် ၂၀၀၅ ခုနှစ်အထိ ရန်ကုန်လို့ပဲ ဖြေမိနေမှာ အသေအချာပဲ။ ရန်ကုန်သား ရန်ကုန်ကို ချစ်လှချည်လား ထင်ရင် တက်တက်စင် လွဲပါလိမ့်မယ်။ တကယ်တော့ ရန်ကုန်ကလွဲပြီး တခြားနေရာကို အရောက်အပေါက် မရှိလို့ ရန်ကုန်မှာပဲ နေချင်မိတာမျိုးပါ။ ၀ါးလုံးခေါင်းထဲ လသာတယ်ဆိုတာ အဝေးကြီး သွားမရှာကြပါနဲ့။ အပေါက်ဆိုးတဲ့ ကျွန်တော့်ကိုပဲ ကြည့်လိုက်ပါ။ တကယ့်ကို လသာနေတာ တွေ့ရပါမယ်။

၂၀၀၆ ဇွန်လ ရောက်တော့ ယူနီဆက်ဖ်က ဖွင့်တဲ့ ဆရာဖြစ်သင်တန်းကို တက်ဖို့ ဌာနချုပ်ကိုယ်စား ၄ ယောက် ရွေးတဲ့အထဲမှာ ပါသွားတယ်။ စီဒိုးနားမှာ ဖွင့်တဲ့ သင်တန်းလည်း ဆင်းရော ယူနီဆက်ဖ်က ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဌာနမှာ လုပ်အားပေး နည်းပြဆရာဖြစ်သွားပါလေရော။ လုပ်အားပေးဆိုတာ လခစား မဟုတ်ဘူးပေါ့။ လမ်းစရိတ်တော့ ပေးပါတယ်။ အဲဒီလိုနဲ့ မြန်မာပြည်ထဲက မရောက်ဖူးတဲ့ နေရာဒေသတွေကို ရောက်ဖို့ အခွင့်အရေးတွေ ရလာတယ်။ ၀ါးလုံးခေါင်းထဲကနေ ခေါင်းကလေး ပြူထွက်လာပြီ။

သင်တန်းတွေ ဖွင့်ဖို့ သက်ဆိုင်ရာနဲ့ ရက်တွေ အတည်ပြုနေတာ အတော်ကို ကြာပါတယ်။ ဟိုလိုလို ဒီလိုလိုနဲ့ လူလည်း ဂိမ်းဆော့လိုက် လက်ဖက်ရည်ဆိုင် ထိုင်လိုက် အီးဘောလောကြီး ဖြစ်နေတယ်။ တကယ်တမ်း သွားမယ့် သွားရတော့ နိုဝင်ဘာတဲ့။ နေရာက မင်းဘူးနဲ့ ငဖဲတဲ့။ မကွေးမြသလွန်ဘုရားကနေ လှမ်းကြည့်ရင် မြင်ရတဲ့ တစ်ဘက်ကမ်းက မြို့ဆိုတာ မင်းဘူးမှန်း သိထားတယ်။ ငဖဲမြို့ကတော့ ဘယ်နားမှာ ဘယ်လိုရှိမှန်း သေချာကို မသိထားခဲ့ဘူး။ ငဖဲနဲ့ ပတ်သတ်ပြီး သိထားတာက ငှက်ဖျားရှိတယ် ဆိုတာပဲ။

ဝန်ကြီးဌာနနဲ့ ယူနီဆက်ဖ် ပူးပေါင်းပြီး လုပ်တာဆိုတော့လည်း တည်းခိုနေထိုင်ရတာ အဆင်ပြေပါတယ်။ စားရေး သောက်ရေးလည်း စီစဉ်ပေးကြပါတယ်။ မင်းဘူးမှာနေတော့ လယ်/ဆည်က ဘိုတဲမှာ တည်းရတယ်။ ဧရာဝတီ မြစ်ကမ်းဘေးမှာဆိုတော့ ညနေရှူခင်းတွေက ရှယ်ပဲ။ ထမီရင်လျားတွေနဲ့ ရေချိုးဆင်းတဲ့ အပျိုအအို အစုံအလင် တွေ့ရတယ်။ မင်းဘူးမှာ သင်တန်း ၁၀ ရက်ပေးပြီးတော့ ငဖဲကို ဆက်ထွက်ခဲ့တယ်။ ငဖဲကို ကားအတော်လေး စီးရတယ်။ နေ့လည် ၁၁ နာရီ မင်းဘူးကနေ ထွက်လာတာ ငဖဲကို ညနေ ၅ နာရီခွဲမှ ရောက်တယ်။ ဖုန်ထူထူလမ်းမှာ ကားနောက်က တွယ်စီးခဲ့တော့ လူလည်း မျောက်ရုပ်ကို ထွက်ရောပဲ။

ငဖဲရောက်တော့ မယက အတွင်းရေးမှူး အိမ်မှာ တည်းရတယ်။ အဖွဲ့မှာပါတဲ့ တခြားသူတွေက မိန်းခလေးတွေ ဆိုတော့ မြို့ထဲက အိမ်ကြီးတစ်အိမ်မှာ ထားတယ်။ ရောက်ရောက်ချင်း ခဏနားပြီး မိုးမချုပ်ခင် ရေချိုးဖို့ ရေချိုးကန်ဘက် ထွက်လာလိုက်တယ်။ အတွင်းရေးမှူးရဲ့ ရုံးအကူ ကောင်လေးကတောင် အစ်ကို... အရမ်း အေးတယ်နော်တဲ့။ ပထမ တစ်ခွက်ပဲ လောင်းလိုက်ရတယ်။ ရှိသမျှ အကြောအခြင် အကုန် တောင့်သွားတယ်။ အေးလိုက်တာမှ ရေခဲရေတောင် ဆရာကြီး ခေါ်ရလောက်တယ်။ ရေမချိုးလို့လည်း မဖြစ်တော့တဲ့ ရုပ်ဆိုတော့ အံကိုကြိတ်ပြီး တဗွမ်းဗွမ်း ချိုးလိုက်ရတယ်။ အိမ်အပေါ် ပြန်တက်လာတော့ မေးတွေ ရိုက်ပြီး နှုတ်ခမ်းတွေ ပြာနေပြီ။

အဲဒီမြို့မှာ ငှက်ဖျားကလည်း ရှိတယ်ဆိုတော့ ညအိပ်ရာဝင်ရင် ခြင်ထောင်ကို အသေအချာ ဖျာအစွန်းတွေနဲ့ ဖိထားရတယ်။ မတော်တဆ ခြင်ထောင် ပွင့်သွားမှာ စိုးလို့ ခြင်ထောင် ပတ်ပတ်လည်မှာလည်း စောင်တွေနဲ့ ခုထားသေးတယ်။ ညဘက် ရောက်လေ ချမ်းလေလေဆိုတော့ ရန်ကုန်သား ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးဆိုတာ သိတဲ့ ရုံးအကူလေးက စောင်ကို ၇ ထည်လောက် ထုတ်ပေးထားတယ်။ လူလည်း အီဂျစ်က မံမီလို စောင်တွေနဲ့ လုံးထွေးပြီး အိပ်လိုက်ရတယ်။ ခရီးပန်းလို့ အိပ်ပျော်သွားပေမယ့် ညဘက်မှာ ချမ်းလွန်းလို့ ခဏခဏ နိုးလာသေးတယ်။

သင်တန်းပြီးတဲ့ ညနေပိုင်းတွေဆို ရုံးက စက်ဘီးတစ်စီး ငှားပြီး မြို့ပတ်ခရီး ထွက်တယ်။ မြို့လို့ခေါ်ပေမယ့် အိမ်ခြေက နည်းနည်းလေး။ မြို့တပတ်ကို နာရီဝက်တောင် မကြာဘူး။ ဈေးဘေးနားမှာ အိမ်ကြီးကြီးတွေ ရှိမယ်။ အဲဒီဈေးကို ဗဟိုပြုထားတဲ့ ရပ်ကွက်လေးတွေထဲမှာ အိမ်တွေရှိမယ်။ အဲဒီကနေ ဆက်ထွက်သွားရင် အိမ်တွေ မရှိတော့ဘူး။ လယ်ကွင်းတွေကြီးပဲ။ လယ်ကွင်းထဲမှာတော့ လယ်စောင့်တဲတွေ ရှိတာပေါ့။ ဆေးရုံက ကုန်းထိပ်ပေါ်မှာ။ ဆေးရုံကုန်းနားမှာပဲ အစိုးရရုံးတွေ ရှိတယ်။ သစ်တောက စိမ်းစိုဦးစီးရုံးတို့၊ စည်ပင်ရုံးတို့၊ သမဦးစီးရုံးတို့၊ စိုက်ပျိုးရေးဘဏ်တို့ အစီအရီပါပဲ။ မယကရုံးလည်း အဲဒီနားမှာပဲ။


အတွင်းရေးမှူးအိမ်က မြို့အစွန်နားမှာ။ သူ့အိမ်ကနေ ၅ အိမ်ကျော်လောက် သွားရင် မန်းစက်တော်ရာကို ရောက်တဲ့ မုန်းချောင်း ရှိတယ်။ အဲဒီမှာ ဆည်းဆာအချိန် ရှုခင်းတွေက ရင်သပ်ရှုမောပဲ။ ချောင်းဆိုပေမယ့် ရေစီးသန်တယ်။ ရေတွေကလည်း ကြည်ပြီး ချောင်းထဲက ကျောက်စရစ်ခဲတွေကိုတောင် လှမ်းမြင်နေရတယ်။ ချောင်းရေက ရေခဲရေလို အေးစိမ့်နေတာပဲ။ အေးလွန်းလှတယ်ဆိုပေမယ့် ချောင်းစပ်မှာ ရေချိုးနေတဲ့သူတွေ အများသား။ အားလုံးက ယောကျာ်းသားတွေပါ။ ဧရာဝတီမြစ်ကမ်းလို မိန်းခလေးတွေ ရေချိုးဆင်းတာ ငဖဲမှာ မတွေ့ရဘူး။ အဲဒီဘက်ကို မကြာခဏ ရောက်ပေမယ့် ရေတော့ မချိုးဖြစ်ဘူး။ ဒါပေမယ့် ဟိုငေး ဒီငေးတော့ လုပ်ဖြစ်တယ်။

ဆောင်းလေတဖြူးဖြူး ချမ်းအေးအေးမှာ အနွေးထည် ဆွယ်တာလေး ၀တ်ပြီး မြို့ထဲမှာ တစ်ယောက်တည်း လမ်းလျှောက်ထွက်သေးတယ်။ သီချင်းလေး နားထောင်ရင်းပေါ့။ မြို့ထဲက လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်၊ မြို့ခံတွေနဲ့ အာလူးဖုတ်။ တကယ်ကို လွတ်လပ် ပေါ့ပါးနေတယ်။ ငဖဲမြို့ကလေးက မချမ်းသာဘူး။ ဒါပေမယ့် စိတ်မဆင်းရဲဘူး။ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်တယ်။ အပျော်အပါးဆိုလည်း ဗီဒီယိုရုံလောက်ပဲ ရှိတယ်။ လျှပ်စစ်မီးကလည်း ညဆို အမြဲမှန်တယ်။ မီးမှန်တာကို အတော် သဘောကျမိတယ်။ မီးက ဘယ်လိုကြောင့် မှန်သလဲဆိုရင်... စစ်လက်နက်ထုတ်စက်ရုံက အဲဒီမြို့အနားမှာ ရှိလို့ စက်ရုံပိတ်တဲ့အချိန် ညပိုင်းဆို မြို့ကို မီးပေးထားတယ် ဆိုပဲ။ လုံခြုံရေးလည်း ကောင်းတယ်။ လေကြောင်းရန် ကာကွယ်ရေး ဒုံးခွင်းစခန်းတွေတောင် မြို့နားမှာ ဆိုပဲ။ ရှယ်ပဲနော်။

မြို့လေးမှာပဲ လူတွေက အဆင်ပြေပေမယ့် မြို့အနားက ရွာလေးတွေမှာ အတော့်ကို ဆင်းရဲကြပါသေးတယ်။ ထုံးစံအတိုင်း အငြိမ်မနေတတ်တဲ့ ကျွန်တော်... ရုံးအကူလေးကို ဆိုင်ကယ်မောင်းခိုင်းပြီး အနားနီးစပ်က ရွာတွေကို ညကြီးမိုးချုပ် လျှောက်သွားပါသေးတယ်။ အဲဒီဘက်က ရွာတွေမှာ ကလေးတွေဆို အနွေးထည် မပါပဲ ညမိုးချုပ်တဲ့အထိ အချမ်းအအေးဒဏ်ကို ကျိတ်မှိတ်ခံပြီး မြေပဲခွံ ချွေကြပါတယ်။ ငှက်ဖျားပေါတဲ့ ဒေသမှာ ခြင်ကိုက်ခံပြီး အလုပ်လုပ်နေရတဲ့ သူတို့တွေ လုပ်အားခ ဘယ်လောက်ရသလဲ မေးကြည့်တော့ နို့ဆီဗူး တစ်ဗူးစာ ချွေပြီးတိုင်း ၅ ကျပ်ရတယ်တဲ့။ ကျောင်းက ပေးလိုက်တဲ့ အိမ်စာတွေတောင် မလုပ်နိုင်ပဲ ညဘက်မှာ အလုပ် ထွက်လုပ်နေရတဲ့ ကလေးတွေရဲ့ အနာဂတ်က ဘယ်မှာလဲ။ ရွာကနေ အပြန်ခရီး တစ်လမ်းလုံးမှာ စဉ်းစားခဲ့ရတာက... ဆင်းရဲ ချမ်းသာ ကွာခြားချက်ရဲ့ အဓိက တရားခံက ဘယ်သူလဲပေါ့။ အဲဒီငဖဲမြို့မှာ ကျွန်တော် လက်ဖက်ရည်ဆိုင် တစ်ခါထိုင်ရင် ရှင်းရတဲ့ ပိုက်ဆံက တစ်ထောင် ကျော်တယ်လေ။ အဲဒါလည်း ကံပဲလား ခင်ဗျ။

တကယ်လို့ ဘ၀မှာ စိတ်ကြိုက် နေခွင့်လေးသာ ရမယ်ဆိုရင် မှတ်မှတ်ရရ အခိုက်အတန့်လေးတွေ ရှိခဲ့ဖူးတဲ့ အဲဒီငဖဲမြို့လေးမှာ အေးအေးဆေးဆေး နေချင်မိပါတယ်။ သဘာဝ ရှုခင်းတွေ ကောင်းတယ်။ ရာသီဥတု ဆိုးပေမယ် နေပျော်တယ်။ ဆေးရုံ၊ ဆရာဝန် အစုံအလင် ရှိတယ်။ ညဘက်ဆို မီးမှန်တယ်။ ဆက်သွယ်ရေး ကောင်းတယ်။ အင်တာနက် ရှိတယ်။ ဒါပေမယ့် အဲဒါတွေက အဲဒီမြို့မှာ နေချင်မိတဲ့ အဓိက ဆွဲဆောင်မှု မက်လုံးတွေ မဟုတ်ပါဘူး။

တကယ်တမ်း အဲဒီငဖဲမြို့မှာ နေချင်မိတဲ့အကြောင်းရင်းက... ကလေးတွေရဲ့ အနာဂတ်ကို ဖျက်ဆီးနေတဲ့ ဆင်းရဲမွဲတေမှုနဲ့ ငှက်ဖျားကို တိုက်ထုတ်ချင်လို့ပါ။ ခါချဉ်ကောင် မာန်ကြီးလှချည်လား ထင်ကြအုံးမှာပါ။ ထင်ချင်သလို ထင်ကြပါစေ။ ၀ါးလုံးခေါင်းထဲမှာ လသာနေတာထက် မာန်ကြီးရတာ သာပါတယ်လေ။

ပြောမယ့်သာ ပြောတာ... ကျွန်တော်လည်း တကျွန်းပို့ခံထားရတာ ကြာလှပေါ့။ အခြေအနေနဲ့ အချိန်အခါအရ တကျွန်းစံ ဇူလိုင်ကြီး ဖြစ်နေအုံးမယ် ထင်ပါတယ်။ ဘယ်တော့များ... အိပ်မက်တွေ တကယ်ဖြစ်လာမလဲလေ။

မိုးခါး ရေးခိုင်းတဲ့ Tag ကို ထုံးစံအရ လက်ဆင့်ကမ်းရမယ်ဆိုရင်...
အိပ်မက် မက်ပါရစေဆိုတဲ့ မအယ်လ်ကြီး...

24 comments:

ရွှန်းမီ said...

သွားနေပေါ့လေ..
ညီမကတော့ ဘယ်မြို့မှာ ကိုယ်နေချင်မှန်းတောင် မသိ ..

MieMie said...

ဆင်းရဲမွေတေမှုနဲ့ ငှက်ဖျားတိုက်ထုထ်ရေး အစီအစဉ်ဖြစ်မြောက်ရင် လုပ်အားပေးအဖြစ်နဲ့ လိုက်ပါရစေ....

ma mie nge

khin oo may said...

မရေးချင်ပေလို့သာဘဲ။

khin oo may said...

လာသာလာရခပ်လန့်လန့်ဘဲ။

khin oo may said...

ဓါတ်ပုံလေးလှလိုက်တာ။

khin oo may said...

မြှိှုူု့သေးလေးတွေ ကအေးချမ်းတယ်။

ကောင်းကင်ပြာ said...

ဆန္ဒတွေ ပြည့်ပါစေ ဂျူလိုင်ရေ

khin oo may said...

ရန်ကုန်သူလာဖတ်သွားသည်။ တပြားမှ မလျော့နိုင်။

ရွာသားလေးဝိုင်တီယူ said...

ငဖဲက ရွှေစက်တော်သွားတဲ့လမ်းကနေခွဲသွားရတယ်။ ချင်းပြည်ဘက်ကိုတက်လို့ရတယ်ပြောတယ်။ မရောက်ဖူးသေးဘူး။

luminnkhaung said...

တကယ်တမ်း အဲဒီငဖဲမြို့မှာ နေချင်မိတဲ့အကြောင်းရင်းက... ကလေးတွေရဲ့ အနာဂတ်ကို ဖျက်ဆီးနေတဲ့ ဆင်းရဲမွဲတေမှုနဲ့ ငှက်ဖျားကို တိုက်ထုတ်ချင်လို့ပါ။ ခါချဉ်ကောင် မာန်ကြီးလှချည်လား ထင်ကြအုံးမှာပါ။ ထင်ချင်သလို ထင်ကြပါစေ။

အဲ လိုနှလုံးသား ကိုလေးစားနေရတာ ဗျ

တကယ်.....။


လေးစားစွာဖြင့် ဥပသကာ

မေဇင် said...

စိတ်ဝင်စားစရာ ကောင်းတဲ့ မြို့လေး အကြောင်းကို စိတ်ဝင်တစား ဖတ်ပြီး နေချင်ရတဲ့ အကြောင်းကို လေးစားသွားပါတယ်..။ ဖြစ်မြောင်နိုင်ပါစေ..။

tg.nwai said...

ကိုဂျုလိုင်ရေ..အိပ်မက်တွေတကယ်ဖြစ်လာပါစေနော်.. ငဖဲမြို့လေးကိုတော့ ဖြတ်သွားဖြတ်လာရောက်ဖူးတယ်..မနေဖူးခဲ့ဘူး။

နေဒေးသစ် said...

ငဖဲမြို့ကို ကြားဖူးပေမယ့် မရောက်ဖူးဘူး ...
မင်းဘူး မကွေး မင်းလှကိုတော့ ရောက်ဖူးတယ် ...
အတော်ပူတာပဲ ... တဘားဘားအော်ယူရတယ် .. အကျီင်္တောင် မကပ်နိုင်ဘူး ...

ရဲရဲတင်းတင်းသာ ဆက်မက်ပါ ကိုဇူလိုင်ရေ ... တစ်နေ့နေ့ တစ်ချိန်ချိန်တော့ အိပ်မက်တွေ အကောင်အထည်ဖော်ခွင့် ရနိုင်ဦးမှာပါ ...

နေဒေးသစ်။

Moe Cho Thinn said...

တခါမှ မရောက်ဖူးတဲ့ ငဖဲမြို့လေးကို ကိုယ်တိုင် ရောက်သွားရသလိုပါပဲ။
ငှက်ဖျားကတော့ ငဖဲမှာ တိုက်ထုတ်ရမှာ အမှန်ပါ။
ဆင်းရဲမွဲတေမှုကတော့ ငဖဲ တခုတည်း ကရဲ့လား။

rose of sharon said...

ရည်ရွယ်ချက်ကိုလေးစားပါတယ်...အောင်မြင်ပါစေ..

ဖိုးသင်္ကြန် said...

ချစ်သူလေးက သဘောတူပါ့မလား?

Rita said...

၎ စားပါတယ်။ ၄ စားပါတယ်။

Yu Ya said...

ရည်ရွယ်ချက်တွေ အောင်မြင်ပါစေ။

သီဟသစ် said...

ကိုဇူလိုင်ရေ

ရည်ရွယ်ချက်တွေကို လက်တွဲဖော်လေးနဲ့ အတူကြည်နူးစွာ အကောင်အထည်ဖော်နိုင်ပါစေဗျာ

ကျွန်တော်တို့ မကွေးမြီု့ကို လာသွားသေးသကိုးဗျ
မသိလိုက်တာ နာတယ်ဗျာ :D


ခင်မင်စွာဖြင့်
သီဟသစ်

ကိုလူထွေး said...

ကိုဂျူလိုင်ရေ...

ဒီနေ့ကစပြီး ကိုယ့်ပတ်ဝန်းကျင်က ခြင်တွေကို နိုင်သလောက် ဝိုင်းဝန်း နှိမ်နင်းကြရအောင်လားဗျာ...

းဝ)

ဂျူနို said...

လုပ်အားပေးတဲ့သူ အကူညီပေးတဲ့သူ ခရီးသွားအနေနဲ့ နေရတဲ့ခါ နဲ့ တကယ်တန်း အခြေချ နေထိုင်တဲ့ခါ အမြင်တွေ မတူတတ်တော့ပါဘူး။

ရေးမယ်လေ။ လာမယ် ကြာမယ် မျှော်...

မအယ်

မမသီရိ said...

ငဖဲ တမြို့ ထဲ ရောက်ဖူးပြီးတော့
အဲဒီ မြို့ မှာပဲ နေချင် သတဲ့
ယုံ ရမှာလား.. မောင်လေး ရယ်..း)

moekhar said...

ကိုဇူလိုင်စိတ်ကူးလေးကတော့ ကောင်းနေတာပဲ
နေနိုင်ပါစေ ငဖဲမြို့လေးလည်း သာယာ ၀ပြောပါစေး)
ကျေးဇူးလည်းတင်ပါ၏ :D

မိုးခါး

Nge Naing said...

ှုငဖဲမြို့က အင်တာနက် ရတယ်ဆိုတော့ တော်သေးတာပေါ့ မြန်မာပြည်မှာ ဒီထက် အခြေအနေဆိုးတဲ့ မြို့တွေ အများကြီး ရှိပါလိမ့်မယ်။ ကျွန်မကတော့ မြန်မာပြည်မှာ မြို့ဆိုလို့ ကိုယ့်မွေးရပ်မြေက မြို့တမြို့ပဲ ရောက်ဖူးလို့ တခြားမြို့တွေ ဘယ်လိုရှိတယ်ဆိုတာ မသိဘူး။ ကျွန်မသိတဲ့ ကျွန်မတို့ မြို့ကလည်း ငဖဲမြို့ထက် အများကြီး အခြေအနေဆိုးသေးတယ်။