.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, July 2, 2009

Personal Hygiene

တစ်ကိုယ်ရေ ကျန်းမာရေးစောင့်ရှောက်မှုကို ဂရုတစိုက် ကျင့်သုံးတာဟာ တုပ်ကွေးရောဂါ ကူးစက်မှုနှုန်းကို လျှော့ချနိုင်တဲ့ အဓိကနည်းဗျူဟာတွေထဲက အထိရောက်ဆုံး နည်းတစ်ခုပါပဲ။ အဲဒီနည်းက လူတိုင်းကိုယ်စီ လိုက်လုပ်နိုင်တဲ့ အနေအထားမှာ ရှိနေတဲ့အတွက် အသုံးဝင်ဆုံးလို့လည်း ဆိုနိုင်ပါသေးတယ်။

လိုက်နာ ကျင့်သုံးသင့်တဲ့ အဓိက အချက်တွေက...

နှာချေ၊ ချောင်းဆိုးချင်တဲ့အခါမှာ နှာခေါင်းနဲ့ပါးစပ်တွေကို လက်နဲ့တိုက်ရိုက်မအုပ်ပဲ တစ်ရှူးစက္ကူစတွေ၊ လက်ကိုင်ပုဝါတွေနဲ့ အုပ်ပြီး နှာချေ ချောင်းဆိုးသင့်ပါတယ်။ တစ်ရှူးတွေ လက်ကိုင်ပုဝါတွေ အဆင်သင့် မရှိရင် အင်္ကျီလက်နဲ့ အုပ်ပြီး နှာချေ ချောင်းဆိုးပါ။ လက်နဲ့ တိုက်ရိုက် မထိတွေ့ခိုင်းတာက အဲဒီလက်ကနေတဆင့် တခြားအရာတွေကို ကိုင်မိတဲ့အခါ ဗိုင်းရပ်စ်ပိုးက အဲဒီမှာ ကျန်ခဲ့ပြီး ပျံ့နှံ့သွားနိုင်လို့ပါ။

နှာချေပြီးတဲ့အခါ တစ်ရှူးစက္ကူစနဲ့ နှာခေါင်းပတ်ဝန်းကျင်ကို သန့်ရှင်းပေးသင့်ပါတယ်။ ပြီးရင် သုံးပြီးသား အဲဒီတစ်ရှူးစကို တွေ့ကရာမှာ စည်းမဲ့ကမ်းမဲ့ မပစ်ရပါဘူး။ အမှိုက်ပုံးထဲမှာ စနစ်တကျ စွန့်ပစ်သင့်ပါတယ်။
နှာချေ၊ ချောင်းဆိုးပြီးတဲ့အခါ ဖြစ်နိုင်ရင် လက်ကို ဆေးကြောသင့်ပါတယ်။ တစ်ရှူးစနဲ့ ဖုံးအုပ်ပြီးမှ နှာချေ ချောင်းဆိုးတယ် ဆိုပေမယ့် အဆင်ပြေရင် လက်ဆေးတာဟာ မမှားပါဘူး။ ကိုယ့်ရှေ့မှာ တစ်စုံတစ်ယောက် အသုံးပြု ကိုင်တွယ်သွားတဲ့ပစ္စည်းကို မဖြစ်မနေ ကိုင်တွယ်ရတဲ့အခါမှာလည်း အဲဒါတွေ ကိုင်တွယ်ပြီးတဲ့အခါ လက်ဆေးသင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်သန့်တာပေါ့။

နေမကောင်းတဲ့အခါ တခြားသူတွေဆီကို ရောဂါ မကူးသွားရလေအောင်... နှာခေါင်းစည်းကို သုံးသင့်ပါတယ်။ နှာခေါင်းစည်းကို အသုံးပြုပြီးတဲ့အခါမှာလည်း တွေ့ကရာ နေရာမှာ လွင့်မပစ်ပါနဲ့။ စနစ်တကျ စွန့်ပစ်ပေးပါ။ သုံးပြီးသား နှာခေါင်းစည်းကို ကိုင်တွယ်ပြီးတဲ့အခါမှာလည်း လက်ဆေးဖို့ မမေ့ကြပါနဲ့။

လက်ဆေးတဲ့အခါမှာလည်း ဆပ်ပြာနဲ့ သေသေချာချာ ဆေးသင့်ပါတယ်။ ဆပ်ပြာပွတ်ပြီး.. ပြီးပြီးရောဆိုပြီး ရေဆေးပြီး ထွက်လာတာမျိုး မလုပ်ကြပါနဲ့။ လက်ရဲ့ အပေါ်အောက် မျက်နှာစာနဲ့ လက်ချောင်း အားလုံးကို ဆပ်ပြာနဲ့ ပွတ်တိုက် ဆေးကြောရမှာပါ။ စက္ကန့် ၂၀ စာလောက် အချိန်ပေးလိုက်ပါ။ အပန်းမကြီးလှပါဘူးလေ။

အဲဒါဆို နင်လားဟဲ့ တုပ်ကွေးဆိုပြီး ကမ္ဘာကြီးက စိန်ခေါ်နိုင်ပြီပေါ့ဗျာ။

5 comments:

ကိုလူထွေး said...

ဘယ်လောက် အကာအကွယ်တွေ ကောင်းကောင်းပါ...
တုပ်ကွေးကို စိန်တော့ မခေါ်ရဲပါဘူးဗျာ...

အခုတော့ အမှိုက်ရှင်းရင်း ရေသွားချိုးလိုက်ဦးမယ်...

းဝ)

မိုးခါး said...

မှတ်သွားပါတယ်ဗျို့

မမသီရိ said...

ကျေးဇူး ကွ
ဒါနဲ့..ရောဂါပိုးကူးစက်ခြင်း ခံရပြီးသူနဲ့
လက်ဆွဲ နှုတ်ဆက်မိရင်ရော
ကူး နိုင်သလား..

Anonymous said...

မှတ်သား သွားပါကြောင်း

Nge Naing said...

ကိုဂျူလိုင် ဒီပို့စ်နှစ်ခုစလုံးကို PHinMM မှာ တင်လိုက်ပါလား။ ကျွန်မတို့ အလုပ်များနေလို့ အဲဒီမှာ ပို့စ်အသစ်မတင်ရတာလည်း ကြာနေပါပြီ။
ဒီရောဂါက လေကြောင့် ကူးစက်တဲ့ ရောဂါဖြစ်လို့ လက်ဆွဲနှုတ်ဆက်ပြီး ရောဂါသည်ရဲ့လက်မှာ ရောဂါပိုးရှိနေမယ်ဆိုရင် လက်မှာ ကပ်ပါလာတဲ့ ပိုးက လက်ဆွဲနှုတ်ဆက်သူရဲ့ လက်မှာ ကပ်ပါလာနိုင်ပြီး လေနဲ့အတူ အသက်ရှူလမ်းကြောင်းထဲ ၀င်နိုင်လို့ နှုတ်ဆက်ပြီး ချက်ချင်း လက်မဆေးရင် ကူးနိုင်ပါတယ်။ ကိုဇူလိုင် ရေးထားတဲ့အထဲမှာလည်း ပါပါတယ်။ သိသလောက် မျှဝေတာပါ။ စိတ်မရှိလောက်ဘူး ထင်ပါတယ်။