.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, July 26, 2009

Stop Dengue. Act Now!

ခြင်ဆော်မယ့် စီမံချက်ကို လုပ်မယ် လုပ်မယ်ဆိုပြီး ပြင်နေတာ ကြာပါပြီ။ ရှေ့နှစ်ကတည်းက စိတ်ချင်းနီးတဲ့ လူတစ်စုနဲ့ တိုင်ပင်ဖြစ်ထားခဲ့တယ်။ ဒါပေမယ့် အကောင်အထည် မဖော်ဖြစ်သေးဘူး။ လူဆိုတာ ကိုယ့်အသား မနာသေးသရွေ့ အေးဆေး နေတတ်ကြတာ ဆိုတော့ ကျွန်တော်လည်း လူသားထဲက လူတစ်ယောက်ဆိုတော့ လူပီသမိနေတယ်။ ဟိုလူ့စောင့် ဒီလူ့စောင့်နဲ့ အခုဇူလိုင်လမှ အကောင်အထည် ဖော်ဖြစ်သွားတယ်။

မိုးရာသီရဲ့ ဇူလိုင်၊ သြဂုတ်လတွေက သွေးလွန်တုပ်ကွေးအဖြစ်များတဲ့ ရာသီတွေပေါ့။ ဇွန်မှာ စတင်သွန်းဖြိုးတဲ့ မိုးရေတွေနဲ့ ရေကြည်အိုင်တွေ ဟိုနားတကွက် ဒီနားတကွက် ကဗျာဆန်ဆန် မြင်ရမှာပါ။ လွမ်းတတ်တဲ့သူအဖို့ ဒီရေကြည်အိုင်တွေက လွမ်းစရာရှုခင်းတစ်ခုလိုလို။ ဒီလိုပဲ အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့သူတွေအတွက် ခြေဆေးလို့လည်း ကောင်းပြန်တယ်။ ဒါပေမယ့် မကောင်းတာက အဲဒီလို ရေကြည်အိုင်သေးသေးလေးမှာ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ အေဒီးစ်ခြင်တွေ စံတင်လောက်တဲ့ အချစ်ဇာတ်လမ်းတွေနဲ့ ဗုန်းဗလောအော ပေါက်ဖွားတာပါပဲ။ တခြား ရေကြည်စုတဲ့ နေရာတွေမှာလည်း ခြင်တွေ ပေါက်ပြန်တယ်။ ခြင်တွေ များလေလေ ခြင်ကိုက်ခံရလေလေပေါ့။

အ.မ.က(၄) အလုံ - ဇူလိုင် ၁၈ ၂၀၀၉

သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ခြင်က နေ့ဘက် အလင်းရောင်ရှိတဲ့အချိန်မှာ ကိုက်တတ်ပါတယ်။ ခြင်ထောင် ထောင်အိပ်ဖို့ မဖြစ်နိုင်တဲ့ အချိန်မျိုးပေါ့။ အရေထူနေပြီဖြစ်တဲ့ လူကြီးတွေက အလုပ်တွေများပြီး ဟိုလုပ်ဒီလုပ် ဟိုသွားဒီသွားဆိုတော့ ခြင်က ကိုက်ဖို့ အခွင့်သိပ်မသာရှာဘူး။ ကလေးတွေကတော့ ခြင်ကိုက်လည်း မသိ။ ခြင်အုံနေလည်း မသိ။ ခြင်ဝဲနေလည်း မသိ။ သူ အာရုံဝင်စားနေတဲ့ တစ်ခုခုမှာပဲ စိတ်က ရှိနေတတ်တယ်။ အလုပ်တစ်ဖက်နဲ့ လူကြီးတွေကလည်း ကလေးအနားမှာ အချိန်ပြည့် အသေအချာ ဂရုမစိုက်နိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ သွေးလွန်တုပ်ကွေးက ကလေးတွေမှာ အဖြစ်များလာတယ်။

အ.မ.က(၄) အလုံ - ဇူလိုင် ၁၈ ၂၀၀၉

၂၀၀၇ မိုးစဲနေရဲ့ အလင်းရောင်အောက် နေ့လည်ခင်းမှာ သူငယ်ချင်းတစ်ယောက် အရေးပေါ် သွေး လာတောင်းတယ်။ မူလတန်းကျောင်းက ကျောင်းအုပ်ဆရာကြီးရဲ့ သားအတွက် ဘီသွေး ၆ လုံး လိုတယ်တဲ့။ ဘယ်အတွက် လိုတာလဲ မေးကြည့်တော့ သွေးလွန်တုပ်ကွေးဖြစ်လို့ ကလေးဆေးရုံမှာ တင်ထားတယ်ဆိုပြီး ပြန်ဖြေတယ်။ အဲဒီကလေးက နေမကောင်းဖြစ်တာ ၃ ရက်လောက် ရှိပြီ။ ဒါပေမယ့် သာမာန်ဖျားနာတာလို့ ထင်ပြီး ဆေးမြီးတိုလေးတွေနဲ့ အိမ်မှာပဲ ကုနေခဲ့လိုက်တယ်။ ဒီလိုနဲ့ ကလေးက ကော်ဖီရောင်တွေ အန်နေပြီ။ လက်တွေ ခြေတွေမှာလည်း အနီအစက်ပြောက်လေးတွေ ထွက်လာပြီ။ အဲဒီတော့မှ ဆေးခန်းပို့ပြီး ဆရာဝန် ပြကြည့်တယ်။ ဆရာဝန်က ဆေးရုံ အမြန်တင်ရမယ် ဆိုလို့ သွေးလာတောင်းတဲ့ မနက်မှာမှ ကလေးဆေးရုံကို တင်လိုက်ရတာ။

အ.လ.က(၃) အလုံ - ဇူလိုင် ၂၆ ၂၀၀၉

လိုနေတဲ့ ဘီသွေး ၆ လုံးအတွက် သွေးလှူရှင်တွေ ရှာလိုက်ပြီး ကလေးဆေးရုံကို ထွက်လာခဲ့လိုက်တယ်။ ဆေးရုံရောက်တော့ သွေး ၂ လုံးကို ချက်ချင်းသွင်းမယ်ဆိုလို့ သွေးလှူရှင် ၂ ယောက်ကို သွေးစစ်တယ်။ သွေးအဖြေ ထွက်လာတော့ အားလုံးအိုခေတယ် ဆိုတာနဲ့ သွေးချက်ချင်း ဖောက်ထုတ်ပြီး ကလေးလူနာမှာ သွေးသွင်းကုသပေးတယ်။ မွေးချင်းမရှိ၊ တစ်ဦးတည်းသော သားဖြစ်တဲ့အပြင် အသက်ကြီးမှ ရထားတဲ့ ကလေးဖြစ်လို့ ဆရာကြီးတို့ခမျာ ရတက်ပွေနေရှာတယ်။ သွေး ၂ လုံး သွင်းပြီးတဲ့နောက် ကလေးက နေလောင်ပန်းလို နွမ်းနေတာကနေ မိုးဆန်းပန်းလို လန်းစပြုလာတယ်။ ကလေးအဖေဖြစ်တဲ့ ဆရာကြီးလည်း မျက်နှာလေး ရွှင်လာတယ်။ ဆရာဝန်တွေ သူနာပြုဆရာမတွေ သွေးလှူရှင်တွေကို ကျေးဇူးတင်စကားတွေ ဘာတွေ ပြောနိုင်လာတယ်။

အ.လ.က(၃) အလုံ - ဇူလိုင် ၂၆ ၂၀၀၉

ညပိုင်းမှာ သွေး ထပ်သွင်းဖို့အတွက် သွေးမလှူရသေးတဲ့ သွေးလှူရှင် ၄ ယောက်ကို သွေးနမူနာ ဖောက်ပြီး သွေးစစ်ထားမယ်တဲ့။ အဲဒီအတွက် စောင့်နေပါအုံးဆိုလို့ ဆေးရုံဓါတ်ခွဲခန်းရှေ့မှာပဲ ထိုင်စောင့်နေလိုက်တယ်။ ပထမဦးဆုံး သွေးလှူရှင် ၂ ယောက်ကို သွေးနမူနာ ယူတယ်။ နောက်ထပ် ၂ ယောက်ကို သွေးဖောက်ဖို့ လုပ်နေတုန်း ကလေး ရှော့ခ်ဖြစ်လို့ ဆရာဝန်တွေ အလုပ်ရှုပ်နေတယ် ဆိုတဲ့အကြောင်း သွေးဖောက်ခန်းထဲကို သတင်းဝင်လာတယ်။ ခဏကြာတော့ ကလေးလေး ဆုံးသွားပြီဆိုတဲ့အကြောင်း လာပြောတဲ့ သတင်းဆိုးနဲ့ပဲ ဆရာကြီးခမျာ အထူးကြပ်မတ်ကုသဆောင် အရှေ့မှာတင် အရုပ်ကြိုးပြတ် ဘုံးကနဲကို လဲပါလေရော။ ဒီလိုနဲ့ ဆရာကြီးကို သတိရအောင် လုပ်ရပြန်တယ်။ သတိရလာတဲ့နောက် ဆရာကြီးက ဆရာဝန်တွေ အနောက်ကို တကောက်ကောက်လိုက်ပြီး သူ့သားလေးကို အသက်ရှင်လာအောင် ထပ်ကြိုးစားပေးဖို့ မျက်ရည်လည်ရွှဲနဲ့ လိုက်ပြောနေတယ်။ သွေးသွင်းပြီးတဲ့ နေ့လည်ကမှ အကောင်း၊ ညနေလည်း ရောက်ရော ရုတ်တရက်ကြီး ကြွေလွင့်သွားရတာကို လက်မခံနိုင်ရှာဘူး ဖြစ်နေတယ်။ လက်တွေ့မှာတော့ အသားဖြူဖြူ ၀၀တုတ်တုတ် ချစ်စရာ ကလေးတစ်ယောက် ပါးစပ်တွေ၊ နှာခေါင်းတွေမှာ သွေးတွေ ယိုစီးပြီး အသက်ဝိဥာဉ် ကင်းမဲ့နေရှာပြီ။

ဒီလိုမျိုးနဲ့ အပြာရောင်မိုးသားအောက်မှာ လောကကြီးကို အလှဆင်မယ့် ရောင်စုံပန်းဖူးလေးတွေ ဝေမလိုနဲ့ ကြွေခဲ့ရတာ မရေမတွက်နိုင်အောင်ပဲ။ အချိန်နဲ့အမျှ ကြွေပြီးရင်း ကြွေနေဆဲပဲ။ အဲဒါဆို ပန်းခြွေတဲ့လေက ဆေးမြီးတိုလား။ သွေးလွန်တုပ်ကွေးလား။ အေဒီးစ်ခြင်လား။

လက်ညိုးတွေ ထိုးဖို့လွယ်ပါတယ်။ ပြောရတာတွေလည်း လွယ်ပါတယ်။ တကယ် ထလုပ်ဖို့က ခက်ပါတယ်။ ကမ်းခြေတလျှောက်မှာ ကြယ်ငါးတွေ အများကြီးပါပဲ။ ကျွန်တော်တို့ အကုန် မကောက်နိုင်ပါဘူး။ ဒါပေမယ့် စိတ်မပျက်ပါနဲ့။ နိုင်သလောက်နဲ့ စ ကြည့်လိုက်ပါ။ အမြင့်ကြီးကို မမှန်းပါနဲ့။ ပင်ပန်းပါတယ်။

"Just made a difference to that one!"


ကျွန်တော်တို့ ပန်းခြွေတဲ့လေ ကို ဘယ်လို တားကြမလဲ။ ပန်းပျိုးတဲ့လက် ဖြစ်အောင် ဘာတွေ လုပ်နိုင်ကြမလဲ။ ကျွန်တော်ကတော့ ဆင်သတ်ပြီး အရပ်မဝေဘူး။ ခြင်သတ်ပြီး အမျှဝေမယ်ဗျာ။

ကဲ... ဘာလုပ်နိုင်ကြမလဲဆိုတာ နဖူးပေါ် လက်တင်ပြီး မျက်လုံးလေးမှိတ် စဉ်းစားကြည့်ကြပါလား ခင်ဗျာ။

~~~~~~~
မောင်ရင်ငတေ မိုက်ကန်းသည် ဆိုသလိုမျိုး မိုက်ဖော်မိုက်ဖက်များ...
အဖူးကြွေ (ရွာသားလေး YTU)
တထောင့်တနေရာ ရှိပါတယ် (ရွှေပြည်သူ)
ကွက်လပ်ဖြည့်ကြစို့ (ဖိုးသင်္ကြန်)

18 comments:

မမသီရိ said...

မိဘတွေရော.. ပြည်သူလူထုရော.. သက်ဆိုင်ရာ တာဝန်ရှိသူတွေရော အားလုံး ၀ိုင်းဝန်း ကြရင်ဖြင့် ၀မ်းနည်းစရာတွ နည်းလာကောင်းပါရဲ့

ပြီးတော့ သိတတ်စ ကလေးငယ်တွေ နဲ့ လူငယ်တွေ ကလဲ ခြင်နဲ့ ပတ်သက်တဲ့ အသိတွေ ရှိနေဖို့ လိုအပ်တယ်

မေ့သမီး said...

တနှစ်ကသွေးလွန်တုပ်ကွေး outbreak ကတော့ သိပ်ကြောက်ဖို့ကောင်းလိုက်တာ။ တကယ်ပါပဲ ပန်းကလေးတွေကြွေခဲ့တာနည်းတာမှ မဟုတ်တာ။

WWKM said...

အင်းး.. စဉ်းစားကြည့်လိုက်ဦးမယ်...
သိရင်ပြော..ဘာလုပ်ကြရင်ကောင်းမလဲ..း)

အဆင်ပြေကြပါစေ.

ဝသန်မိုး said...

ဗဟုသုတရစရာလေးတွေ ဖော်ပြပေးလို့ 
ကျေးဇူးပါ
ခြင်အန္တရာယ် ဆိုတာကလည်း
ကြိုတင် မကာကွယ်ရင် လည်း
ကြောက်စရာ ပါပဲ

ကိုလူထွေး said...

အီးမေးလ်မှာ ပုံတွေတွေ့ကတည်းက စိတ်ဝင်စားနေတာ...

တပ်အားသမျှ လုပ်နေကြတဲ့သူတွေကို တလေးတစားနဲ့ အားပေးပါတယ်...

MieMie said...

အမေရိက က ခြင်ကိုက်ရင်လည်း မသက်သာပါဘူး...
အခုအချိန် နွေရာသီမှာဆို အပြင်ထွက်ရင် ကိုက်ခံရတတ်
ပါတယ်...ကိုက်ခံရရင်တော့ ဗမာပြည်မှာ ရိုးရိုးခြင်
( သွေးလွန်တုပ်ကွေးခြင်မဟုတ် ) ကိုက်တာမျိုးနဲ့ လုံးဝ
မတူပါဘူး...တအားကို နီရဲ ရောင်ကိုင်းပြီး အလယ်မှာ
အပေါက်သေးသေးလေး တခုရှိနေပါတယ် ...

နှစ်တိုင်းနွေရာသီဆိုရင် ခြင်ကိုက်ခံရလို့ ဆရာဝန်ဆီသွား
ပြရပါတယ် ...ပြီးခဲ့တဲ့ လ ကဘဲ ဆရာဝန်က အမောက်ဆလင်လို ပိုးသတ်ဆေး သောက်ရမယ်ဆိုလို့
ဆေးစာရွက်နဲ့ ဆေးထုတ်ပြီး တိုက်လိုက်တော့မှ အရောင်မြန်မြန် ကျသွားပါတယ်

ပထမတော့ ဆရာဝန်ပေးထားတဲ့ လိမ်းဆေးတမျိုးတည်း
လိမ်းပေးဘူးပါတယ်...ဒါပေမယ့် နီရဲရောင်ကိုင်းနေတာက သိသိသာသာ မသက်သာပါဘူး...ခလေးက ယားလို့ ကုတ်တော့ ပိုဆိုး
ပါတယ် ရောင်နေတဲ့နေရာမှာ ကုတ်လို့ အနာထပ်ဖြစ်စေ
ပါတယ်...

ပြီးခဲ့တဲ့ အပတ်ကလည်း တခါထပ်ကိုက် ခံရပါတယ်
ဒီတခါတော့ ကျမသူ့ကို ပိုးသတ်ဆေး ခဏခဏ ထပ်မတိုက်ချင်တာနဲ့ စိတ်ကူးတခုပေါ်လာပါတယ်..
အဲဒါကတော့ ကျမတို့ ဗမာပြည်က ဒေ၀ယက္ခလိမ်းဆေး
လုံးကလေးကို ကျောက်ပြင်မှာသွေးပြီး ခြင်ကိုက်ခံရတဲ့
နေရာမှာ လိမ်းပေးလိုက်တာ ပိုးသတ်ဆေး သောက်စရာ မလိုတော့ဘဲ ရောင်နေတာ မြန်မြန်ကျသွားပါတယ်...၄ ၅ ခါထက် ပို မလိမ်းရပါဘူး
သက်သာသွားပါတယ်...ကျမ အဲဒါလေး စမ်းလိမ်းကြည့်တာ အဆင်ပြေသွားလို့ အရမ်းကိုဝမ်းသာမိပါတယ်...ကျေးဇူးလည်း တင်ပါတယ်...ဒါကတော့ ခြင်ရိုးရိုးကိုက်ခံရတာမျိုးပါ...သွေးလွန်တုပ်ကွေးခြင်မျိုးကိုက်ခံရတာမျိုး ဆိုရင် ကျမလည်း ဆရာဝန် မဟုတ်တော့ မသိပါဘူး...
ဒီမှာက နွေရာသီကျမှ ခလေးအများစု ( လူကြီးတွေလည်း ကိုက်ခံရတတ်ပါတယ် ) အပြင်ထွက်ရင်ပေါ့ ကိုက်ကိုကိုက်ခံရတတ်တာ များပါတယ်...

ကျမဗမာဆေးအားလုံးကို မယုံကြည်ပါဘူး..ဟိုးတလောကဆို ခလေးတွေအတွက် ထုတ်တဲ့ ဗမာဆေးတချို့မှာ အန္တရယ်ဖြစ်စေတဲ့အရာတွေ ပါနေတယ်လို့တောင် အစိုးရက တရားဝင်သတင်းထုတ်
ခဲ့ရသေးတယ်မို့လား...ဘာဘဲဖြစ်ဖြစ် ဆရာဝန်ဆီဘဲ သွားပြနေကြပါ...အခုကတော့ သောက်ဆေးမဟုတ်ဘဲ
လိမ်းဆေးဆိုတော့ စမ်းသုံးကြည့်တာပါ...တခြားဘယ်ဗမာသောက်ဆေးတွေကိုမှ ကျမခလေးအတွက် မသုံးပါ...

မောင်ဇူလိုင်ရေ...အမ ဒီမှာတွေ့ကြုံရတာလေးကို မျှဝေလိုက်ပါတယ်...ဒီကသူငယ်ချင်းခလေးတော်တော်များများလည်း ခြင်ကိုက်ခံကြရပါတယ်...ဗမာပြည်မှာတုန်းက အမတို့ ခြင်ကိုက်ခံရတာမျိုးနဲ့တော့ လုံးဝမတူပါ...( သွေးလွန်တုပ်ကွေးခြင်မျိုးတော့ မဟုတ်ပါ )

mie nge

MieMie said...

အပေါ်မှာ တခု ကျမရေးဖို့ ကျန်သွားလို့ပါ..
ကျမခလေးက ခြင်ကိုက်ခံရပေမယ့် ကိုက်ခံရတဲ့ဒဏ်ရာကလွဲလို့ တခြား ကိုယ်ပူတက် ဖျားနာ
တာမျိုးတော့ လုံးဝ မရှိခဲ့ပါ...ကိုက်ခံရတဲ့နေရာမှာ တအားတင်းပြီး နီရဲရောင်ကိုင်းနေတာ တခုတည်းဖြစ်တာပါ...

mie nge

JulyDream said...

ဟုတ် မမီးငယ်...
အစ်မတို့ ခြင်က အတော်ကြီးပုံပဲနော်။ အနာရဲ့ အလည်မှာ အပေါက်သေးသေး တစ်ခုတောင် ကျန်ခဲ့တယ်ဆိုတော့ သွေးစုတ်တဲ့ နှာမောင်းပဲ ကြီးလို့လား။ ရန်ကုန်မှာဆို မိုးချုပ်မှ ထွက်တဲ့ ခြင်ကြားကြီးတွေတော့ ရှိတယ်။ အကောင်ကြီးကြီးပဲ။ ဖမ်းရတာ အရမ်းလွယ်တယ်။ အဲဒီလို အကောင်တွေနဲ့ တူမလားတော့ မသိဘူးနော်။

သွေးလွန်တုပ်ကွေးခြင်ကျတော့ ရှောင်လင်ကျောင်းဆင်း မော်ဒယ်လ်ဂဲလ်ခြင်များလား မှတ်ရတယ်။ လျှင်တာမှ လစ်ကနဲ လစ်ကနဲပဲ။ အကောင်ကလည်း သေးသေးလေး။ သူ့ကို ရိုက်ချင်ရင်တောင် အသက်အောင့်ပဲ စောင့်နေရှာတယ်။ နည်းနည်းလေး လှုပ်လိုက်တာနဲ့ ထွက်ပြေးသွားတတ်လို့။ ဒီကောင်က အကောင်သာ သေးတာဗျ။ အဆိပ်ကတော့ ပြင်းတယ်။ အဲဒီခြင်တွေ အနံ့ခံလည်း ကောင်းမလား မသိဘူး။ လူရှိပြီဆိုတာနဲ့ ရောက်လာတတ်တယ်။

လောလောဆယ် အဲဒီ ခြင်တွေကို နိုင်သလောက် ရှင်းဖို့ပဲ လုပ်နေကြပါတယ်။ ကလေးတွေ ကလေးဆေးရုံမှာ အများကြီး တွေ့ရတာ စိတ်မသက်သာလို့ပါ။

kay said...

မျက်လုံးလေး ပိတ်ပြီး စဉ်းစားနေတယ်။ အဖြေရရင်ပြောမယ်။

rose of sharon said...

အပြောလွယ်သလောက်အလုပ်ခက်တာမို့... ဘာလုပ်ရမလဲမပြောတတ်ပါဘူး...စဉ်းစားကြည့်မယ်...

khin oo may said...

တို့ကတော့ဖော်လိုဘဲ။

ကြည်ဖြူပိုင် said...

အားတတ်သရောကို လုပ်နေကြတာနော်
အားရစရာ

ဂျူနို said...

ကိုဂျူလှိုင်ရေ

အနီးမှုန်လည်း မဖြစ်ရအောင်
အဝေးကန်းလည်း မဖြစ်ရအောင်
မျက်မှန်လေးတွေ ဝေရင် ကောင်းမလားပဲ။
ပေါက်ကရ အတွေးလည်း ပေါက်မသွားနဲ့ အုန်း။


ဒီပို့ ထဲက ချစ်သူလေး အကြောင်းမပါပါလား။
ဥပမာ ချစ်သူလေးက လည်း စိတ်ဝင်စားတယ်တို့ ဘာတို့  ဆိုင်ဆိုင် မဆိုင်ဆိုင် စွဲထဲ့ရောပေါ့။ ဟဲဟဲ စတာနော်။

ဒေါသကြီးကြီး င်္ခြသေ့ကြီးကို ကြောက်ပါတယ်။

မအယ်

ရွက်လွင့်ခြင်း said...

အဓိက ကတော့ ဒီပြဿနာကို စီးရီးရက်စ် အနေနဲ့  လူတိုင်း လူတိုင်း (အထူးသဖြင့် ရွာကလူတွေ) နားလည်အောင် ရှင်းပြပြီတော့ ဆောင်ရန် ရှောင်ရန် တွေကို ထိထိရောက်ရောက် လက်ဆင့်ကမ်းနိုင်ရင် လျော့နည်းလာမယ်လို့  မြင်မိတယ်။

ဂျူနို said...

ဒီနှစ် နွေမှာ ခြင် အများကြီး ပေါက်နိုင်ပြီး ငှက်ဖျားလည်းဖြစ်နိုင်တယ်ဆိုပြီး အပူပိုင်းဒေသ ရောဂါများ ကျောင်းက သုတေသနလုပ်တယ်။

လူတယောက်ကို ခြင် ဘယ်နှစ်ကြိမ်ကိုက်ခံရကိန်းရှိသလဲဆိုပြီး စမ်းသပ် ခြင်ကိုက်ခံတဲ့သူတွေနဲ့ ပေါ့။

လူတယောက်ဟာ တနေ့ မှာ အကြိမ် ၂၀၀ နဲ့ အထက် ကိုက်ခံရကိန်းရှိတယ်ဆိုပြီး အဖြေထွက်လာတယ်။

ဘယ်နှစ်နာရီ အတွင်းလည်းတော့ မမှတ်မိပါဘူး။

ဒါနဲ့ ခြင်ကိုက်တာက အသားထဲ နက်နက် ထိုးကိုက်တာမို့ မေးခိုင်ပိုးဝင်နိုင်တယ်တဲ့။
နွေရာသီ ခြင်များတဲ့ ဒေသ ခရီးထွက်ရင် မေးခိုင်ကာကွယ်ဆေး ထိုးရမယ်တဲ့။

မအယ်ကတော့ ခြင်ကိုက်ပြီး မေးခိုင်ပိုးအကြောင်း ပြောလာလို့ ဘာ့ကြောင့်မှန်းမသိ ရီလိုက်ရတာဆိုတာ ပြောမနေပါနဲ့ တော့။

မမီးငယ် ပြောသလိုပဲ ခြင်ကိုက်လို့ ယားတာကနေ ဘက်တီးရီးယားပိုးဝင်ပြီး အဲ့ဒီပိုးက ကျောက်ကပ်ကို ထိခိုက်နိုင်တယ် ဆိုပြီးလည်း ခြင်ကိုက်လို့ ယားတာကိုလည်း အနာလေး ဂွမ်းနဲ့ တို့ ပိုးမွေးကြည့်ကြတယ်။

ပိုးတွေ့ ရင် ပိုးသတ်ဆေး ပေးကြနဲ့  ။

ဖတ်ဖူးတဲ့ ၀တ္တုတိုလေး သတိရသွားတယ်။ ခြင်ကြောင့် fbi တွေ cia တွေ ရောက်လာတဲ့ အကြောင်းပါ။

ဆိုင်ဆိုင် မဆိုင်ဆိုင် ၀င်ပွားကြည့်တာပါ။

ချမ်းမြေ့ပါစေ

မအယ်

JulyDream said...

ရွက်လွင့်ခြင်းရေ...

ဟုတ်ကဲ့ ရပ်ရွာထဲမှာ ဆောင်ရန်လည်း သိပါတယ်။ ရှောင်ရန်လည်း သိပါတယ်။ ဒါတွေကို သိခဲ့တာ ဆယ်စုနှစ်နဲ့ ချီခဲ့ပါပြီ။ ဖုန်းသွန်လဲစစ် ဆိုတာ ငယ်ငယ်ကတည်းက ကြားဖူးပါတယ်။ ဒါပေမယ့် လူတိုင်း အိမ်တိုင်း လိုက်မလုပ်ကြပါဘူး။ ထိမှ နာကြပါတယ်။ ကျန်တဲ့အချိန်မှာ အေးဆေးပါပဲ။

ကိုယ့်အိမ်ရှေ့က မြောင်း ကိုယ်တိုင်ဖော်လည်း အချိန်တန်တော့ မြောင်းဘောင်ပေါ် တင်ထားတဲ့ မြေကြီးတွေ မြောင်းထဲ ပြန်ဝင်ပါတယ်။

နောက်တစ်ခုက ခြင်ဆေးမှုတ်ဖို့ ပိုက်ဆံလိုပါတယ်။ ဆေးဖိုးနဲ့ ဒီဇယ်ဖိုး ၂ သောင်း ပတ်ဝန်းကျင်မှာ ရှိပါတယ်။ ကျန်းမာရေးက အခမဲ့ အလကား မှုတ်ပေးတာ ရှိပါတယ်။ ဒါပေမယ့် အကြိမ် နည်းပါတယ်။

Anonymous said...

မသိလို့ မေးဦးမယ်... ဒီလို မီးခိုးမှုတ်ရုံနဲ့ ခြင်တွေ သေရောလား၊ ကျနော့် အထင်ပေါ့ဗျာ... မီးခိုးရှိချိန်မှာပဲ ဒီကောင်တွေ ပျောက်သွားမှာ နောက်နေ့ ပြန်ရောက်နေမှာပဲလို့ ထင်တာပဲ၊ တခြားနည်းဖြစ်တွေကတော့ သက်ရောက်မှု ရှိမှာပါ။ အဟီး ဆရာလုပ်တာတော့ မဟုတ်ဘူး ထင်တာပြောတာပါ...။

Younggun said...

ပန်းခြွေတဲ့လေနဲ့ ပန်းပျိုးတဲ့လက်... ။ ရနိုင်သမျှ နီးစပ်ရာ ၀န်းကျင်တိုင်းအတွက် တတ်နိုင်သမျှ လင်းချင်းလှပရအောင် ဒီပို့စ်လေးကနေ သင်ယူမိသလို၊ ဘယ်အရာကိုမှ လျှော့မတွက်ဖို့လဲ သတိထားမိသွားပါတယ်။ ခြင်ကို လက်ဝါးနှစ်ဖက်နဲ့ ဖြောင်းခနဲမြည်အောင် ရိုက်မသတ်ဖြစ်တာ ကြာပြီ။ ဒီည အပြင်ထွက် ရိုက်သတ်ဦးမှ။