.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, July 22, 2009

That day - 2

"သြော် ဒါတော့ ခင်ဗျားလည်း ခံစားရမှာပါ၊ အထိတ်တလန့်ဖြစ်တာက သားသမီးက မိဘကို ဒီလောက် ရဲရဲတင်းတင်း မိုက်မိုက်ရိုင်းရိုင်း တော်လှန်ဝံ့ကြတာပေါ့။ သူ့အကြောင်းနဲ့ သူ့အကြောင်း၊ အဆိုးနဲ့ အကောင်း ရှိကြမှာကို ကျွန်တော် မငြင်းလိုပါဘူး။ သားသမီးလည်း ပုထုဇဉ်၊ မိဘလည်း ပုထုဇဉ်၊ မှားချင်လည်း မှားကြမှာပေါ့။ စိတ်နာတယ် ရှက်တယ်ပဲထား၊ ကိုယ့်မိသားစုတစ်စုနဲ့သာ သက်ဆိုင် ဖြေရှင်းနိုင်တဲ့ ကိစ္စကို အခုလို တိုင်းသိပြည်ကျော် အကျိုးယုတ် အရှက်ခွဲတာတော့ နည်းနည်းလေးမှ စဉ်းစားလို့ မရဘူး။ ဒါကြောင့် ကိုယ့်ကလေးတွေကို ကြည့်ရင်း ဒင်းတို့ခေတ်ကို အထိတ်တလန့် ဖြစ်မိတာပေါ့ဗျာ"

"နောက်တော့ ၀မ်းနည်းလာတယ်ဆိုပါတော့ဗျာ"

"ဟာ- ဆက်တွေးရင် ၀မ်းနည်းစရာပေါ့။ ကလေးတွေက ကျွန်တော့်မျက်စိအောက်မှာ ပျော်ပျော်ပါးပါး ကစားနေကြတယ်။ စားချိန် သောက်ချိန်ကျပြန်တော့ မြိန်ရေယှက်ရေ ဆူဆူညံညံ စားသောက်နေကြတယ်။ မိဘရဲ့ရင်ခွင်အောက်မှာ ကျေနပ်ခြင်း၊ နှစ်သိမ့်ခြင်း၊ ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်း ဆိုတာတွေကို တွေ့ရတော့ ကိုယ့်မှာ မိဘအနေနဲ့ ကြည်နူးမှု (မုဒိတာ) အပြည့်အ၀ ခံစားခဲ့ရတာချည်းပါပဲ။ ရှေ့ရေးအတွက် ဒီထက်ပြည့်စုံအောင် ကျွေးဖို့ မွေးဖို့ ဆောင်ရွက်ဖို့ စေတနာတွေ တဖွားဖွားရှိခဲ့ရတဲ့ စိတ်မှာ ဒီကြော်ငြာကို တွေ့လိုက်မိပြီ ဆိုတုန်းက မိဘအနေနဲ့ ၀မ်းနည်းမိတာ မျက်ရည်များတောင် လည်မိတာပေါ့ဗျာ" ဟု ကျွန်တော့်မိတ်ဆွေက ပြောရင်းပင် ငိုင်နေမိပါသည်။

"အင်း- အဲဒီတုန်းက အကြော်ငြာခံခဲ့ရတဲ့ မိခင်လည်း ခင်ဗျားတို့ ကျွန်တော်တို့ စေတနာ ထားခဲ့သလို သူ့သားသမီးတွေ အပေါ်မှာ စေတနာ ထားခဲ့မှာပဲနော်"

"ဟာ- ဒါကတော့ လုံးဝ ယုံမှားစရာ မရှိနိုင်ပါဘူး၊ ဟိုတုန်းက ကြော်ငြာခဲ့တဲ့ ကလေးတွေကို ပြန်မေးတောင် သူတို့ကိုယ်တိုင် ၀န်ခံရမှာ သေချာတယ်"

"၀န်ခံရုံတင်မက ပြန်ပြီး တွေးမိချင် တွေးမိရှာကြမှာပါဗျာ"

"တွေးမိရင်လည်း သတင်းစာထဲ မကြော်ငြာခင်က တွေးမိရင် သိပ်ကောင်းမှာပဲနော်၊ ဒါမျိုးတွေ နောက်ကို မပေါ်အောင် ဆောင်းပါးရေးသူက ရေး၊ တရားဟောတဲ့လူက ဟော၊ ရှုတ်ချပွဲတွေတောင် လုပ်ပေးဖို့ ကောင်းမလား"

"ဟာ- ရှုတ်ချပြစ်တင်တဲ့အထိ လုပ်ဖို့တော့ ကျွန်တော် လက်မခံချင်ပါဘူး။ ခင်ဗျားပဲ အခုန ပြောခဲ့တယ်လေ။ သားသမီးလည်း ပုထုဇဉ်၊ မိဘလည်း ပုထုဇဉ်ဆို။ စိတ်ဆိုတာလည်း အတည်အမြဲ မရှိဘူး မဟုတ်လား။ အခု ဒီစိတ်ရှိပေမယ့် နောက်ကို ဒီစိတ်ရှိတတ်တာ မဟုတ်ဘူးလေ။ ဒီတော့ အခုမှန်တယ် ထင်တာ နောင်မှားတယ်လို့ မြင်လာမှာပေါ့။ ဒါကြောင့် အမြင်မှန် မြန်မြန်ရလာကြရအောင် ဖြောင်းဖြောင်းဖျဖျ နားချ သိမ်းသွင်းပေးဖို့သာ လိုပါလိမ့်မယ်။ ဖခင်ကို သတ်တဲ့အထိ မှားခဲ့ဖူးတဲ့ အဇာသတ္တုမင်းဟာ ဗုဒ္ဓကို အကြည်ညိုဆုံး လူပုဂ္ဂိုလ်ဖြစ်ခဲ့သလိုပေါ့။ သူတို့ကို မုန်းတီးစက်ဆုပ်မဲ့အစား မေတ္တာနဲ့ ကရုဏာတရား ၀ိုင်းကူပြကြရမယ်။ အချိန်ကျလို့ 'ကျွန်တော် ကျွန်တော်မတို့ ကြော်ငြာခဲ့သည်များကို ၀မ်းနည်းနောင်တရစွာ ပြန်လည် ရုတ်သိမ်းပါသည်' ဆိုတဲ့ ကြော်ငြာများကို ပြန်ဖတ်ကြရရင် လူ ရှင် ရဟန်း ဘယ်လောက် သာဓု ခေါ်လိုက်ကြမလဲ၊ ခင်ဗျား စဉ်းစားစမ်း"

"အေးဗျ- ဒီလိုကြော်ငြာမျိုးကို မတွေ့ခဲ့ရပေမဲ့ သူတို့မိဘများကိုတော့ ၀န်ချတောင်းပန် အသနားခံပြီးကြပြီလို့ ကျုပ်က ရဲရဲပြောလိုက်ချင်တယ်၊ ဘာဖြစ်လို့လဲ သိလား၊ အဲဒီတုန်းက စိတ်လိုက်မာန်ပါနဲ့ ကြော်ငြာခဲ့တဲ့ ကလေးတွေဟာ အခုဆို လူကြီးဖြစ်နေကြပြီလေ"

"ဟာ- ဟုတ်တာပေါ့။ အချိန်က ၁၅ နှစ်လောက်တောင် လွန်ခဲ့ပြီလေ၊ သတိ နောင်တ ရကုန်ကြတော့မှာပေါ့"

ကျွန်တော်မိတ်ဆွေမှာ စကားမဆက်ဘဲ အတွေးနယ်ချဲ့နေပုံရသည်။ ထို့နောက် ဘ၀င်မကျသော လေသံနှင့် ဆက်၍ ဆိုပါသည်။

"မိဘကို မလေးစားကြတာ လက်ဝဲစွန်းရောက်နေကြလို့များလား"

(ဆက်ရန်...)
~~~

အမေ့ကျေးဇူးကို သိရှိတုန့်ပြန် ပေးအပ်ရေးအတွက် အမေနေ့ ဖြစ်ပေါ်လာစေရန် ဆရာကြီး ဦးသုခက ဤဆောင်းပါးဖြင့် စတင် လှုံ့ဆော်ခဲ့ပါသည်။

ချစ်သူလေးက ဇွန်လဆန်းမှာ စင်္ကာပူကို ရောက်လာတဲ့ ကျွန်တော့်သူငယ်ချင်းနဲ့ လူကြုံထည့်ပေးလိုက်တဲ့ ဦးသုခရဲ့ အမေဆိုတဲ့ စာအုပ်လေးထဲက ထိုတစ်နေ့... ဆိုတဲ့ ဆောင်းပါးလေးကို ရင်ခုန်သံ ထပ်တူညီနေလို့ ပြန်လည်ဖော်ပြလိုက်ပါရစေခင်ဗျာ။

4 comments:

ခြေလှမ်းသစ် said...

အမေများနေ့မှ ဆရာကြီး ဦးသုခ ၏ ဤဆောင်းပါးလေးဖြင့် အမေများကို ကန်တော့ခဲ့ပါတော့တယ်..

မဆုမွန် said...

လာဖတ်ပါတယ် ကိုဂျူလိုင် စိတ်မကောင်းခြင်းကြီးစွာ ခံစားရပါတယ်..သတင်းစာထဲမှာ ပိုးအိစံ ကြေငြာထည့်တုန်းကလည်း အဲ့လို တုန်လူပ်မူမျိုး ခံစားရဖူးပါတယ် ဘာတွေမှန်းမသိပေမယ့် မိဘအပေါ် ...တုန့်ပြန်မူတွေကို တော်တော်လေး ၀မ်းနည်းမိတယ် ပြောသာ ပြောရတယ် ကိုယ်လည်း တစ်ခါတစ်လေ စိတ်မရှည်လို့ အော်မိတာလည်း ရှိဘူးရက့်...

အမေတွေအကုန်လုံးကို ဦးနီမ်ညွတ်ကျိုး ရှိခိုးကန်တော့ပါတယ်..

အရူးလေး said...

အမေ့ကို ပြန်ပြန် အော်ခဲ့မိတာတွေ ပြန်မြင်ယောင်လာ မိတယ်ဗျာ ..... အမေ့ကိုလဲ အရမ်းလွမ်းနေတယ် ... ချမ်းမြေ့ပါစေ အကို ဂျူလိုင် ...

Nge Naing said...

မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။ မိဘကို မလေးစားကြတာ လက်ဝဲစွန်းရောက်ကြလို့တော့ ဟုတ်မယ်မထင်ဘူး။ ကျွန်မက ဗုဒ္ဓဘာသာကို ထဲထဲဝင်ဝင် ယုံကြည်သူပါ။ ဒါပေမယ့် ကျွန်မတို့ ဗုဒ္ဓဘာသာမှာရော မြန်မာတွေရဲ့ မိရိုးဖလာမှာပါ။ သားသမီးကိုသာ မိဘစကားကို ဘယ်လိုနားထောင်ရမယ်ဆိုတာ ဆုံးမတာ ရှိပြီး မိဘတွေကိုကျတော့ သားသမီးကို ဘယ်လိုလိမ်မာအောင် ဆုံးမရမယ်ဆိုတာ မပါတာ ချွတ်ယွင်းမှုတခုပါပဲ။ မိဘစကားနဲ့ ဘုရားအဆုံးအမ ကွာဟနေရင် ကျွန်မက ဘုရားအဆုံးအမကိုပဲ နားထောင်နိုင်မယ် ဒါကြောင့် ကျွန်မက မိဘကို မလေးစားသူအဖြစ် သတ်မှတ်ရင် အဲဒီ သတ်မှတ်တဲ့အတိုင်းပဲ ခံယူမှာ ဖြစ်ပြီး ကျွန်မကို လက်ဝဲအစွန်းရောက်သူ တော့ သတ်မှတ်လို့မရပါဘူး။