.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, July 23, 2009

That day - 3

"ဒီမှာ မိတ်ဆွေ... လက်ဝဲစာပေ ကျမ်းကြီး ကျမ်းခိုင်တွေကို ကျွန်တော် နှံ့နှံ့စပ်စပ် မဖတ်ခဲ့ဖူးတာကိုတော့ ၀န်ခံပါတယ်။ ၀တ္ထုတို့ ဆောင်းပါးတို့မှာတော့ မိခင်ဘခင်ကို သိဒ္ဓိတင်ထားတဲ့ အကြောင်းအရာ အရေးအသားတွေ တွေ့ခဲ့ရဖူးပါတယ်။ ရုပ်ရှင်ကားတွေမှာလည်း ထိုနည်းပါပဲ။ ဆိုရှယ်လစ်ဗိသုကာကြီးဖြစ်တဲ့ လီနင်ကိုယ်တိုင် အားထားပေါင်းသင်းခဲ့ရတဲ့ စာရေးဆရာကြီး ဂေါ်ကီဆုရင် မိခင်အကြောင်းကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးခဲ့တာတွေ အထင်အရှား ရှိပါတယ်၊ ဆိုရှယ်လစ်နိုင်ငံတွေမှာ လူကြီးမိဘကို တရိုတသေ လုပ်ကျွေးမွေးမြူပြီး သက်တော်ရှည်ပွဲတွေ ကျင်းပကြတာတွေ ရှိပါတယ်"

"ဟာ- ကျုပ်တို့ဆီက မောင်မင်းကြီးသားများနဲ့ ဘာဆိုင်လို့တုံးနော်"

"နေဦး၊ ကျွန်တော် ပြောဦးမယ်၊ ဆိုရှယ်လစ် ဂျော်ဂျီယာပြည်နယ်မှာ တီဘလစ္စီမြို့ကို ၀င်တာနဲ့ ပေ ၁၅၀ လောက် မြင့်တဲ့ အမျိုးသမီး ကျောက်ရုပ်တုကြီးကို တောင်ခါးပန်းတစ်ခုမှာ တွေ့ခဲ့ရတယ်။ လက်တစ်ဖက်က ဓါးကိုကိုင်ပြီး ဘယ်ဖက်လက်က အရက်ခွက်ကို ကိုင်ထားတဲ့ဟန်နဲ့ အတော် အသက်ဝင်ပါတယ်။ အနုပညာ မြောက်လှပါတယ်"

"အဲဒါ ဘာသဘောလဲဗျ"

"အဲဒါ သူတို့ပြည်နယ်ကို ကိုယ်စားပြုတဲ့ အထိမ်းအမှတ် ရုပ်တုကြီးပေါ့။ မိတ်ဆွေပီသရင် အရက်နဲ့ဧည့်ခံဖို့ အဆင်သင့် ရှိသလို၊ ရန်သူဆိုရင်လည်း ပြတ်ပြတ်သားသား ဓါးနဲ့ သုတ်သင်မယ်ဆိုတဲ့ သဘောကို ပြထားတာပဲ"

"တယ်ပြီး ကောင်းတဲ့ အဓိပ္ပါယ်ပဲနော်"

"အေး- ကျွန်တော်ကတောင် သဘောကျမိကြောင်း ပြောခဲ့မိသေးတယ်။ ခင်ဗျား စဉ်းစားကြည့်လေ၊ ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားတဲ့ အမျိုးသမီး ရုပ်တုကြီးနှစ်ခု တွေ့ခဲ့ဖူးတာရှိပါရဲ့။ တစ်ခုက အလင်းရောင်ကို ပြနေတာနဲ့ တစ်ခုကတော့ တရားမျှတမှုကို ပြနေတာပဲ ရှိတယ်။ သူတို့ ရုပ်တုကတော့ ကျွေးမွေးပြုစုချင်တဲ့ မိခင်စေတနာမျိုး ပါဝင်နေတယ်လေ"

"မိခင်ဆန်တယ်လို့ ဆိုနိုင်တာပေါ့ဗျာ၊ ဟုတ်ပါရဲ့"

"သူတို့ပြည်နယ်ဟာ ဆိုရှယ်လစ်အမိနိုင်ငံပါတဲ့၊ အဖနိုင်ငံလို့ မခေါ်ပါဘူးတဲ့"

"ဟောဗျာ ဒါလည်း အဆန်းသားပါကလား"

"ဟုတ်တယ်၊ အမိကို ဘာဖြစ်လို့ ဒီလောက် တွယ်တာရသလဲလို့ ဆိုတော့ လောကမှာ အမိသာလျှင် မဖောက်မပြန် မှန်ကန်သော ထာဝရမေတ္တာရှင် ကရုဏာရှင်ဖြစ်လို့ပါတဲ့"

"ဟာ- သဘာဝကျလိုက်လေဗျာ၊ ဆက်စမ်းပါဦး"

"သူတို့အိမ်ထောင်စုတိုင်းမှာ မိခင်သာလျှင် အိမ်ထောင်တစ်ခုလုံး၏ အချုပ်အချာ အာဏာပိုင် ဖြစ်ရတယ်တဲ့၊ အမိမရှိရင် အစ်မအကြီးဆုံးက မိခင်နေရာကိုယူပြီး အုပ်ချုပ်ကွပ်ကဲရတဲ့ ထုံးစံရှိပါတယ်တဲ့၊ အဲသလောက် နေရာပေးကြတယ်"

"အေးဗျာ ဒါကြောင့် ကမ္ဘာပေါ်မှာ အသက်တစ်ရာ့နှစ်ဆယ် ပုဂ္ဂိုလ်ကြီးတွေ ဂျော်ဂျီယာပြည်မှာ အများဆုံး ရှိတယ်လို့ ဆိုကြတာနေမှာပဲ"

"ကျွန်တော်တို့ဆီမှာလည်း အရင်ကဆို စစ်တိုက်သွားမယ့် သားတွေဟာ အမေ့ထဘီစကို နားဋောင်းပန်သွားကြတာ အများကြီးပေါ့၊ မိဘကို ရိုသေတဲ့ သားသမီးဟာ အသက်ရှည်တယ်၊ ဘေးကင်းတယ်၊ လူနတ်ချစ်ခင်တယ်"

"အင်း- ခင်ဗျား ပြောသလို ၀န်ချတောင်းပန်တဲ့ ကြော်ငြာများ တစ်နေ့နေ့မှာ ဖတ်ရရင် ကျုပ်တို့ ဘယ်လောက် ကျေနပ်ရမယ် မသိဘူး၊ သူတို့အမေဆို မပြောနဲ့"

"ခင်ဗျားက တစ်နေ့နေ့ဆိုလို့ ကျွန်တော် ဖြစ်စေချင်တဲ့ နေ့တစ်နေ့ကို ပြောရဦးမယ်၊ ကျွန်တော်တို့မှာ ဗုဒ္ဓနေ့၊ အလုပ်သမားနေ့၊ အာဇာနည်နေ့၊ စာဆိုတော်နေ့ ဆိုတဲ့ နေ့အတော်များများ ရှိနေကြပါတယ်။ ဒီကြားထဲ နေ့တစ်နေ့ ထပ်တိုးဖို့ အပတ်စဉ် ထီထိုးခဲ့တာ ကြာပါပြီ၊ မပေါက်သေးတာနဲ့ အကောင်အထည် မဖော်ရသေးတာ"

"ခင်ဗျားဥစ္စာက ခပ်ဆန်းဆန်းပါလား"

"ခပ်ဆန်းဆန်းဆို ငွေတစ်သိန်း လိုချင်တာကိုးဗျ၊ ငွေမရှိလို့ မဖြစ်ဘူး"

"ရှင်းစမ်းပါဦး"

"မိခင်နေ့ လုပ်ဖို့ပေါ့"

(ဆက်ရန်...)
~~~

အမေ့ကျေးဇူးကို သိရှိတုန့်ပြန် ပေးအပ်ရေးအတွက် အမေနေ့ ဖြစ်ပေါ်လာစေရန် ဆရာကြီး ဦးသုခက ဤဆောင်းပါးဖြင့် စတင် လှုံ့ဆော်ခဲ့ပါသည်။

ချစ်သူလေးက ဇွန်လဆန်းမှာ စင်္ကာပူကို ရောက်လာတဲ့ ကျွန်တော့်သူငယ်ချင်းနဲ့ လူကြုံထည့်ပေးလိုက်တဲ့ ဦးသုခရဲ့ အမေဆိုတဲ့ စာအုပ်လေးထဲက ထိုတစ်နေ့... ဆိုတဲ့ ဆောင်းပါးလေးကို ရင်ခုန်သံ ထပ်တူညီနေလို့ ပြန်လည်ဖော်ပြလိုက်ပါရစေခင်ဗျာ။

5 comments:

:P said...

ဝေမျှပေးတာကျေးဇူးတင်ပါတယ်...

ဒါနဲ့ အောက်ဆုံးက မှိန်မှိန်လေးရေးထားတဲ့ စာ ၃ ကြောင်းက That Day Series ပို့စ်တိုင်းမှာထည့်မှာလား....ငှင်...။

လင်းဒီပ said...

စာလေးတွေ ဖတ်ရတာလည်းကောင်းပါတယ်...အော် ကယ်ဆွမ်ကွေကာကလည်း ကြေငြာနေတာ ပိုစ့်တိုင်း...ကိုယ့်အတွေးနဲ့ကိုယ် သောက်ကြ အဲလေ ဖတ်ကြတာပေါ့..

Rita said...

လွှတ်စရာ ပါပီတောင် မရှိတော့ဘူး :D

နောက်တာပါ။
ကျေးဇူးတင်မိပါတယ်။ နှစ်ယောက်လုံးကို။

ချစ်သူလေးကိုရော ချစ်သူကြီးကိုရော !!!

ဂျစ် said...

ဒီပို့စ်လေးက တန်ဘိုးရှိလှပါတယ်....။
ဒီလိုဖော်ပြပေးလို့ ကျေးဇူးတင်မိတယ် ။

ခင်မင်စွာဖြင့်
ဂျစ်

ကိုလူထွေး said...

ကိုလူထွေးဖတ်ဖူးတဲ့ အမေနေ့ကိုတော့ သိတယ်မဟုတ်လား...