.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, July 27, 2010

By the way - 02

ဘာရယ်တော့ မဟုတ်ပါဘူး။ ဟိုပါတီ ဒီပါတီတွေ များလာတော့ ကြားကနေ ငထွားတို့လည်း ခါးနာရပါတယ်။ ပါတီတွေ များလာတာနဲ့ ငထွား ခါးနာရတာ ဘာဆိုင်လဲလို့ သိချင်ကြမှာပေါ့။ ပါတီတွေ အပြိုင်အဆိုင် မဲဆွယ်ဖို့ ကြိုးစားနေတာ အများအသိပဲလေ။ ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းတွေခင်း၊ စက်ရေတွင်းတွေ တူးတာတောင် ခပ်တည်တည်နဲ့ ဆိုင်းဘုတ်ကြီး ပြူးပြဲနေအောင် တင်နေကြတာ အမြင်ပဲ မဟုတ်လား။ တခြားပါတီတွေလည်း လူထုကောင်းကျိုးကို လုပ်ချင်ကြမှာပေါ့။ ဒါပေမယ့် လုပ်ချင်တာတွေ လုပ်ခွင့်ရဖို့ အဆင့်ဆင့် တင်ပြရမယ် ဆိုပဲ။ အဲဒီမှာ ကွက်လပ်ဖြည့်တတ်တဲ့ ငထွားတို့လည်း ခါးနာတော့တာပဲ။ အရင်လို နားလည်မှုနဲ့ လုပ်လို့ မရတော့ဘူး။ မြောင်းကော် ခြုံရှင်းဖို့အတွက် မယကကိုလည်း စာတင်ရတယ်။ ရဲစခန်းကိုလည်း စာတင်ရတယ်။ တော်ပါပြီလေ... စိတ်ကုန်တယ်။

ဘာရယ်တော့ မဟုတ်ပါဘူး။ မိုးရာသီဆိုတော့ ဟိုနားဒီနား ရေတွေ အိုင်ပါတယ်။ ရေအိုင်တွေမှာ ခြင်တွေ ပေါက်တယ်။ ခြင်တွေ ပေါက်တော့ ခြင်ကိုက်တာပေါ့။ ခြင်ကိုက်တော့ ခြင်ထောင်တွေ ရောင်းကောင်းပြီး လူဦးရေ တိုးပွါးလာတယ်လို့ မပြောချင်ပါဘူး။ ပြောချင်တာက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ကြပါတယ်။ ကလေးတွေလည်း ဖြစ်သလို လူကြီးတွေလည်း ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးဆိုတာ သွေးလန့်တတ်လို့ အရေးပေါ် သွေးသွင်းကုသဖို့ လိုတာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် ဆေးရုံမှာ သွေးတွေ အဆင်သင့်ရှိရင် လူနာအတွက် အကောင်းဆုံးပေါ့။ ဒါပေမယ့် အခုချိန်မှာ သွေးတွေ မလိုအပ်ပါဘူးလို့ ပြောတဲ့ ဆေးရုံလည်း ရှိတယ်ဗျာ။ တကယ် ချစ်ရဲ့လားလို့ မေးချင်မိတယ်။

ဘာရယ်တော့ မဟုတ်ပါဘူး။ အိမ်မှာ မွေးထားတဲ့ Hamster ၃ ကောင်တောင် အကောင်ကြီးလာပြီ။ တစ်ကောင်ကို ဒေါ်လာ ၃၀ ပေးရတယ်။ လှောင်အိမ်က ၅၁ ဒေါ်လာပါ။ အစာဖိုး သဲဖိုးတွေလည်း ကုန်ပါတယ်။ မွေးတုန်းကတော့ အရွယ်တူတူလေးတွေ။ အခုတော့ အရွယ်အစားက ကြီးစဉ်ငယ်လိုက် စီလို့ရတယ်။ အိပ်တာ စားတာ မတူလို့ပဲလား။ အဆော့သန်လွန်းလို့ပဲလား မသိဘူး။ တစ်ကောင်တော့ တခြားအကောင်တွေလောက် မထွားဘူး။ အခုထိတော့ လူကြောက်တုန်းပဲ။ ဒါပေမယ့် အစာတော့ တောင်းတတ်လာပြီ။ နေ့ခင်းပိုင်းဆို အိပ်နေတတ်တယ်။ ညပိုင်းမှာဆို ဗြောင်းဆန်အောင် ဆော့ကြတယ်။ လှောင်အိမ် အောက်ခံကို တစ်ပတ်တစ်ခါ မလဲပေးရင် နည်းနည်းတော့ နံတယ်။ မွေးရတာ ကရိကထတော့ များလှပါတယ်။ အိမ်မှာ တစ်ယောက်တည်း ကျန်နေတဲ့သူအဖို့ လုပ်စရာ အလုပ်ရှိတော့ အချိန်ကုန်မြန်တယ်လေ။ မပျင်းတော့ဘူးပေါ့။ အိမ်မွေးတိရစ္ဆာန် ဆိုတာ ချစ်တတ်တဲ့သူတွေအဖို့ မိသားစုဝင်လိုပါပဲ။

ဘာရယ်တော့ မဟုတ်ပါဘူး။ ၃ လ တောင် ပြည့်သွားပါပြီ။ လမင်းကြီးကို ဆီးချိုမဖြစ်စေချင်လို့ ပျားရည်တော့ မစမ်းထားဘူး။ မေတ္တာနဲ့ ကွမ်းသီးပါတဲ့ နောင်ဂျိန်ဆိုတဲ့ ဟာသကား ပြန်မကြည့်ရသေးဘူး။ လျှာနဲ့ သွားဆိုတော့ တချိန်ချိန်မှာ ကိုက်မိဖို့တော့ ရှိနိုင်ပါတယ်။ အခုထိတော့ လျှာမကိုက်မိသေးပဲ ထမင်းစားလို့ ကောင်းနေတယ်။ တနင်္ဂနွေ သားသမီးတွေက စိတ်ကောက် ဖင်ကောက် ဆံပင်ကောက် သုံးမျိုးထဲက တစ်ခုခု ကောက်တတ်တယ်လို့ ကြားဖူးတယ်။ ဒါပေမယ့် ဆင်ကြီးကို ဂဠုန်ချီသွားလို့လား မသိဘူး။ ဆင်ကြီးလည်း ကောက်တယ်ဗျ။ ဘာကောက်လည်း ဆိုရင် သုံးခုထဲက တစ်ခုလို့ပဲ မှတ်ထားလိုက်ပါတော့။

ဘာရယ်တော့ မဟုတ်ပါဘူး။ Tag အကြွေးတွေလည်း မဆပ်ရသေးဘူး။ စိတ်ကူးထဲမှာ ဟိုတစ်စဒီတစ်စ ရှိပေမယ့် လက်က ချမရေးဖြစ်ဘူး။ တခါတလေ မအားလို့ စာမရေးဖြစ်ပါဘူး။ တခါတလေ အားပေမယ့် တခြားကိစ္စတွေ ရှိလို့ မရေးဖြစ်ပြန်ဘူး။ တခါတလေက ဘာမှကို မလုပ်ချင်လို့ ဘာမှကို မလုပ်တာပါ။ ဒီထဲမှာ ရေးဖြစ်တာတွေကလည်း အချိန်ကြာရင် မေ့သွားမှာ စိုးလို့ ချရေးမိထားတဲ့ အပိုင်းအစတွေပါ။ မှတ်ဥာဏ်က မကောင်းရှာတော့ အခုလိုပဲ ရေးမှတ်ထားရတယ်။ တချိန်မှာ စားမြုံပြန်ဖို့ ပြန်ရှာဖတ်ရင် အဆင်ပြေအောင်ပေါ့။ Tag အကြွေးရှင်တွေကတော့ စိတ်ကွက်ကုန်ပြီလား မသိပါဘူး။ မျက်နှာပူမိပါတယ်။

ဘာရယ်တော့ မဟုတ်ပါဘူး။ ဒီညလည်း စောစောအိပ်ရမှာ။ လေယာဉ်ကွင်းကို မနက် ၆ နာရီ မထိုးခင် ရောက်သင့်တယ်လို့ အကြံပေးတဲ့ သူလည်း ရှိတယ်။ အချိန်မှီ ရောက်မှ စိတ်ချရတာပေါ့တဲ့။ ၆ နာရီ မထိုးခင် ရောက်ဖို့အတွက် ၅ နာရီကျော်ကတည်းက အိမ်က ထွက်ရမယ့်ကိန်းပဲ။ ဒါဆို မနက် ၄ နာရီခွဲလောက် အိပ်ရာ ထရမှာပေါ့။ ညဉ့် နက်ချင်သလောက် နက်ပါစေ... မအိပ်ပဲ နေနိုင်ပေမယ့် မနက်စောစော အိပ်ရာထရတာတော့ စိတ်ကုန်တယ်။ မသွားမဖြစ် သွားရမှာဆိုတော့ ကုန်းရုန်းထရအုံးမှာပေါ့လေ။ ကဲ... အိပ်ပြီဗျာ။

9 comments:

khin oo may said...

အိပ် ..အိပ်..

thandar kyaw said...

ဘာလိုလိုနဲ့ ၃လတောင်ရှိတွားပြီ....ဟိ
ခရီးလမ်းမှာချောမွေ့ပါစေ...
သစ်သစ်

:P said...

ပျားရည်ဆမ်းလိုက်ရင် လမင်းကြီးရင်ချောင်သွားမှာ.........။ အို..ဒီတိုင်းလည်း ချောင်နေမှာပါလေ...။

၃ လ မှ ၃ နှစ်၊ နှစ်၃၀၊ နှစ် ၃၀၀ တိုင်ပါစေ။
မနက်ဘန်ကောက်သွားတော့မယ်လား။

Rita said...

အဟမ်း အဟမ်း

(အင်း ဒီ comment လည်း ရိုးနေပါပြီ)

jr.lwinoo said...

ဘာရယ်တော့ဟုတ်ပါဘူး.. ဆင်ကြီးကောက်တယ်တဲ့။
ညီမဖြင့် မတွေ့မိပေါင်။ :P

မြူးမြူး said...

လမင်းကြီးကို ဆီးချိုမဖြစ်စေချင်လို့ ပျားရည်တော့ မစမ်းထားဘူး။
ဘာများလဲလို့.. စဉ်းစားလိုက်ရတာ.. :)

ခြေလှမ်းသစ် said...

ဘယ်လိုပဲ ဖြစ်ဖြစ် လန်းနေတာပဲဗျို့ ...

ဧပရယ်လ်ပူး@ပူးတေ said...

Hamster တွေကို မွေးရတာကြိုက်တယ်... သူတို့နဲ့ နေရတာ စိတ်ချမ်းသာတယ်... ရန်ကုန်မှာတုန်းက မွေးခဲ့ဖူးတယ်... ၂ ကောင် ... လာခါနီး အားလုံးပေးခဲ့ရတယ်... အိမ်က တာဝန်မယူလို့လေ...
း(
သူတို့က နေ့ဘက်ဆို အိပ်နေကြတဲ့ ပုံစံက အသေကောင်လေးတွေလိုပဲ ဆန့်ဆန့်လေးတွေ .... ညကျမှ ကျွမ်းပြန်အောင်ဆော့တယ်ဆိုတာ သူတို့ပဲ... သူတို့ ဆော့တဲ့ ပုံကိုကြည့်ရင်း ကိုယ်တိုင်ပါဝင်ဆော့နေရသလို စိတ်တွေက မြူးကြွပြီး ပျော်လာတယ်... တခါတလေကျတော့လဲ အမောဆို့မှာ စိုးရိမ်မိသေး...:)

သူကြီးမင်း (တုံးဖလား) said...

ဘာရယ်လို့တော့ဟုတ်ပါဘူး။ လိုက်လာကြည့်တာ။ အိမ်လေးက အရမ်းသာယာပါ့။ အားလပ်တိုင်းလာဖို့ လင့်ခ်လေးပါ တစ်ပါတည်း ဆွဲမသွားတယ်။