.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, September 29, 2008

The double joy

ကမ္ဘာ့အရပ်အရှည်ဆုံး လူသားဖြစ်တဲ့ Mr. Bao Xishun ကတော့ အပျော်ပေါ် အပျော်ဆင့်ပြီး နှစ်ထပ်ကွမ်း ပျော်ရွှင်မှုတွေ ရလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ The Guinness Book of Records မှာ the World's tallest man ကမ္ဘာ့အရပ်အရှည်ဆုံး လူသားအဖြစ် ဆက်လက် ရွေးချယ်ခံရသလို ကလေးအဖေအဖြစ် ရာထူးတိုးတော့မှာပါ။ နောက်လမှာ မွေးမယ်လို့ မျှော်လင့်ထားတဲ့ ကလေးလေးဟာ သူ့ရဲ့ ပထမဦးဆုံး ရင်သွေးလေးပါပဲ။

တရုတ်ပြည်ထဲက မွန်ဂိုလီယား (အတွင်းပိုင်း)မှာ နေထိုင်တဲ့ အရပ် ၇ ပေ ၉ လက်မရှိတဲ့ Bao Xishun က အရပ် ၅ ပေ ၆ လက်မ ရှိတဲ့ Xia Shujuan ကို ၂၀၀၇ ဇူလိုင်လက လက်ထပ်ယူခဲ့တာပါ။ အဲဒီတုန်းက Bao Xishunက အသက် ၅၆ နှစ်ရှိပါပြီ။ သာမန်အရပ်သူ ဈေးသည်လေးဖြစ်တဲ့ Xia Shujuan ကတော အသက် ၂၉ နှစ်ပါ။ သူတို့ရဲ့ မင်္ဂလာပွဲကို မွန်ဂိုရိုးရာအတိုင်း ကျင်းပခဲ့ပါတယ်။

မွေးလာမယ့် ကလေးလေး (သားဖြစ်ဖြစ် သမီးဖြစ်ဖြစ်) အရွယ်ရောက်လာတဲ့အခါမှာ အရပ် ၆ ပေလောက် ရှိမယ်လို့ မျှော်လင့်မိတယ်။ ဒါဆိုရင် ဘတ်စ်ကတ်ဘောကို ကောင်းကောင်း ဆော့လို့ ရနိုင်ပြီပေါ့ လို့ ကလေးအဖေ ဖြစ်လာတော့မယ့် Bao က ပြောပါသေးတယ်။

ပျော်ရွှင်ပါစေ... Bao Xishun နဲ့ Xia Shujuan တို့ရေ...

Photo Credit: Reuters

Saturday, September 27, 2008

An offhand meal

ဖြစ်သလို စားတယ်ဆိုတာ ယောကျာ်းလေးတွေအတွက် မထူးဆန်းတဲ့ ကိစ္စတစ်ခုပါ။ မိန်းကလေးတွေလို ဖွယ်ဖွယ်ရာရာ အချိန်ပေး ချက်ပြုတ်စားသောက်တယ် ဆိုတဲ့ ယောကျာ်းလေးတွေက ရှိတော့ ရှိပါတယ်။ ဒါပေမယ့် ရှားပါတယ်။ ယောကျာ်းလေးအများစုကတော့ ဗိုက်ထဲကို အစာဝင်သွားရင် ဗိုက်ဆာပြေရင် ပြီးတာပဲ သဘောထားကြမှာပါ။

မနေ့က ဒွေး၊ တင့်တင့်ထွန်း၊ အိန္ဒြာကျော်ဇင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ချစ်ခြင်းရင်ခုန်ယုံကြည်စွာဖြင့် ဆိုတဲ့ကားကို ကြည့်မိသေးတယ်။ MIT ကျောင်းဝင်းထဲမှာ ရိုက်ထားတဲ့ ဗီဒီယိုဇာတ်လမ်းပါ။ အဲဒီထဲမှာ ဒွေးက ကန်တင်းမှာ တင့်တင့်ထွန်းတို့ ထိုင်နေတဲ့ စားပွဲကို စားသောက်ပြီးတဲ့အချိန်အထိ စောင့်ပြီးမှ မိတ်ဆက် စကားသွားပြောပါတယ်။ ဘာကြောင့် စားပြီးတဲ့အထိ စောင့်ရသလဲဆိုတာကို သူငယ်ချင်းတွေက မေးတော့ သူပြန်ဖြေတဲ့ စကားရဲ့သဘောက... မိန်းကလေးတွေအတွက်ကတော့ အစားအစာဆိုတာ ပထမဦးစားပေး အဆင့်အထဲမှာ ရှိပါတယ်တဲ့။ အစာစားနေတဲ့အချိန် ကျန်တာတွေ သွားပြောရင် စိတ်မ၀င်စားဘူးဆိုပဲဗျ။ အဟဲ... ဇာတ်ကားထဲမှာက အဲဒီလိုပဲ ပြောသွားတာပဲလေ။ မှန်လား မမှန်လား ကျွန်တော်တော့ မသိပါဘူးဗျာ။ ကာယကံရှင် အမျိုးသမီးထုကြီးက ပိုသိမှာပါလေ။

မိဘအိမ်မှာမနေပဲ သူငယ်ချင်းတွေနဲ့ အိမ်ငှားပြီးနေခဲ့တဲ့ ကျွန်တော့်အဖို့တော့ ဖြစ်သလိုစားတယ်ဆိုတာ လုပ်နေကြမို့ တခါတလေ ဖြစ်သလို စားတယ်ဆိုတာ ဘာကိုပြောမှန်းတောင် သေသေချာချာ မသိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆယ်စုနှစ်တစ်ခုစာနီးပါးမှာ နေ့စဉ် စားသောက်နေတဲ့ ပုံစံက ဖြစ်သလိုစားသောက်တဲ့ ပုံစံထဲမှာပဲ ရှိနေလို့ပါ။

ရန်ကုန်မှာ သူငယ်ချင်းတွေနဲ့ အတူနေတုန်းက မနက်အိပ်ရာထရင် အိမ်ရှေ့က လက်ဖက်ရည်ဆိုင်က ထမင်းကြော်၊ ပဲအီကြာ၊ စမူဆာနဲ့ လက်ဖက်ရည် တစ်ခုခုမှာပြီး ဗိုက်ဖြည့်လိုက်တယ်။ ဒါမှမဟုတ် ဘေးအိမ်မှာ ဖွင့်ထားတဲ့ မုန့်ဟင်းခါးဆိုင် အသုပ်ဆိုင်ကနေ အုန်းနို့ခေါက်ဆွဲ၊ ကြာဇံသုပ်တွေ မှာပြီး စားလိုက်တာပါပဲ။ အိပ်ရာထတာ စောရင်တော့ လမ်းထိပ်က ဈေးကို သွားပြီး ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ ရွှေထမင်း စတဲ့ မုန့်ပဲသရေစာတွေ ၀ယ်လာပြီး မနက်စာအဖြစ် စားလိုက်ပါတယ်။ အိပ်ရာထ နောက်ကျလို့ အဲဒါတွေ မရှိတော့ရင်လည်း လက်ဖက်ရည်တစ်ခွက်နဲ့ပဲ ပြီးသွားတာပါပဲလေ။

အဲဒီလို မနက်စာ စားပြီးရင် နေ့လည် ၂ နာရီအထိ ဘာမှမစားပဲ ဂိမ်းပဲ ထိုင်ဆော့နေပါတယ်။ ဗိုက်ဆာရင် ဆာသလို လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်တစ်ခွက် လှမ်းမှာလိုက်တယ်။ တခါတလေ ညနေ ၆ နာရီအထိ ထမင်းမစားပဲ လက်ဖက်ရည် တစ်ခွက်ပြီး တစ်ခွက် သောက်နေတတ်ပါတယ်။ အများအားဖြင့် ညစာပဲ စားဖြစ်ပါတယ်။ ညစာကိုလည်း သီရိမင်္ဂလာဈေးမှာ ညလုံးပေါက်ဖွင့်တဲ့ လက်ဖက်ရည်ဆိုင်မှာ ထမင်းကြော် သွားစားဖြစ်တာ များပါတယ်။ အအိပ်အစား လုံးဝမမှန်တဲ့ ပေတေတေ လူတစ်ယောက်ပေါ့။

ဒါနဲ့ပဲ မိဘတွေက အပေအတေ ကျွန်တော်ကို ရန်ကုန်ကနေ စကာင်္ပူကို နှစ်အကန့်အသတ်မရှိ ပြည်နှင်ဒဏ် ပေးလိုက်ပါတော့တယ်။ ဒီရောက်တော့မှပဲ အစားအသောက်နဲ့ အိပ်ချိန် နည်းနည်းလေး မှန်သွားပါတယ်။ နည်းနည်းလေး မှန်တယ်ဆိုတာ ပုံမှန်တော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့ ပုံမှန်မဟုတ်လဲ ဆိုတော့ စနေ တနင်္ဂနွေလို ရုံးပိတ်ရက်တွေမှာ အအိပ်အစား မမှန်လို့ပါ။ ကွန်ပျူတာရှေ့မှာ နတ်ကရာ ကျီးမော့သလို ဟိုဝင်ဒီထွက် ဟိုဖတ်ဒီဖတ်နဲ့ နာရီအချိန်မိနစ်စက္ကန့်တွေကို ဥပက္ခာပြုနေမိလို့ပါပဲ။

ရုံးတက်ရတဲ့နေ့တွေမှာတော့ နေ့လည်စာကတော့ အချိန်မှန်လေး စားဖြစ်ပါတယ်။ အလုပ်တွေ ခဏနားပြီး အပြင်ထွက်လို့ရတာကြောင့် ထမင်းစားချိန်မှာ ထွက်ဖြစ်တယ်လေ။ ရုံးနားမှာရှိတဲ့ စားသောက်ဆိုင်တန်းမှာ ဆိုင်တွေ အများကြီး ရှိပေမယ့် ခေါက်ဆွဲမကြိုက်တဲ့ ကျွန်တော်အဖို့ ခေါက်ဆွဲဆိုင်တွေ ရှေ့ကို ဖြတ်တောင် မလျှောက်ပါဘူး။ မလေးထမင်းဟင်းတွေ ရောင်းတဲ့ဆိုင်မှာ တခါတလေ ထမင်းစားဖြစ်ပါတယ်။ ဒါပေမယ့် ခြေလေးချောင်းသား မစားတာကြောင့် အမဲသား ဆိတ်သားဟင်းကို ရှောင်ဖို့ မေးမြန်းရတာ အတော်လေးကို ကရိကထ များပါတယ်။ ဒါကြောင့် နောက်ပိုင်း သိပ်မစားဖြစ်ပါဘူး။

အလုပ်များနေလို့ အချိန်မကုန်ချင်တဲ့အခါ ကြက်ဆီထမင်းကို ဖြစ်သလိုပဲ စားလိုက်ပါတယ်။ သူက မှာလိုက်ရင် ချက်ချင်းရပါတယ်။ သိပ်မစောင့်ရပါဘူး။ စားရင်လည်း မြန်ပါတယ်။ ဒါပေမယ့် ဟင်းရည်က အချိုမှုန့်တွေပဲ ပါသလားတော့ မသိဘူး စားပြီးရင် ခေါင်းနည်းနည်း မူးသလိုပါပဲ။ ဒါကြောင့် အချိန်မရမှပဲ စားဖြစ်ရင်တောင် ဟင်းရည်ကို မသောက်မိအောင် သတိထားရပါတယ်။ အချိန်နည်းနည်း ပိုရရင်တော့ ကုလားဆိုင်မှာ ထမင်းစားပါတယ်။ ရွေးချယ်စရာ သိပ်မရှိတဲ့ ကျွန်တော့်အဖို့ ဟင်းကတော့ ကြက်သား သို့မဟုတ် ပုဇွန်ပါပဲ။ ဟင်းသီးဟင်းရွက် အနည်းငယ်လည်း ပါတာပေါ့။ မပါမဖြစ်ကတော့ ပဲဟင်းပါပဲ။

အိမ်ပြန်ရောက်ရင်တော့ မြန်မာပြည်က လာတဲ့လူဖြစ်တဲ့အတိုင်း အခြောက်အခြမ်းတွေ၊ လက်ဖက်သုပ်တွေ ရှိနေရင်ပဲ ညစာက အဆင်ပြေနေပါတယ်။ ငါးရံ့ခြောက်၊ ငပိကြော်၊ ဘာလချောင်ကြော်တွေက ကျွန်တော်ရဲ့ အကြိုက်ဆုံး အစားအစာတွေပေါ့။ လက်ဖက်ဆိုရင် ကြက်ခြေနီသုပ်တစ်ခုပဲ ကြိုက်ပါတယ်။ ကျန်တဲ့ လက်ဖက်ဆိုရင် သိပ်မကြိုက်ပါဘူး။ မျှင်ငပိထောင်းရှိရင်လည်း ထမင်းစားဝင်ပါတယ်။ ငပိရည်နဲ့လည်း စားဖြစ်တယ်။ ဒါကြောင့် အဲဒါတွေ ရှိနေရင် ဖြစ်သလို စားနေရတယ်ကို မထင်တော့ဘူးခင်ဗျ။

ဟိုဟာမစား ဒီဟာရှောင်၊ ဟင်းအရောင်ရွေး အနံ့ရွေး ဟင်းဂျီးများတဲ့ ကျွန်တော်အဖို့ အခြောက်အခြမ်းတွေက ရွေးချယ်စရာ သိပ်မလိုတဲ့ အစားအစာတွေပါ။ ကြိုက်တာလည်း ပါပါတယ်။ ဒီတော့ ညစာကို ဒီဟင်းတွေနဲ့ပဲ ဖြစ်သလိုပဲ စားလိုက်တာပေါ့ဗျာ။ ညစာကို အိမ်မှာမစားဖြစ်လို့ အပြင်ထွက်စားဖြစ်ရင်လည်း ထူးထူးထွေထွေ ရှာဖွေ စားသောက်မနေပါဘူး။ အနီးဆုံး KFC, MacDonald ဆိုင်ကို သွားပြီး ပွဲတော်တည်လိုက်ပါတယ်။

သြော်... ချက်မစားဘူးတဲ့လား။ ဟုတ်ကဲ့... ထမင်းကလွဲလို့ ဘာမှ မချက်တတ်ပါဘူး။ ဓါးလည်း မကိုင်တတ်ပါဘူး။ ကြက်သွန်လည်း မလှီးတတ်ပါဘူး။ အာလူးလည်း အခွံမနွာတတ်ပါဘူး။ အရင်တုန်းက ကြက်ဥကြော်ဖို့ ကြိုးစားဖူးပါတယ်။ ဆီပေါက်လို့ မီးဖိုချောင်ထဲမှာ မျောက်ခုန်သလို ပတ်ပြေးနေရပါတယ်။ ပလာတာကြော်စားဖို့လည်း ကြိုးစားခဲ့ဖူးပါတယ်။ ပလာတာကို ဒယ်အိုးထဲ ထည့်ပြီး ကြော်နေတုန်း ဖုန်းလာလို့ ဖုန်းဖြေနေတာ မီးဖိုပိတ်ဖို့ မေ့သွားပါတယ်။ ဖုန်းဖြေပြီးတဲ့အချိန်မှာတော့ ပလာတာဖင်မည်းကြီးပဲ ရခဲ့လိုက်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ကြော်ထားတာဆိုတော့ နှမြောတာနဲ့ပဲ စားကြည့်လိုက်သေးတယ်။ အဲဒီကတည်းက စပြီး ပလာတာကို မုန်းသွားတာ အခုထိပါပဲဗျာ။

ကဲ... မလင်းရေ... ဖြစ်သလို စားတာတွေကို ဖြစ်သလို မရေးပဲ အသေအချာ ရေးပေးလိုက်ပါတယ် ခင်ဗျာ။
ကဲ ဒီတစ်ခါ လက်ဆင့်ကမ်းမယ့် သူများကတော့...
ချက်စားဖြစ်ရင် သံချောင်းခေါက်မယ် ဆိုတဲ့ YTU က တောသား
အဖေက တမင်ပေးထားတဲ့ အမည်ပိုင်ရှင် မတူးတူးသာ
အိမ်ကချက်တဲ့ အစာတွေ မကြိုက်တော့တဲ့ မခင်မမမျိုး
အိမ်း... ထိုသို့ပြုရကုသလကြောင့် ဖြစ်သလို မလင်းဆိုတဲ့ အပျိုကြီးတစ်ယောက် ဒီသီတင်းကျွတ်မှာ လင်ကောင်းသားကောင်း အမြန်ရပါစေသောဝ်.... (ဟမ်... ဘာမှလည်း မဆိုင်ပါဘူးနော်။ စတာနော် အတည်... အဟိ)

Thursday, September 25, 2008

My passion further


လောလောဆယ် အဲဒီ အုန်းသီးကြီးကို လိုချင်နေတယ်ဗျာ။ Nikon က ထုတ်တဲ့ D90 model ကြီးပေါ့။ အဲဒီလို ကင်မရာအကြောင်း ဘာမှကို မသိတာပါ။ ဒါကြောင့်လည်း ကိုမောင်လှတို့ ကိုဂျေတို့ ကိုစာပုတီးတို့ကိုပဲ ဂျီတော့ခ်မှာ တွေ့တိုင်းမေးပြီး နားပူလေ့ကျင့်ခန်းတွေ ပေးနေခဲ့တာပေါ့။ အခုတစ်ခေါက် D90 မှာ Live view ပါလို့ ကျွန်တော်လို မျက်မှန်သမားအတွက် အဆင်ပြေမယ် ထင်ပါတယ်။ ဒါမှမဟုတ်ရင် View Finder အပေါက်ထဲကို ပြူးပြဲ ချောင်းနေရမယ်လေ။ နောက်ပြီး Dust removal system လည်း ပါလာတယ်။ Movie capturing function လည်း ပါပါတယ်။ ဒါက DSLR ကင်မရာ ကမ္ဘာမှာ ပထမဦးဆုံးပါပဲ။

Nikon D90 Key Features
* 12.9 megapixel DX-format CMOS sensor (effective pixels: 12.3 million)
* 3.0-inch 920,000 pixel (VGA x 3 colors) TFT-LCD (same as D3 and D300)
* Live View with contrast-detect AF, face detection
* Image sensor cleaning (sensor shake)
* Illuminated focus points
* Movie capture at up to 1280 x 720 (720p) 24 fps with mono sound
* IS0 200-3200 range (100-6400 expanded)
* 4.5 frames per second continuous shooting
(buffer: 7 RAW, 25 JPEG fine, 100 JPEG Normal)
* Expeed image processing engine
* 3D tracking AF (11 point)
* Short startup time, viewfinder blackout and shutter lag
* Slightly improved viewfinder (96% frame coverage)
* Extensive in-camera retouching including raw development and straightening
* Improved user interface
* New optional compact GPS unit (fits on hot shoe)
* Same battery and vertical grip as D80
* Vignetting control in-camera
* 72 thumbnail and calendar view in playback


ရှေ့တစ်ပတ် တနင်္ဂနွေမှာ ဈေးသွားစုံစမ်းတာ ဈေးက အစားစားပဲ။ ခေါ်ဈေးတွေပေါ့။ တချို့က စလုံး ဒေါ်လာ ၁၈၀၀ ကျော် တောင်းပါတယ်။ တချို့က ၁၇၀၀ ကျော်တဲ့။ အနည်းဆုံး ရခဲ့တဲ့ ဈေးက ဒေါ်လာ ၁၅၅၀ ပါ။ Body တစ်ခုတည်းဈေးတော့ မဟုတ်ပါဘူး။ AF-S DX NIKKOR 18-105mm f/3.5-5.6G ED VR မှန်ဘီလူးပါ ပါပါတယ်။ VR ဆိုတာက Vibration Reduction ပါ။ လက်မငြိမ်တဲ့ လူတွေအတွက် ကောင်းပါတယ်။ ပုံတွေ မ၀ါးတော့ဘူးပေါ့။ တခြား မှန်ဘီလူးတွေကလည်း ဈေးမသေးလှပါဘူး။

ဒီကောင်ကြီး ၀ယ်ပြီးရင် နောက်က လိုက်ရမယ့်ဟာတွေက အများကြီးပဲ။ စင်္ကာပူလို စိုထိုင်းဆများတဲ့ နိုင်ငံအဖို့ Dry Box က မရှိမဖြစ်လိုမယ်။ Dry Box က စလုံး ဒေါ်လာ ၂၀၀ လောက် ပေးရမှာပါ။ Tripod တစ်ခုလည်း လိုအုံးမယ်။ Tripod တွေကလည်း ဈေးမနည်းဘူး။ ဒေါ်လာ ၅၀ ပတ်ဝန်းကျင်ကနေ ဒေါ်လာ ၃၀၀ အထိ ရှိတယ်ဗျ။ Card Reader လည်း ၀ယ်ရအုံးမယ်။ ဒါကြောင့် လူတွေက ပြောတာ လူတစ်ယောက်ကို သိပ်ပြီး ကြည့်မရရင် ဂျစ်ကား ဒါမှမဟုတ် အဲဒီလို ကင်မရာ အကောင်းစား တစ်ခုခုကို လက်ဆောင်ပေးလိုက်တဲ့။ နောက်ကလိုက်ရတဲ့ ပစ္စည်းဖိုးနဲ့တင် မွဲလိမ့်မယ်တဲ့ဗျာ။

Tuesday, September 23, 2008

Last 10 days

မသေခင် နောက်ဆုံး ၁၀ ရက်မှာ ဘာတွေလုပ်မလဲ ဆိုတာကို ရွှန်းတီပဲ Tag ထားတာပါ။ Tag ထားတာတော့ ကြာလှပါပြီ။ ကျွန်တော်က မရေးဖြစ်သေးတာပါ။ ရေးဖို့လည်း စဉ်းစားမရတာပါတယ်။ ကိုယ်မသေခင် လုပ်ချင်တဲ့ ဆန္ဒတွေကို ချရေးရမှာလား လုပ်သင့်တာတွေကို ချရေးရမှာလားပေါ့။

တချို့က လောကမှာ နေတတ်ဖို့ထက် သေတတ်ဖို့က အရေးကြီးတယ်လို့ ပြောကြပါတယ်။ သေမယ့်အချိန်မှာ စိတ်ထား မထားတတ်ရင် လားရာသုဂတိ မကောင်းနိုင်တာကြောင့် သေတတ်ဖို့ လိုတယ်လို့ ပြောကြတာပါ။ ဒီလိုပါပဲ တချို့ကတော့ လောကမှာ သေတတ်ဖို့ထက် နေတတ်ဖို့က ပိုပြီးအရေးကြီးတယ်တဲ့။ သေတာက သေပြီးသွားရင် ဘ၀က ပြီးပြီတဲ့။ ဒါပေမယ့် မသေခင်မှာ ကိုယ်ကြောင့် သူများတကာ ဒုက္ခမရောက်အောင် နေတတ်ဖို့ အရေးကြီးတယ်ဆိုပဲ။

ကဲဗျာ.... ဘယ်သူတွေ ဘာပဲပြောပြော ကိုယ်ထင် ကုတင်ရွှေနန်းပဲဗျာ။ ကျွန်တော်အဖို့ကတော့ လောကမှာ နေတတ်ဖို့ လိုသလို သေတတ်ဖို့လည်း လိုနေပါတယ်။ ဒါကြောင့် လက်ရှိဘ၀မှာ နေတတ်ဖို့ ကြိုးစားနေသလို သေတတ်ဖို့လည်း ပြင်ဆင်နေပါတယ်။

မသေခင် ၁၀ ရက်မှာ ဘာလုပ်မလဲဆိုတော့ အတော်စဉ်းစားရ ခက်ပါတယ်။ လောလောဆယ် တစ်ကိုယ်ရေ တစ်ကာယသမား အိမ်ထောင်မရှိတဲ့ ဘ၀ဆိုတော့ စဉ်းစားထားတာတွေက နောက်ဆံတင်းစရာ သိပ်မပါပါဘူး။ ဒါ့အပြင် လုပ်ချင်တာနဲ့ လုပ်သင့်တာတွေကို အကုန် ရောပြီး ရေးထားပါတယ်။ တကယ့် လက်တွေ့ဘ၀ သေမင်းနဲ့ ရင်ဆိုင်ချိန်မှာ လတ်တလော စဉ်းစားထားတဲ့ ၁၀ ရက်အတိုင်း လုပ်နိုင်မလား ဆိုတာကိုတော့ ကျွန်တော် ကံသေကံမ ယတိပြတ် မပြောနိုင်ပါဘူး။ ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး တစ်ချို့အရာတွေ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် အာမ မခံနိုင်ပါဘူး။

၁၀ ရက်။
သေချာတာက လက်ရှိ အလုပ်ကနေ ထွက်မှရမယ်။ အချိန်မှီ အလုပ်မထွက်ရင် အမိန့်စာ ပြန်နေရမယ်။ "သင်သည် ကျွန်ုပ်တို့နှင့် မသက်ဆိုင်တော့ပါ။" ဆိုပြီး ရုံးက တစ်ယောက် အလောင်းရှေ့မှာ လာဖတ်ရတာမျိုး မဖြစ်စေချင်ဘူး။ အဲဒီလို ဖတ်ရတဲ့လူကို စာနာလို့ပါ။ အမိန့်စာ ပြန်ရတဲ့ အလုပ်က တကယ်ကို မလွယ်ဘူး ခင်ဗျ။ ကျွန်တော် အမိန့်စာ ပြန်တဲ့အလုပ်ကို တစ်ခါ လုပ်ဖူးတယ်။ အဲဒီအချိန်မှာ မျက်ရည်မကျအောင်ရယ် အသံမတုန်အောင်ရယ် မနည်းထိန်းရတာ။ "သင်သွားလို့ရာကို သွားနိုင်ပြီ"..... ဆိုတဲ့နေရာက ဇာတ်ရှိန် အမြင့်ဆုံးပဲ။

၉ ရက်။
ဘဏ်ထဲက ငွေတွေ အကုန်သွားထုတ်ရမယ်။ ဘဏ်စာရင်းတွေ ပိတ်ရမယ်။ ဘဏ်စာရင်းက မပိတ်ပဲ ထားခဲ့ရင် ဘဏ်က တစ်လကို နှစ်ဒေါ်လာ ဖြတ်နေတာနဲ့ အကြွေးတင်ပြီး သူများနိုင်ငံမှာ မြေလာခံနေရအုံးမယ်။ ပြီးရင် လေယာဉ်လက်မှတ်ဖိုး ချန်ထားပြီး မြန်မာပြည်ကို လွှဲရမယ်။ လေယာဉ်လက်မှတ် ၀ယ်ပြီး ညပိုင်းလေယာဉ်နဲ့ မြန်မာပြည်ကို ပြန်မယ်။ "ဟေ့ ... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကို ရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။" ဆိုတဲ့ ဦးသန့်ရဲ့စကားအတိုင်းပေါ့။

၈ ရက်။
မြန်မာပြည်ရဲ့ မနက်ခင်း နေခြည်ထွေးထွေးကို အပြုံးပန်းတွေနဲ့ ကြိုဆိုလိုက်မယ်။ ရပ်ကွက်ထဲက ဆိုးဖော် ဆိုးဘက်တွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်အုံးမယ်။ လမ်းသွားလမ်းလာတွေကို နှုတ်ဆက်မယ်။ တချို့တွေက အစ်ကိုလို့ ခေါ်ကြမယ်။ တချို့တွေက ဦးလေးလို့ ခေါ်ကြမယ်။ တစ်ချို့တွေက ဆရာလို့ ခေါ်ကြမယ်။ သေချာတာကတော့ အဘလို့ မခေါ်ဘူး ဆိုတာပါပဲ။ နေ့လည်ပိုင်းမှာ ကျောင်းတုန်းက သူငယ်ချင်းတွေဆီကို လျှောက်လည်မယ်။ ရှေးဟောင်းနှောင်းဖြစ်တွေကို စားမြုံပြန်ကြမယ်။ အင်းစိန် ကြို့ကုန်းက RITကျောင်းကို သွားလည်မယ်။ ညနေပိုင်းမှာတော့ လှိုင်မြစ်ကမ်းနဖူးမှာ သူငယ်ချင်းတွေနဲ့ စုထိုင်ကြမယ်။ မြစ်ထဲမှာ ကူးလူးသွားလာနေတဲ့ ငှက်သမ္ဗာန်တွေရဲ့ ဆည်းဆာအလှကို နေ၀င်တဲ့အချိန်အထိ ခံစားမယ်။ ညပိုင်းမှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ပြန်ထိုင်အုံးမယ်။

၇ ရက်။
မနက်ပိုင်းမှာ UNICEFက ဆရာဦးတိုက်အောင်၊ PSI က အန်တီဂရေ့စ်၊ သုခရိပ်မြုံက ဆရာမဂျူး၊ GIPA က မနန်း၊ နာရေးကူညီမှုအသင်းက ကိုကျော်သူတို့ဆီ သွားလည်မယ်။ CSW တွေရဲ့ ဘ၀ကို ဘယ်လို မြင့်တင်နေတယ် ဆိုတာကို နားထောင်မယ်။ RISK တွေကို ဘယ်လို လျော့ချနေလဲ ဆိုတာ စပ်စုမယ်။ လမ်းပေါ် ကလေးတွေရဲ့ အနာဂတ်အတွက် ဘာတွေ လုပ်နေကြလဲဆိုတာကို မေးကြည့်မယ်။ မြန်မာပြည်အတွင်းက လူမှုရေးလုပ်ငန်းတွေအကြောင်း ဟိုဟိုဒီဒီ ပြောကြမယ်။ ကိုယ်ရဲ့ အကြံဥာဏ်တွေ အမြင်တွေကို ဖလှယ်မယ်။ ပြီးတော့ သူတို့တွေကို လေးစားကြောင်း ဂုဏ်ယူကြောင်း ပြောအုံးမယ်။

၆ ရက်။
MRCS Head Office ကို သွားမယ်။ ဥက္ကဌ ဒါမှမဟုတ် အမှုဆောင် တစ်ယောက်ယောက်နဲ့ စကားပြောကြမယ်။ ကျွန်တော် စင်္ကာပူမှာ လုပ်အားပေးခဲ့တဲ့ ကြက်ခြေနီ အတွေ့အကြုံတွေကို တင်ပြမယ်။ အခွင့်အရေးလိုချင်လို့ နေရာလိုချင်လို့ အကျိုးမျှော်ကိုးပြီး ၀င်လာတဲ့လူမျိုး မရှိရလေအောင် ကြက်ခြေနီဆိုတာ ပေးဆပ်နေတဲ့ ဖြူဖြူစင်စင် လူမှုကရုဏာအဖွဲ့အစည်းကြီး ဖြစ်နေဖို့လိုမယ်။ ကြက်ခြေနီဝတ်စုံမှာ ရာထူးတံဆိပ်တွေကြောင့် အာဏာရူးပြီး ခုံလုကိုက်ပွဲတွေ ဖြစ်နေရတာကို ထောက်ပြမယ်။ မျိုးဆက်သစ် လူငယ်တွေကို နေရာပေး တာဝန်ပေးရဲတဲ့ ကြက်ခြေနီအဖွဲ့ ဖြစ်လာဖို့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ လိုအပ်ကြောင်း နားချမယ်။ လူမှုရေးစိတ်ဓါတ် တစ်ခုကိုပဲ အရင်းခံပြီး ကြက်ခြေနီ အဖွဲ့ဝင်တာမျိုး ဖြစ်အောင် ဖန်တီးသင့်တယ် ဆိုတဲ့ အသိတရားကို နိုးကြားလာအောင် ပြောမယ်။ သိပြီးသားတွေ ဖြစ်ပေမယ့် အမုန်းခံပြီး ပြောတဲ့လူ မရှိလို့ မေ့နေနိုင်တာကြောင့် အသိတရား ပြန်နိုးကြားအောင် ပြောမယ်။ ချစ်လို့ ပြောတာ မှတ်ပါလို့ တစ်ခါတည်း ပြောလိုက်မယ်။

၅ ရက်။
လီကွမ်ယူကြီး ပြောခဲ့တဲ့ ဒီတစ်ယောက်ပဲ ဦးနှောက်ရှိတယ် ဆိုတဲ့ လူကြီးကို တွေ့ခွင့်ရချင်မိတယ်။ သူဆိုတာက ၁၉၉၀ ပါတ်ဝန်းကျင်မှာ အရမ်းထင်ရှားခဲ့တယ်။ အားလုံးထဲမှာ အသက်အရွယ် အငယ်ဆုံး၊ ရုပ်ရည်ရူပကာ အတင့်တယ်ဆုံး၊ ၀တ်စားဆင်ယင်မှု အဆင့်အတန်း အရှိဆုံး၊ သတင်း မီဒီယာတွေမှာ အတွေ့ရ အများဆုံး။ အပြင်မှာ နှစ်ခါလောက် တွေ့ဘူးတယ်။ သူပြောတဲ့ စကားတွေ ကြားဖူးတယ်။ မိုးခါးရေတောမှာ မျောခဲ့ရတာ၊ တပည့်မကောင်း ဆရာခေါင်း ဆိုတာကို လက်တွေ့ပြသွားခဲ့တဲ့ တစ်ယောက်၊ မတွေ့ရတာ အတော်လေးကို ကြာပေါ့။ သူတာ ဆက်ရှိနေရင် ဘာတွေကို ဘယ်လိုပြောင်းလဲမှုတွေ ဆက်လုပ်မလဲ၊ ဘယ်လို ညှိုနှိုင်းမှုတွေ ပြုလုပ်မလဲ၊ ဘယ်လမ်းတွေကို ဆက်ဖောက်မလဲ ဆိုတာ သိချင်နေမိပါတယ်။ သူရင်ထဲမှာ ဘယ်လိုအရာတွေကို တန်ဖိုးထားသလဲ၊ သူလုပ်ခဲ့တဲ့အရာတွေ၊ ရှေ့ဆက်မယ့်အရာတွေက ဘယ်သူတွေ အတွက်လဲဆိုတာကို သူပါးစပ်နဲ့ ပြောတာကို နားထောင်ချင်မိတယ်။ တွေ့ခွင့်မရရင်တော့ ကျွန်တော် အဲဒီလို တွေ့ချင်ခဲ့ကြောင်း စာရေးပြီး သူ့ဆီကို ပို့လိုက်ပါမယ်။

၎ ရက်။
နုပျိုမှုတွေကို စတေးခံလိုက်ရတဲ့ မြန်မာပြည်က အိန်ဂျယ်တစ်ပါးဆီကို စာရေးမယ်။ နိုင်ငံပိုင်သတင်းစာ ဖတ်တာများခဲ့တဲ့ ကျွန်တော့်ရဲ့ ငယ်စဉ်ဘ၀မှာ သူ့ကို သိထားတာက အဖေမျက်နှာ မထောက် တိုင်းပြည်ကို ကျွန်ပြုခဲ့သူကို လင်တော်ထားတဲ့ ဒေါ်လာစား ဘိုကတော် တစ်ယောက်ပေါ့။ ဒါပေမယ့် တကယ်တမ်း ပြန်လည် ဆန်းစစ်ကြည့်တော့ အဲဒီအချိန်က ကျွန်တော့်အမြင်တွေ မှားနေတယ်။ နှစ်ပေါင်းများစွာ အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရတဲ့ သူမရဲ့ဘ၀ကို အတော်လေး စာနာမိခဲ့ပါတယ်။ ငယ်ရွယ်နုပျိုတဲ့ဘ၀ကို အထီးကျန်ဆန်ဆန် ဖြတ်သန်းခဲ့ရတဲ့ စွန့်လွှတ်မှုမျိုးက အတော်လေးကို ကြိုးစား အားထုတ်ယူရမှာပါ။ နောက်ပြီး... သူဟာ မိန်းမသားတစ်ယောက်၊ ခင်ပွန်းသည် မရှိတော့ဘူး။ သားတွေနဲ့လည်း ဝေးနေရတယ်။ တော်ရုံတန်ရုံ စိတ်ဓါတ်မျိုး မဟုတ်ပါဘူး။ အဲဒါကြောင့် အထူး လေးစားမိတယ် ဆိုတဲ့အကြောင်း စာရေးခဲ့ပါမယ်။ အဲဒီစာကို သူ့ဆီကို ရောက်အောင် ကြိုးစားပါမယ်။

၃ ရက်။
သွေးလှူဘဏ်ကို သွားပြီး လက်ရှိ သွေးလှူတဲ့လုပ်ငန်းတွေ လည်ပတ်နေတာကို လေ့လာပါမယ်။ ပြီးတော့ ကျွန်တော်သူငယ်ချင်းတွေ စုဖွဲ့ထားတဲ့ သွေးလှူရှင်အသင်းမှာ အဖွဲ့ဝင်တွေကို စုစည်းပြီး ရှေ့ဆက်ကြမယ့် လုပ်ငန်းစဉ်တွေကို တိုင်ပင်ဆွေးနွေးပါမယ်။ ကျွန်တော်ရဲ့ အတွေ့အကြုံတွေကို ဖလှယ်ပါမယ်။ သွေးနဲ့ ပါတ်သတ်တဲ့ အသိပညာတွေကို ဟောပြောပါမယ်။ ရံပုံငွေ အားနည်းတဲ့ အဖွဲ့ဖြစ်တဲ့အတွက် ရံပုံငွေတစ်ရပ် ထူထောင်ပေးပါမယ်။ အခြား အလှူရှင်တွေဆီက ရံပုံငွေ ရှာဖွေဖို့လည်း တင်ပြဆွေးနွေးပါမယ်။ လူငယ်တွေရဲ့ အားကို အဓိက အားထားဖို့ တိုက်တွန်းပါမယ်။

၂ ရက်။
နှစ်ရှည်လများ စုဆောင်းခဲ့တဲ့ စာအုပ်တွေ၊ တံဆိပ်ခေါင်းတွေကို ၀ါသနာပါပြီး ရိုရိုသေသေ သိမ်းဆည်း စုဆောင်းမယ့် လူလက်ထဲ အပ်လိုက်မယ်။ စုဆောင်းခဲ့သမျှ ငွေကြေးရဲ့ တစ်ဝက်နီးပါးကို မိဘနှစ်ပါးအတွက် ထားပါမယ်။ ကျန်တစ်ဝက်ကို ဆေးကျောင်းတက်နေတဲ့ ညီအငယ်ဆုံး ဆရာဝန် ဖြစ်လာတဲ့အခါမှာ အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်းဖွင့်ဖို့အတွက် ပေးလိုက်ပါမယ်။ အခမဲ့ကုသိုလ်ြဖစ် ဆေးခန်းကို ဘယ်လို ပုံစံမျိုးနဲ့ ဖွင့်လှစ်မယ်ဆိုတာကို တိုင်ပင်ကြပါမယ်။ လူနာတွေ သက်တောင့်သက်သာ ဆေးခန်း လာပြလို့ရအောင် ဆေးခန်းတစ်ခုရဲ့ လိုအပ်ချက် အားလုံးပြည့်စုံနေမယ့် ဆေးခန်းပုံစံ ဗိသုကာ ဒီဇိုင်းတစ်ခုကို ဆွဲပေးပါမယ်။

၁ ရက်။
သေတတ်ဖို့ ကြိုးစားပါပြီ။ သူများတကာလို့ လူပြန်မဖြစ်ချင်ပါဘူး။ ဖြစ်နိုင်ရင် ဒီတစ်ဘ၀နဲ့ ချုပ်ငြိမ်းချင်တယ်။

~~~~~~~~~~
စကားစပ်ရင်း Tag Game နဲ့ပါတ်သတ်ပြီး တစ်ခု ပြောချင်ပါတယ်။ ကျွန်တော့်ကို Tag ထားရင် မရေးရသေးတဲ့ စာဖြစ်ရင် ရေးဖြစ်အောင်တော့ ရေးပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Tag တဲ့လူရဲ့ ခင်မင်မှုကို လေးစားတာကြောင့်ပါ။ ကျွန်တော်က ပြန် Tag တဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်ခဲ့တဲ့သူတွေ ရှိခဲ့ဖူးပါတယ်။ ကိုယ်က သူတို့ကို အားလား မအားလား ရေးချင်သလား မမေးမိပဲ ကိုယ်ဘက်က တစ်ဖက်သတ် Tag ခဲ့တဲ့အတွက် သူတို့ကို အားနာမိရပြန်တယ်။ ဒါကြောင့် နောက်ပိုင်းမှာ ကျွန်တော်က ပြန် Tag တဲ့အခါ အရင်ဦးစွာ တီးခေါက်မေးမြန်းပါတယ်။ ရေးနိုင်တယ် ရေးချင်တယ် ဆိုတဲ့သူကိုမှ ကျွန်တော် Tag စာရင်းထဲကို စာရင်းသွင်း ပါတော့တယ်ခင်ဗျ။

အခု တစ်ခေါက် Tag တဲ့စာရင်းထဲမှာတော့...
ကင်မရာကြီးထမ်းထားတဲ့ မခင်မင်းဇော်...
ကူညီတဲ့လက်များမှ မနှင်းဆီနီနီ...
တူမကြီး အိုင်စီ အလွမ်းပြေ...
အလွမ်းမင်းသမီး မလင်း...
အိမ်မက်ထဲက နှင်းဆီနီနီ...
လက်ဖက်ရည်ဆိုင်က မောင်တီး...

Sunday, September 21, 2008

Treasure Hunt - Facebook

အခုရက်ပိုင်း အချိန်အားရင် အားသလို ကျွန်တော် ဇူလိုင်တစ်ယောက် ပင်လယ်ဒမြလုပ်ပြီး ရတနာ ရှာပုံတော် ဖွင့်နေပါတယ်။ ပင်လယ်ဒမြ လုပ်တယ်ဆိုလို့ ပင်လယ်ကြီးက ကျယ်တယ်... ဒမြက တိုက်တယ်... ကျယ်တိုက် ကြိုက်တယ်ဆိုပြီး ဘယ်တရုတ်မလေးကို သွယ်ဝိုက်သောနည်းနဲ့ တိုးတိတ် ချစ်ခွင့်ပန်နေသလဲလို့ ထင်တော် မမူကြပါနဲ့အုံး။ အထင်တွေ ကြီးပြီးမှ ဖြစ်မလာရင် ရင်မောရတာပဲ အဖတ်တင်မယ်လေ။ အဲဒီလိုဖြစ်သွားရင် အားနာလွန်းလို့ပါဗျာ။

Facebook ထဲမှာ ပါတဲ့ fluff friends ဂိမ်းကလေးတစ်ခုကို ဆော့နေတာပါ။ fluff friends က အကောင်မွေးတဲ့ ဂိမ်းလေးပါ။ အဲဒီထဲမှာ ကိုယ်ကြိုက်တဲ့ အကောင်ကို ရွေးပြီး မွေးထားရပါတယ်။ အဲဒီ အကောင်လေးကို အစာကျွေးရတယ်။ အလှဆင်ရတယ်။ တခြား သူငယ်ချင်းတွေ မွေးထားတဲ့ အကောင်တွေနဲ့ အပြေးပြိုင်ပြီး ပိုက်ဆံရှာလို့ရတယ်။ ရတဲ့ပိုက်ဆံနဲ့ အစာဝယ်ပြီး ကိုယ်အကောင် အားရှိအောင် အပြေးမြန်အောင် အစာတွေ ထပ်ကျွေးရပါတယ်။
အဲဒီ fluff friends ထဲမှာပဲ ရာသီအလိုက် ဂိမ်းလေးတွေ စီစဉ်ပေးပါတယ်။ အခုတစ်ခေါက်ကတော့ International Talk Like A Pirate Day - Sep 19th အထိမ်းအမှတ်နဲ့ Pirate Treasure Hunt ဆိုတာလေးကို လုပ်ပေးထားပါတယ်။ ဂိမ်းအရ ညသန်းခေါင်အချိန်မှာ ပင်လယ်ဒမြ မျောက်က သူ့သဘောင်္မှာ ပါလာတဲ့ ရတနာတွေကို ခိုးလာပြီး Facebook ထဲက fluff friends တွေထဲမှာ လိုက်ထည့်ပေးထားပါတယ်။
ကျွန်တော်တို့က ကိုယ်အကောင်လေးရဲ့ သေတ္တာထဲမှာ ရတနာ ရှာလို့ရသလို အခြား အကောင်တွေဆီကို လှည့်ပတ်သွားရင်း ရတနာသေတ္တာတွေ လိုက်ဖွင့်လို့ ရပါတယ်။ ပထမဦးဆုံး တွေ့ရမှာက ပိတ်ထားတဲ့ သေတ္တာလေးပါ။ အဲဒီ သေတ္တာလေးကို ဖွင့်လိုက်ရင် တစ်ချို့သေတ္တာထဲမှာ ဘာတစ်ခုမှ မပါပဲ ဗလာကြီး ဖြစ်နေတတ်သလို ကံကောင်းတဲ့ ဖေကံကောင်းအဖို့ ရတနာတွေပါတဲ့ သေတ္တာနဲ့လည်း ကြုံနိုင်ပါတယ်။ ရတနာတွေ့တိုင်းလည်း ချက်ချင်း ယူလို့ရတယ် မထင်ပါနဲ့။ သေတ္တာပိုင်ရှင် အိမ်ရှင်ဖြစ်တဲ့ အကောင်လေးကို လက်ဆောင်ပေးတာတို့ အစာကျွေးတာတို့ကို လုပ်ပေးရပါသေးတယ်။ ပြီးမှ ရတနာကို ယူခွင့်ရှိပါတယ်။
စရှာတဲ့အချိန်မှာ ရတနာ တွေ့ရတာ များပါတယ်။ တဖြည်းဖြည်းနဲ့ ရှာရတာ ပိုပို ခက်လာပါတယ်။ ၁၀ လုံးလောက် တွေ့ပြီးတဲ့နောက်ဆို အတော်ရှာရခက်ပါတယ်။ သေတ္တာတွေ အများကြီး ဖွင့်ကြည့်တာတောင် တစ်ခုတစ်လေ မတွေ့ရပါဘူး။ စည်းကမ်းအရ တစ်နေ့ကို ရတနာ ၆ လုံးပဲ သိမ်းထားခွင့် ရှိပါတယ်။ အကယ်လို့များ ၆ လုံး ထက် ကျော်ပြီး ဆက်တူးရင် ရတနာကို အပိုင်မရပေမယ့် အမှတ်တွေတော့ ရပါတယ်။ အဲဒီရတဲ့ အမှတ်နဲ့ တခြားပစ္စည်းတွေ အကောင်တွေ ၀ယ်လို့ရပါတယ်။ အခု Pirate Treasure Hunt မှာတော့ မိကျောင်းနဲ့ ဝေလငါး ကို ၀ယ်လို့ရပါတယ်။ အမှတ် ၁၀၀ ရရင် ဝေလငါး ၀ယ်လို့ရပြီး အမှတ် ၂၀၀ ရရင် မိကျောင်း ၀ယ်လို့ရပါတယ်။ အမှတ် ၅၀၀ အထိ ရတဲ့သူဆိုရင် ပင့်ကူတစ်ကောင် အလကား ရပါတယ်။
တူးစုထားတဲ့ ရတနာတွေနဲ့ ရထားတဲ့ အမှတ်ပေါ် မူတည်ပြီး အခြားပစ္စည်းလေးတွေ လုပ်လို့ ရပါတယ်။ ကြယ်တွေနဲ့ လည်ဆွဲလေးတွေ လုပ်လို့ရပါတယ်။ အမှတ် ၅၀ နဲ့ ရတနာ ၄ ခု ပေါင်းပြီး ပင်လယ်ဒမြ ကိုင်တဲ့ ဓါးကောက်ကြီးလည်း လုပ်လို့ရပါတယ်။ အမှတ် ၁၀၀ နဲ့ ရတနာ ၄ ခု ပေါင်းရင်တော့ သရဖူ လုပ်လို့ ရပါတယ်။ ဒီပစ္စည်းလေးတွေက အခုကာလအတွင်းမှာပဲ လုပ်လို့ ရမှာပါ။ ဒီလကုန်သွားရင် အဲဒီဂိမ်းလည်း မရှိတော့ပါဘူး။ အဲဒါဆို အဲဒီပစ္စည်းတွေက Limited Edition တွေ ဖြစ်သွားမှာပါ။ ဒါကြောင့်လည်း Facebook ထဲက လူတွေ နေ့ရောညပါ အသည်းအသန် တူးကြဆွကြနေတာပေါ့ဗျာ။ ကိုးနတ်ရှင် သဘောကောင်းတဲ့ နေရာမှာ လတ်တလော နေနေတဲ့ ကျွန်တော်လည်း အဲဒီ စာရင်းထဲမှာ ပါတယ်ဆိုတာကို ဗေဒင်မေးနေရင် ဆန်ကုန်နေပါမယ်လေ။