.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, September 21, 2008

Treasure Hunt - Facebook

အခုရက်ပိုင်း အချိန်အားရင် အားသလို ကျွန်တော် ဇူလိုင်တစ်ယောက် ပင်လယ်ဒမြလုပ်ပြီး ရတနာ ရှာပုံတော် ဖွင့်နေပါတယ်။ ပင်လယ်ဒမြ လုပ်တယ်ဆိုလို့ ပင်လယ်ကြီးက ကျယ်တယ်... ဒမြက တိုက်တယ်... ကျယ်တိုက် ကြိုက်တယ်ဆိုပြီး ဘယ်တရုတ်မလေးကို သွယ်ဝိုက်သောနည်းနဲ့ တိုးတိတ် ချစ်ခွင့်ပန်နေသလဲလို့ ထင်တော် မမူကြပါနဲ့အုံး။ အထင်တွေ ကြီးပြီးမှ ဖြစ်မလာရင် ရင်မောရတာပဲ အဖတ်တင်မယ်လေ။ အဲဒီလိုဖြစ်သွားရင် အားနာလွန်းလို့ပါဗျာ။

Facebook ထဲမှာ ပါတဲ့ fluff friends ဂိမ်းကလေးတစ်ခုကို ဆော့နေတာပါ။ fluff friends က အကောင်မွေးတဲ့ ဂိမ်းလေးပါ။ အဲဒီထဲမှာ ကိုယ်ကြိုက်တဲ့ အကောင်ကို ရွေးပြီး မွေးထားရပါတယ်။ အဲဒီ အကောင်လေးကို အစာကျွေးရတယ်။ အလှဆင်ရတယ်။ တခြား သူငယ်ချင်းတွေ မွေးထားတဲ့ အကောင်တွေနဲ့ အပြေးပြိုင်ပြီး ပိုက်ဆံရှာလို့ရတယ်။ ရတဲ့ပိုက်ဆံနဲ့ အစာဝယ်ပြီး ကိုယ်အကောင် အားရှိအောင် အပြေးမြန်အောင် အစာတွေ ထပ်ကျွေးရပါတယ်။
အဲဒီ fluff friends ထဲမှာပဲ ရာသီအလိုက် ဂိမ်းလေးတွေ စီစဉ်ပေးပါတယ်။ အခုတစ်ခေါက်ကတော့ International Talk Like A Pirate Day - Sep 19th အထိမ်းအမှတ်နဲ့ Pirate Treasure Hunt ဆိုတာလေးကို လုပ်ပေးထားပါတယ်။ ဂိမ်းအရ ညသန်းခေါင်အချိန်မှာ ပင်လယ်ဒမြ မျောက်က သူ့သဘောင်္မှာ ပါလာတဲ့ ရတနာတွေကို ခိုးလာပြီး Facebook ထဲက fluff friends တွေထဲမှာ လိုက်ထည့်ပေးထားပါတယ်။
ကျွန်တော်တို့က ကိုယ်အကောင်လေးရဲ့ သေတ္တာထဲမှာ ရတနာ ရှာလို့ရသလို အခြား အကောင်တွေဆီကို လှည့်ပတ်သွားရင်း ရတနာသေတ္တာတွေ လိုက်ဖွင့်လို့ ရပါတယ်။ ပထမဦးဆုံး တွေ့ရမှာက ပိတ်ထားတဲ့ သေတ္တာလေးပါ။ အဲဒီ သေတ္တာလေးကို ဖွင့်လိုက်ရင် တစ်ချို့သေတ္တာထဲမှာ ဘာတစ်ခုမှ မပါပဲ ဗလာကြီး ဖြစ်နေတတ်သလို ကံကောင်းတဲ့ ဖေကံကောင်းအဖို့ ရတနာတွေပါတဲ့ သေတ္တာနဲ့လည်း ကြုံနိုင်ပါတယ်။ ရတနာတွေ့တိုင်းလည်း ချက်ချင်း ယူလို့ရတယ် မထင်ပါနဲ့။ သေတ္တာပိုင်ရှင် အိမ်ရှင်ဖြစ်တဲ့ အကောင်လေးကို လက်ဆောင်ပေးတာတို့ အစာကျွေးတာတို့ကို လုပ်ပေးရပါသေးတယ်။ ပြီးမှ ရတနာကို ယူခွင့်ရှိပါတယ်။
စရှာတဲ့အချိန်မှာ ရတနာ တွေ့ရတာ များပါတယ်။ တဖြည်းဖြည်းနဲ့ ရှာရတာ ပိုပို ခက်လာပါတယ်။ ၁၀ လုံးလောက် တွေ့ပြီးတဲ့နောက်ဆို အတော်ရှာရခက်ပါတယ်။ သေတ္တာတွေ အများကြီး ဖွင့်ကြည့်တာတောင် တစ်ခုတစ်လေ မတွေ့ရပါဘူး။ စည်းကမ်းအရ တစ်နေ့ကို ရတနာ ၆ လုံးပဲ သိမ်းထားခွင့် ရှိပါတယ်။ အကယ်လို့များ ၆ လုံး ထက် ကျော်ပြီး ဆက်တူးရင် ရတနာကို အပိုင်မရပေမယ့် အမှတ်တွေတော့ ရပါတယ်။ အဲဒီရတဲ့ အမှတ်နဲ့ တခြားပစ္စည်းတွေ အကောင်တွေ ၀ယ်လို့ရပါတယ်။ အခု Pirate Treasure Hunt မှာတော့ မိကျောင်းနဲ့ ဝေလငါး ကို ၀ယ်လို့ရပါတယ်။ အမှတ် ၁၀၀ ရရင် ဝေလငါး ၀ယ်လို့ရပြီး အမှတ် ၂၀၀ ရရင် မိကျောင်း ၀ယ်လို့ရပါတယ်။ အမှတ် ၅၀၀ အထိ ရတဲ့သူဆိုရင် ပင့်ကူတစ်ကောင် အလကား ရပါတယ်။
တူးစုထားတဲ့ ရတနာတွေနဲ့ ရထားတဲ့ အမှတ်ပေါ် မူတည်ပြီး အခြားပစ္စည်းလေးတွေ လုပ်လို့ ရပါတယ်။ ကြယ်တွေနဲ့ လည်ဆွဲလေးတွေ လုပ်လို့ရပါတယ်။ အမှတ် ၅၀ နဲ့ ရတနာ ၄ ခု ပေါင်းပြီး ပင်လယ်ဒမြ ကိုင်တဲ့ ဓါးကောက်ကြီးလည်း လုပ်လို့ရပါတယ်။ အမှတ် ၁၀၀ နဲ့ ရတနာ ၄ ခု ပေါင်းရင်တော့ သရဖူ လုပ်လို့ ရပါတယ်။ ဒီပစ္စည်းလေးတွေက အခုကာလအတွင်းမှာပဲ လုပ်လို့ ရမှာပါ။ ဒီလကုန်သွားရင် အဲဒီဂိမ်းလည်း မရှိတော့ပါဘူး။ အဲဒါဆို အဲဒီပစ္စည်းတွေက Limited Edition တွေ ဖြစ်သွားမှာပါ။ ဒါကြောင့်လည်း Facebook ထဲက လူတွေ နေ့ရောညပါ အသည်းအသန် တူးကြဆွကြနေတာပေါ့ဗျာ။ ကိုးနတ်ရှင် သဘောကောင်းတဲ့ နေရာမှာ လတ်တလော နေနေတဲ့ ကျွန်တော်လည်း အဲဒီ စာရင်းထဲမှာ ပါတယ်ဆိုတာကို ဗေဒင်မေးနေရင် ဆန်ကုန်နေပါမယ်လေ။

5 comments:

khin oo may said...

တော်တော်ဆော.ကြတာဘဲ။ ကြိုးစားပါ။ အောင်မြင်ပါစေ...

ဇင်ယော် said...

ဟား အပီအပြင်ကို ဆော့နေတာပဲ။ အသေအချာကို ရှင်းပြထားတာ ၀င်ဆော့ချင်စရာကြီး။ ကျနော်ကတော့ PC game ကိုပဲ ၀ါသနာပါတယ်လေ။ အခွေအသစ် တွေက ဈေးကြီးလို့  ရန်ကုန်က လူကြုံကို စောင့်နေရတယ်ဗျ။

မေ said...

တကယ်တော့ ကျောက်တူးသမားများဟာ လောပန်းလောင်းတွေပါ :P
လောပန်ကြီး ပင့်ကူလေး လိုချင်တယ်။ လက်ဆောင်ပေးပါလား :D
ဝေလငါးလေးတော့ ရှိတယ်။ မိကျောင်းကြီးတော့ ရုပ်ဆိုးတယ် မ၀ယ်တော့ဘူး။

Chaos said...

ဖိုးဖိုးရေ
ပုံလေးတွေကချစ်စရာလေးတွေနော်
အဖိုးနဲ့မြေးတူလို့နေမှာ
ဟားဟားဟား
အရှက်မရှိ ပေါကြည့်တာ
ဆော့တာလဲဆော့ပေါ့ မျက်စိလေးကိုလဲသနားဦးမှပေါ့

JulyDream said...

မKOMရေ...
ဆော့တယ်လည်း မဟုတ်ဘူးခင်ဗျ။ လောဘတွေနဲ့ စုနေကြတာ။ ရသလောက် တူးနေဆွနေကြတာပါ။

ဇင်ယော်
အွန်လိုင်းမှာ ဆော့လို့ရတဲ့ ဂိမ်းတွေ အများကြီး ရှိပေမယ့် ကျွန်တော်လည်း မဆော့ဖြစ်ပါဘူး။ PC Game ထက်စာရင် Network Game တွေကို ပိုသဘောကျတယ်။

မမေ...
ဆက်တူးအုံးလေ။ မမေက ပင့်ကူရဖို့ အခွင့်အလမ်း ရှိပါသေးတယ်။ အားမလျှော့နဲ့အုံး။ ဆက်သာ တူး... ကျွန်တော်တော့ ဝေလငါးကို မကြိုက်ဘူး။ ဖတ်တီးဘုတ်ကြီးလို့ မြင်နေမိလို့။ မိကျောင်းကမှ ပိုလှသလားလို့။

ကြေးအိုးရေ...
ပုံလေးတွေက ချစ်စရာပါပဲ။ ဟုတ်တယ်... ပင်လယ်ဒမြ မျောက်ရုပ်လေးက မြေးနဲ့ အတော်ကို တူတယ်ကွဲ့။ မျက်စိကို သနားလွန်းလွန်းလို့ အရှိန်လျှော့ထားလိုက်ပြီ။ တစ်နေ့ကို အလုံး ၂၀ ပတ်ဝန်းကျင်လောက်ပဲ တူးတော့တယ်။ အရင်လို အလုံး ၇၀ ကျော်အောင် မတူးတော့ဘူး။