.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, February 26, 2008

Believe those Hero

သူတို့တွေကို ကျွန်တော် ယုံပါတယ်။ သူတို့တွေ ဆိုတာ ဘယ်သူတွေလဲ...?

ဟုတ်ကဲ့... မြန်မာပြည်က မီးသတ်ရဲဘော်တွေကို ပြောတာပါခင်ဗျာ။

လူတစ်ချို့က ပြောနေကြတယ်။ ပိုက်ဆံပေးမှ မီးသတ်ပေးကြတယ်။ မီးသတ်ကားက ရေလဲ မပါလာဘူး။ မီးကိုမြင်နေတာတောင် ကားက ရေမပတ်ဘူး။ တချို့မီးသတ်ကားတွေ ရေမပတ်ပဲ ရပ်ထားတယ်။ မီးသတ်တွေ မီးလောင်ပြင်ထဲ မ၀င်ရဲဘူး။ မီးသတ်ကားပေါ်မှာ မီးသတ်ရဲဘော်မတွေ့ဘူး။ စုံပလုံစိအောင် ကြားနေရတယ်။

မီးလောင်ပြင်မှာ ရပ်ကြည့်နေတဲ့ သာမန်လူတစ်ဦးအနေနဲ့ ဒီလို အမြင်တွေ မြင်မိမှာ ယထာဘူတ ကျပါတယ်။ သူတို့တွေ မသိလို့ နားမလည်လို့ ဒီလို ပြောကြဆိုကြတာပါ။ ကျွန်တော်အနေနဲ့ ၂၀၀၅ ကနေ ၂၀၀၇ ဧပြီလ အထိ ရန်ကုန်မြို့တွင်းမှာ လောင်တဲ့ မီးလောင်ပြင် အတော်များများကို အတွင်းစည်းထဲအထိ ၀င်ရောက် ကူညီဖူးတော့ ဒါတွေက မမှန်ဘူးဆိုတာ သိထားရပါတယ်။

ပိုက်ဆံပေးမှ မီးသတ်တယ်ဆိုတာက ကျွန်တော် မျက်စိရှေ့မှာတော့ တစ်ကြိမ်တစ်ခါမှ မကြုံဖူး မမြင်ဖူးသေးပါ။ လောင်နေတဲ့ အိမ်ကို မငြိမ်းပဲ ဘေးနားက ဘာမှ မလောင်သေးတဲ့ အိမ်တွေကို ရေပတ်နေတာက မီးကူးမှာကို ကြိုတင်ကာကွယ်တာပါ။ လောင်နေတဲ့အရာကို ရေတွေ ဖိလောင်းနေလည်း လောင်စာအားကောင်းတဲ့ အချိန်မှာ ဘာမှ အကျိုးမထူးပါဘူး။ မီးမလောင်သေးတဲ့ ဘေးပတ်ဝန်းကျင်ကို ရေဖြန်းထားတဲ့အတွက် ရပ်ကွက်တစ်ခုလုံး ပြာကျရမယ့် ဘေးကို ကာကွယ်ပေးရာရောက်ပါတယ်။

မီးသတ်ကားထဲမှာ ရေပါတယ်။ ဒါတောင် မီးသတ်ကားက မီးလောင်နေတဲ့နေရာကို ရောက်နေတာတောင် ရေမပတ်ဘူး။ အဲဒီလို့ ပြောတဲ့ကေ့စ်မှာတော့ မီးသတ်ကားတွေက ရေကို ပန်းထွက်လာအောင် ပတ်ဖို့အတွက် မီးသတ်စက်မှာ လေပေါင်ချိန်ပြည့်ဖို့ လိုပါတယ်။ လေပေါင်ချိန် မပြည့်မချင်း မီးသတ် ပိုက်ခေါင်းက ရေပန်းထွက်ဖို့ မဖြစ်နိုင်ပါဘူး။ မီးလောင်ပြင်က မီးသတ်စခန်းနဲ့ အလှမ်းဝေးတယ်ဆိုရင် လာရာလမ်းမှာ လေပေါင်ပြည့်အောင် လုပ်ခဲ့ပါတယ်။ မီးလောင်ပြင်လည်း ရောက်ရော အဆင်သင့် ရေပတ်နိုင်တာပေါ့။ ဒါပေမယ့် မီးလောင်တဲ့နေရာနဲ့ စခန်းက လှမ်းမြင်ရတဲ့ တစ်ခေါ်စာ နေရာမှာ ရှိရင် ကားက မီးလောင်ပြင်ကို ရောက်နေပေမယ့် လေပေါင်ချိန်ပြည့်ဖို့ ထိုင်စောင့်နေရပါတယ်။ အဲဒါကြောင့် ချက်ချင်း မီးငြိမ်းသတ်တာ မလုပ်နိုင်ပါဘူး။

မီးသတ်ကားတွေ ရေမပါလာဘူး။ အဲဒါကေ့စ်ကျတော့ ဒီလို ရှိပါတယ်။ နေရာတစ်ခုမှာ မီးလောင်ရင် အဲဒီနေရာနဲ့ အနီးဆုံးနေရာက မီးသတ်စခန်းတွေ စတင်လှုပ်ရှားရပါတယ်။ မီးသတ်စခန်းက ရပ်ထားတဲ့ ကားတိုင်းမှာ ရေဖြည့်ထားလေ့ မရှိပါဘူး။ မီးလောင်ပြင်နား တ၀ိုက်မှာ ရေဖြည့်တင်းဖို့အတွက် သက်ဆိုင်ရာ နယ်မြေခံ မီးသတ်စခန်းက စီစဉ်ပေးရပါတယ်။ မီးကြီးလာတာနဲ့အမျှ အပြင်စည်းက မီးသတ်စခန်းတွေပါ ထွက်ရပါတယ်။ တိုင်းမီးသတ်ဦးစီးက အကူယာဉ်တွေ ထွက်ပါဆိုပြီး စက်ထဲက အမိန့်ပေးလိုက်တာနဲ့ အပြင်စည်းက မီးသတ်တွေ ထွက်လာပါပြီ။ အဲဒီလို ထွက်လာတဲ့အခါကျရင်လည်း အပြင်စည်းဆိုတဲ့အတိုင်း မီးလောင်တဲ့နေရာနဲ့ အတော်လေး အလှမ်းဝေးတဲ့ မြို့နယ်ကနေ ထွက်လာရတဲ့အတွက် ရေသယ်လာဖို့ထက် မီးလောင်ပြင် ရောက်ဖို့ကို အဓိက ဦးစားပေးထားရပါတယ်။ ဒါကြောင့် မီးလောင်နေတဲ့ မြို့နယ်နားရောက်မှ ကားတွေကို ရေဖြည့်လေ့ ရှိကြပါတယ်။ အဲဒီလို ထွက်ပါလို့ ပြောတဲ့အချိန်မှာ မြို့နယ်မီးသတ်စခန်းက တာဝန်ကျရဲဘော်တွေ ကပျာကယာ အ၀တ်အစားလဲပြီး ကမူးရူးထိုး ထွက်ရပါတယ်။ အ၀တ်အစားတောင် စခန်းမှာ လဲဖို့အချိန်မရပါဘူး။ သွားနေတဲ့လမ်းမှာပဲ ကားပေါ်မှာ လဲဝတ်ရတာပါ။ ထွက်လို့ ပြောတဲ့အချိန်မှာ မထွက်မိတဲ့ စခန်းက တိုင်းဦးစီးကို ထုချေလွှာတင်ရပါတယ်။

မီးသတ်ကားတွေ ရေမပတ်ပဲ လမ်းဘေးမှာ တန်းစီရပ်ထားကြတယ်။ အဲဒီကေ့စ်မှာတော့ မီးသတ်ကားတိုင်း ရေပတ်ဖို့ မလိုပါဘူး။ တကယ် ရေထွက်အားကောင်းတဲ့ ကား ၂ စီး ၃ စီး ပတ်နေပြီဆိုရင် အဲဒီနားမှာ နောက်ထပ် ကားတွေက ရေထပ်ပတ်ဖို့အတွက် ကားရပ်စရာနေရာ မရှိတော့ပါဘူး။ အဲဒီအတွက် သူတို့က ရေသယ်ပေးပါတယ်။ တကယ် မီးသတ်နေတဲ့ကားတွေကို နောက်ကနေ ပိုက်တွေ တောက်လျှောက်ဆက်ပြီး ရေထည့်ပေးနေပါတယ်။ အဲဒီလို အဆင့်ဆင့် ရေဆက်တိုက် ထည့်ပေးမှပဲ ရှေ့မှာ ဒိုင်ခံ ပတ်နေတဲ့ကားမှာ ရေအလုံအလောက် ရမှာပါ။ အဲဒီလိုမှ မလုပ်ရင် ၁၀ မိနစ် ၁၅ မိနစ်နဲ့ ရေကုန်သွားမှာပါ။ အဲဒါကြောင့် ရေမပတ်တဲ့ကားကို သွားပြီး အပြစ်တင်လို့ မရပါဘူး။ သူတို့တွေလည်း တာဝန်ကိုယ်စီ ကျေပြွန်အောင် ထမ်းဆောင်နေကြတာပါ။

မီးသတ်တွေ မီးလောင်ပြင်ထဲ မ၀င်ရဲဘူး။ အဲဒါကိုလည်း စဉ်းစားကြည့်ရအောင် အသက်စွန့်တယ်ဆိုတာ ပြောတော့တာ အလွန်လွယ်တာပါ။ တကယ်လုပ်ကြည့်ရင် မလွယ်ပါဘူးခင်ဗျ။ မီးသတ်သမားတွေလည်း အသက်စွန့်ဖို့အတွက် နည်းနည်းတော့ အခက်အခဲ ရှိမှာပါ။ မီးလောင်ပြင်ထဲကို စွတ်ရွတ် ၀င်လိုက်ရင် မမြင်ရတဲ့ အန္တရာယ်တွေက ဆီးကြိုနေပါတယ်။ သေချာစူးစမ်းပြီးမှ ၀င်ရတာပါ။ မီးခိုးတွေ ဒီလောက်များတဲ့ အထဲမှာ အသက်ရှုရတာ ဘယ်လောက်ခက်သလဲ မျက်စိတွေ ဘယ်လောက်စပ်သလဲ ဆိုတာကို ၀င်ဖူးတဲ့လူမှ သိမှာပါ။ အသက်ရှူဖို့ အောက်ဆီဂျင်ဘူးတွေ ရှိပေမယ့် အရေအတွက်က ကန့်သတ်ချက် ရှိနေပါတယ်။ မီးလောင်ပြင်ဝင်နေတဲ့ မီးသတ်ရဲဘော် အားလုံးအတွက် လုံလောက်မှု လုံးဝ မရှိပါဘူး။ အဲဒါအပြင် မီးလောင်ပြင်ထဲကို ၀င်လို့ရတဲ့ မီးသတ်ဝတ်စုံလည်း မပြည့်စုံပါဘူး။ စခန်းမှာ တာဝန်ကျချိန် ၀တ်ဆင်တဲ့ သာမာန်ယူနီဖောင်းတွေနဲ့ မီးလောင်ပြင်ထဲ ၀င်သွားရင် ကိုယ်လုံးတီးဖြစ်သွားမှာပါ။ နိုင်လွန်တွေက မီးနားရောက်တာနဲ့ တဖျစ်ဖျစ် အသံထွက်ပြီး အသားမှာ ကပ်ကုန်ပါတယ်။ မီးသတ်သမားတွေ ယူနီဖောင်း အစုံအလင် မရှိတဲ့အတွက် သဘောင်္စက်ခန်းမှာ ၀တ်တဲ့ ဘွိုင်လာစုတွေကို ၀တ်ပြီး မီးလောင်ပြင်ကို ၀င်နေရပါတယ်။ ပစ္စည်းကိရိယာ အစုံအလင် ရှိရင်တော့ ကျွန်တော်တို့ တိုင်းပြည်က မီးသတ်ရဲဘော်တွေလည်း သတ္တိအရာမှာ မခေကြပါဘူးလေ။

မီးသတ်ကားပေါ်မှာ မီးသတ်ရဲဘော်တွေ မတွေ့ရပါဘူး။ ဟုတ်ပါတယ်။ ကားတစ်စီးမှာ မီးသတ်ရဲဘော် ၂ ယောက် ၃ ယောက်လောက်ပဲ လိုအပ်တာပါ။ ရေဖြည့်တာတွေ ရေပိုက်သယ်တာတွေ မီးသတ်ပိုက်ခေါင်း တပ်တာဖြုတ်တာတွေက အခြားသူတွေ လုပ်ပေးရင်လည်း ရပါတယ်။ မီးလောင်ပြင်မှာ လုပ်အားပေးနေတဲ့ ကြက်ခြေနီရဲဘော်၊ အရံမီးသတ်၊ ဘုန်းတော်ကြီးတွေ ၀င်ရောက် လုပ်ကိုင်နိုင်ကြပါတယ်။ မီးသတ်ရဲဘော်တွေ မီးသတ်နေတဲ့အချိန်မှာ ရေသွားဖြည့်တဲ့ မီးသတ်ကားတွေမှာ မီးသတ်ရဲဘော် အများကြီး ပါစရာ မလိုပါဘူး။ အဲဒါမျိုးတွေ မြင်ရလို့ မီးသတ်တွေ အလုပ် မလုပ်ဘူး မထင်လိုက်ကြပါနဲ့။ သူတို့တွေ မီးလောင်ပြင်မှာ ဆိုင်ရာတာဝန်တွေကို လုပ်နေကြပါတယ်။ တချို့ကျတော့လည်း မောလို့ပန်းလို့ ခဏ နားနေတာလည်း ရှိကြပါတယ်။ မီးဆိုတာ အတော်ပူတယ်လေဗျာ။

နောက်ဆုံးပိတ် ပြောချင်တာက မီးလောင်မှု ကြီးမားပြီး မီးမငြိမ်းသတ်နိုင်တာဟာ မီးသတ်ရဲဘော်တွေရဲ့ တာဝန်မဟုတ်ပါဘူး။ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးကို တည်ဆောက်နေပေမယ့် အဆင့်မြင့် မြို့ပြကာကွယ်ရေးမှာ အလွန်အရေးပါလှတဲ့ မီးသတ်စနစ်တွေ မီးသတ်ကိရိယာတွေ မီးသတ်ကားတွေကို အဆင့်မြင့်တင်မှု မလုပ်ပေးနိုင်တဲ့သူတွေရဲ့ တာဝန်ပါပဲ။ မြို့ကြီးတွေမှာ အထပ်မြင့်တွေ ဆောက်ကြတယ်။ အထပ်မြင့် ငြိမ်းသတ်တဲ့ မီးသတ်ကား အလုံအလာက် မရှိပါဘူး။ မီးသတ် ကိရိယာတွေ ၀တ်စုံတွေ မရှိပါဘူး။ ကဲ... ဘယ်သူမှာ တာဝန်ရှိပါသလဲ...?

တကယ်တော့ ကျွန်တော်တို့ မြန်မာပြည်က မီးသတ်ရဲဘော်တွေဟာ သက်ဆိုင်ရာတာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်နေတဲ့ အသံတိတ် သူရဲကောင်းတွေပါပဲ...

မီးလောင်ပြင်မှ သူရဲကောင်း မီးသတ်ရဲဘော်များကို ရည်ညွှန်းလျှက်...

24 comments:

su wai said...

ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ စဉ်းစားကြည့်ရင်တော့ ဒီဘူတာပဲ ဆိုက်မှာပါ ကိုဇူလိုင်ရယ်…။ ဆုဝေတို့ မြန်မာနိုင်ငံကြီး အဆင်မီဖို့ လိုအပ်ချက်တွေ အများကြီးရှိနေတာ အားလုံးအသိပါပဲ။ မသိချင်ယောင် ဆောင်နေကြလို့သာ ဒီလိုမျိုး မဖြစ်သင့်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာတာပါ။

Nyo Gyi, Don Nyo Gyi, Original Nyo Gyi said...

ကျွန်တော့် ဘလော့ဂ်ထဲ မှာ ရေးသလိုပေါ့ ...
မင်းဆိုးတော့ တိုင်းပြည်လည်း ကမောက်ကမဖြစ်ရပြီလေ။

http://bigbbrown.blogspot.com

Me said...

really good !! feel sorry !!

Thinzar said...

ဒီပို့စ်လေးကိုဖတ်ပြီး တစ်ကယ် ဗဟုသုတ ရလိုက်ပါတယ်။ အရင်တုန်းက သူများတွေပြောတာကိုဘဲ နားထောင်ပြီး အဟုတ်မှတ်ခဲ့တဲ့ မီးသတ်ရဲဘော်တွေနဲ့ ပါတ်သက်တဲ့ အတွေးတွေကို ဖျောက်ပစ်လိုက်ပါပြီ။ :)

စိုးထက် - Soe Htet ! said...

ကောင်းတယ် ဗျ ... ရှင်းပြမှ :D

ကိုရင်နော်ခင်လေးငယ် said...

ကောင်းတယ်ဗျာ..
ဗဟုသုတလည်း ရပါတယ်..

ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးကို တည်ဆောက်နေပေမယ့် အဆင့်မြင့် မြို့ပြကာကွယ်ရေးမှာ အလွန်အရေးပါလှတဲ့ မီးသတ်စနစ်တွေ မီးသတ်ကိရိယာတွေ မီးသတ်ကားတွေကို အဆင့်မြင့်တင်မှု မလုပ်ပေးနိုင်တဲ့သူတွေရဲ့ တာဝန်ပါပဲ။

ဟုတ်လိုက်လေ..

Anonymous said...

တုံးတယ်ပြောလည်း ခံရမှာပဲဗျာ .... ကိုဇူလိုင် မေးပြောမေးပြောလေး ပြောသွားတဲ့ အကြောင်းအရာတွေ မေးခွန်းတွေကို ကျွန်တော်လည်း အရင်က စဉ်းစားမိခဲ့ဖူးတယ်။ ဘာလို့ မီးသတ်ကားတွေ ရေမပတ်ပဲ တန်းစီရပ်နေတာလဲ ... ဘာလို့ မီးသတ်ရဲဘော်က ၂ ယောက် ၃ ယောက်ပဲ ရှိရတာလဲ ဆိုတာမျိုးတွေပေါ့ ... စဉ်းသာစဉ်းစားတာ နောက်ဆုံးတော့လည်း အဖြေမရပါဘူး ... မေတ္တာထိုင်ပို့ပြီး ပြန်လာတာပဲ များပါတယ်။ အခုတော့ ဘာ့ကြောင့် ဘယ်လိုကြောင့်ဆိုတာ ကောင်းကောင်းသိသွားပြီဗျာ .. ကောင်းကောင်းလည်း နားလည်သွားပြီ ... ကြားဖူးတာလေး တစ်ခုက လူတစ်ယောက်ဟာ နေ့တစ်နေ့ အတွက် အသိဥာဏ်ပညာသစ်တစ်ခုကို အဲဒီနေ့မှာ ရရှိခဲ့မယ်ဆိုရင် အဲဒီ့နေ့အတွက် သူ အသက်ရှင် ရပ်တည်လိုက်ရတာ ထိုက်တန်သတဲ့ .... ဒီနေ့တော့ ကျွန်တော့်အတွက် အသိပညာသစ်တစ်ခု ရှိလိုက်တာပဲ ဗျို့ .... ကျေးဇူး ကိုဇူလိုင်ရေ ...

Phyo Maw said...

ယုံသင့်သလောက်ကို ပြောင်းယုံတော့မယ်။
:D

မိုးခါး said...

မသိတာလေးတွေ သိလိုက်ရပါတယ် .. ကျေးဇူးတင်ပါတယ် ကိုဇူလိုင် ..

strike said...

မှတ်မိသလောက်တော့ မီးသတ်ကားတစီးဟာဖြန်းမျှ၃မိနစ်အတွင်းကားအတွင်းကရေကုန်ပါတယ်၊အမှန်မှာက မီးသတ်ကားကရေထည့်ပြီးလျှောက်သွားနေရမှာမဟုတ်ဘူးဗျ၊
ရေဘောင်ဘင်ခပ်အားနဲ့မီးသတ်ကားတွေမှောက်ကုန်တာပဲ၊
အနီးစပ်ဆုံးfire hydrantမှာရေထဲ့၊ပြန်လာ ပက် ပြန်ထဲ့လုပ်ရမှာ၊တို့တတွေဆီမှာတော့ အစဉ်အပြေဆုံးနည်းနဲ့လုပ်ကြရတာကိုး၊
ဝင်ငွေ မရှိတဲ့ဌာန ရှိနေသေးတာတောင် ကံကောင်းဗျို့

ဂျူနို said...

ရိုးသား ကြိုးစား စွန့် လွတ် အနှစ်နာခံ လုပ်ကြတဲ့သူတွေလည်း တခြားနေရာ ဌာနတွေလိုမှာလိုပဲ ရှိမှာပါပဲ။

အကျင့်မကောင်းတဲ့သူတွေလည်း နေရာတိုင်းမှာရှိတာပါပဲ။

မီးသတ်အလုပ်ဟာ တော်တော်အန္တရယ် များတဲ့အလုပ်ပါ။ လုံလောက်တဲ့သင်တန်းတွေ ကရိယာတွေ စက်ပစ္စည်းတွေ မထောက်ပံ့ မဖြည့်စည်းထားပဲ ဒီအလုပ်လုပ်ခိုင်းတာ လူသတ်ကွင်းထဲ လမ်းလျှောက်ခိုင်းတာနဲ့ အတူတူပါပဲ။

တိုင်းပြည်အုပ်ချုပ်တဲ့သူတွေ တိုင်းသူပြည်သားပေါ် ဘယ်လောက်စေတနာ မဲ့သလဲပေါ်လွင်ပါတယ်။
ဆေးရုံတွေရှိ ဆရာဝန်တွေရှိ ပြီး ဆေးမရှိသလိုပါပဲ။

နေရာတိုင်းမှာပါပဲ။

အယ်ဇီ

:P said...

ခုမှ သေချာသိ၇ပါတော့တယ်...။

နွေးနေခြည် said...

ဒီပိုစ့်ကနေ ဗဟုသုတ အများကြီးရလိုက်ပါတယ်
ကျေးဇူးပါ ကိုဇူလိုင်

လင်းဒီပ said...

ကောင်းတယ် ကိုဂျူလိုင်...မီးငြိမ်းသတ်တဲ့ စနစ်ကို သေချာရှင်းပြသွားတာ သဘောကျတယ်..။

sweetpeony said...

ကိုဇူလိုင်ပြောသွားတာ သဘာဝကျလိုက်တာ..

မေဇင် said...

မသိသေးတာတွေ သိသွားပါတယ်။

Unknown said...

ခုလို သေချာရှင်းပြပေးတဲ့အတွက် ကျေးဇူးပါ။

Libratun said...

မှန်ပါတယ်ဗျာ။ ယန္တရားလည်ပတ်ရေးမှာ အဓိက လုပ်ဆောင်သူနေရာက အစ်ကိုတွေ အစ်မတွေကို ကျွန်တော်ယုံပြီးသား။ ထင်မိတာက အပေါ်က ချမပေးဘူးလို့တော့ ပြောလို့မရဘူးထင်တယ်။ အပေါ်က ဘက်ဂျက်ပေးထားလိမ့်မယ်။ လုပ်လို့လည်း ပြောထားမှာပဲ။ ရန်ပုံငွေတွေလည်း ကောက်တယ်။ ပြက္ခဒိန်တွေလည်း ရောင်းတယ်။ ဟောင်းနွမ်းနေပြီဖြစ်တဲ့ ဈေးကြီးပေးဝယ်ထားရတဲ့ မီးသတ်ဘူးတွေကို ဒိတ်အောက် မအောက် မသိရတဲ့ Refill တွေ ၀ယ်ဖြည့်ခိုင်းတယ်။ အဲဒီ ရန်ပုံငွေတွေကို အထက်ကတော့ မယူလောက်ဘူး။ ဒီဌာန အတွင်းမှာပဲ ပြန်သုံးဖို့ စီမံခိုင်းလိမ့်မယ်။ အဲဒီတော့ သက်ဆိုင်ရာ ဋ္ဌာနရဲ့ အပြစ်ကအများဆုံးပဲထင်ပါတယ်။

JulyDream said...

ကိုTnT ရေးခဲ့တဲ့ ကွန့်မန့်လေးနဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်လေး ပြောကြည့်ပါမယ်။

ရံပုံငွေတွေ ပြက္ခဒိန်တွေ၊ မီးသတ်ဆေးဗူးတွေ ရောင်းရငွေဟာ ခေတ်မှီ မီးသတ်စနစ်၊ မီးသတ်ကား ဝယ်နိုင်တဲ့ ပမာဏမှာ မရှိလောက်ဘူး ထင်ပါတယ်။ အဲဒီကနေ ရတဲ့ငွေတွေဟာ ဝန်ထမ်း သက်သာချောင်ချိရေးအတွက်မှာ အသုံးပြုမယ် ထင်ပါတယ်။ မီးသတ်သမားတွေရဲ့ လခကလည်း နှစ်ပဲခြောက်ပြားလေးပါ။

အပေါ်က ဘတ်ဂျက် ချပေးတယ် ဆိုတာမှာ မှန်ပါတယ်။ ချပေးပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအတွက် ဘယ်လောက် ရသလဲဆိုတာတော့ ဝန်ကြီးတွေ အသိဆုံးပါ။ ဘတ်ဂျက် အတော်ကို နည်းပါတယ်။ အဲဒီဌာနမှာ မီးသတ်ပဲ ရှိတာ မဟုတ်ပါဘူး။ နေ့ကလေးထိန်းကျောင်းတွေ၊ မသန်စွမ်းဂေဟာတွေ၊ သက်ကြီးရွယ်အိုဂေဟာတွေ၊ လူငယ်သင်တန်းကျောင်းတွေလည်း ရှိပါတယ်။

ဘတ်ဂျက်အနေနဲ့ ခေတ်မှီ မီးသတ်စနစ်တွေ၊ အသုံးအဆောင်တွေ၊ မီးသတ်ကားတွေ ဝယ်နိုင်တဲ့အထိ မရှိပါဘူး။ ဒါတောင် ဂျပန်က လှူထားတဲ့ မီးသတ်ကားတွေ ရှိနေလို့ ရန်ကုန်မြို့ကြီး ပြာပုံ မဖြစ်သေးတာပါ။

ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ဆက်ပြောရမယ်ဆိုရင် လျှပ်စစ်ဝန်ကြီးဌာနမှာတောင် တာဘိုင်ကြီးတွေက ပစ္စည်းတစ်ခု ပျက်သွားရင် အစားထိုးဖို့ အသင့်မရှိတဲ့အတွက် နိုင်ငံခြားကနေ မှာနေရတာကြောင့် မီးတွေ ပျက်နေတာ ကြာလှပါပေါ့။

ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ လှူထားတဲ့ သူနာပြုယာဉ်တွေ၊ ရေပေါ်လျှပ်ပြေး ဘုတ်တွေ အရောင်ပြောင်းသွားတဲ့ အကြောင်းတွေကို ကြားဖူးကြမယ် ထင်ပါတယ်။ မမောင်းတတ်မှာ စိုးလို့တဲ့ ကွယ်။

သိထားသလောက်လေး ပြန်လည်ဝေမျှတာပါ။ မျှမျှတတ ကြည့်နိုင်အောင်ပါ။ =)

Talkii said...

အသံတိတ် သူရဲကောင်းတွေကို လေးစားတယ်ဗျာ။

အဲဒီ အရောင်ပြောင်းသွားတာကြောင့်ပဲ နောက်ထပ် လှူမယ့်သူတွေ လက်တွန့်သွားရတာနေမှား)

အဆောက်အဦဆိုရင် ဘယ်လို လိုအပ်ချက်ကိုညီရမယ်၊ လမ်းဆိုရင် ဘယ်လိုလိုအပ်ချက် ကိုက်ညီရမယ် စသဖြင့် အခန်းကဏဿဍတိုင်းမှာ အခြေခံလိုအပ်ချက် (standard) တွေကို ပြည့်မီအောင် စနစ်တကျနဲ့ တည်ဆောက်နိုင်မှ ဘေးအနဿတရာယ်ကင်းရေးဆိုတာ ဖြစ်လာမှာပာ။

ကိုအော်တာ said...

ဗဟုသုတ ရရှိပြီး မီးသက်ရဲဘော်တွေ အပေါ်နားလည်သနားမိပါတယ်ဗျာ ဒီလိုပိုစ့်ရေးလို့လဲ ကျေးဇူးတင်ပါတယ်....

နှင်းပွင့်ဖြူ said...

ကိုဂျူလိုင် ....... အရမ်းကောင်းတဲ့ ပိုစ့်ပါ

Younggun said...

ဒီစာစုကို ဖတ်အပြီးမှာ အမြင်တွေ ပိုရှင်းသွားပါပြီဗျာ၊ ကျေးဇူးပါ

jr.lwinoo said...

ဒီပို့စ်လေးကို သေချာလာဖတ်သွားပါတယ်။
အကျိုးရှိတဲ့ စာ ပါ။ လူတွေက ကိုယ်ထင်ရာ ပြောတတ်ကျတာမျိုးပါ။
ညီမတို့တွေလည်း အရင်က ဒီလို အသေးစိတ်မသိဘူး ကိုဂျူလိုင်ရေ..။
ကျေးဇူးပါ။