ဒီနေ့က World Blood Donor Day ဆိုတော့ လုပ်စရာတွေ ရှိတာနဲ့ မနက်က ၆ နာရီကတည်းက အိပ်ရာထဖြစ်တယ်။ ရေမိုးချိုး အ၀တ်စားလဲပြီး အောက်ထပ်မှာ မနက်စာစားပြီး ဘူတာကို သွားလိုက်တယ်။ ရထားနဲ့တဆင့် ကားနဲ့တဆင့် သွားပြီး မနက် ၈ နာရီမှာ Zoo ကိုရောက်တော့ ကိုယ့်လို လုပ်အားပေး ကြက်ခြေနီတွေ အများကြီး ရောက်နေပြီး ဟိုနားတစ်စု ဒီနားတစ်စုနဲ့ အတော်လေးကို ပျားပန်းခပ်နေကြတယ်။ စင်္ကာပူကြက်ခြေနီက ထုတ်ပေးထားတဲ့ အနီရောင် တီရှပ်တွေနဲ့ ရဲရဲကို တောက်နေတော့တာပဲ။
ဝင်ပေါက်ဝက Ticket session မှာလည်း တာဝန်ယူတဲ့သူက ယူပေါ့။ သူတို့တွေက သွေးလှူရှင်တွေကို ပေးထားတဲ့ ပို့စကဒ်လေးနဲ့ ၀င်ခွင့်လက်မှတ်လေးတွေ၊ ဓါတ်ပုံရိုက်ခွင့် လက်မှတ်တွေကို လှဲပေးရတဲ့အလုပ်ကို လုပ်ရမှာပါ။ ပြီးရင် ဧည့်သည်တွေကို အထူးစီစဉ်ပေးထားတဲ့ ၀င်ပေါက်ကနေ တဆင့် ၀င်ခိုင်းဖို့ စီစဉ်ရပါတယ်။ လက်မှတ်ဝေတဲ့နေရာရဲ့ ဘေးမှာပဲ Blood Buddy ကြီးနဲ့ ဓါတ်ပုံရိုက်တဲ့ နေရာလေး ရှိပါတယ်။ အဲဒီမှာ ဓါတ်ပုံရိုက်ပြီးမှ Zoo အထဲကို ၀င်လည်ကြ... ပြီးမှ ပြန်ထွက်လာတဲ့အခါ ဓါတ်ပုံ ၀င်ရွေးလိုက်ရုံပဲလေ။
ပွဲလုပ်မယ့်နေရာက ၀င်ပေါက်ကနေ အတော်လေး လမ်းလျှောက်ဝင်ရပါတယ်။ လမ်းမှာ မိကျောင်း၊ တောဝက်၊ ကြံ့သူတော်၊ ရေမြင်း၊ သားပိုက်ကောင်နဲ့ ကျားဖြူလေးတွေ ထားတဲ့နေရာကို ဖြတ်သွားရပါတယ်။ အဲဒါတွေကို ကျော်ခဲ့ပြီးရင် ရေကန်ကြီးနားက ပွဲလုပ်မယ့်နေရာမှာ နေရာထိုင်ခင်းတွေ ခင်းကျင်းထားတာကို တွေ့ရမှာပါ။ အဲဒီနေရာရဲ့ အ၀င်ဝမှာ ၂၅ ကြိမ်အထက် လှူထားတဲ့ သွေးလှူရှင်တွေကို ဂုဏ်ပြုပေးအပ်တဲ့ ဆုတံဆိပ်တွေကို ပေးမယ့် အဖွဲ့က နေရာယူထားတာကို တွေ့ရမှာပါ။ အဲဒီလို သွေးလှူရှင်တွေအတွက် နေ့လည်စာအတွက် ထမင်းစား လက်မှတ်လေးတွေ ပေးဝေပါသေးတယ်။
အဲဒီနေရာကနေ အောက်ကို ဆင်းလာရင် ကျွန်တော်တို့အဖွဲ့ရဲ့ Telecasting Booth ကို ရောက်ပြီလေ။ အဲဒီနေရာကနေ ကျွန်တော်တို့ရဲ့ စေတနာသွေးလှူရှင် စုဆောင်းရေးလုပ်ငန်းမှာ သွေးလှူရှင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေရဲ့ ဓါတ်ပုံတွေ သတင်းအချက်အလက်တွေကို အသုံးပြုခွင့် ပေးဖို့အတွက် ခွင့်ပန်ပါတယ်။ တချို့ကျတော့ ရှက်တတ်တော့ ခွင့်မပြုပါဘူး။ အများစုကတော့ ခွင့်ပေးကြပါတယ်။ အဲဒီလို ခွင့်ပေးတဲ့ သွေးလှူရှင်တွေကို ဓါတ်ပုံဆရာက ပုံစံအမျိုးမျိုးနဲ့ ဓါတ်ပုံရိုက်ပေးပါတယ်။ အဲဒီပုံတွေကိုလည်း စကာင်္ပူကြက်ခြေနီက ထုတ်ဝေမယ့် စေတနာသွေးလှူရှင်စုဆောင်းတဲ့ ကြော်ငြာတွေ၊ လက်ကမ်းစာစောင်တွေ၊ ပိုစတာတွေ စတဲ့ မီဒီယာနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ အခကြေးငွေ ပြန်လည်တောင်းဆိုခြင်း မရှိပဲ လွတ်လပ်စွာ အသုံးပြုခွင့် ပေးပါတယ်ဆိုတဲ့ အကြောင်းကိုလည်း သွေးလှူရှင်တွေက စာရွက်တစ်ခုမှာ လက်မှတ်ထိုးပေးရပါတယ်။ မနက်ပိုင်းနဲ့ ညနေပိုင်း ၂ ခုပေါင်းမှာ ကျွန်တော်တို့အနေနဲ့ သွေးလှူရှင်ပေါင်း ၁၇၀ လောက်ကို ဓါတ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်။
မနက်ပိုင်း ၁၀ နာရီကနေ ၁၂ နာရီမှာ ကြေးတံဆိပ်နဲ့ ငွေတံဆိပ်ရ သွေးလှူရှင်တွေကို ဂုဏ်ပြုပါတယ်။ ညနေပိုင်း ၃ နာရီကနေ ၅ နာရီမှာတော့ ပတ္တမြားတံဆိပ်၊ ရွှေတံဆိပ်၊ ချန်ပီယံဘွဲ့ရ သွေးလှူရှင်တွေကို ဂုဏ်ပြုပါတယ်။ Mobile Blood Drive တွေကို စီစဉ်ပေးတဲ့ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေကိုလည်း ဂုဏ်ပြုတံဆိပ်တွေ ပေးအပ်ပါတယ်။ ညနေပိုင်းမှာ ကုလားမလေး ၂ ယောက်ရဲ့ မြူးမြူးကြွကြွ Rap အက က အတော်လေး သဘောကျဖို့ ကောင်းပါတယ်။ အကြီးမလေးက ၉ နှစ်ပါ။ အငယ်မလေးက ၈ နှစ် မပြည့်သေးပါဘူး။ ကျွန်တော်တို့ဆီမှာ ဓါတ်ပုံရိုက်ဖို့ လာတာနဲ့ သူ့ကို မေးကြည့်ပါသေးတယ်။ အကတွေကို ဘယ်သူ သင်ပေးသလဲပေါ့။ အကြီးမလေးက ပြန်ဖြေပါတယ်။ သူတို့ဘာသာ လေ့လာပြီး က တာပါတဲ့။ ကလေးဖြစ်ပေမယ့် လူအများကြီးရဲ့ ရှေ့မှာ လုပ်ရဲကိုင်ရဲတာကို သဘောကျမိတယ်။
ညနေပိုင်းမှာတော့ စင်္ကာပူ ကျန်းမာရေးဝန်ကြီး Mr. Khaw Boon Wan ကိုယ်တိုင် တက်ရောက်ပြီး ဂုဏ်ပြုပါတယ်။ ၀န်ကြီးလာတယ်ဆိုလို့လဲ ဘယ်သူမှ ပိုပြီး အလုပ်မရှုပ်ပါဘူး။ သူ့ဘာသာ သူ လာ.. ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ပါပဲ။ ကျွန်တော်ဆို ဓါတ်ပုံရိုက်တဲ့ အလုပ်ထဲမှာ စိတ်ရောက်နေတာနဲ့ ၀န်ကြီးနဲ့သူ့အဖွဲ့တွေ ခန်းမထဲကို ၀င်လာတဲ့အချိန်မှာ ၀န်ကြီးနဲ့ပါလာတဲ့အဖွဲ့က လူကြီးတစ်ဦးနဲ့တောင် ၀င်တိုက်မိပါသေးတယ်။ အဲဒီလူကြီးလည်း ဘေးကလူတွေနဲ့ ဘေးကိုမျက်နှာမူ စကားပြောရင်း သတိမထားမိ၊ ကျွန်တော်လည်း ဓါတ်ပုံရိုက်မယ့် ကလေးအမေနဲ့ကလေးကို မျက်နှာမူပြီး စကားပြော လမ်းပြခေါ်လာရင်း ၀င်တိုက်မိကြတာပါ။ ၀င်တိုက်မိတဲ့သူကတောင် ကျွန်တော့်ကို ရင်းရင်းနှီးနှီး ပခုံးဖက်ပြီး တောင်းပန်စကား ဆိုသွားပါသေးတယ်။ အခုလို ၀န်ကြီးနဲ့ အတူပါလာတဲ့သူတွေဆိုတာ ဘယ်လိုအဆင့်မျိုးတွေလဲဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ပေါ့သေးသေးတော့ မဟုတ်လောက်ပါဘူးဗျာ။ အဟက်... ဆက်ဆံပုံက နည်းနည်းတော့ ကွာတယ်နော်။
အဲဒီလိုနဲ့ ကော်ဖီတိုက်၊ မုန့်ကျွေး၊ ၇ လသားကတည်းက သွေးသွင်းမှု ခံယူခဲ့ရတဲ့ အသက် ၂၅ ကျော် လူနာက ကျေးဇူတင်စကားတွေပြော၊ ၀န်ကြီးက ကိုယ်တိုင်ကိုယ်ကျ သွေးလှူရှင်တွေကို ဆုတံဆိပ်တွေ ချီးမြှင့်နဲ့ ညနေ ၅ နာရီခွဲကျော်ကျော်မှာ ဂုဏ်ပြုပွဲ အခမ်းအနား ပြီးဆုံးပါတယ်။ ပွဲပြီးတာနဲ့ အိမ်ပြန်ဖို့ Zoo အ၀ကို ထွက်လာတော့ ဘတ်စ်ကားစီးပြန်ဖို့ တန်းစီစောင့်နေတဲ့ လူတန်းကြီးက ရထားဘူတာ တစ်ခုစာလောက် ရှည်လျားပါတယ်။ Taxi စီးမယ် ကြံတော့လည်း ကားစောင့်နေတဲ့ လူတန်းက မနည်းမနှောပါပဲ။ ဒါနဲ့ တန်းစီ အချိန်ပေး စောင့်လိုက်ရတဲ့ ဘတ်စ်ကားကို တိုးကြိတ်စီးပြီး ပြန်ခဲ့ရပါတော့တယ်။
No comments:
Post a Comment