.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, June 28, 2008

Buu Yo... Bo Yuu?

အင်တာနက်နဲ့ လက်လှမ်းမှီလာတဲ့ ကျွန်တော်တို့တွေ Chatting တွေ၊ Blog တွေ၊ Forum တွေနဲ့ မစိမ်းတော့ပါဘူး။ အင်တာနက်နဲ့ ထိတွေ့နေတဲ့အချိန်တိုင်းမှာ ဒီအရာတွေထဲက တစ်ခုမဟုတ် တစ်ခုခုနဲ့တော့ ထိတွေ့ သုံးစွဲနေကြပါတယ်။ ကနဦးအစပိုင်းမှာတော့ မြန်မာစာကို သုံးဖို့အဆင်မပြေခဲ့ပါဘူး။ ကွန်ပျူတာမှာ မြန်မာလို စာမပေါ်သေးပါဘူး။ အင်္ဂလိပ်လိုပဲ ရေးကြ... အင်္ဂလိပ်ပဲ ဖတ်ကြ လုပ်ရပါတယ်။ မြန်မာလို ပြောချင် ရေးချင်တဲ့ အခါကျတော့ အင်္ဂလိပ်စာလုံးနဲ့ မြန်မာအသံထွက် ရအောင် ဆိုပြီး Burglish ဘားဂလစ်ရှ်တွေနဲ့ ရေးကြပါတယ်။

အခုနောက်ပိုင်းမှာတော့ မြန်မာလို ရေးလို့ရပါပြီ။ ဒါကြောင့် မြန်မာလိုရေးတဲ့ Blog တွေ အများကြီး ပေါ်ထွက်လာခဲ့ပါတယ်။ ဂျီတော့ခ်မှာလည်း မြန်မာလို ရိုက်ပြီး စကားပြောလို့ ရလာပါပြီ။ အင်္ဂလိပ်လို့ မပြောနိုင် မဆိုနိုင်ခဲ့တဲ့ တချို့စကားလုံးတွေကို မြန်မာလို ပြောနိုင်ဆိုနိုင်တဲ့အတွက် နားလည်မှု ရှင်းလင်းမှု ပိုရလာပါတယ်။ အင်္ဂလိပ်လို ရေးပြီးပြောရင် လေသံအနေအထားကို ခွဲခြားနိုင်မှုက အားနည်းတဲ့အတွက် စိတ်ဆိုးလို့ ပြောတဲ့ စကားလား... စ နောက်နေတဲ့ စကားလား... ရီစရာ ပြောနေတာလား... ကို ခွဲခြားနိုင်မှုမှာ အားနည်းကြပါတယ်။ အဲဒီတော့ အထင်လွဲတာတွေ၊ နားလည်မှုလွဲတာလေးတွေ ဖြစ်တာကို မကြာခဏ ကြုံတွေ့ရပါတယ်။ တချို့ကျတော့ ဒီပြသနာကို Smiley Icons လေးတွေ သုံးပြီး ဖြေရှင်းပါတယ်။ အင်း အဲဒီ Smiley Icons လေးတွေ ပါမသွားရင်တော့ နားလည်မှုတွေ ထပ်လွဲကျပြန်ရောပေါ့။ မြန်မာလို ရေးပြီး ပြောနိုင်တဲ့အခါကျတော့ အဲဒီလို နားလည်မှု လွဲတဲ့ကိစ္စလေးတွေ လျှော့ပါးသွားပါတယ်။

အခုအချိန်မှာတော့ မြန်မာလိုရေးသားတဲ့ Chatting တွေ၊ Blog တွေ၊ Forum တွေ များပြားလာပါတယ်။ အင်္ဂလိပ် ရေးတဲ့ Blog တွေ နည်းပါးသွားပါတယ်။ ဂျီတော့ခ်မှာလည်း အများစုက မြန်မာလိုပဲ ရိုက်ပြီး ပြောကြဆိုကြပါတယ်။ အဲဒီမှာ စတင်ပြီး ချိန်ခွင်လျှာက ပြောင်းပြန်ဖြစ်လာပါတယ်။ မြန်မာလိုရေးနေတဲ့ အသိုင်းအ၀ိုင်းထဲမှာ အင်္ဂလိပ်လို ရေးတဲ့ ပြောတဲ့လူတွေကို ဘိုရူး... ဘူးယို ဆိုပြီး နောက်ပြောင် ကျီစယ်ကြပါတယ်။ တချို့ကျတော့ ခင်လို့မင်လို့ ကျီစယ်တာပါ။ တချို့ကျတော့ တမင်တကာ အပြစ်ရှာ ကဲ့ရဲ့ချင်လို့ ပြောတာမျိုးပါ။ အခုနောက်ပိုင်း Post တွေ တင်ပြီး အမှားတွေရှာ သိက္ခာချတဲ့ အဆင့်အထိ ရောက်ရှိလာကြပါတယ်။

ဒီလိုနဲ့ အင်္ဂလိပ်လို ရေးသား ပြောဆိုမိတဲ့လူတွေဟာ အပြစ်တစ်ခုရှိသလို ခံစားမိလာတတ်ကြပါတယ်။ မြန်မာစာလုံး Font မရှိတဲ့ ကွန်ပျူတာက တခြားလူနဲ့ စကားပြောနေတဲ့အချိန်မှာ အင်္ဂလိပ်လိုပဲ စာရိုက်ပြီး ပြောဆိုနေရတဲ့အကြောင်း ကြိုတင် တောင်းပန်စကားတွေ ပြောဆိုပြီး Chatting ၀င်နေကြတာကိုလည်း ကြုံဖူးရပါပြီ။ မြန်မာစာလုံး မရှိရင် ထည့်ထားပေါ့လို့ လွယ်လွယ် ပြောဖို့ မစဉ်းစားပါနဲ့အုံး။ မြန်မာပြည်က အင်တာနက်ကဖေးတွေရဲ့ စက်တွေမှာ မြန်မာစာ စာလုံးရှိမယ် မရှိဘူးဆိုတာ မသေချာသလို ကိုယ်တိုင် Install လုပ်ဖို့ဆိုတာလည်း အခွင့်အရေး ရှိချင်မှ ရှိမှာပါ။

တစ်ခါက ကျွန်တော်ကို သူငယ်ချင်းတစ်ဦးက ဂျီတော့ခ်မှာ လာပြောပါတယ်။ "ငါ... ငါ့အိမ်ကလူတွေနဲ့ စကားပြောနေလို့ အင်္ဂလိပ်လို ပြောနေတာပါ။ တော်ကြာ ဘိုရူးလို့ အထင်ခံရမှာ စိုးလို့ ဘိုရူး မဟုတ်ဘူးနော် တဲ့" ဗျာ။ ကျွန်တော့်အနေနဲ့ ဒီလို လာပြောတာမျိုးကို မြင်ရတဲ့အခါ စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်မိပါတယ်။ သူ့အနေနဲ့ ကိုယ့်ဘာသာကိုယ် အင်္ဂလိပ်လို ရေးသားသုံးနှုန်းတာ အပြစ်တစ်ခုလို ခံစားမိနေရလို့လားပေါ့။ မြန်မာပြည်က လူတွေ တစ်ယောက်နဲ့ တစ်ယောက် ပြောဆို ဆက်ဆံတဲ့အခါမှာ အင်္ဂလိပ်လို သုံးမိရင် အဲဒါ အပြစ်လားဗျာ။

တကယ်တော့ ဘာသာစကားဆိုတာ လူအချင်းချင်း ဆက်သွယ်နိုင်ဖို့ပါ။ လူနှစ်ယောက်ကြားမှာ ဘယ်လို ဘာသာစကားပဲ သုံးနေပါစေ... အဲဒီလူ ၂ ယောက်စလုံး အဆင်ပြေပြေ နားလည် သဘောပေါက်ဖို့က အဓိကပါ။ အင်္ဂလိပ်စာကို သုံးနေ... ရေးနေတိုင်း သွေးနထင်ရောက်နေတဲ့ ဘိုရူး... လို့ ယူဆလို့ မရပါဘူး။ အဲဒီလို ဘိုရူးတွေ မရှိဘူး မဟုတ်ပါဘူး။ ရှိမှာပါ။ ဒါပေမယ့် တစ်ဦးချင်းရဲ့ ခံယူချက် စိတ်ဓါတ်တွေနဲ့ပဲ ဆိုင်မှာပါ။ နိုင်ငံခြားမှာ အနေကြာလို့ ငပိအနံ့တောင် မခံနိုင်တော့ဘူး။ ချိစ်နဲ့ ပေါင်မုန့်ပဲ စားတတ်တယ်... ပီဇာပဲ ကြိုက်တယ် ဆိုတဲ့ အဝေးရောက် မြန်မာပြည်သားတွေ ရှိသလို... မြန်မာပြည်က ငပိကို တကူးတက မှာယူ စားသောက်နေတဲ့ လူစားတွေလည်း အများကြီးပါ။

တကယ်တော့ အင်္ဂလိပ် ပြောဆို ရေးသားတာမျိုးကို ကျွန်တော်တို့ ပိုလို့တောင် အားပေးသင့်ပါတယ်။ ဒီခေတ် ဒီအချိန်အခါမှ မဟုတ်ပါဘူး။ ရှေးနှစ်ပေါင်း ၁၀၀ ကျော်ကတည်းက အင်္ဂလိပ်စာ တတ်ရင် ဘယ်လိုနေရာမျိုးမှာ ဘယ်လို အဆင်ပြေသလဲ ဆိုတာကို မြင်တွေ့ ကြားသိဖူးခဲ့မှာပါ။ စင်္ကာပူလို သယံဇာတ ဘာမှမရှိတဲ့နိုင်ငံ ပေါက်စနလေးမှာတောင် ကောင်းမွန်မှန်ကန်တဲ့ ခေါင်းဆောင်မှုအောက်ကနေ ပြည်သူပြည်သားတွေရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုနဲ့အတူ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားခဲ့တာကို မြင်တွေ့ရမှာပါ။

ဒီခေတ်ကြီးမှာ အင်္ဂလိပ်စာ တတ်ကျွမ်းနားလည်တဲ့ လူအဖို့ နေရာကောင်းတွေ အခွင့်အလမ်းကောင်းတွေ ဆီးကြိုနေတယ်ဆိုတာကို လူတိုင်းနီးပါး လက်ခံထားကြပါတယ်။ ကျွန်တော်တို့ရဲ့ မြန်မာစာနဲ့ နိုင်ငံတကာမှာ လူဝင်ဆံ့ဖို့ဆိုတာ ရွှေပြည်တော် မျှော်တိုင်းဝေးပါသေးတယ်။ ဂျပန်တွေလို အင်္ဂလိပ်စာမသုံးပဲ... ဂျပန်စာပဲ ရအောင် သုံးမယ်ဆိုရင်တော့ ဂျပန်တွေလို တော်အောင် ကြိုးစားလုပ်ကိုင်ကြပါ။ အခုလောလောဆယ်မှာတော့ ကျွန်တော်တို့တွေ ၀ မရှိပဲ ၀ိ မလုပ်ချင်ကြပါနဲ့လို့ ပြောချင်ပါတယ်။

တခါတလေ ကျွန်တော်လည်း ဘူးယို လုပ်ပါတယ် ခင်ဗျာ။

18 comments:

စိုးထက် - Soe Htet ! said...

ဂရိတ်ထ် :P

wynn.sun said...

တကယ်ကို ကျိုးကြောင်းဆီလျော်ပါတယ်ခင်ဗျာ.. ကျွန်တော်တို့ မှာ ငယ်ငယ်ကတည်းက အားနည်းခဲ့တာ မိမိကိုယ်ကိုယုံကြည်မှု တည်ဆောက်တဲ့အပိုင်းပါ။ ယဉ်ကျေးမှု၊ ဘာသာတရား ( မကောင်းဟု ဆိုလိုခြင်းမဟုတ်ပါ၊ အနှစ်သာရများကောင်းသော်လည်း ironic ဖြစ်နေတာပါ)၊ Dictatorship (အရှေ့တိုင်း မိသားစုအသွင်တွေအားလုံးက dictatorship အခြေခံထားတယ်လို့ မြင်ပါတယ်) စတာတွေက မိမိကိုယ်ကိုယုံကြည်မှုကို အားနည်းစေခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့  မိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့ အသိုင်းအ၀န်းတစ်ခု မတည်ဆောက်နိုင်သေးရင်တောင် အချင်းချင်း အားပေးသမှုပြုနေသင့်တယ်လို့  ထင်ပါတယ်။

ဘလူးဖီးနစ် said...

ကြိုက်တယ်ဗျို့။ ရေးထားတာလေးတွေကောင်းတယ်။ ကျွန်တော်ဆို အင်္ဂလိပ်လို မပြောတာ ၄ ၅ နှစ်လောက်ရှိသွားတော့ နှုတ်မရဲတော့သလို စာရေးရာမှာလဲ စာလုံးပေါင်းတွေ အရမ်းကို မှားကုန်တယ်။ ဂရမ်မာတွေလဲ မသိတော့ဘူး။ အရင်က သိပ်မလိုအပ်သေးပေမယ့် အခု တကယ့် official site တွေ အဖွဲ့အစည်းတွေနဲ့ ပြောဆို ဆက်ဆံ ရေးသားရတဲ့ အချိန်တွေမှာ အတော်လေး မျက်နှာငယ်ရပါတယ်။ အဓိကက ပီပြင်အောင်လုပ်ဖို့ပါပဲ။ တကယ်လုပ်တဲ့ လေ့လာတဲ့သူနဲ့ ရူးတဲ့သူနဲ့ ကွာပါတယ်။ တကယ်လေ့လာတဲ့သူက မှားမှာ မကြောက်ပါဘူး။ မှားရင် ပြန်ပြင်ပြီး ဆက်တိုးတက်အောင် လုပ်ကြပါတယ်။ ဒါပေမယ့် အဲဒါကို အပြစ်တစ်ခုလို သဘောထားပြီး ဝေဖန်နေတာက အောက်တန်းကျလွန်းပါတယ်။ မှားရင် ပြင်ပေး ၊ပြန်တည့် ၊ ဆက်ရေး ဒါပဲပေါ့။ အခုက လိပ် ပက်လက်လန်နေတာကို ကူညီတည့်မပေးဘဲ ၀ိုင်းလှောင်နေတဲ့ ခပ်ညံ့ညံ့ စိတ်ဓါတ်နဲ့ လူတစ်ချို့ပါဗျာ။ အင်္ဂလိပ်ကို တော်အောင် လုပ်ကို လုပ်ရမယ်။ မြန်မာစာကိုလဲ ကောင်းအောင် လေ့လာရမယ်။ ယဉ်ကျေးမှုတွေ ဂီတတွေလဲ ထိုနည်း၎င်းပါပဲ။ ပုံတူ ကူးမချဖို့ပဲ လိုပါတယ်။

ဘလူးဖီးနစ်
http://engineer4myanmar.com

ကလူသစ် said...

သိတ်ကောင်းတယ်။ အားပေးနေပါတယ်။

Anonymous said...

july, ကျနော် ကြုံဘူးတယ်ဗျ ကျနော် ဘိုလိုပဲရိုက်လို. ဆဲပြီးပြန်ထွက်သွားတယ်။ ကျနော်အစတဲက တောင်းပန်ထားတယ် ကျနော့ကို English လိုပဲ chat ပေးပါလို. ကျနော် Burglish လို သိပ်နားမလည်လို.ပါလို.။ ကျနော်လို ဘိုရူးဖြစ်သွားပြီပေါ့ဗျာ....

emayarKhin said...

ပိုစ့်ကောင်းတခုကို
ဖတ်လိုက်ရတယ်...............
တကယ့်ကိုရင်ဆိုင်ကြုံတွေ့နေရတဲ့
ဘိုရူးပြဿနာပါဘဲ...............
ကောင်းတယ်အကိုရေ..............

လားရှိုးသူ said...

အရမ်းကောင်းတဲ့ ပို့စ် တခုဘဲ၊ အချင်းချင်း အားပေးသင့်ပါတယ်၊ နားမလည်ရင် ပွင်ပွင့်လင်းလင်းမေး၊ ပြန်ပြင်ပေးသင့်တယ်လို့ ယုံကြည်ပါတယ်၊ ကိုယ့်ဘာသာစကား ကို မမေ့ဘဲ အခြားဘာသာစကားကို ထပ်တတ်ထားတော့ တပန်းသာတာပေါ့။

P.Ti said...

ရေးထားတာလေးကောင်းပါတယ်။ အင်္ဂလိပ်လိုရေးတိုင်း ဘိုရူးပြောတာကတော့ မဖြစ်သင့်ပါဘူး။ တကယ်ရေးချင်စိတ်ရှိပြီး တကယ်ပဲကြိုးစားရေးတယ်ဆို ကြိုဆိုရမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း Burglish ကို ရှုံ့ချပြီး English လို ကောင်းကောင်းပြောတာကို အားပေးပါတယ်။ သုံးတာမှားနေတယ်ဆိုရင်လည်း တယောက်နဲ့တယောက် အပြုသဘောဝေဖန်ပြီး၊ ဝေဖန်ခံရတဲ့လူကလည်း လက်ခံဆွေနွေး အမှားပြင်သွားမယ်ဆို အားလုံးတိုးတက်လာမယ်လို့ထင်ပါတယ်။

ဒီနေရာမှာ တချက်ပြောလိုတာကတော့ ဘယ်သူမှ အမှားမကင်းနိုင်ဘူးလို့ပြောပြီး အမှားကိုမပြင် ခေါင်းမာနေမယ်ဆိုရင်တော့ တိုးတက်မှာမဟုတ်ပါဘူး။ အမှားကိုလက်ခံကျင့်သုံးနေကျမှာပါပဲ။

စင်ကာပူမှာရောက်တဲ့ မြန်မာတွေ သတိထားစေလိုတာကတော့ သူတို့လိုလိုက်မပြောပဲ အမှန်ကိုလေ့လာပြီး ပြောစေ ရေးစေချင်ပါတယ်။ ဥပမာ have you taken lunch? လိုမျိုး ပေါ့။

ဆရာလုပ်သွားတယ်လို့ထင်ရင်လည်း… ဆရာလုပ်တယ်ပေါ့နော်… ;)

ပေါက်ကျော်မ said...

စာလေးက အရမ်းကို ကောင်းပါတယ်ကွာ...။ တချက်ကို ပိုပြီးသဘောကျတယ်။ ဘာဘဲလုပ်လုပ် လုပ်တဲ့လူရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်နဲ့ပဲဆိုင်တယ်ဆိုတာလေ..။ တကယ်တော့ လူတွေက အစွဲတွေပါ..။ မြန်မာလူမျိုး မြန်မာစကားပြောမှ... ဟိုလူမျိုးက သူ့စကားပြောမှ သူ့ လူမျိုးလုပ်တာတွေ...။ တကယ်ဆို မြန်မာနိုင်ငံမှာ အဲလိုမျိုးနဲ့ တိုင်းရင်းသားပြသနာတွေ အများကြီးပါ..။ ဘာသာစကားမတတ်လို့ တတ်ရာပြောတော့လည်း လူမျိုးအဖြစ်ကနေ ပစ်ပယ်ခံရတာတွေပေါ့။ ဘာစကားပြောပြောပေါ့။ တခါတလေ အခြေအနေပေါ်မူတည်သလို (ဥပမာ.. စကားကို လုံးဝမတတ်လို့..ဒါမှမဟုတ်.. အဲဒီစကား၊ စာရိုက်ဖို့အတွက် အခက်အခဲဖြစ်လို့) တခါတလေတော့ ခုနကပြောသလို ဘူးရိုတွေဖြစ်ချင်လို့လဲ ပါမယ်ထင်တယ်..။ အခြေအနေအကြောင်းကြောင်းကြောင့် မပြောမဖြစ် ပြောရတာဆို လူတိုင်းနားလည်နိုင်မှာပါ။ ဥပမာ.. တချို့ ဆို မြန်မာစကားမှာမရှိတဲ့ car တို့ computer တို့ကို မြန်မာလို ဘယ်လိုဘာသာပြန်မလဲ။ ဘာသာပြန်တိုင်းပြောလို့ အဆင်မပြေတဲ့အခါ အင်္ဂလိပ်လို့ ကြားညှပ်ပြောရတာတွေရှိတယ်..။ ဒါပေမယ့် တချို့ တလေ (ဘူးရိုတွေကတော့) အားလုံးအဆင်ပြေသည့်တိုင်အောင် ကိုယ့်ပရိတ်သတ်ကို ဘာကိုနားလည်လဲ.. ကိုယ်စကားပြောမယ့်သူက ဘယ်စကားကို ပိုကျွမ်းကျင်လဲဆိုတာ မစဉ်းစားပဲ မြန်မာလိုပြောလို့ရသည့်တိုင်အောင် မြန်မာစကားက နည်းနည်း အင်္ဂလိပ်လိုက များများ.. ပြောနေတာ တကယ်ကို အမြင်ကတ်ဖို့ကောင်းတယ်.. (ပုဂ္ဂိုလ်ရေးအရပါ..)။ အတွေ့ အကြုံတခုပြောပြမယ်နော်.. နာမည်ကြီးမင်းသမီး ဒေါ်ရွှေစင်ထိုက်နဲ့ စကားပြောဖူးတယ်..။ သူက အင်္ဂလိပ်လိုမွတ်နေမှန်း စကားပြောကြည့်ရင် သိနိုင်မှာပါ..။ ဒါပေမယ့် သူ့ရဲ့အကျင့် အင်္ဂလိပ်လိုပြောတဲ့အကျင့်က အမြဲတမ်းပါနေတော့ ကိုယ့်မြန်မာအချင်းချင်း စကားပြောမယ်ဆိုရင်တောင် အင်္ဂလိပ်လိုက ၇၅ ရာခိုင်နှုန်း.. မြန်မာလိုက ၂၅ ရာခိုင်နှုန်းပြောနေတာ နားထောင်သူအဖို့လည်း ဟိုမရောက်ဒီမရောက်ဖြစ်တယ်..။ သူက ဘာသဘောနဲ့မှ မဟုတ်သည့်တိုင်အောင် ဘိုရူးဆန်သလို အထင်မှားနိုင်တယ်..။ စိတ်ညစ်ဖို့ကောင်းတယ်။ ဆိုတော့ အခြေအနေပေါ်မူတည်တာပေါ့...။ အင်္ဂလိပ်စာ လေ့ကျင့်ချင်ရင် လေ့ကျင့်ပြောတာက တမျိုး..။ စကားပြောဖို့.. စာရိုက်ဖို့ အခက်အခဲဖြစ်ရင် အဆင်ပြေတဲ့ဘာသာစကားကို ပြောတာက ပြောလိုက်...။ အဲလိုတွေမှ မဟုတ်ရင်.. အင်္ဂလိပ်ဆို အကုန် အင်္ဂလိပ်လိုပြောလိုက်... မြန်မာလိုသာနားလည်တဲ့သူတွေကို ပြောမယ်ဆိုရင် သတိထားပြီး တချို့အသုံးအနှုန်းကလွဲရင် မြန်မာလိုသာ ပြောဖို့သင့်တယ်လို့ ယူဆပါတယ်..။ နောက်ဆုံးတော့ သေချာပြန်စဉ်းစားကြည့်ရင် တဦးချင်းစီက သူတို့လုပ်လိုက်တဲ့အရာတခုဟာ ဘယ်လိုစိတ်အခြေခံမျိုးနဲ့လုပ်တယ်ဆိုတဲ့အပေါ် အများကြီးမူတည်ပါတယ်..။ ဘိုရူးဆန်ဆန်စိတ်ဓာတ်ဆိုတော့ ဘယ်လိုအခြေအနေမျိုးဘဲဖြစ်ဖြစ် အထင်မကြီးစရာပဲလို့.. တဦးတည်းအနေနဲ့ ယူဆတယ် ကိုဇူလိုင်ရေ.....................

Han Thit Nyeim said...

ကျုပ်ကတော့ ရိုးရိုးဘူးတောင် မဟုတ်ဘူး။ စည်သွတ်ဘူးယို ရှယ်တကာ့ရှယ်ဗျို့....။

သိုင်းကျူး ဗဲရီးမတ်ခ်ျ ဖော်ယော် ပို့စ်!

PP said...

ပေဖူးဘော်ဒါတွေကတော့ ဗမာလို မရိုက်တတ်လို့ပါတဲ့. ဗမာလို ပြောချင်ပါတယ်တဲ့. ဒါကလဲ တမျိုး ;)

JulyDream said...

မြန်မာလိုပဲ ရေးရေး... အင်္ဂလိပ်လိုပဲ ရေးရေး... အဓိက နားလည်ဖို့ပါပဲ။ ဒါပေမယ့် အင်္ဂလိပ်လို ရေးတိုင်း ဘိုရူးဆိုပြီး ကဲ့ရဲ့ ရှုံ့ချတာကို ကျွန်တော်က လက်မခံတာပါ။ အင်္ဂလိပ်လို့ ရေးသားတာက ကျွန်တော် အပါအ၀င် တချို့တလေ အနေနဲ့ ဖတ်ရပြုရ ခက်ခဲတာ ရှိနိုင်ပါတယ်။ မြန်မာလို မိခင် ဘာသာစကား မဟုတ်တော့ ချက်ချင်း ချောချောမွေ့မွေ့ မဖတ်နိုင်တာမျိုးပေါ့။ အဲဒီလို အင်္ဂလိပ်လိုပဲ ရေးထားလို့ ဘိုရူးလို့ သွားအပြစ်တင်မယ့် အစား ကိုယ့်ဘာသာ ကိုယ် တခြားစာတွေကို ကျော်ဖတ်သွားတာက ပိုကောင်းမယ်လို့ ယူဆမိပါတယ်။

ဒါကြောင့် ဘိုရူးသည်ဖြစ်စေ.. ဘိုမရူးသည်ဖြစ်စေ... အင်္ဂလိပ် ရေးသား ပြောဆိုတာကို အပြစ်မမြင်ပဲ ချစ်ခင်လျှက်ပါလို့...

Welcome said...

အရေးအသားကောင်းလွန်းတာမို့ ပို့စ်တွေ အကုန် ဖတ်ဖြစ်သွားပါတယ်။
ကွန်မန့် တွေက ပြည့်ပြည့်စုံစုံရေးပြီး သွားကြတာမို့ ရေးစရာ မကျန်အောင်ပါပဲ။
အမြဲအားပေးလျက်ပါ...
ဝင်းဇော်
www.winzaw-mdy.blogspot.com

ရွှေပြည်သူ (ShwePyiThu) said...

သိပ်မှန်ပါတယ် မောင်လေး July Dream ရေ။ English လို ရေးကြ ပြောကြရင်းနဲ့မှ တိုးတက်မှုရ တာကြောင့် အခုခေတ်မှာ မတတ်မဖြစ် တတ်နေရမယ့် English လို ပြောကြတာကို ကြိုဆိုသင့်ပါတယ်။ လေ့ကျင့်မှု တစ်ခုအနေနဲ့ပေါ့။ (အနောက်ကို တရားလွန် အထင်ကြီးပြီး အနောက်တိုင်းဆန်ချင်လို့ မလိုအပ်တဲ့ နေရာတွေမှာပါ English လို ပြောတတ်တဲ့ လူတွေကတော့ တမျိုးပေါ့လေး)

အောင်မျိုးဟန် said...

ဟုတ္တယ္ဗ်။ ကျွန်တော်ဆို ခဏခဏပဲ အပြောခံရတာ
အရင်တုန်းကလေ။ မြန်မာလက်ကွက်က မရှိ အင်္ဂလိပ်လိုက သိပ်မပြောတတ်
နောက်ဆုံး BURGLISH နဲ့ ကွိုင်တက်တာလေ
"ဆက်ပါဦး " ကို " sex par own" လို့ ရိုက်လိုက်မိတာ
ပြဿနာတက်ရော
:P

Chaos said...

ဘာတဲ့ဘိုရူး
အင်း......ဟုတ်ပ
ဘိုရူးခြင်း မရူးခြင်းထက် တတ်သင့်တယ်၊ တတ်ဖို့လဲလိုအပ်တယ်ဆိုတာကို ကျွန်မတို့အပါအ၀င် လူငယ်အားလုံး လေ့လာနေရင်း၊ သုံးနှုန်းနေရင်း အနာဂတ်ခရီးထဲမှာ အသုံးဝင်ဖို့အားလုံးလုပ်နေသင့်တယ်လေ။ ဘာသာစကားတစ်ခုကိုတတ်ထားတာ အဲ့လူတစ်ယောက်ရဲ့ အားသာချက်အဖြစ် လိုအပ်လာတဲ့အချိန်တစ်ခုကျရင် အသုံးဝင်လာမှာပါ။ ဘိုရူးတာ မရူးတာထက် လုပ်သင့်တာဆက်လုပ်ကြတာပေါ့နော့ ဖိုးဖိုးရဲ့

ကိုရင်နော်ခင်လေးငယ် said...

Post လေးကအရမ်းကောင်းပါတယ်.

khin oo may said...

အင်တာနက်မှာ လိပ်အကြောင်းရှာရင်းနဲ့ အဲသလိုရိုက်တာမှာ
(လိပ် how to english) ဒီပိုစ်တက်လာတာနဲ့ဖတ်ဖြစ်သွားတယ။် ဘာရေးရေးသဘောကျနေတဲ့သူပါ။