ဒီခေတ်ဂျာနယ်သမား လူငယ်တွေ တာဝန်ကျေကြပါတယ်။ လေးစားရုံမက ကြည်ညိုတယ်လို့တောင် ဆိုလိုက်ချင်ပါတယ်။ ဂျာနယ်တွေရဲ့ ကျေးဇူးကြောင့်သာ ဒါလောက် မြန်မြန်နဲ့ များများကြီး ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ပြည်သူပြည်သားအားလုံးက ဂုဏ်ပြုမှတ်တမ်းတင်ကြမှာပါ။ "ဂျာနယ်အသက် တစ်မနက်" လို့ နှိမ့်ချတတ်တဲ့ အသိုင်းအ၀ိုင်းက လူများလည်း အသိအမှတ် မပြုဘဲ နေနိုင်လိမ့်မယ် မထင်ပါဘူး။
သတင်းစာတို့၊ ဂျာနယ်တို့ဆိုတဲ့ သတင်းလုပ်ငန်းများမှာ လုပ်ကိုင်နေကြသူ သတင်းသမားများဟာ သမိုင်းဖန်တီးသူများ မဟုတ်ကြပေမယ့် သမိုင်းကို မကြောက်နိုင်အောင်၊ မကွယ်နိုင်အောင်၊ မလိမ်နိုင်အောင်၊ မကွယ်ဝှက်နိုင်အောင် အချက်အလက် အထောက်အထားတွေကို မှန်မှန်ကန်ကန် တိတိကျကျ မှတ်တမ်းတင်ပေးသူများ ဖြစ်ကြပါတယ်။ အဲဒါကြောင့် ဥာဏ်အမြော်အမြင် ကြီးမားသူ နိုင်ငံခေါင်းဆောင်များ၊ အစိုးရများက သတင်းစာနဲ့ သတင်းဂျာနယ် မဂ္ဂဇင်းများကို စတုတ္ထမဏ္ဍိုင်နေရာမှာ ထိုက်ထိုက်တန်တန် ထားကြတာဖြစ်တယ်။ ရှေးပဒေသရာဇ်ခေတ်အခါက "ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့မိဖုရား မကောင်းလျှင် ငါ့မိဖုရားကို ရေး" ဆိုတဲ့ မင်းတုန်းမင်းတရားကြီးရဲ့ မိန့်ကြားတော်မူချက်ဟာ အထင်ရှားဆုံး သာဓက တစ်ခုအဖြစ် သမိုင်းမှာ မှတ်တမ်းတင် ကျစ်ရစ်ခဲ့တာ ဖြစ်ပါတယ်။
မင်းတုန်းမင်းတရားကြီး ကိုယ်တော်တိုင်ရဲ့ အားပေးမှုကို ရလေတော့ ရတနာပုံ နေပြည်တော် သတင်းစာဟာ အဲဒီခေတ် အင်္ဂလိပ်လက်အောက်ရောက်၊ ရန်ကုန်မြို့ကျ အင်္ဂလိပ်လူမျိုးတွေ ထုတ်ဝေတဲ့ သတင်းစာများနဲ့ ကောင်းကောင်းကြီး ရင်ပေါင်တန်းနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်ဖို့ အဓိက အကျဆုံး ကူညီအားပေးသူက မင်းတုန်းမင်းတရားကြီးဖြစ်ပြီး ဒုတိယကတော့ သတင်းစာဖတ် ပရိသတ် ပြည်သူပြည်သားများ ဖြစ်ပါတယ်။ အဲဒီခေတ်က သတင်းစာတိုက် ဆိုပေမယ့် စာရေးတော်ကြီးလို့ ခေါ်တဲ့ ဦးအဟီးနဲ့ ဘိုးဝဇီရတို့အပြင် တခြားသတင်းထောက်ရယ်လို့ မရှိပါဘူး။ သတင်းစာပါ သတင်း အတော်များများဟာ သတင်းစာဖတ်ပရိသတ်များဆီက ရေးသားပေးပို့ကြတဲ့ အကြောင်းအရာများ ဖြစ်ပါတယ်။ မင်းနဲ့ ပြည်သူက ယုံယုံကြည်ကြည်နဲ့ အားပေးကြတဲ့အတွက် ရတနာပုံ နေပြည်တော် သတင်းစာရယ်လို့ ဖြစ်ထွန်းအောင်မြင်ခဲ့ရတာ ဖြစ်ပါတယ်။
သတင်းစာကောင်းတစ်စောင်ဆိုတာ နိုင်ငံ့လက်ရုံး၊ နိုင်ငံ့ပခုံးဖြစ်ပါတယ်။ ပခုံးသဖွယ် နိုင်ငံ့ဝန်ကို ထမ်းရွက် သယ်ပိုးပြီး လက်ရုံးသဖွယ် နိုင်ငံ့ရန်စွယ် ရန်ညှောင့်များကို ဖယ်ရှားရှင်းလင်း သုတ်သင်ပေးပါတယ်။ အဲဒါကြောင့် သတင်းစာကောင်း ရှိခြင်းဟာ နိုင်ငံ့ကျက်သရေလို့ ဆိုနိုင်ပါတယ်။ သတင်းစာကောင်း တစ်စောင်ဖြစ်လာဖို့အတွက် စာဖတ်ပရိသတ် နိုင်ငံသူနိုင်ငံသားများရဲ့ အားပေးထောက်ပံ့ ကူညီမှုကို လိုအပ်ပါတယ်။ သတင်းသမားများကလည်း ပြည်သူပြည်သား စာဖတ်ပရိသတ်များရဲ့ ရာနှုန်းပြည့် ယုံကြည်မှုကို ရဖို့အတွက် သတင်းသမားတို့ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ပြည်သူပြည်သားများရဲ့ နားမျက်စိတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရုံမျှမက သတင်းသမားတို့ရဲ့ ကျင့်ဝတ်သိက္ခာများကိုလည်း ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင် ထိန်းသိမ်းဖို့ လိုအပ်ကြောင်း နှိုးဆော်လိုက်ရပါတယ်။
လူထုစိန်ဝင်း
Weekly Eleven
11-6-2008

No comments:
Post a Comment