.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, June 24, 2008

Millions of problems

ဒီရက်တွေ ပြသနာပေါင်း သိန်းသန်းချီနေသလိုပဲ။ ၀ါသနာပါလို့ ၀ိုင်းလုပ်ပေးနေတဲ့ လူမှုရေးလုပ်ငန်းတွေမှာ အတော်လေးကို စိတ်ညစ်နေရပါတယ်။ စိတ်ဓါတ်လည်း ကျရပါတယ်။ ကိုယ်တွေက လုပ်ပေးစရာရှိတာကို လုပ်ပေးတာဖြစ်ပေမယ့် လောကဓံက အမြဲရိုက်ပုတ်နေသလိုပါပဲ။

ဟိုတလောက ကိုညီလင်းဆက်တို့နဲ့ လိုက်သွားတဲ့ သူငယ်ချင်းတစ်ဦးက လပွတ္တာမှာ အိမ်သာတွေ ဆောက်ဖို့ လုပ်မယ်ဆိုတာနဲ့ လုပ်ကြတာပေါ့ ဆိုပြီး စီစဉ်ကြတာပေါ့။ ရန်ကုန် ကြည့်မြင်တိုင် ဟိုဘက်ကမ်းရွာတွေက အိမ်သာတွေကို အရင် လက်စသပ်ကြပါတယ်။ အဲဒါတွေ လက်စသပ်ပြီးတာနဲ့ လပွတ္တာမှာ အခန်းတွေ ငှား၊ စက်လှေတွေ ငှားပြီး ရွာတွေမှာ အိမ်သာတွေ လိုက်ဆောက်ဖို့ ကြံရွယ်ထားတယ်။ ကိုညီလင်းဆက်တို့ ဆောက်ခဲ့တဲ့ ရွာတွေမှာ အိမ်သာတွေ လိုက်ဖြည့်မယ်ပေါ့။

အခုလတ်တလောလေးမှာပဲ လပွတ္တာမြို့ပေါ်မှာ အိမ်ငှားခတွေက သုံးဆလောက် ခုန်တက်သွားတယ်။ အစက တစ်လကို ၈ သောင်းလောက်ပဲ ပေးရတာ အခု ၂ သိန်းခွဲ ၃ သိန်းတွေ ဖြစ်သွားပါတယ်။ လှေငှားခကလည်း ၃ သိန်းခွဲနဲ့ ၄ သိန်းကြားမှာပါ။ နောက်ပြီး အဲဒီလို ငှားတဲ့အခါကျရင် တစ်လတည်း ငှားလို့မရပါဘူး။ အနည်းဆုံး ၃ လ ငှားရပါမယ်တဲ့။ ကျွန်တော်တို့ ဆောက်မယ့် အိမ်သာတွေက ၁ လ ၂ လ အတွင်း ပြီးသွားရင် နောက်ထပ် ၁ လ က ဘာလုပ်ဖို့ ငှားထားရမလဲဗျာ။ လှေငှားတာလည်း ဒီလိုပါပဲ အနည်းဆုံး ၃ လနဲ့ ၆ လ ကြား စာချုပ် ချုပ်ရမယ်တဲ့။ အဲဒီမှာတင် သိန်း ၂၀ လောက် ကုန်ပြီဗျာ။ ဆင်ဖိုးတင် မကဘူး ချွန်းဖိုးကလည်း မသေးဘူး ခင်ဗျ။

နောက်တစ်ခုက သစ်ပါ။ သစ်ဈေးတွေလည်း တက်သွားပါတယ်။ လိုချင်သလောက်လည်း ရဖို့ မရှိပါဘူး။ လပွတ္တာ အနားတ၀ိုက်မှာ ၀ယ်လို့မရတာ သေချာသလောက် ဖြစ်နေလို့ ရန်ကုန်က ၀ယ်နေကျဆိုင်မှာပဲ ၀ယ်ဖို့ စီစဉ်ထားပါတယ်။ အဲဒါကြောင့် စပေါ်ငွေ ၄ သိန်းကို အရင်ပေးထားရပါတယ်။ စပေါ် မပေးထားရင် သစ်က ရဖို့ မသေချာလို့ပါ။ ပြီးရင် အဲဒီ သစ်တွေကို လပွတ္တာမြို့ကို သယ်ဖို့ ကားခက တစ်ခေါက်ကို ၅ သိန်းပါ။ အဲဒီတော့ ဆောက်မယ်လို့ ရည်ရွယ်ထားတဲ့ အိမ်သာအားလုံးအတွက် သစ်တွေ ပစ္စည်းတွေကို သေချာ တွက်ချက်ပြီး အပိုဝယ်ထားရပါမယ်။ ပြီးတော့ အားလုံးကို တစ်ခါတည်းနဲ့ အပြီး သယ်ရပါမယ်။ ပစ္စည်းတွေကို အခါခါ သယ်နေလို့ကတော့ ကားခနဲ့တင် မွဲပြာကျပါတော့မယ်။

နောက်တစ်မျိုးက လက်သမားဆရာပါ။ ကိုညီလင်းဆက်တို့ အတွေ့အကြုံအရ ရွာတွေမှာ ၀ိုင်းပြီးကူညီ လုပ်ပေးကြတဲ့ အင်အား အရမ်းနည်းပါတယ်။ သေချာ မကြီးကြပ်နိုင်ရင် ဖြစ်သလို လုပ်သွားတာတွေ ရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က လက်သမားဆရာ ၂ ဖွဲ့ ခေါ်သွားပြီး ရွာတွေမှာ ညအိပ်... တခါတည်း အိမ်သာတွေ ဆောက်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ရွာသားတွေသာ ၀ိုင်းကူရင်တော့ အိမ်သာတွေက အမြန်ပြီးမှာပေါ့။ သူတို့ရဲ့ လက်ခက ကိစ္စမရှိပေမယ့် စားဖို့သောက်ဖို့ စီစဉ်ရမှာက ခေါင်းခဲစရာပါပဲ။ ဒီကနေ ဆန်တွေ စားစရာတွေ တခါတည်း ၀ယ်သွားရပါမယ်။

အဲဒီတွေအတွက် လုံးပန်းနေရတဲ့အထဲ အဖွဲ့ရုံးခန်းအနေနဲ့ ရန်ကုန်မှာ ငှားထားတဲ့ တိုက်ခန်းက ဆက် မငှားတော့ဘူး လုပ်ပြန်ရော။ အိမ်ငှားတယ်ဆိုတာက လူ နေဖို့ထက် ၀ယ်ထားတဲ့ ပစ္စည်းတွေ ထားဖို့က ပိုအရေးကြီးလို့ ၆ လငှားမယ်ဆိုပြီး ငှားထားတာပါ။ အဲဒီ ပစ္စည်းတွေကို တစ်နေရာကနေ တစ်နေရာ ရွေ့ရပြုရတာ မလွယ်ပါဘူး။ ရွေ့တာနဲ့အမျှ ကားငှားရမှာဆိုတော့ ပိုက်ဆံက ကုန်မှာလေ။ ဘာဖြစ်လို့ ဆက်မငှားတာလဲ မေးတော့ လူအ၀င်အထွက် များလွန်းလို့တဲ့။ နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို လုပ်နေရတဲ့အချိန်မှာ ကျွန်တော်တို့ တစ်ကိုယ်တော် သိုင်းသမားတွေ လုပ်လို့ မရပါဘူး။ ၀ိုင်းလုပ်ပေးမယ့် လူအင်အားဆိုတာ လိုပါတယ်။

နောက်... ကျွန်တော်တို့ လုပ်နေတာ တစ်နေရာတည်း မဟုတ်ပါဘူး။ ရေမရခဲ့တဲ့ကာလမှာ ရန်ကုန်မြို့တွင်းက မြို့နယ်ခြောက်ခုက နေရာ ၈ ခုမှာ ရေစက်တွေ မီးစက်တွေနဲ့ အ၀ီစိတွင်းရေရအောင် လိုက်မောင်းပေးခဲ့တယ်။ ဘိုကလေးမှာ ရေသန့်ဆေးပြားတွေကို ရွာတွေအထိ လိုက်လံ ဝေငှခဲ့ပါတယ်။ တောင်ဒဂုံ၊ အရှေ့ဒဂုံ က ရပ်ကွက်တွေမှာ စားစရာတွေ၊ ဆန်တွေ၊ ဆပ်ပြာမှုန့်၊ အ၀တ်အထည်တွေ လိုက်ဝေငှပါတယ်။ ကြည့်မြင်တိုင် တစ်ဖက်ကမ်းက ရွာငါးရွာကို အိမ်သာတွေ ဆောက်ပေးခဲ့ပါတယ်။ လပွတ္တာက ရွာတွေမှာ အိမ်သာဆောက်မယ်။ နဂိုမူရင်း သွေးလှူဒါန်းတဲ့ လုပ်ငန်းကလည်း ဆက်လုပ်နေတုန်းပါပဲ။ ကဲ... အဲဒီတော့ လူအ၀င်အထွက်က များပြီပေါ့ဗျာ။

အိမ်ခန်းတစ်ခုတည်းလား ဆိုတော့ မဟုတ်ပေါင်။ ငှားထားတဲ့ ဟန်းဖုန်းကလည်း ဒီလကုန်ရင် ပြန်အပ်ရမယ်တဲ့။ ထပ်မငှားတော့ဘူးတဲ့။ အဲဒါနဲ့ ဟန်းဖုန်းငှားဖို့ လုပ်ရပြန်ရော။ အဖွဲ့မှာက ဟန်းဖုန်းမရှိရင် သွေးလိုတဲ့ လူနာတွေအနေနဲ့ ဆက်သွယ်မှုရဖို့ အရမ်းခက်ခဲပါတယ်။ ဟန်းဖုန်းငှားမယ့်သူ ရှိပြန်တော့လည်း ၄ လပဲ ငှားမှာတဲ့။ ၄ လပြည့်ရင် ပြန်ပေးရမယ်တဲ့။ အဲဒီလို လပိုင်း လပိုင်းလေးတွေ ငှားရတာ အဆင်မပြေပါဘူး။ ဖုန်းနံပါတ် ခဏခဏ ပြောင်းနေရင် ဆေးရုံတွေမှာ လိုက်ပြီး ဖုန်းနံပါတ်ပြောင်းကြောင်း အသိပေးရမှာပါ။ ကျွန်တော် ၀ယ်ဖို့ လုပ်ထားတဲ့ ဟန်းဖုန်းကလည်း လူကြီး အပြောင်းအလဲမှာ တစ် နေတယ်။ အစက ဇွန်လမှာ ထွက်ဖို့ရှိတယ်။ အခုချိန်ထိ ဖုန်းက ထွက်မလာသေးဘူး။ နောက်ဇူလိုင်လ အထိ မသေချာသေးပါတဲ့။ အဲဒါနဲ့ ဟန်းဖုန်းကိစ္စလည်း ခေါင်းခဲနေရပါတယ်။

အဲဒီလို မြောက်မြားစွာသော ပြသနာတွေကို သူငယ်ချင်းတွေနဲ့အတူ ခေါင်းရှုပ်ခံ ဖြေရှင်းရင်း...

11 comments:

mm thinker said...

ဘယ်လောက်ခေါင်းစားမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် သိပါတယ်ခင်ဗျာ။

စေတနာကို အထူးပဲ လေးစားလှပါတယ်။

နောင်တချိန်မှာ ပြန်လည် ကြည်နူးနိုင်မယ့် သမိုင်းကောင်းကို ရေးထိုးကြခြင်းပါပဲ။

သင်ကာ

little moon said...

ဂုဏ်ယူပါတယ်

ခင်မင်းဇော် said...

အဲဒါပဲ ကြည့်လေ ၊ အိမ်ငှားသူ ၊ စက်လှေငှားသူ ....
ဒီအဖြစ်အပျက်မှာ ပါဝင်နေသူအားလုံးဟာ စေတနာအပြည့်နဲ့ တချို့ကို အနာခံပြီးသာ လုပ်ပေးနိုင်မယ် ဆိုရင် ပိုမကောင်းဘူးလား။ ဘာ့ကြောင့် ဒုက္ခရောက်သူတွေကို ကူညီနေတဲ့ လူငယ်တွေရဲ့ လုပ်ငန်းတွေကို တဖက်တလမ်းအနစ်နာ ခံ ဖြည့်ဆည်းပေးလိုက်ရမယ်ဆိုတဲ့ အသိက မရှိရတာလဲ... ဒါ လုပ်ငန်း တခုထဲမှာ ပဲ မြင်နေရတာမဟုတ်လား.. ဒီမိုကရေစီတော်လှန်ရေး တလျှောက်မှာ လဲ အဲလို အိမ်ပိုင်ရှင် အဲလို စက်လှေသမားတွေ ငါတဘို့ သမားတွေ ရှိနေသေးတယ်ဆိုတာ သိကြစေချင်ပါတယ်။ အမတို့ ကိုယ်တိုင်က စလို့ဒီလို လူမျိုးတွေ မဖြစ်ရအောင် ကြိုးစားရမယ် အဲလိုကနေ အဆင့်ဆင့် ပြည်သူအားလုံး စိတ်ဓါတ်တွေ မြင့်မားလာဖို့ ကြိုးစားရဦးမယ်ဆိုတာ အသေအချာပါပဲ။

စွန့်လွှတ်နိုင်ရဲသူ များလာဖို့ လိုသေးတယ်ဆိုတာ ကောက်ချက်ချရမယ်။

Anonymous said...

ရွှေင်္ဟသာဆရာတော်ရဲ့စကားပါ "အများအကျိုးရွက်သယ်ပိုးက ချိုးချိုးဖဲ့ဖဲ့ ဆိုကဲ့ရဲ့လည်း မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို ဖြောင့်ဖြောင့်နဲ.ပင်ရှေ.ရှုနှင်လော့တဲ့" ဆက်လက်လုပ်ဆောင်ဖို.အားပေးပါတယ်ဗျာ....

ဘလူးဖီးနစ် said...

အားတင်းထားဗျို့...လေနဲ့အားပေးတာလောက် အပြင်မှာ လုပ်ရတာ မလွယ်မှန်းစာနာပါတယ်ဗျာ။ ဒါပေမယ့် လျော့တော့ မလျော့ပါနဲ့ဗျာ။ ခင်ဗျားလို လူမျိုးတွေက သိပ်များများရှိတာ မဟုတ်ဘူး။ တောင့်ထားနော်

Cypher said...

သာဓုခေါ်ပါတယ်ဗျာ။ အခုအချိန်မှာ အခက်အခဲတွေကြောင့် စိတ်ညစ်ရပေမယ့် နောင်တစ်ချိန် ပြန်တွေးတိုင်း ကြည်နူးရမည့် လုပ်ငန်းပါ။ လူအမျိုးမျိုး စိတ်အထွေထွေတဲ့။ ကိုယ်တွေက သူများအကျိုးအတွက် ဆောင်ရွက်ချင်စိတ် ရှိပေမယ့် ကိုယ်ကျိုးစီးပွားကို ဦးစားပေးသူတွေလည်း ရှိနေမှာ လောကနိယာမပဲလေ။

သဇင်ဏီ said...

လေးစားပါတယ်..
ဂုဏ်ယူပါတယ်..
သာဓုခေါ်ပါတယ်ရှင်...

Unknown said...

တောင့်ထားပါ အစ်ကိုရေ...။ ကောင်းမှုတိုင်းမှာ အဖျက်ဆိုတာတော့ ရှိမှာပဲ...။ အကောင်းဆုံး ရင်ဆိုင် ဖြတ်ကျော်ပြလိုက်ပါ...။ အောင်မြင်ပါစေ...။

ရွှန်းမီ said...

အဆင်ပြေပါစေ အစ်ကိုဂျူလိုင်

JulyDream said...

ဟုတ်ကဲ့ပါ အဆင်ပြေအောင်တော့ အစွမ်းကုန် ကြိုးစားနေပါတယ်။ ဒီဟာလေး အဆင်ပြေတော့လည်း နောက်တစ်ခုမှာ အဆင်မပြေဖြစ်ပြန်ရော။ အဲဒါတွေနဲ့ ပတ်ချာလည် ရမ်းနေရပါတယ်။ အားလုံး အဆင်ပြေသွားမှာပါလို့ မျှော်လင့်ရင်း....

Red's Rose Dream said...

အပင်မြင့်လေ လေတိုက်ခံရလေတဲ့ ...
ဘာပဲဖြစ်ဖြစ်ကျောက်ဆောင်လို စိတ်ဓါတ်ထားပါဗျာ။
လောကကြီးမှာ အမြဲမှန်နေတာက အမှန်ကိုအမှားက ဘယ်တော့မှမနိုင်ပါဘူးတဲ့။