တစ်ပူပေါ် နှစ်ပူဆင့်ဆိုတာ ဒါမျိုးပဲ ထင်တယ်။ မြွေပူရာ ကင်းမှောင့်လို့ ပြောရင်လည်း ရတယ်။ ဗူးလေးရာ ဖရုံဆင့်ဆိုတာလည်း ဒါပဲလား။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ... ဆိုရင်လည်း ကိုဇူလိုင်တစ်ယောက် အရှင်လတ်လတ် ဘ၀ပြောင်းသွားအုံးမယ်။ အဲဒီတော့ ကံဆိုးထီး သွားရာ မိုးလိုက်လို့ရွာ ပြောင်းရမလားပဲ။ ခက်တာက မိုးရွာရင် ကိုဇူလိုင်က အေးဆေးပဲ။ ကံဆိုးတယ်လို့ကို မထင်ဘူး။ မိုးရေထဲမှာ လမ်းလျှောက်ရင်း ဆွေးဆွေးမြေ့မြေ့လေး ခံစားလွမ်းတတ်တာ တစ်ခုပဲရှိတာ။ ခက်တာက အခုဟာကြီးက ကံဆိုးတာလည်း ဟုတ်သေးပါဘူး။ အဲဒါလေးက ရှင်းလေ ရှုပ်လေနဲ့ လိုရင်းကို မရောက်တော့ပါဘူး။
ဒီအပတ်က ၂၄ နာရီ ၇ ရက် ဖုန်းဖြေပေးဖို့ တာဝန်ကျတဲ့ အပတ်။ ကိုယ်နဲ့ မသိတဲ့ ပရောဂျက်က ကိစ္စတွေ လာမေးရင်း အတော်လေးကို ခေါင်းစားတယ်။ ဟိုဟိုဒီဒီ ကွေ့ပတ်ပြီး ဖြေနေရတယ်။ နောက်ဆုံး ဘူတာက သက်ဆိုင်တဲ့သူဆီကို အီးမေးလ်ပို့ဖို့ ပြောယူရတာပါပဲ။ တချို့တွေက ကောင်းကောင်းမွန်မွန် ဆက်ဆံပေမယ့် တချို့တွေကျတော့ ဘာမှတောင် သေချာမပြောတဲ့ ၀ူးဝူးဝါးဝါးတွေ။ ဘာပဲဖြစ်ဖြစ် တာဝန်က တာဝန်ပဲလေ။ အဲဒီတော့ လာသမျှ ဖုန်းဖြေပေတော့။
ဒီရက်တွေမှာ မျှော်တလင့်လင့် ဖြစ်စေတဲ့ ကိစ္စတစ်ခုကို စီစဉ်နေတယ်။ အောင်မြင်ဖို့က ၅၀-၅၀ ရာခိုင်နှုန်းပဲ။ ဒါပေမယ့် အရင်ကလို ဇာတ်မျှောကြီး ဖြစ်နေရမှာထက်စာရင် ဖြူလားမဲလား တစ်ခုခု ကွဲပြားလောက်ပါရဲ့ဆိုပြီး အရဲစွန့်ထားတာ။ လောလောဆယ်မှာတော့ သောင်တင်ရေမကျပဲ။ အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးအတွက် ပြင်ဆင်ထားရမယ်။ ဒီတစ်ဆင့် အောင်မြင်ရင်တောင် ရှေ့မှာ ဆက်ရအုံးမယ့် ခရီးလမ်းက အရှည်ကြီးပဲ။ ဒါကြောင့် စိတ်ပင်ပန်းတာကတော့ အမှန်ပါပဲ။
အရေးထဲမှ အရာပေါ်ဆိုသလို ကိုယ့်ဘာသာကို အိပ်မရတဲ့ညများကို မေ့မရတဲ့စိတ်နဲ့ ကျော်ဖြတ်နေရချိန်မှာ တခြားအပူက လာကပ်နေတယ်။ ညနေပိုင်းမှာ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ ညီမ၀မ်းကွဲတစ်ယောက်က ဖုန်းဆက်တယ်။ နေ့လည်ကတောင် သူနဲ့ ဖုန်းပြောဖြစ်သေးတယ်။ ညနေပိုင်း ထပ်ဆက်တော့ ဘာများလဲပေါ့။ ပထမတော့ အလုပ်များ ဖြုတ်ခံလိုက်ရလားပေါ့။ အလုပ်ဖြုတ်ခံရလို့လား မေးတော့ သူက ဟုတ်တယ်ဆိုပဲ။ အဲဒါ စိတ်ညစ်တယ် ဘာညာ ပြောနေတယ်။ နေ့လည်ကတောင် အကောင်းကြီး ဘယ်လို ဖြစ်သွားပါလိမ့်ပေါ့။
နောက်မှ တခြားအသံတစ်ခု ဖုန်းထဲ ထပ်ဝင်လာတယ်။ ယောကျာ်းတစ်ယောက် အသံ။ အခုပြောနေတဲ့ ဖုန်းကို ချပစ်လိုက်ပြီး သူပြောတာကို ကျေးဇူးပြုပြီး နားထောင်ပေးပါဆိုပဲ။ သူပြောချင်တာလေး ပြောခွင့်ရပြီးရင် သူ ချက်ချင်း လှည့်ပြန်ပါမယ်တဲ့။ သဘောပေါက်လိုက်ပြီ။ ရည်းစားစကား လိုက်ပြောနေတာ။ ပြောနေတဲ့ ယောကျာ်းလေးကိုလည်း သိတယ်။ ကျွန်တော့်ညီမရဲ့ ဦးလေးဆီမှာ အလုပ်ဝင်ဖူးတဲ့ ၀န်ထမ်းတစ်ယောက်။ သူလည်း စင်္ကာပူမှာ အခြေကျလို့ ပီအာတောင် ဖြစ်နေပြီဆိုတာ သိထားတယ်။ သူက တရုတ်တန်းက ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ပါတယ်။ ရှေ့တစ်ခေါက် တရုတ်နှစ်ကူးပွဲကို သွားတုန်းက အဲဒီတစ်ယောက်ပဲ လိုက်ပို့ပေးတာ။
ကျွန်တော့်ညီမကလည်း ကျွန်တော့်ညီမပဲ အေးအေးဆေးဆေး ဖြေရှင်းရမယ့်ဟာကို ဘယ်လိုဖြေရှင်းနေသလဲ မသိဘူး။ သူက ခါးခါးသီးသီး ငြင်းလေ ဟိုက စကားပြောခွင့် အတင်းတောင်းလေ။ အဲဒါနဲ့ နာရီဝက်လောက် တိုင်ပတ်နေတယ်။ ဟိုကလည်း သူသွားလေရာ နောက်ကို တကောက်ကောက် လိုက်နေတယ်။ ရုံးပေါ် ပြန်တက်ပြေးတော့လည်း ဓါတ်လှေခါးထဲအထိ လိုက်ဝင်တယ်။ တက်စီငှားတော့လည်း တံခါးဖွင့်ပြီး အတင်းဝင်ထိုင်လို့ ကားဆက်မငှားဖြစ်ပြန်ဘူး။ ရဲတိုင်ချင်လည်း တိုင်လိုက်ပါတော့တဲ့။ ရဲစခန်း ရောက်လည်း ရောက်ပါစေတော့ စကားလေးတော့ ပြောခွင့်ပေးပါဆိုပဲ။ ဖုန်းထဲမှာ အသံတွေကို အကုန်ကြားနေရတယ်။
ခက်တာက ကျွန်တော်လည်း ဘာမှ လုပ်ပေးလို့မရဘူး။ ကားငှားပြီး သူ့ရုံးကို လိုက်သွားရအောင်လည်း အဆင်မပြေပြန်ဘူး။ အဲဒါနဲ့ ဖုန်းထဲကနေပဲ အနုနည်းနဲ့ ဖြေရှင်းဖို့ တဖွဖွ ပြောယူရတယ်။ ညီမဖြစ်သူက ဒေါသထွက်နေတော့ ပိုဆိုးတယ်။ ဟိုကလည်း တောက်တဲ့ကပ်သလို ကပ်နေတယ်။ ကျွန်တော်လည်း နားတွေ ပူလွန်းလို့ စပီကာဖွင့်ပြီး နားထောင်ရတယ်။ နောက်ဆုံး ကားငှားပြီး အိမ်ပြန်ဖို့ ကောင်းကောင်းမွန်မွန် ပြောဖို့ သေချာမှာပြီး လိပ်ခဲတည်းလည်း အခြေအနေကို ဖြေရှင်းယူရတယ်။ ကားပေါ်အထိ ဆက်မလိုက်လာပဲ ပြန်သွားလို့ ဒီဇာတ်လမ်း ဒီနေ့မှာ ဒီလောက်နဲ့ ပြီးသွားတယ်။ နောက်နေ့တွေ ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ ကျွန်တော်လည်း မသိသေးဘူး။
ဘယ်သူမှားတယ် မှန်တယ်လို့ မပြောချင်ပါဘူး။ နှစ်ယောက်စလုံးကို ရင်းရင်းနှီးနှီး သိနေထားတာကို။ အမျိုးနဲ့ အမျိုးလို ရင်းနှီးသူကြားမှာ ကျွန်တော်ဇူလိုင် စတင် ဆားညှပ်ပါတော့မယ်။ ညီမဖြစ်သူကလည်း သူ့ဦးလေးရဲ့ အလုပ်သမားလို့ သဘောထားပြီး လုံးဝ လက်မခံနိုင်ဘူးတဲ့။ ရန်ကုန်မှာတုန်းက မော်တောင် မကြည့်ရဲခဲ့သူက အခုလို လုပ်တာကို ပိုလို့တောင် စိတ်ဆိုး နာကျည်းနေလေရဲ့။ ဟိုတစ်ယောက်ကလည်း တခြားနည်းလမ်းတွေ ရှာဖွေစဉ်းစား သုံးသင့်တယ်လို့ ထင်မိတယ်။ အခုလို ရုပ်ပျက်ဆင်းပျက် ဖြစ်နေရတဲ့ အနေအထားမျိုးကို ရှောင်ကြဉ်သင့်တယ်လို့ မြင်မိတယ်။ ဘာလို ဖြေရှင်းပေးရမှန်းတောင် မသိတော့ဘူး။
ကျွန်တော့်ဘ၀မှာ အခုလို အတင်းအကျပ် ချစ်ရေးဆိုတာမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ လုပ်စရာလည်း မရှိခဲ့ဘူး မဟုတ်လားလို့ စကားတင်း မဆိုကြပါနဲ့။ နူးနူးညံ့ညံ့ ရိုမန်တစ် ဖြစ်စေတဲ့ အနေအထားမျိုးတွေပဲ တကူးတက ဖန်တီးတယ်။ ကရကဋ်ပီပီ စိတ်ကူးယဉ် ဆန်လွန်းလို့ အများအားဖြင့် မအောင်မြင်တတ်ဘူး။ ထင်ထားသလို ဖြစ်မလာပါဘူး။ ဒါပေမယ့် ထင်တဲ့အတိုင်း မဖြစ်လို့ဆိုပြီး ဘယ်တော့မှ အကြမ်းနည်း မသုံးခဲ့ဘူး။ သုံးရင်လည်း ဘာအရှုပ်အရှင်းမှ မဖြစ်လောက်တဲ့ အနေအထားမှာ ရှိခဲ့ပေမယ့်လည်း လုံးဝ မလုပ်ခဲ့ဘူး။ အဓိက မာမားရဲ့ စကားတစ်ခွန်းက စိတ်ဆင်ရိုင်းကို ချွန်းအုပ် ထိန်းချုပ် လွှမ်းမိုးထားတာပါ။
အဲဒီစကားလေးက ...
ကိုယ့်မှာ ညီမအရင်းမရှိပေမယ့် ညီမအရင်းလို ကိုယ်ချင်းစာပါ...

30 comments:
ဒီလောက် နူးညံ့ပြီး ရိုမန်းတစ် ဖြစ်အောင် ကြိုးစားနေတယ်ဆိုတော့ ကိုဂျူလိုင်ချစ်မိတာ စက်ရုပ်မလေးများလား မသိ။
ဟုတ်ပါတယ်၊ ဘယ်မိန်းကလေးမှ သူ့သဘောချည်း သူပြောချင်တာချည်း အတင်းအကြပ်လုပ်တာ မကြိုက်ပါဘူး။ နောက်ပြီး ဖူးစာ ဆိုတာ တကယ်ရှိပါတယ်။ ဟိုလူ ဒါတွေ နားလည်ပုံ မရဘူး။ :)
အစပိုင်း တုံ့ပြန်တာလေး နည်းနည်းမှားသွားတယ်လို့ ထင်မိတယ်ဗျ။ တကယ်ဆို သြော်၊ဟုတ်ကဲ့ ကို---၊ ဘယ်ကလာလဲ။ အအေးဝင်သောက်ရအောင် လာပါဦး။ အေးအေးဆေးဆေး ပြောတာပေါ့ လို့ စကားစဖြတ်လိုက်။ အအေးဆိုင်ရောက်တော့ ပြောမယ်ဆိုတာ မိန်းကလေးသဘာဝအရ သိနေမှာပေမယ့်လည်း အံ့အားသင့်သလိုလေး လုပ်ပြီး ကျွန်မမသိခဲ့ပါဘူး။ စိတ်မကောင်းပါဘူး။ ကို-- မှာ ဘာပြစ်ချက်မှ မရှိလို့ စဉ်းစားပေး ချင်ပေမယ့်လည်း နောက်ကျသွားခဲ့ပါပြီလို့ ညင်ညင်သာသာလေး လိမ်လိုက်ရတာပဲကို..
ခုတော့ ဘယ်လိုလုပ်ကြမလဲ ကဲ..
သိတ်စိတ်ညစ်တယ် အဟိ
ခါးခါးသီးသီးလုပ်လို့ မာနထိခိုက်သွားရင် ပိုဆိုးလာမလား ထင်မိလို့.. ညင်ညင်သာသာ ပြုံးပြုံးလေးပဲ အခင်အမင်မပျက် သက်သက်သာသာ ငြင်းကြည့်ရင် ကောင်းမယ်ထင်မိတာပဲဗျာ..
နောက်တစ်ခါကျရင်တော့ အဲလိုခါးခါးသီးသီးမလုပ်ပဲ အရင်တခေါက်က ကျွန်မရိုင်းသွားတာ တောင်းပန်ပါတယ်ဆိုပြီး မျက်နှာထား ခပ်တည်တည်လေးနဲ့ပဲ လူသိပ်မများပေမယ့် လူမပြတ်တဲ့ အလုပ်နားက အအေးဆိုင်လိုနေရာမှာ အေးအေးဆေးဆေး ငြင်းကြည့်ပါလား။ ဆုံးအောင်တော့ နားထောင်ပေးလိုက်ပေါ့နော်။ မပြောရသေးရင် ပြီးမှာမှ မဟုတ်တာ။
နောက်တစ်ခုက နေ့လည်ပိုင်း ထမင်းစားချိန်မှာ အပြီးငြင်းရင် ပိုကောင်းမလားလို့။ စကားစဖြတ်လို့ ရအောင်။ ကျွန်မ အလုပ်ပြန်တက်တော့မယ်။ ကျွန်မပြောတာ စိတ်ထဲက ခံစားချက်အတိုင်းပါပဲပေါ့။ မိတ်ဆွေတစ်ယောက် မလျော့ပါးချင်ပါဘူးပေါ့။ အားလည်းနာပါတယ်ပေါ့။
နောက်တစ်ခုက လူတွေက မရတာဆိုရင် ပိုလိုချင်တတ်ကြတာဆိုတော့ အဲဒီလို အေးအေးလေးငြင်းမှ ရှက်လို့ ကြောက်လို့ ထွက်ပြေးတာ မဟုတ်ပဲ တကယ်ကို စိတ်မ၀င်စားလို့ပါ ဆိုတာ သိမှာလေ။
အဲတာဆို ပြီးတာပဲ။ ဟီး... ပြောဆိုလို့ လျှာဝင်ရှည်လိုက်ပြီနော်။ ဟဲ...
“ကိုယ့်မှာ ညီမအရင်းမရှိပေမယ့် ညီမအရင်းလို ကိုယ်ချင်းစာပါ...”
သားကို ပြောပြဖို့ စကားတစ်ခွန်းအတွက် ကျေးဇူးပါ။ :) ။
မာမားက သားကို သွန်သင်တာ တော်လိုက်တာနော်။ ရိုမန်တစ် ဖြစ်ပြီး ဂရုစိုက် အလေးထားတတ်ရင် မိန်းကလေးတော်တော် များများ က နှစ်သက်ပါတယ်။ ခက်တာက ဆန့်ကျင်ဖက်တွေ လုပ်တဲ့သူနဲ့ ဖူးစာ ပါကုန်ကြတာ ဟီးဟီး
ဘယ်လို လူပါလိမ့်ဗျာ ...
အခုလို တက္ကနစ်ကြီးကို သုံးသတဲ့လား ဗျာ အဲလူက ...
ချစ်ကောင်းသီချင်းကို ကြိုက်လို့နဲ့ တူတယ် ...
ကိုယ်ဟာလူကြမ်းလေးပါ ... ဆိုတဲ့သီချင်းလေးထဲကလိုပေါ့ ...
အချစ်ဆိုတာ နုညံ့တဲ့ အရာမို့ ကိုဂျူလိုင်ပြောသလို
ရိုမန့်တစ်ဆန်ဆန်၊ နုနုရွရွလေးနဲ့ ချဉ်းကပ်ဖို့ ကြိုးစားသင့်တယ်လို့ ကျွန်တော်ကတော့ ယူဆတယ်၊ နို့မဟုတ်ရင် အပ်နဲ့ ထွင်းရမယ့် နေရာမှာ ပုဆိန်နဲ့ ပေါက်မိတဲ့ အဖြစ်မျိုးတွေနဲ့ တိုးမယ်လို့ ထင်မိတယ်။
တကယ်ရဲတိုင်လိုက်လို့ ရဲစခန်းရောက်နေရင်တော့ ဒုက္ခနဲ့ လှလှနဲ့ တွေ့ဦးမှာ မြင်ယောင်မိပါရဲ့ဗျာ ...
ဒါပေမယ့် ...
အချစ်ဆိုတာ မျက်ကန်း တစ္ဆေမကြောက်ကိုး ...
မိန်းကလေးတစ်ယောက်ကိုအဲလိုလုပ်တာဟာချစ်တာမဟုတ်
ပါဘူး။နှောက်ယှက်တာပါ။ကိုယ်ချင်းစာနားလည်မှုမရှိတဲ့အဲလို
ယောကျာ်းတွေကိုဘယ်လိုမိန်းကလေးကပြန်စဉ်းစားချင်ပါ
တော့မလဲ...း(
ဒီရက်တွေမှာ မျှော်တလင့်လင့် ဖြစ်စေတဲ့ ကိစ္စတစ်ခုကို စီစဉ်နေတယ်။ အောင်မြင်ဖို့က ၅၀-၅၀ ရာခိုင်နှုန်းပဲ။ ဒါပေမယ့် အရင်ကလို ဇာတ်မျှောကြီး ဖြစ်နေရမှာထက်စာရင် ဖြူလားမဲလား တစ်ခုခု ကွဲပြားလောက်ပါရဲ့ဆိုပြီး အရဲစွန့်ထားတာ။ လောလောဆယ်မှာတော့ သောင်တင်ရေမကျပဲ။ အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးအတွက် ပြင်ဆင်ထားရမယ်။ ဒီတစ်ဆင့် အောင်မြင်ရင်တောင် ရှေ့မှာ ဆက်ရအုံးမယ့် ခရီးလမ်းက အရှည်ကြီးပဲ။ ဒါကြောင့် စိတ်ပင်ပန်းတာကတော့ အမှန်ပါပဲ။
ဟေး ဟေး ဟေး အဖြေတောင်းတော့မယ်ကွ။ အောင်မြင်ပါစေဗျား။ ဆုတောင်းပါတယ်။ :)
လောကမှာဒီလို အဖြစ်မျိုးတွေလည်းရှိသလား..
(ပေါင်ချိန်စကားကို မပန်၏လေသံဖြင့်ပြောသွားသည်။)
ကြည့်သာလုပ်ဗျို့ အစဉ်ပြေပါစေနော် ဟိး
အဲ့ဒီကောင်လေးက ကောင်မလေးကို တော်တော် အမြင်ကတ်နေပုံရတယ်။ မဟုတ်ရင် ဘယ်ကောင်လေးက ကိုယ်ချစ်တဲ့ကောင်မလေးကို ရုပ်ပျက် ဆင်းပျက် ဖြစ်အောင် လုပ်မလဲနော်။ ကိုဇူလိုင် ညီမလေးကို ပြောလိုက်ပါ ကားတင်ပြေး တာတွေ ဘာတွေ သတိထားလို့။ ဟီးး
တကယ်လို့ အဲ့ဒီကောင်လေးသာ ကိုဇူလိုင်ညီမလေး ကို ကားတင်ပြေသွားရင်တော့။ ကိုဇူလိုင်းလည်း ကိုဇူလိုင်ညီမလေးကိုလိုက်တဲ့လူကိုအတုယူပြီး ကိုဇူလိုင့် ကိစနကြီးကို ဖြေရှင်းလိုက်တော့ အဲ့ဒါမှ လိပ်ခဲတည်းလဲပြေမှာ။
ဟိုက်.. အပေါ်က စင်ဒဏ်လားက စကားကိုယူသွားပြီ။ ဒီတော့ ဒီမှတ်ချက်ကို ဒီမှာ ပေးလို့ မရတော့ဘူး.. :D
တခုတော့ရှိတယ် စင်္ကာပူမှာ ဒီလိုလုပ်တာ မကောင်းဘူး။ နှစ်ဘက်စလုံးအတွက်ပေါ့။ သူများပြောလို့ ကြားဖူးတာ NUS မှာ တခါက အဖြစ်အပျက်လေးတခု ရှိခဲ့တယ် တဲ့။ ဘွဲ့လွန်တက်နေတဲ့ မြန်မာ ကျောင်းသားကျောင်းသူတွေပါပဲ။ ကောင်လေးက ကောင်မလေးကို (မြန်မာပြည်ကစတိုင်နဲ့) လမ်းမှာစကားလိုက်ပြောတယ်. တဲ့။ ကောင်မလေးကလည်း (မြန်မာပြည်က ကျောင်းထဲကစတိုင်ပဲပေါ့) ကျောင်းသားရေးရာ သွားတိုင်လိုက်ရော။ ဟိုကအရေးယူလိုက်တာ ကောင်လေးကို student pass ရုတ်သိမ်း.. မြန်မာပြည် ပြန်လွှတ်လိုက်ပါလေရော။ ကောင်မလေးလည်း ဒီလောက်ဖြစ်မယ် မထင်လို့ စိတ်မကောင်း။ ကောင်လေးလည်း စိတ်တွေဆိုးပြီး သူ့ဘ၀ရှေ့ရေးပါ ထိခိုက်သွားတာပေါ့။
စင်္ကာပူမှာ မိန်းကလေးတွေကို ကာကွယ်တဲ့ ဥပဒေတွေက ပြင်းတယ်။ လမ်းမှာ ချွတ်ချွတ်... လိုက်ခေါ်တာတောင် ပြင်းပြင်းထန်ထန် အပြစ်ပေးလို့ရတယ်။ sms တွေ တဖက်သက် အတင်းပို့နေတာမျိုးကိုလည်း သဘောမတူရင် တိုင်လို့ရတယ်။
တဖက်ကလည်း ၀ုန်းဒိုင်းကျဲ မတုံ့ပြန်သင့်သလို.. တဖက်ကလည်း ဒါလေးတွေ ရှိတတ်တယ် ဆိုတာ သိထားပြီး သိမ်သိမ်မွေ့မွေ့ ချဉ်းကပ်ရင်ပိုကောင်းမယ်။ ဖြစ်လာရင် ဘယ်သူမှ စိတ်ကောင်းမှာ မဟုတ်ဘူး။
အဲ့လောက်ဖြစ်နေရင် ဖမ်းပြီးဖြတ်ပစ်ဗျာ(လျှာကိုဆိုလိုပါသည်)။
ကိုဇူလိုင်ရဲ့ နှစ်ထပ်ကွမ်း ပြဿနာ တွေကော အောက်က ထင်မြင်ချက် အကြံပေးချက် တွေကော ဖတ်ရတာ တော်တော် လေး ဗဟုသုတ တွေ တိုးသွားတယ် ဗျ ဟီး
အင်း အဆင်ပြေပါစေနော့်
ဘုရား....ဘုရား
ဇွဲကတော့ လေးစားဘို့ကောင်းတယ်။ ဒါပေမယ့် အဲဒီလို ကိုရို့ကားရားဆိုရင်တော့ သေနတ်ပါရင် တစ်ခါတည်းသာ ပစ်သတ်လိုက်ဗျာ၊ ကြာသလားလို့ :)
အမောင်ဇူလိုင်ငယ်
အသင်သည်ကား နှမတော်လေး မေတ္တာစကား အဆိုခံရတာကို ကမ္ဘာတလွှား သိကြားစေရန် မောင်းထုဝံ့ပြီထင့်။ အနို့ပေမယ့် ဂဟာရဲ့ ဂယက်ကြောင့် ဖွဲ့တည်သော စာမူခတို့သည် လုလင်ပျို လုံမပျိုတို့ သတိချပ်သင့်စရာ များစွာပါပေချိမ့်။ ကောင်းလေစွတကား။
ဒါနဲ့ လမ်းကြုံလို့..
(အမောင်ငယ် မြိန်ယှက်သော သွားရည်စာများဖြင့် အစားထိုး ဖတ်ရှုခွင့်ပြုလိုက်ကြောင်း စာလွှာပါးခဲ့သည်)
အဖြေကိုနေ့တိုင်းစဉ်းစားရှာလို့လဲမရ၊သေချာတာက
တော့ sg မှာညလေးဘ၀စိတ်မချရတော့တာပဲ၊ကိုယ့်ဆီ
သာလှမ်းပို့ထားလိုက်၊ဟိုတစ်ယောက်စိတ်လျှော့လောက်
မှပြန်ချင်ရင်ပြန်ပို့လိုက်မယ်၊ဟုတ်ပလား။
မိန်းကလေးတယောက်အတွက်ကတော့ ဒီလိုလုပ်တာမကောင်းပါဘူး။ လူကြားထဲမှာ ကြည့်ရဆိုးပါတယ်။ တဖက်ကလက်မခံရင် အတင်းမလုပ်သင့်ဘူးလေ။ သဘောမကျမှန်းသိတာကို အတင်းလုပ်ယူရင် ကိုယ့်အတွက် ဆိုးကျိုးတွေပဲ ပိုများလာနိုင်တယ်နော်
မချိုသင်း...
ရက်ရက်စက်စက် ပြောသွားတာပဲနော်။ အင်း... အထင်ကြီးချက်က ကမ်းကုန်ပါပဲ။ စက်ရုပ်မလေးကို ချစ်နေသလားပဲနော်တဲ့။ လူပါပဲဗျာ။ တကယ့်လူပါ။ ဘုရားစူး လူမပါ။ အဟီး...
မိစု...
လျှာဝင်ရှည်ကို သဘော အလွန်ကျမိပါ၏။
မဂျူဝဲလ်...
သူကြီးနဲ့ အစ်မတို့ မွေးထားတဲ့ သားပဲဗျာ။ ဒီလောက်တော့ မညံ့လောက်ပါဘူး။
မခင်ဦးမေ...
ဘာတွေကို သိပ်စိတ်ညစ်နေပါသလဲ ခင်ဗျာ။ ကူညီပါရစေ... ကူညီပါရစေ... လို့ မပြောတော့ပါဘူး။
မီယာရေ...
ပြောထားတဲ့အချက်က ကွတ်တိပါပဲဗျာ။ ဒေါင်ခနဲတောင် မြည်အောင် မှန်လှပါပေတယ်။
အိပ်မက်ရှင်ကြီးရေ...
ဒုက္ခနဲ့ လှလှကို တွေ့ချင်လည်း တွေ့ပါစေလို့ သဘောထားနေပုံပဲ။ အချစ်ရူးကြီး ရူးတော့သည်ပေါ့။ ကျွန်တော်ကတော့ ခံစားနားလည် ပေးထားလိုက်ပါတယ်။ မဟုတ်လည်း ဘာလုပ်လို့ ရမှာလဲနော့။
မနော်ရေ...
နှောင့်ယှက်တယ်လို့ မမြင်ပဲ အချစ်ကြီးတယ်လို့များ ထင်နေသလားပဲ။ ဒါကြောင့် ဇွတ်တိုးနေတာ နေမယ်။ ဘာပဲဖြစ်ဖြစ် အစ်မပြောတာလေးကို မှတ်ထားလိုက်ပါမယ်။ ကိုယ့်အလှည့်ကျ မဖြစ်ရအောင်ပေါ့။ အဲဒီအလှည့်ဆိုတာကလည်း ဘယ်ဆီဘယ်ဝယ်.... မသိပေါင်။ အဟ...
ကိုလူသစ်ကြီး
ဒါကြောင့်လည်း ဒီလောက် တော်နေတာကိုး။ ၀ှက်ထားတာကို ရအောင် ဖော်သွားသေးတယ်။ ဒါပေမယ့် အဖြေက အပြည့်အ၀ မမှန်ပါဘူးကွယ်။ အဲငှယ်..
မစင်...(ee မဟုတ်ပါ)
(မစင်ဒန်လား)လို့ ပြင်ဆင် ဖတ်ရှုပါရန်... ကို ကုန်းစွန်း လေသံနဲ့ ဖတ်သွားကြပါခင်ဗျာ။
အိမ်ရေ...
ဘယ်အ၀ှာကို အဆင်ပြေပါစေလို့ ဆုတောင်းပေးနေတာလဲ ခင်ဗျာ။ ဟိုလိုလို ဒီလိုလိုကြီးပါလား ခင်ဗျ။
နှင်းဆီနီအိပ်မက်ရေ...
ညည်းအလှည့်ကျရင် အဲဒီလို ကားတင်ပြေးမယ့် သူတွေနဲ့ တွေ့နေအုံးမယ်နော်။ သတိထားအုံးကွ။ အဟက်...
မပန်ဒိုရာရေ...
ပီအာဖြစ်နေလို့ပဲ အရဲစွန့်နေသလားပဲ။ စလုံးက ပီအာလည်း ညှာမယ် မထင်ဘူး။ ဒီနိုင်ငံမှာ မိန်းခလေးတွေကို အကာအကွယ် ပေးထားပုံအရ ပီအာလည်း ကွိသွားနိုင်မယ်နော်။
Strike ကြီး...
အေးဗျာ... သူ့ကို ဒီတစ်ခါတွေ့ရင် ပြောလိုက်ပါမယ်။ ခင်ဗျားကို တွေ့ရင် ဖြတ်ပစ်လိုက်ဗျာလို့ ပြောတဲ့သူ ရှိတယ်လို့။ ဟဟ...
လင်းထက်ရေ...
တကယ်က သုံးထပ်ကွမ်းဗျ။ နှစ်ထပ်ကွမ်း မဟုတ်ပါဘူးဗျာ။
Apprenticeship ရေ...
ဘာကို အဆင်ပြေခိုင်းနေတာလဲ ခင်ဗျာ။ မရှင်းမရှင်းကြီးနော်။ အဟက်...
ကေမောင်ငြိမ်းက Strike ထက် ပိုဆိုးနေပါလား။ ဟိုတစ်ယောက်က ဖြတ်ပဲ ဖြတ်ခိုင်းတာ။ လျှာကို ပြောတာပါတဲ့။ ဒီတစ်ယောက် သေနတ်နဲ့ကို ပစ်ခိုင်းနေတယ်။ လုပ်ရက်ကြပုံပဲ။ ဟိုတစ်ယောက်သာ ပြန်ဖတ်မိရင်တော့... အိပ်လို့တောင် ပျော်ပါမလားကွယ်။ အဟား...
အမောင်တောင်ငူ..
အကျွန်ုပ် မောင်းထုခြင်း မဟုတ်ပါ။ တခြားသော လုလင်ပျို လုံမငယ်တို့ ဆင်ခြင် ထောက်ရှုနိုင်ရန် အလို့ငှာ အသုံးတော်ခံ တင်ပြခြင်းသာ ဖြစ်ပေတော့သည်။ မောင်မင်းလည်း ဆင်ခြင်ပေလော့။
ှStrike ကြီး
အခု ညလေးတို့ ရုံးက အစ်ကိုကြီးပုံ အရင်တင်ပေးထားတယ်။ အချစ်ညမှာ ရင်ခုန် ကြည်နူးနိုင်ပါစေဗျာ။ အိပ်မရတဲ့ ညပေါင်း အသင်္ချေ ကုန်ဆုံး လွန်မြောက်ပါစေဗျာ။ အဟဲ...
ဒီဇင်ဘာနှင်းရေ...
ဟုတ်ပဗျာ။ ဆိုးကျိုးတွေ များနိုင်တယ်ဆိုတာကို ဟိုတစ်ယောက် သိပါလေစဗျာ။ သိနိုင်ပါစေလို့ ဆန္ဒပြုမိပါတယ်။
အင်း...တချို့က မိန်းမတွေကို မိခင်..မျိုးရယ်လို့ အသိအမှတ်ပြုပေးဖို့အတွက် ဆင်ခြင်တုံတရားအခန်းမှာ ချို့ယွင်းနေတတ်ကြတယ်။
အင်းး...
ကိုာယ့်မှာညီမမရှိပေမယ့် ညီမချင်းကိုယ်ချင်းစာပါတဲ့
လေးနက်တဲ့စကားလုံးလေးပဲ
လိုက်နာသူပေါ်မူတည်ပြီး
ဒီစကားလုံးလေက
ပိုမိုလေးနက်သွားတာပါ..
ဒီစကားလုံးကို လိုက်နာတဲ့အတွက် ကိုဂျူလိုင်ကို လေးစားပါတယ်
မခွာညိုရေ...
မိခင်မျိုးလို့ သတ်မှတ်ပေးဖို့ ဆင်ခြေတုံ တရား ပျက်နေတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တော့ အဲဒီ အခန်း မပျက်ရအောင် အထူးသတိထား ဂရုပြုရအုံးမယ်ဗျာ။
ပန်းခရေ...
လေးနက်တယ်ဆိုတော့ ငါးဖြူတာပေါ့နော်။ လေးစားရင် ငါးလျှော်ရမှာပေါ့နော်။ အဟက်...
Post a Comment