အခုနှစ်ဆန်းပိုင်းမှာ တက္ကသိုလ်တက်တုန်းက သူငယ်ချင်းတစ်ယောက်နဲ့ Facebook မှာ ပြန်ဆုံဖြစ်ခဲ့တယ်။ သူမနဲ့ မဆုံဖြစ်ခဲ့တာဆို ကျောင်းပြီးကတည်းကပါ။ ကျောင်းပြီးကတည်းက မောင်သောင်းကို စိတ်နာလွန်းလို့ ဘွဲ့နှင်းသဘင်မှာ ဘွဲ့လည်း သွားမယူခဲ့သလို ကျောင်းကလူတွေနဲ့လည်း အဆက်အသွယ် မလုပ်ဖြစ်ခဲ့ပါဘူး။ သီးခြားကမ္ဘာလေးမှာ တစ်ကိုယ်တည်း မင်းမူနေခဲ့လိုက်တယ်။ စိတ်ချမ်းသာတာပေါ့။
သူမလည်း တခြားတစ်ယောက်ရဲ့ Facebook ထဲမှာ ကျွန်တော့်ဓါတ်ပုံကို မြင်တာနဲ့ လှမ်းပြီး ဖိတ်လိုက်တာပါ။ ဒီအမည် မြင်ဖူးကြားဖူးပေမယ့် သူမမှ ဟုတ်ရဲ့လား... အမည်တူ တခြားတစ်ယောက်များ ရှိနေအုံးမလားဆိုပြီး သံသယရှိသေးလို့ ချက်ချင်း လက်မခံသေးပဲ သူမရဲ့ဓါတ်ပုံတွေကို မွှေနှောက်ကြည့်တော့မှ ကျောင်းက သူငယ်ချင်းဖြစ်နေတာ သိလိုက်တယ်။ ဒါနဲ့ပဲ သူမရဲ့ ဖိတ်ကြားမှုကို လက်ခံလိုက်ပါသည်ပေါ့ဗျာ။
လှိုင်သာယာက ကျောင်းကို တတိယနှစ်မှာ စတက်ခဲ့ရတယ်။ ရှေ့နှစ်တွေက သန်လျှင် သိဟိုဠ်တောမှာပေါ့။ သုံးတန်းရောက်တော့ မေဂျာတွေ ခွဲပြီးပြီ။ ဟိုးအရင်ကလို အမှတ်နဲ့ ခွဲတာ မဟုတ်တော့ဘူး။ ကိုယ်ကြိုက်တာ ကိုယ်ယူပဲ။ ဒါကြောင့် အီးစီမို့လို့ မြို့ပြမို့လို့ စာအရမ်းတော် စာအရမ်းကြိုးစား တော်တီးတီးတော်လို့ မှတ်ရင် မမှန်တော့သလို အာခီမှာတွေ့လို့ စာတော်တော်ညံ့တဲ့ အပါယ်ရတနာတွေလို့ ထင်မိရင်လည်း အမှားကြီး မှားပါလိမ့်မယ်။
ကျောင်းအသစ်မှာ မေဂျာအသစ်မှာ လူသစ်တွေ အများကြီး တွေ့ရတာပေါ့။ ကျွန်တော်တို့နှစ်က ဗိသုကာမှာ အယောက် ၃၀ ကျော်တယ်။ စံချိန်တင်ပါပဲ။ တချို့က သန်လျှင်ကျောင်းက။ တချို့က မှော်ဘီကျောင်းက။ တချို့က မှော်ဘီကျောင်း ဆိုပေမယ့် ကျူရှင်တူလို့ မြင်ဖူးထားတယ်။ တချို့က သန်လျှင်ကျောင်းဆိုပေမယ့် အခုမှ မြင်ဖူးတယ်။ ဒါပေမယ့် အများစုက ကိုယ့်အစုနဲ့ ကိုယ် နေကြတာများတော့ သန်လျှင်က သပ်သပ်၊ မှော်ဘီက သပ်သပ် ဖြစ်နေတတ်တယ်။ အခုပြန်တွေ့တဲ့ သူငယ်ချင်းလည်း သန်လျှင်ကျောင်းကပဲ။ ဒါပေမယ့် ဗိသုကာမေဂျာ ရောက်မှ သူမကို မြင်ဖူးခဲ့တာပါ။
တတိယနှစ်ကတည်းက သူမကို သတိထားမိပါတယ်။ ကျောထိရှည်တဲ့ ဆံပင်အရှည်ကြီးနဲ့ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးက ဗိသုကာမှာ ၂ ယောက်ပဲ ရှိတာ။ ထူးခြားတာက ၂ ယောက်စလုံး အမည်စာလုံး ၃ လုံးအထိ ထပ်တူညီ တူကြတယ်။ နောက်ဆုံးစာလုံးတစ်လုံးပဲ ကွာကြတယ်။ တစ်ယောက်က တိုင်းရင်းသူ ဖြစ်နေလို့သာ အမွှာလို့ မထင်ကြတာ။ တတိယနှစ်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် နည်းနည်း စိမ်းနေကြသေးတယ်။ ကျောင်းကလည်း ဝေး၊ ပရောဂျက်တွေနဲ့ဆိုတော့ အိမ်မှာ ပုံဆွဲ၊ ကျောင်းမှာ ဂျူရီထိုင်၊ ကျန်တဲ့အချိန် ရသလောက် ကျောင်းပြေး။ အဲဒါနဲ့ အတော်များများကို ကျွန်တော် မရင်းနှီးခဲ့ဘူး။
လေးတန်းရောက်တော့လည်း ထိုနည်းလည်းကောင်းပဲ။ ငါးတန်းရောက်တော့လည်း ထိုနည်းလည်းကောင်းပဲ။ စာမေးပွဲနားနီးလာရင် ထုံးစံအတိုင်း စာတော်တဲ့သူတွေဆီ ပြေးရပြီပေါ့။ ပေပါတွေ ရေးရရင်လည်း လူက ကျောင်းကို မရောက်တာ။ ဘယ်ပေပါကို ဘယ်နေ့အပြီး တင်ရမလဲဆိုတာတော့ အမြဲတမ်း သိဖြစ်အောင် ကြိုးစားထားတယ်။ အဲဒီမှာ ကူညီတတ်တဲ့ သူမနဲ့ အတော်လေးကို ရင်းနှီးခဲ့ပါတယ်။ စာသင်နှစ်တိုင်း သူမက အတန်းထဲမှာ ခုံနံပါတ် ၁ ပဲလေ။ တတိယနှစ်က လွဲလို့ပေါ့။ တတိယနှစ်က ကျောင်းအရင်အပ်တဲ့လူ ခုံနံပါတ် ၁ ရတာပဲလေ။
ကံကောင်းချင်တော့ သူမအိမ်နဲ့ ကျွန်တော့်အိမ်က စက်ဘီးစီးသွားရင် ရောက်တဲ့ခရီးအကွာအဝေးမှာ ရှိတယ်။ သူ့အိမ်မှာ ဖုန်းရှိပေမယ့် ဖုန်းဆက်ရင် ပိုက်ဆံကုန်လွန်းလို့ စက်ဘီးစီးပြီး စာသွားမေးဖြစ်တာ များပါတယ်။ အိမ်လာတဲ့ ဧည့်သည်ကို ရေတစ်ခွက်တော့ တိုက်ရှာပါတယ်။ ညဘက်တွေမှာ စက်ဘီးလေး စီးပြီး သူမဆီသွား ကျောင်းမှာ သင်ထားတဲ့ စာအုပ်တွေ သွားယူ၊ ပြီးရင် မိတ္တူဆွဲ။ အရေးကြီးတဲ့စာတွေ ဘယ်ဟာတွေ ရှိလဲ မေး။ နားမလည်တာတွေရှိရင် မေး။ အဲဒါနဲ့ပဲ သူငယ်ချင်းတွေ ကောင်းမှုနဲ့ ကျွန်တော်တစ်ယောက် နှစ်တိုင်းအောင် ကျောင်းသားကြီး ဖြစ်ခဲ့ရတာပေါ့။ စာမေးပွဲတွေ တစ်ခါမှကို မကျခဲ့ဖူးဘူး။ ဆပ်ပလီတောင် မထိခဲ့ပါဘူး။
ဗိသုကာမေဂျာတီရှပ်တွေ ထုတ်တော့လည်း တီရှပ်မှာရိုက်မယ့် ဒီဇိုင်းကို နှစ်ယောက်ပေါင်း ထုတ်ကြတာပေါ့။ ကျွန်တော်က ပါးစပ်နဲ့ပဲ ဒီဇိုင်းထုတ်တာပါ။ တကယ် လက်နဲ့ဆွဲပေးတာက သူမပါ။ ပြီးမှ ကျွန်တော်က အဲဒါကို သူငယ်ချင်း ဂရပ်ဖစ်ဒီဇိုင်နာနဲ့ ပေါင်းပြီး ကွန်ပျူတာမှာ အချောပြန်သပ် ဖလင်ဖောက်။ ပြီးတော့ ရွှေဂုံတိုင်မှာ ဆေးဆိုးပန်းရိုက် လုပ်ခဲ့ကြတာပေါ့။ ဒါနဲ့ပဲ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းတဲ့ တီရှပ်လေးတစ်ထည် ကျောင်းသားဘ၀မှာ အမှတ်တရ ထုတ်ဖြစ်ခဲ့ပါတယ်။ အဲဒါကလည်း အဲဒီနှစ် တစ်နှစ်တည်း ထုတ်ဖြစ်ခဲ့တာပါ။ နောက်ပိုင်းတွေ ကျောင်းစာတွေ ဒီဇိုင်းပရောဂျက်တွေ ပိပြီး ယားလို့တောင် မကုတ်အားကြတော့ဘူးလေ။
နောက်ဆုံးနှစ်မှာ ပေပါတွေ အဖွဲ့လိုက် လုပ်ရတော့ သူမအဖွဲ့ထဲ ကျွန်တော် ပါသွားတယ်။ အဲဒီအဖွဲ့မှာ သူမက ရိုးလ်ဝမ်း၊ နောက်တစ်ယောက်က ရိုးလ်ဆစ်။ အဲဒီနှစ်မှာ ကျွန်တော့်အဆင့် ၂၁။ ၁ ရယ် ၆ ရယ် ပါတဲ့အဖွဲ့မှာ ကျွန်တော်က ၂၁။ နောက်ကို လှည့်ကြည့်လိုက်ရင် ၁၀ ယောက်လောက်တော့ ကျန်ပါသေးတယ်။ ၁ နဲ့ ၆ နဲ့ အတူတူ အဖွဲ့ဖွဲ့တော့ ၁ ယောက်လိုနေတယ်။ ကိုယ်စီအဖွဲ့တွေ ဖြစ်နေကြသလို ကျန်တဲ့လူတွေကလည်း ရိုးလ်ဝမ်း ရိုးလ်ဆစ်ဆိုပြီး နည်းနည်းရှိန်နေလို့ မပါရဲကြဘူး။ အဲဒီမှာ ကျွန်တော်က လူလိုနေရင် ငါပါမယ်လေ။ အတူလုပ်ကြတာပေါ့ဆိုပြီး သူတို့အဖွဲ့ထဲ ရောက်သွားပါလေရော။
စာတော်တဲ့သူတို့ရဲ့ ထုံးစံအတိုင်း အရာရာကို သူတို့လက် သူတို့ခြေ ဖြစ်ချင်ကြတယ်လေ။ ကျွန်တော်က လိုအပ်တာတွေ ၀ိုင်းလုပ်ပေးရတာပေါ့။ ပြာတာပေါ့ဗျာ။ လိုအပ်တဲ့ စာတွေ ရှာပေးရတယ်။ စာအုပ်ထုတ်ဖို့ ပြင်ဆင်ပေးရတယ်။ ကွန်ပျူတာမှာ စာစီစာရိုက် လုပ်ပေးရတယ်။ နည်းနည်းပါးပါး ဟိုဟိုဒီဒီ အကြံတွေပေး ဝေဖန်ရေးလည်း လုပ်ရတာပေါ့။ မဟုတ်ရင် ကိုယ်လုပ်တာ ဘာမှ ပါမဟုတ်တော့ဘူးလေ။ အဲဒီလိုနဲ့ပဲ စာတမ်း ပြီးသွားခဲ့တယ်။ နောက်ဆုံးနှစ်ပြီးလို့ အမှတ်တွေ ထွက်လာတော့ အဲဒီစာတမ်းကို အတူတူ လုပ်တာဖြစ်ပေမယ့် ထုံးစံအတိုင်း သူမတို့က အမှတ်ပိုများတာပေါ့။ ကျွန်တော်ကတော့ သူတို့ထက် နည်းပါတယ်။ ဒါပေမယ့် တခြားသူတွေထက်တော့ များမယ် ထင်တာပဲလေ။ ဆင်ဖြူတော် မှီခဲ့တဲ့ အကျိုးတွေပေါ့။ အဟ...
အခုချိန်မှာ သူမကတော့ ကျောင်းမှာပဲ ပါရဂူအတန်း တက်နေပါတယ်။ အင်ဒိုနီးရှားမှာလည်း စာတမ်းတွေ ဖတ်ခဲ့တာကို ဓါတ်ပုံတွေထဲမှာ တွေ့ခဲ့လိုက်သေးတယ်။ ဘာရယ်တော့ မဟုတ်ပါဘူး။ ကျောင်းသားဘ၀ရဲ့ အမှတ်တရထဲမှာ သူမနဲ့ ပါတ်သတ်တာလေးတွေ သတိတရရှိမိလို့ ပြန်လည်အောက်မေ့ တမ်းတမိတာပါ။ သူမရဲ့ ကူညီမှုတွေကို အမှတ်တရ ရှိနေစဲပါပဲလေ။

12 comments:
လွမ်းစရာလေးတွေ …ဖြစ်ကုန်ပြီ။
သတိရနေတယ်ပေါ့လေ.. :)
အမှတ်တရပေါ့း)
ငါလည်း အခုကျောင်းသားဘ၀ တုန်းလို မဟုတ်ဘူး အမြင် တွေပြောင်းနေတယ်။ အရင်ကထက် ပိုပြီး ကြည်လင်တဲ့ အမြင်လို့ယူဆပါတယ်။ တွေ့မှ မင်းကို ပြောပြရဦးမယ်။
ဟို နှစ်လောက် တုန်း က ဒီဇိုင်းဆုရသွား တဲ့ .....
ကောင်မလေး လား....း).......
အမှတ်တမဲ့ ပြန်ဆုံရတာ .. လွမ်းစရာကြီး ..ပျော်စရာကြီး....
ခေါင်ခေါင်လည်း အဲလိုသူငယ်ချင်းအရင်းခေါက်ခေါက် တစ်ယောက်ကို ဘလော့စာမျက်နှာပေါ်ကနေ မထင်မှတ်ပဲ ပြန်ဆုံထားတာ သိပ်မကြာသေးဘူး. သူ့အကြောင်းရေးရကောင်းမလား စဥ်းစားနေတာ.. ဒီပိုစ့်ဖတ်ပြီးရေးမိတော့မယ် ထင်တယ်...
ခုတော့ သတိတရနဲ့ စကားတွေ ပြောနေကြပြီပေါ့လေ ကောင်း၏
ဒါနဲ့ ကို့ယ်လူပြောတာဘယ်သူလဲလို့ စဉ်းစားရင်း ဇော်ဝင်းထွဋ်ရဲ့ “ယုဇန”ပင်ပန်းတွေကြားမှာ သိချင်းကိုဆိုနေမိတယ်ဗျ
ဖြစ်တတ်ပါတယ်။တစ်ခါတစ်လေတော့လည်းသူငယ်ချင်း
တွေကိုလွမ်းရတာပေါ့...း)
ထပ်လာသွားတယ်။
အွန်လိုင်းကောင်းမှုထဲမှာ အဲဒါလဲ ပါတယ်နော်.. တစ်နေရာစီ ရောက်နေတဲ့ သူငယ်ချင်းတွေ ပြန်ဆုံခွင့်ရတာ.. လှော်ကားကျောင်းသူ ဖြစ်ရလို့ မောင်သောင်းကို စိတ်နာပေမယ့် ဆုဝေက ဘွဲ့နှင်းသဘင်တော့ တက်လိုက်သေးတယ် :P
သူငယ်ချင်းဆိုတာကို တန်ဖိုးအရှိဆုံးရတနာတခုထဲထည့်သင့်တယ် ထင်တယ်
Post a Comment