.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, June 17, 2009

Fortune

ကံကောင်းလိုက်တာနော်... ကံပွင့်တာပဲ... ကံဆိုးလိုက်တာ... ကံအကြောင်း မလှလို့။ ပြောလိုက်ကြတဲ့ ကံတွေ ကြားလိုက်ရတဲ့ ကံတွေ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကံဆိုတာ ယိုးမယ်ဖွဲ့စရာတစ်ခုကို ဖြစ်နေပါရော။

ကျွန်တော် အိန္ဒိယမှာ သင်တန်းသွားတက်တုန်းက ကာလကတ္တားလေဆိပ်ကနေ နယူးဒေလီအသွား ရာသီဥတု ဆိုးရှာတယ်။ တိမ်တွေ ထူပြီး လေယာဉ် တုန်ခါနေတာ ခဏခဏပဲ။ ခါးပတ် ပတ်ခိုင်းထားတဲ့ အကြိမ်ရေက ၂၀ နီးပါးပဲ။ သိမ့်ခနဲ သိမ့်ခနဲ အောက်ကို ထိုးဆင်းသွားတာ နားတွေကို အူလို့။ လေယာဉ်မယ်တွေလည်း အလုပ် ကောင်းကောင်း မလုပ်နိုင်ရှာဘူး။ နီးရာခုံတွေကို ပြေးပြေးထိုင်ပြီး ခါးပတ် ပတ်နေရတာနဲ့ပဲ ပြာယာခပ်လို့။ နောက်ဆုံးမှာတော့ နယူးဒေလီ လေဆိပ်ကို ချောချောမွေ့မွေ့ ရောက်သွားပါတယ်။ လေယာဉ်မယ်တွေက ပြောပါတယ်။ ခရီးသည်အားလုံး ကံကောင်းရှာတယ်တဲ့။ လေယာဉ်က လမ်းမှာတင် ၃ ခါတိတိ ပျက်ကျမလို ဖြစ်ခဲ့တယ်တဲ့။

လှိုင်မြစ်ထဲမှာ ကျောင်းသမ္ဗာန်ကို မော်တော်တစ်စင်းက အရှိန်ပြင်းပြင်း ကန့်လန့်ဖြတ် ၀င်တိုက်လိုက်တော့ သမ္ဗာန်မှောက်ပါလေရော။ သမ္ဗာန်မှောက်တာ မြင်တော့ သမ္ဗာန်ဆိပ်က သမ္ဗာန်တွေ အဲဒီနေရာ အရောက် စက်ကုန်ဖွင့်ပြီး ကလေးတွေကို ၀ိုင်းဆယ်ခဲ့ကြတယ်။ ရေပေါ်မှာ ယက်ကန်ယက်ကန် ဖြစ်နေတဲ့ ကလေးတွေကို ဆယ်ကြပြုကြ လုပ်ခဲ့တာ သမ္ဗာန်ပေါ်မှာ ပါလာတဲ့ ကလေး အယောက် ၂၀ မှာ ၁၉ ယောက် ပြန်ဆယ်မိတယ်။ သုံးတန်း ကျောင်းသားလေး ပျောက်နေတယ်။ သုံးရက်ကျော်မှ ကလေးအလောင်းကို သန်လျှင်မြစ်ဝဘက်က ကျွန်းပေါ်မှာ တင်နေတာ တွေ့လိုက်ရတယ်။ ကလေးအလောင်းကို ခွဲစိတ်ကြည့်တော့ နားထင်မှာ မော်တော် ၀င်ဆောင့်ထားတဲ့ ဒဏ်ရာနဲ့ ဦးခေါင်းခွံ တြိဂံပုံကွဲနေတယ်။ အဲဒါကြောင့် ရေကူးကျွမ်းပါတယ်ဆိုတဲ့ ကလေး ရေပေါ်မှာတောင် ယက်ကန်ယက်ကန် မဖြစ်လိုက်ရရှာပဲ ရေထဲ စုန်းစုန်းမြှုပ်သွားခဲ့ရတာ။ သမ္ဗာန်သမားတွေက ပြောကြတယ်။ ဒီကောင်လေး ကံဆိုးရှာတယ်တဲ့။

၂၀၀၅ လှိုင်မီးဘေးတုန်းက လေဖြတ်နေတဲ့ အဖိုးကြီးကို အခြားလူတစ်ယောက်နဲ့ကျွန်တော် ပွေ့ချီထုတ်ပြီး ကယ်ဆယ်ရေးစခန်းကို သယ်လာတုန်းက လူတွေက ပြောတယ်... အဖိုးကြီး မသေကောင်း မပျောက်ကောင်း ကံကောင်းလိုက်တာတဲ့။ နောက်ထပ် ၁၅ မိနစ်မှာ သူ့အိမ် မီးထဲပါသွားပြီ။ ကျွန်တော်နဲ့ တည့်တည့်တိုးတဲ့ မျက်မမြင်အဖိုးကြီးကို လှည်းပေါ်တင် တွန်းထုတ်ပြီး မီးလွတ်ရာ ပြေးလာခဲ့တော့လည်း ကံသီတာပဲတဲ့။ မီးသတ်ကားတွေ ပျားပန်းခပ်နေတဲ့ကြားမှာ၊ သောကအမောတွေနဲ့ ပြေးလွှားနေတဲ့ လူအုပ်တွေကြားမှာ သူ့လို မျက်မမြင်တစ်ယောက်အဖို့ မီးလွှတ်ရာကို ရှောင်နိုင်ခဲ့တာ ကံကောင်းတာဆိုပဲ။

ကျွန်တော်နဲ့ သက်တူရွယ်တူ သူငယ်ချင်းတစ်ယောက် အူနံရံမှာ အနာတွေဖြစ်လို့ ဆေးကုဖို့ဆိုပြီး စကာင်္ပူကို လာအုံးမယ်။ ဒါမျိုးက အသက် ၄၀ ကျော်တွေမှာ ဖြစ်တတ်တဲ့ ရောဂါ။ ဆေးလိပ်ကို ဖင်မီးခိုးထွက်အောင် သောက်တတ်တဲ့သူတွေ၊ အရက်ဂျိုးကြွက်တွင်းတွေမှာ ဖြစ်တတ်သလို အားကစား မလုပ်ပဲ အဆီရွှဲနေတဲ့ ဗိုက်ပူကြီးတွေမှာလည်း ဖြစ်တတ်တယ်တဲ့။ မျိုးရိုးလိုက်တာလည်း ရှိသေးတယ်။ သူက ဆေးလိပ်လည်း မသောက်၊ အရက်လည်း မသောက်၊ အားကစားလည်း လုပ်စရာ မလိုအောင် တနေကုန် သွားလာနေရတဲ့ ဘ၀၊ ဗိုက်ပူဖို့ နေနေသာသာ ပိန်တာရိုး မဖြစ်အောင် ကြိုးစားနေရတာ။ သူလည်း ကံအကြောင်း မလှလို့ပဲ ဒီလိုမျိုး ဖြစ်သွားရတာလား။

ညဉ့်နက်သန်းခေါင် ကလေးဆေးရုံက သွေးလိုလို့ လှမ်းတောင်းတော့ သွေးလှူရှင်တွေ ရသလောက် ခေါ်ပြီး လေးဘီးကားနဲ့ ထွက်လာခဲ့တယ်။ သွေးလွန်တုပ်ကွေးရာသီဆိုတော့ ဆေးရုံမှာ ကလေးတွေ သွေးလန့်တာမျိုး ဖြစ်တတ်တယ်။ သွေးလွန်တုပ်ကွေးမှာ သွေးဆိုတာက လိုအပ်တဲ့အချိန်မှ သွင်းပေးရတာမျိုး။ ဘယ်အချိန် သွေးလိုမလဲဆိုတာ ဆရာဝန်လည်း ကြိုမသိနိုင်ဘူး။ တချိန်လုံး စောင့်ကြည့်နေရတာ။ ဖုန်းဆက် အကူအညီ တောင်းတဲ့ လူနာရှင် လိုနေတဲ့သွေးက ဘီသွေး။ သူ့ကလေးက သွေးမလန့်သေးဘူး။ သူက စိုးရိမ်ပြီး ကြိုတင် ခေါ်လိုက်တာ။ ဖြစ်ချင်တော့ အေဘီသွေး ကလေးလူနာက သွေးလန့်ပါလေရော။ သွေးအမြန် သွင်းရမယ် သွေးလှူရှင် ချက်ချင်းရှာကြပါဆိုတော့ လူနာရှင်တွေ မျက်ဖြူဆိုက်ကုန်ပြီ။ ဖြစ်ချင်တော့ ကျွန်တော်တို့နဲ့အတူ အဖော်လိုက်လာတဲ့ ညီငယ်တစ်ယောက်က အေဘီသွေးပိုင်ရှင်။ ရေကန်အသင့် ကြာအသင့် သွေးလှူရှင်က အဆင်သင့်ဖြစ်သွားတယ်။ အဲဒီလိုနဲ့ ကလေးတစ်ယောက် အသက်ချမ်းသာရာ ရသွားတယ်။ ညကြီးမိုးချုပ် သွေးရှာရခက်တဲ့အချိန် သွေးလှူရှင်က မခေါ်ပဲ အသင့်ရောက်နေတာ ကလေးလေး ကံကောင်းလွန်းလို့ဆိုပဲ။ ဆေးရုံဝန်ထမ်းတွေက ပြောတာပါ။

ဝိုင်တီယူ ကျောင်းဝင်းထဲမှာ ကျောင်းသူတစ်ယောက် မြွေကိုက်ခံရတယ်။ အနီးဆုံးဖြစ်တဲ့ လှိုင်သာယာဆေးရုံ ပြေးတော့ မြွေဆိပ်ဖြေဆေး မရှိဘူးတဲ့။ အဲဒါနဲ့ အင်းစိန်ဆေးရုံကို ပြေးတယ်။ အင်းစိန်ဆေးရုံကို ရောက်တဲ့အခါ အရေးပေါ်ခန်းတာဝန်ကျ ဆရာဝန်မလေးက မြွေကိုက်လူနာကို လက်ခံယူပါတယ်။ အင်းစိန်ဆေးရုံမှာလည်း မြွေဆိပ်ဖြေဆေး ကုန်နေတာကို သိထားသလို မြွေကိုက်လူနာကို ဆေးရုံကြီးပို့ပေးဖို့ ညွှန်ကြားခံထားရတဲ့ ဆရာဝန်မလေးက လူနာကို ရန်ကုန်ဆေးရုံကြီးကို လွှဲပေးပါတယ်။ ဒါပေမယ့် လူနာက လမ်းမှာတင် အသက် ဆုံးရှုံးသွားပါတယ်။ အဲဒီလိုနဲ့ အင်းစိန်ဆေးရုံ ဆေးရုံအုပ်ကြီးကို အငြိမ်းစားယူစေပါတယ်။ အင်းစိန်ဆေးရုံက အရေးပေါ်ခန်း တာဝန်ကျ ဆရာဝန်မလေးကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။ အဲဒီပွဲမှာတော့ အားလုံး အားလုံး ကံဆိုးရှာတယ်ဗျာ။

ကံဆိုတာ အလုပ်ဆိုပဲ။ ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ်။ မကောင်းတာ လုပ်ရင် မကောင်းတာ ဖြစ်မယ်။ လုပ်သမျှမှာ အကျိုးသက်ရောက်မှု ရှိတယ်။ ကံကောင်းတဲ့အပိုင်းမှာတော့ ပြောစရာ သိပ်မရှိပါဘူး။ အပြုံးမျက်နှာတွေနဲ့ ရွှန်းလဲ့နေမှာ အသေအချာပဲ။ ကံဆိုးတဲ့အပိုင်းကျတော့ တွေးစရာတွေ ပါလာပြီ။ ကြေကွဲ ၀မ်းနည်းရတယ်။ မျက်ရည်တွေနဲ့ ငိုရတယ်။ စို့နှစ်တဲ့ နှလုံးသားမှာ နာနာကျင်ကျင် သွေးတွေ ယိုစီးရတယ်။

ဘ၀မှာ ကိုယ်လုပ်သမျှကြောင့် ခံရတယ်လို့ဆိုပေမယ့် တချို့ဟာတွေမှာ ကိုယ်တိုင် မလုပ်ပဲနဲ့ ခံနေရတာတွေ အများသား။ တချို့ဟာတွေက အသိဥာဏ်နုံနှဲ့ နည်းပါးလို့ ခံခဲ့ရတာ။ တချို့ဟာတွေက နောက်ခံပတ်ဝန်းကျင် မကောင်းလို့ ကြုံခဲ့ရတာ။ တချို့ဟာတွေက ဆင်းရဲမွဲချာလွန်းလို့ ဆုံခဲ့ရတာ။ တချို့ဟာတွေက လောဘရဲ့ အကျင့်ပျက်ခြစားတဲ့ ဒဏ်ကြောင့် သားကောင် ဖြစ်သွားရတာ။ ဒီလိုပဲ တချို့ဟာတွေက...

ကျွန်တော်တို့ ကံရဲ့ဆုံးဖြတ်ချက်အောက်မှာပဲ နေကြရတော့မှာလား...
ကံဆိုတာ တန်ခိုးရှင်တစ်ယောက် ချုပ်ကိုင် ဖန်တီးထားတာမျိုးလား...
ကျွန်တော်တို့ တန်ခိုးရှင်ဖြစ်အောင် မကြိုးစားနိုင်တော့ဘူးလား...

လားပေါင်းများစွာနဲ့ အတွေးထဲမှာ မျှောနေရတာ ကံကြမ္မာပဲလားဗျာ။

31 comments:

phoe thu taw said...

ကံဆိုတာ အလုပ်.. ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်လို့ ဆိုထားပေးမဲ့.. အရာအားလုံးဟာ အကျိုးသင့် အကြောင်းသင့် သူ့ဟာသူ စနစ်တကျ ဖြစ်ပျက်နေတယ်လို့ ယူဆတယ်.. စာဖတ်သူအားလုံး ကံကောင်းကြပါစေ.
ဖိုးသူတော်

သီဟသစ် said...

ကိုJuly ရေ

တွေးစရာတွေ အများကြီး ရသွားပါတယ်
တစ်ခုခုဆို ကံဆိုတာကြီးကို ပုံချတတ်တာကတော့ ကျွန်တော်တို့အတွက် ပုံသေကားချပ်ကြီးလို ဖြစ်နေခဲ့ပြီ

ဘယ်လို ပြောင်းလဲရရင် ကောင်း မလဲ

ခင်မင်စွာဖြင့်
သီဟသစ်

Sein Lyan Tun said...

ကျနော့်အတွက်တော့
အလုပ်ကောင်းရင်ကံကောင်းတယ်ဆိုတာမှားနေမလား
အလုပ်ကိုကောင်းကောင်းတော့လုပ်ပါတယ်
ကံကမလိုက်တာခက်တယ်..
ကံကိုယုံပြီးဆူးပုံမနင်းရတဲ့
ကံကိုတော့မယုံဘူး
ဆူးပုံကရှေ့တည့်တည့်မှာ မနင်းရင်မရဘူးဖြစ်နေတယ်..
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

MANORHARY said...

ကံဆိုတာကို သိပ်မယုံတာကြာပြီ
ဒါပေမယ့်လည်းသူ့ကို မယုံမရဲနဲ့ပဲ ကျော်နိုင်အောင်
အမြဲကြိုးစားနေရတုန်း...

မိုးခါး said...

ကံတရားလား .. တော်တော်စဉ်းစားသွားတယ် ..
အကြောင်းတရားအမျိုးမျိုးကြောင့်အကျိုးတရားဖြစ်တယ် ..
ရှေ့က လုပ်ခဲ့တဲ့ ဆိုးမွေကောင်းမွေကို နောက်ခံရတယ် ..
ဘယ်သူမပြုမိမိမှုလို့ပဲ ပြောမလား ..
ညီမလဲ လားတွေတော်တော်များသွားတယ် ..

မမသီရိ said...

- ကံကိုယုံလို့ ဆူးပုံ မနင်းနဲ့
- ကံမရှိ ဥာဏ်ရှိတိုင်းမွဲ
- ကျားရဲရာ ကြမ္မာမရိုးသာ
- ကျားရဲရာ ကြမ္မာမရိုးသာ
- ကျားရဲရာ ကြမ္မာမရိုးသာ
- ကျားရဲရာ ကြမ္မာမရိုးသာ

မင်းအိမ်ဖြူ Minn Eain Phyu said...

ကောင်း၏ ၊၊ စဉ်းစားစရာများ၏ ၊၊ ငြင်းစရာ ၊ ခုန်စရာ ပါမလား မသိ ၊၊ ဆိုလိုချင်သည်ကို သဘောပေါက်၏ ၊၊
အင်း ....
နောက်ကြုံမှပေါ့ဗျာ... ဆွေးနွေးတာပေါ့

နွေးနွေးသဲမွန် said...

မျှဝေ တွေးသွားပါတယ်ရှင်... :-)

ဗီလိန် said...

I don't know what is LUCK.

Mogok Thar said...

ကံသာအမိ၊ ကံသာအဖ
အဲတာလေးလဲ ကျန်သေးတယ်။
တန်ခိုးရှင်တော့ မဖြစ်ချင်။ ငါသာလျှင် ငါ၏ အရှင်သခင် ဆိုတာလေးပဲ ဖြစ်ချင်၏။
(ဘာရယ်မဟုတ်၊ ၀င်ရှုပ်ကြည့်သည်)
ခင်မင်လျက်

Htoo Aung Lwin said...

ဘဝမှာ အမြဲ ကံဆိုးမိုးမှောင်တာတွေ ကျော်လွန်နိုင်ပါစေလေ။

yehtutnaung said...

ကျွန်တော်လဲ ယုံကြည်နေတာက ကောင်းအောင် နေထိုင်၊ လုပ်ကိုင်ရင် ကောင်းတဲ့ကံလာမယ်..။ ကိုယ်လုပ်သမျှ အကြောင်းအကျိုးတွေဟာ အရိပ်လို ကိုယ်နောက်ကို လိုက်နေမှာပဲလို့  ယုံကြည်တယ်ဗျာ။
အဲ.. အခုနလို မသေသင့်၊ မဖြစ်သင့်တဲ့ အရာတွေကျတော့ ကံဆိုးလို့  ပြောရမလို ဖြစ်နေပြီ.......။
ဒါပေမယ့် တခါတလေ ကံနဲ့  လုံးဝ မဆိုင်ဘူးလို့  ကျွန်တော် ထင်တယ်ဗျ။ အားလုံးဟာ အကြောင်းနဲ့ အကျိုး သူ့ ဟာသူ ဆက်စပ်နေတယ်ကို ကံလို မြင်လိုက်တာများလား ထင်မိတယ်ဗျာ။

သားကြီး said...

ကံဆိုတာအလုပ်ဆိုပေမယ့်
လုပ်တိုင်းဖြစ်မလာတာတော့လည်း
ကံတရားပါပဲတဲ့ဗျာ
စဉ်းစားရင်လည်းဦးနှောက်ခြောက်ပါတယ် :)

မွန် said...

ကံဆိုတာ တန်ခိုးရှင်လို့ ထင်မိပေမယ့် အဲဒီတန်ခိုးရှင်က ကိုယ်ကိုယ်တိုင်ပဲမလား
ကံကိုဖန်ဆင်းသော တန်ခိုးရှင်တိုတာ မရှိပါဘူး မေ့နေတဲ့ကိုယ့်ရဲ့ လုပ်ရပ်တွေက ဖန်တီးသွားတာလို့ မွန်ကတော့ယုံပါတယ်
နောက်ဆုံးစာကြောင်းဖတ်ပီး ပြုံးမိသွားတယ်
လားပေါင်းများစွာနဲ့ အတွေးထဲမှာ မျှောနေရတာ ကံကြမ္မာပဲလားဗျာ။
မေးခွန်းတွေနဲ့ အတော်ကို ခေါင်းစားနေပုံပဲ

thonn thonn said...

မြန်မာလူမျိုးတွေရဲ့ နေ့စဉ်သုံးစကားထဲမှာ ကံ မပါရင် မပြီးတော့တာ အကျင့်တစ်ခုဖြစ်သွားပြီလေ.. :( ကျမတို့ အဲဒါကို ဖောက်ထွက်နိုင်ဖို့လိုတယ်။

Rita said...

ဗုဒ္ဓဘာသာကြောင်းအရ ဆိုရင် ဟုတ်ပါတယ်။ အဲဒါ ကံပါပဲ။ ဗုဒ္ဓဘာသာစစ်စစ်ရဲ့ ကံ ဆိုတာ မိမိပြုတဲ့ ကောင်းမှု မကောင်းမှုပေါ့။ ခုဘ၀ ကောင်းတာလုပ်ပေမယ့် ဆိုးတာပဲ ရတယ်ဆိုရင် ရှေးဘ၀က ဆိုးမွေက ခုလာပြီး အကျိုးပေးလို့သာပေါ့။ Buddhism မှာ ဘ၀ အဆက်ဆက်ကို ရှောင်တွေးလို့မရဘူးလေ။

ဗုဒ္ဓ၀ါဒအရ ကံ ဆိုတာကို ကိုယ်သာလျှင် ပြုမူ၊ စီရင် ဖန်တီးနိုင်ပါတယ်။ အလိုအလျှောက်သောကံက ကိုယ့်ကို အလကားနေရင်း ပြုပြင်စီရင်ခြင်းခံရတယ်လို့ မဟုတ်ပါဘူး။

မိရိုးဖလာ ဗုဒ္ဓသာသာတွေပြောနေတဲ့ ကံကတော့ ကမ္မ ဆိုတဲ့ အလုပ် မဟုတ်ဘူး။ တန်ခိုးရှင်တယောက်ယောက်ကပဲ အံစာပစ်ပြီး သတ်မှတ်နေတာမျိုးနဲ့ ဆင်တူတဲ့ လောင်းကစားဝိုင်းက ကံကြမ္မာမျိုးပဲ။

ကံကိုယုံတယ် မယုံဘူး ပြောတာလဲ ဘာမှ အဓိပ္ပါယ် မရှိဘူး ယူဆပါတယ်။ ဗုဒ္ဓ၀ါဒအရ ကံ ဆိုတာ ကိုယ်ပိုင် အလုပ်၊ ကိုယ်ပိုင် ပစ္စည်း ဥစ္စာပဲ။ ယုံခြင်း၊ မယုံခြင်းနဲ့ ဘာမှ မဆိုင်ဘူး။ အတိတ်ဘ၀မှာ ကိုယ်လုပ်ခဲ့တာတွေ ရှိတယ်။ အဲဒါရဲ့ အကျိုးဆက်တာဝန်ကို ချက်ချင်းလက်ငင်း သို့မဟုတ်၊ တချိန်ချိန်မှာ ပြန်ပြီး ယူရမယ်။ (ဒီသဘောတရားကိုတော့ မယုံဘူး ပြောချင်ပြောလို့ရတယ်။ အားလုံးက ဗုဒ္ဓဘာသာတွေ ဟုတ်ချင်မှ ဟုတ်မှာကိုး)

ဒီလိုပဲ လက်ရှိအချိန်မှာ ကိုယ်ဘာကို လုပ်မလဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ (ဆုံးဖြတ်ပိုင်ခွင့် ဆိုတာ ဘီဂိတ်လုပ်မယ် ဖြစ်မလား ဆိုတဲ့ စိတ်ကူးယဉ် ရွေးချယ်မှုကို ပြောတာမဟုတ်ပါ)။ ကောင်းတာလုပ်မလား၊ ဆိုးတာ လုပ်မလား (ဥပမာ။ ကို JD လို Social welfare တွေ လုပ်မလား၊ ဒါမှမဟုတ် night club သွား ကနေမလား၊ blog မှာ အရေမရ အဖတ်မရတွေ ရေးပြီး ကတ်ကတ်လန် စွာတေးလုပ်မလား (ဘယ်သူ့မှ ပြောတာ မဟုတ်ပါ။ အဲဒါ ကိုယ်ပါ)... ဆိုတဲ့ ကိုယ်ရွေးချယ်နိုင်ခွင့်ရှိတဲ့ ဘောင်ထဲက ဆုံးဖြတ်ပိုင်ခွင့်မျိုး)

ခုကောင်းတာတွေချည်း လုပ်ပေမယ့် မကောင်းတာတွေချည်း လာနေတယ် လို့ ပြောရင် ဖြောင့်ချက်ပေးတာနဲ့တူတယ်လို့ ကိုယ်တော့ ထင်တာပဲ။ အရင် ဘ၀ ဘ၀တွေတုန်းက အကုသိုလ်တွေ တော်တော်များခဲ့တဲ့ စိတ်ပုပ်ဆိုတဲ့ ဖြောင့်ချက်မျိုးလေ။

အတိတ်ဘ၀တွေ ကိုယ်တို့ မပိုင်တော့ဘူး။
အနာဂတ်ဆိုတာလဲ နောက် တစ်စက္ကန့်တောင် မသေချာ။
ဒီတော့ လက်ရှိ အချိန်လေးပဲ တတ်နိုင်သလောက် ကောင်းသွားဖို့ပဲ ရှိတော့တယ်။ ဒါပဲ တတ်နိုင်တယ်။

(မှတ်ချက် ။ ။ ကို JD အား ဆရာလာလုပ်ခြင်း မဟုတ်ပါ။ ဆွေးနွေးရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးသွားခြင်းသာ ဖြစ်ပါသည်။)

ကိုယ်လား ခုဘ၀ သိပ်ကောင်းတာ မလုပ်ဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ အချိန်တွေက တော်တော် စိတ်ကောင်းရှိခဲ့ပုံရတယ်။ နေတဲ့ နေရာတွေမှာ၊ လုပ်ခဲ့တဲ့ အလုပ်တွေမှာ စိတ်ထားကောင်းတဲ့ လူတွေနဲ့ပဲ တွေ့ရတာများတယ်။ အကျိုးပေးလေး မကုန်ခင် ကောင်းတာလေးတွေ ပြန်လုပ်ဦးမှလို့ တွေးပြီး blog ဖွင့် အကုသိုလ်တွေ ယူနေတယ်။

Rita said...

ချီးကျူးဖို့ မေ့သွားလို့ပါ။
great post ပါ ကို JD ရေ။
နောက်များလဲ ဒါမျိုး ကံလေးတွေ ပြုပါဦးတော့။

Nge Naing said...

ကံနဲ့ ပတ်သက်နေလို့ အချိန်မရပေမယ့် တခုခုတော့ ပြောမယ်ဆိုပြီး ၀င်လာတာ ကျွန်မ ပြောချင်တာက Rita ပြောတဲ့အတိုင်းပဲ ဖြစ်နေလို့ ပြောစရာ မလိုတော့ဘူး။ သက်ရှိ သတ္တ၀ါတိုင်း ကြုံတွေ့နေရတာတွေဟာ မိမိ ကိုယ်တိုင် လုပ်ထားတဲ့ ကံ၏ အကျိုးတွေသာ ဖြစ်ပါတယ်။ Rita ရေ မျှဝေပေးထာ ကျေးဇူး။

ဂရေစ့် said...

သြော်...ကံတဲ့လား...

Saing Khan Tun said...

"ဆရာကြီးလိုပဲ ခေါ်၍ ခေါ်မည် လိုင်"

ရေးတာကောင်းလွန်းလို့ လက်ပါမကဘူး လေးဖက်မြောက်လိုက်ပြီ ....

Saing Khan Tun said...

အဲ
"ဆရာကြီးလို့ပဲ ဆက်၍ ခေါ်မည် လိုင်"

ဂျူနို said...

ကံရဲ့ အဓိပ္ပါယ်ကတော့ အလုပ်လို့ ဆိုတယ်။
လူတွေပြောတဲ့ ကံမကောင်းဘူး ကံကောင်းတယ် ဆိုတာ
စိတ်ဖြေရာ ပြေရာပြေကြောင်း ပြောတာနဲ့ တူပါတယ်။
အလုပ်ဆိုတဲ့ ကံနဲ့ သတ်သတ်ဆီလိုပါပဲ။
ဘာသာရေး အရတော့ အတိတ်ဘ၀ကံတို့ အခုဘ၀ကံတို့ ရှိသေးတယ်လေ။
ခုကောင်းတာလုပ်ပေမဲ့ အရင်က မကောင်းထားလို့ တို့ 
ကိုယ်က ကောင်းတာလုပ်နေတယ်ထင်ပေမဲ့ လုပ်တဲ့ခါ စိတ်မဖြူလို့ တို့ ဘာတို့ ပေါ့။

ဘာသာရေးနဲ့ နွယ်တယ်လေ ကံမကောင်းဘူး ကံကောင်းတယ်ပြောတိုင်း။
မြန်မာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာမှာက ရှေးဆိုရိုးလား
ဘာသာရေးလား ယဉ်ကျေးမှုလား ဓလေ့လား ရိုးရာလား မှိုင်းတိုက်ထားတာလား (လူကြီးမိဘ ပြန်မပြောရဘူးဆိုတာလို ပေါ့ )ခွဲရခက်တာတွေလည်း အများကြီးဆိုတော့

ကံဆိုတာလည်း အဲ့လိုရှုတ်ထွေးနေတဲ့ ဆိုရိုးဖြစ်ကောင်းဖြစ်နိုင်တာပဲ။

မအယ် ရှုတ်သွားတယ်မှတ်ပါ။
ဝကံ လူ့ ကံ နှစ်ယောက်ကံတော့ .............တယ်တဲ့။

မအယ်

Apprenticeship said...

ဟုတ်တယ်ဗျာ လူတွေ သေချာစေ့စေ့စပ်စပ်မတွေးပဲ ကံကိုသာ ပုံချတတ်ကြတာ ကျမလဲ သဘောမကျဘူး။

poemflower said...

စာဖတ်ပြီး အတွေးတွေအများကြီးရသွားပါတယ်
ကို ဂျူလိုင်

ပန်းခရမ်းပြာ said...

ကံကောင်းလို့ ဒီပို့စ်ကို လာဖတ်မိတယ်။ အဲ ...ဟုတ်ပေါင် ... ဒီပို့စ်ကို လာဖတ်မိတာ ကံကောင်းတာပဲ။ တွေးစရာတွေ အများကြီး ရသွားတယ်။ ကျေးဇူးပါ ကိုဂျူလိုင်။

မောင်ဖားကြီး said...

ကျွန်တော်တို့ ကံရဲ့ဆုံးဖြတ်ချက်အောက်မှာပဲ နေကြရတော့မှာလား...
ကံဆိုတာ တန်ခိုးရှင်တစ်ယောက် ချုပ်ကိုင် ဖန်တီးထားတာမျိုးလား...
ကျွန်တော်တို့ တန်ခိုးရှင်ဖြစ်အောင် မကြိုးစားနိုင်တော့ဘူးလား...

အဲ့ဒီ မေးခွန်းတွေကို အကြိုက်ဆုံးပဲ အစ်ကိုရာ... အများကြီးကို တွေးဖြစ်သွားတယ်

JulyDream said...

ကံကို ခေါင်းစဉ်တပ်ထားပေမယ့် ပြောချင်တာက ကံ မဟုတ်ပါဘူး။ ဖွံ့ဖြိုးတိုးတက်မှု ဆင်းရဲနွမ်းပါးမှုကို သွယ်ဝိုက် ဆိုလိုနေတာပါ။ အဲဒါကို မြင်အောင် ကြည့်ရင် မြင်လာပါလိမ့်မယ်။ အခုတော့ ကံပဲ ယိုးမယ်ဖွဲ့နေကြရတာပေါ့။

Anonymous said...

မြင်မိတာလေး ပြောမယ်ဗျာ နော.... အမှန်ကကျနော်တို့ တွေ ဒီလိုဖြစ်ရတာဟာ ကံတရားဆိုတာထက် မပြည့်စုံမှုရဲ့ အကြောင်းကြောင့်ပါ။ ဘာမပြည့်စုံလဲဆိုတော့ လှေတစီး တင်နိုင်တဲ့ဝန်နဲ့အား၊ လှေတစီးမှာ ရှိသင့်တဲ့ လိုအပ်ချက်တွေ၊ ဒီလိုပဲ မီးမလောင်အောင် ဘယ်ဒေသမှာ ဘယ်လို အရာနဲ့သုံးတဲ့ မီး ဥပမာ ဂက်စ်မီးဖို၊ လျှပ်စစ်မီးဖို၊
ကြိုတင်ကာကွယ်ဖို့ ရျိသင့်တဲ့ အရာ၊
ကျန်းမာရေးကတော့ အစားအသောက်တွေ အဓိကပဲ ဘာမှ သေချာရေရာတဲ့ စစ်ဆေးချက်မရှိပဲ ၊ဖြစ်သလိုစားနေရတာ၊
သွေးလဲ ထိုနည်း၎င်းပဲ ကာလကြာမြင့်စွာ သိမ်းဆည်းထားနိုင်တဲ့ နည်းပညာ မရှိတော့ ခုလိုပဲ မျက်ကလဲဆန်ပြာ ဖြစ်နေဦးမှာပဲ၊
ဆေးရုံနဲ့ပက်သက်လို့ကတော့ ဆေးပစ္စည်း မပြည့်စုံတာပဲ၊ ဘာလေးဖြစ်ဖြစ် ပြေးဝယ်နေရတယ် ဆေးထိုးအပ်ကအစ ဒါဖြစ်သင့်ရဲ့လား။ ပြောမယ်ဆို ဆရာဝန်အပြစ်လဲ မဟုတ်ဘူး ရှိမှ မရှိတာ ဘာတတ်နိုင်မှာလဲ။နောက်တခု ကျနော်တို့ မြန်မာတွေမှာ အကျင့်တခုရှိတယ် ဘာလဲဆိုတော့ ဘာလေးဖြစ်ဖြစ် ကံကိုပုံချတာပဲ။ ဒါဟာ မှားယွင်းတဲ့ အယူအဆလို့ ကျနော်ထင်တယ်။ အဲဒါ ကောင်းတဲ့ အယူမဟုတ်ဘူးလို့ ထင်ပါတယ်။
ဒါတွေရဲ့ အဓိက တရားခံက ဘယ်သူလဲ........
သူများနိုင်ငံတွေနဲ့ ယှဉ်ကြည့်ပါ သူများနိုင်ငံ အထင်ကြီးလို့ ပြောတာမဟုတ်ပါဘူး ဘာတွေကွာနေလဲ တွေးကြည့်ဖို့ ပြောပြတာပါ
ထားပါတော့ဗျာ ညောင်မြစ်တူးတာ ပုတ်သင်ဥပေါ်သလို ဖြစ်နေပြီ ဒီတော့ နားလည်မယ်လို့ ထင်ပါတယ်။

JulyDream said...

အိမ်း.... ကောင်းလေစွ... ကောင်းလေစွ။ =)

အိမ်... ၀င်ရှင်းသွားတာ ကောင်းလေစွ.... သူ အခုလို ရှင်းသွားတော့ ကျွန်တော် မရှင်းရတော့ဘူးပေါ့။ ဟဟ...

ကဲ... အားလုံး ကြားကြားသမျှ....
သူပြောသလိုပဲဗျာ...

ရွှေပြည်သူ (ShwePyiThu) said...

အဆုံးထိဖတ်ပြီး ဆက်တွေးနေမိပြန်တယ် ကိုဂျူလိုင်ရေ။ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုပေမယ့်... အင်း... တွေးရင်း တပတ်လည်သွားပြန်ပါပြီ...

kay said...

ကိုယ်တို့ နားလည်နိုင်သမျှ ရဲ့ အလွန်ပေါ့ လေ...
ကံဆိုတာ.. လူက လုပ်တာ ဆိုတာလည်း အမြဲတော့ မမှန်နိုင်ပါဘူးလေ..ဘာပဲပြောပြော..ဒီစာလေးကို ဖတ်ပြီး.. တခုခုတော့..ထိရှသွားတယ်။