.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, June 22, 2009

I hate drinking

စနေနေ့ညက တရုတ်လိုင်းမှာပြတဲ့ ရှောင်လင်သိုင်းကား ကြည့်နေဖြစ်ခဲ့တယ်။ မင်းသားက မင်္ဂလာဦးညမှာ အရက်မူးအောင် သောက်ပြီး မင်္ဂလာခန်းထဲကို ယိုင်တိုင်ယိုင်တိုင် ၀င်သွားတဲ့အခန်းပါတယ်။ သတို့သမီးက ကုတင်ပေါ်မှာ မလှုပ်မယှက်လေး ထိုင်လို့။ အဲဒီကို ကြည့်နေရင်း အတွေးစတွေ ပွါးသွားတယ်။ ချဉ်စုတ်စုတ် အနံ့နဲ့ မင်္ဂလာဦးညကို ကြည်ကြည်နူးနူး ဖြတ်သန်းနိုင်ပါမလား။ အငှား တွေးကြည့်တာပါ။

ကလေးဘ၀တုန်းက တရုတ်နှစ်ကူးရောက်တိုင်း မိုးနတ်မင်း ဘာညာကွိကွ အစုံအလင်ကို ကန်တော့ထားတဲ့ စားပွဲပေါ်က အရက်ခွက်လေးတွေကို ကလေးသဘာဝ ညီအစ်ကိုတသိုက် အပြိုင်မော့ကြတယ်။ ဘယ်သူ များများနဲ့ မြန်မြန် သောက်နိုင်သလဲပေါ့။ ရင်ထဲကို ပူဆင်းသွားတဲ့ ခါးသက်သက် အရသာကို မကြိုက်ပေမယ့် နိုင်ချင်ဇောနဲ့ ၃ ခွက်လောက် အမြန်မော့ချဖူးတယ်။ လူကြီးတွေကလည်း ဘာမှ မပြောပါဘူး။ ပြုံးပြုံးကြီး ကြည့်နေကြတယ်။ ဆိုလိုချင်တာက အရက်ဆိုတာ ကျွန်တော်တို့ တရုတ်လူမျိုးတွေအတွက် ကလေးဘ၀ ပိစိကွေးကတည်းက မစိမ်းတဲ့ အရာတစ်ခုပေါ့။

ငယ်ငယ်တုန်းက အိမ်ဘေးက ခြံထဲမှာ မိသားစုတစ်စု နေကြတယ်။ လင်ရယ် မယားရယ် သား ၂ ယောက် သမီး ၁ ယောက်နဲ့ အေးအေးချမ်းချမ်းပဲ။ ခြံရှေ့မှာ အော်ကွေ့ကြည် ဆိုင်လေး ဖွင့်ထားတယ်။ အချဉ်ရည် ကောင်းလွန်းလို့ မနက် ၉ နာရီခွဲဆို ရောင်းလို့ကုန်ပြီ။ သစ်ပင်ပန်းမန်တွေ ဝေေ၀ဆာဆာနဲ့ ခြံကြီးထဲမှာ မိသားစုလေး တစ်နေ့လုံး အေးအေးချမ်းချမ်း ရှိပေမယ့် ညဘက်ရောက်ရင် နတ်ဆိုးဝင်သလို အိမ်ဦးနတ်ကြီး မူးပါတော့တယ်။ မိန်းမကို ဆဲလိုက် ကလေးတွေကို အပြစ်မရှိ အပြစ်ရှာ ရိုက်နှက်နေလိုက်နဲ့ တကယ်ကို စိတ်မချမ်းသာစရာပါပဲ။ ကလေးတွေရဲ့ ငိုသံနဲ့ ငရဲပွက်သလား မှတ်နေရတယ်။ အရက် မသောက်ထားတဲ့ အချိန်မှာဆို အဲဒီဦးလေးကြီးက အတော်ကို သဘောကောင်းပါတယ်။ စကားပြော ယဉ်ကျေး ချိုသာပါတယ်။ ရပ်ရေးရွာရေးမှာ ကူညီရိုင်းပင်းတတ်ပါတယ်။

အိမ်မှာလည်း ပါပါးက တခါတလေ အပေါင်းအသင်းတွေနဲ့ စုံရင် သောက်တတ်သေးတယ်။ ၀ါတွင်းကာလ ရှောင်ထားလို့ပဲ ၀ါတွင်းမှာ အေးအေးဆေးဆေးနေရတယ်။ ၀ါကျွတ်ပြီဆိုရင် တစ်လကို နှစ်ခါ သုံးခါလောက် သောက်တတ်တယ်။ သူမှာ အပေါင်းအသင်းတွေ များတော့လည်း တချို့လတွေမှာ ငါးခါ ခြောက်ခါအထိ ပွဲဆက်များသေးတယ်။ ပါပါးက အပြင်သွားရင် ကားယူသွားလေ့ရှိတော့ ညဘက်မိုးချုပ်လို့ အိမ်ပြန်မရောက်ရင် အိမ်ကမာမား စိတ်ပူပြီး လည်ပင်းရှည်ရပြီ။ ပါပါး ပြန်မလာသေးသရွေ့ မအိပ်ပဲ စောင့်နေတော့ ကြားထဲက သားတွေပါ အိပ်နေလို့ မရတော့ဘူး။ အလုပ်တွေပဲ များနေလို့လား၊ ကားပဲ ပျက်နေလို့လား၊ လမ်းမှာ မတော်တဆများ ဖြစ်နေလား မေးခွန်းပေါင်းများစွာနဲ့ အတွေးတွေ ချာချာလည်နေရပြီ။ အဲဒီအချိန်တုန်းက လက်ကိုင်ဖုန်းကလည်း အခုခေတ်လောက် မပေါများသေးဘူး။ အဲဒီတော့ ပါးပါးတစ်ယောက် ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း အိမ်ကလူတွေ မသိရဘူးပေါ့။

ကျွန်တော် စင်္ကာပူကို ရောက်မလာသေးခင် ရန်ကုန်မှာ သူငယ်ချင်းတွေနဲ့အတူ အိမ်ငှားနေတုန်းကလည်း ယောကျာ်းလေးတွေ စုနေကြတဲ့ အိမ်ဆိုတော့ အရက်သောက်တတ်တဲ့ အခြားသူငယ်ချင်းတွေ ညအိပ်ညနေ လာတတ်ပြန်တယ်။ အတူနေတဲ့ ကောင်တွေက ကျွန်တော့်အကြောင်း သိတော့ အရက် မသောက်ကြပါဘူး။ တခြားကောင်တွေကတော့ ခရစ်စမတ်လို ရက်တွေမှာ အရက်သောက်ပြီး အိမ်မှာ လာအိပ်တတ်ကြတယ်။ တချို့က မူးပြီးရင် ခွေပြီး အိပ်နေတတ်တယ်။ တချို့က စကားကို အကျယ်ကြီး အော်ပြောနေတတ်တယ်။ တချို့က မမူးတဲ့သူကို ရစ်နေတတ်တယ်။ တချို့က အရက်ကို လူလိုသူလို မသောက်လာပဲ မူးရူးနေအောင် သောက်တော့ အန်ဖတ်စို့တာပေါ့။ ဒီကောင်တွေ သောင်းကျန်းသမျှ ခါးစည်းခံရတာက မသောက်ပဲနေလို့ မမူးတဲ့ကောင် ကျွန်တော်တို့တွေပေါ့။ အန်ဖတ်တွေ ကျုံး။ ရစ်သမျှ သည်းခံ။ အော်နေတဲ့ ပါးစပ်တွေ လိုက်ပိတ်။ ၀ဋ်ကြွေး ဆပ်နေရသလိုပဲ။

တကယ်တော့ ကျွန်တော်က အရက်သမားတွေကို မမုန်းပါဘူး။ ကျွန်တော့် မိတ်ဆွေ အပေါင်းအသင်းတွေမှာ အရက်သမားတွေ အများကြီးပဲ။ ဒါပေမယ့် ကျွန်တော်က အရက်သောက်တာကိုပဲ မုန်းပါတယ်။ အရက်သမားပဲ အရက် သောက်မှာပေါ့။ အဲဒါဆို ဘာကြောင့် အရက်သမားကို မမုန်းသလဲဆိုရင် အရက်မသောက်တဲ့ အချိန်မှာ သူတို့ဟာ လူကောင်းပါပဲလေ။ ကျွန်တော်က လူကို မမုန်းဘူး။ မူကိုပဲ မုန်းတာခင်ဗျ။ အရက်သောက်တဲ့ အမူအကျင့်ကို မုန်းတာပါ။

အိမ်ဘေးခြံက ညဘက်ဆို အရက်မူးပြီး ကလေးတွေကို ရိုက်နေတာ မြင်ခဲ့ကြားခဲ့တဲ့ ကလေးဘ၀၊ တနေကုန် အိမ်အလုပ်တွေနဲ့ ပင်ပန်းရှာပေမယ့် ညမိုးချုပ်အထိ အိမ်ပြန်မလာသေးတဲ့ ပါပါးအတွက် မာမားရဲ့ စိုးရိမ် သောကကို တွေ့ကြုံခဲ့ရတဲ့ လူငယ်ဘ၀၊ မူးပြီး ရစ်တတ်တဲ့ အန်ဖတ်စို့ သူငယ်ချင်းတွေကို ခွင့်မလွှတ်ပေမယ့် သည်းခံခဲ့ရတဲ့ လူလတ်ပိုင်းဘ၀။ ဒီလိုနဲ့ပဲ ဘ၀က ပေးတဲ့ သင်ခန်းစာတွေနဲ့တင် အရက်သောက်တဲ့ အကျင့်ကို ကျွန်တော် မုန်းသွားပါတယ်။ ရာသက်ပန် ရှောင်ဖို့လည်း ဆုံးဖြတ်စေနိုင်ခဲ့တယ်။

မင်္ဂလာညစာစားပွဲတွေမှာ တရုတ်တွေ လုပ်လေ့ လုပ်ထရှိတာက သတို့သားကို အရက်အတင်း တိုက်တာပါပဲ။ ရှိရှိသမျှ အမျိုးတွေ၊ သိသိသမျှ အသိုင်းအ၀ိုင်းတွေ ဆောင်သမျှ ပွဲတွေမှာ သတို့သားကို ကမ်းပိန်းဆိုပြီး အတင်းအရက်တိုက်တာ ပျော်စရာ ကောင်းသလိုလို မြင်ရပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ သောက်မြင် အတော်ကပ်ပါတယ်။ မင်္ဂလာသတို့သားကို ဂုဏ်ပြုတယ်ဆိုတာ သိနားလည်ပေမယ့် ခံစားရခက်လှပါတယ်။ ကျွန်တော့်အလှည့်မှာ ဒါမျိုးလာလုပ်ရင်တော့ လက်ခံနိုင်မှာ မဟုတ်ဘူးဆိုတာ သေချာသလောက်ပဲ။ အဲဒါကို အခုကတည်းက ချစ်သူလေးကို သေချာရှင်းပြပြီး ရင်ဆိုင်ဖို့ ပြင်ဆင်ထားရအုံးမယ်။ ပထမဦးဆုံး ပြုံးပြုံးလေးနဲ့ ငြင်းပါမယ်။ ချိုချိုသာသာနဲ့ တောင်းပန်ပါမယ်။ အဲဒါမှ မရသေးရင်တော့ သောက်နိုင်တဲ့ သူငယ်ချင်းတွေကို အနားမှာ ခေါ်ထားပြီး ကိုယ်စား သောက်ခိုင်းလိုက်ပါမယ်။ အဲဒါကို မကျေနပ်သေးလို့ ကျွန်တော့်ကို အရက် အတင်းတိုက်နေရင်တော့ အားနာပါးနာနဲ့ အရက်သောက်လိမ့်မယ်လို့ မထင်လိုက်ပါနဲ့။

ဘယ်နဲ့ဗျာ ချဉ်စုတ်စုတ် အနံ့နဲ့ မင်္ဂလာခန်းထဲ ၀င်မယ်လို့ ထင်နေရင်... ထင်တဲ့သူ ရူးနေလို့ပဲ ဖြစ်မယ်။ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို ငွေရောင်ပိတ်ကားပေါ်မှာ မျှော်...


ဟုတ်ကဲ့ ကျွန်တော် အရက်သောက်တာကို မုန်းပါတယ်ခင်ဗျ။

18 comments:

ဖိုးသင်္ကြန် said...

ကိုဂျူလှိုင်ခင်ဗျား
မင်္ဂလာဆောင်ရင် ကျွန်တော့်ကို ခေါ်လိုက်ပါ။
ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ငွေရောင်ပိတ်ကားပေါ်မှာ မျှော်..........။

ကိုလူထွေး said...

i hate drinking............
...............................
...............................
alone at home.

းဝ)

Nge Naing said...

အရက်ကို မုန်းတာ မင်္ဂလာ ရှိပါတယ်။ အမျိုးသားတွေ အရက်သောက်ပြီး မင်္ဂလာဦးညကို ဖြတ်သန်းတဲ့ အလေ့အထက ဘယ်ကစလဲမသိဘူး၊ အမှန်ဆို အဲဒါ သိပ်ကို အမျှော်မြင်နည်းတဲ့ အလေ့အထ ဖြစ်တယ်။ အရက် မူးနေတဲ့သူဟာ အာရုံကြောအဖွဲ့အစည်း အားလုံးပုံမှန် အလုပ်မလုပ်တော့ပဲ စိတ်ကိုသာ လွန်လွန်ကဲကဲ တက်ကြွစေပြီး ခန္ဓာကိုယ် တခုလုံးမှာ ရှိတဲ့ ကြွက်သားတွေ အလုပ်မလုပ်နိုင်တဲ့ အတွက် အာရုံတုန့်ပြန်မှု ကို လျှော့စေတယ်၊ စိတ်သွားတိုင်း ကိုယ်မပါနိုင်လို့ အရက်သောက်တာဟာ သတို့သားရဲ့ မင်္ဂလာဦးညဆိုတာကို ဘာမှန်းမသိအောင် လုပ်လိုက်တာနဲ့ တူပါတယ်။ အရက်အနံ့မခံနိုင်တဲ့ သတို့သမီးအတွက်လည်း စိတ်ဒုက္ခရောက်ရမှာ သေချာတယ်။ ကိုဂျူလိုင် မင်္ဂလာဆောင်ရင် အစဉ်အလာကို ဖျက်ပြီး အရက်မသောက်ဘူး ဆိုတော့ ကောင်းပါတယ်။ အကျိုးမရှိပဲ အစဉ်ဆက်က ကျင့်သုံးလာတဲ့ တချို့မကောင်းတဲ့ အလေ့အထတွေက ဖျက်လိုက်တာ ကောင်းပါတယ်။

khin oo may said...

မှန်တယ်။
မူးမှ မှားနိုင်တယ်ဆိုတာ...........မဟုတ်ဘူး။

Anonymous said...

ဘယ်အရာဖြစ်ဖြစ် တန်ဆေးလွန်ဘေးပါပဲ။

တချို့အရက်သမားတွေ ပြောတဲ့စကားနဲ့ ပြောရရင်တော့ တန်ဆေး၊ လွန်ကောင်း၊ များအရသာရှိ၊
ဒီလိုပဲ.. လူကိုဖျက်တာ အရက်၊ ဒါးကိုဖျက်တာ ဝါးမျက်၊ အရက်ကိုဖျက်တာရေ တဲ့

ဘာမှတော့မဆိုင်းဘူး အာချောင်သွားတာပါ အဟီး အရက်ကို ကြိုက်လို့တော့ မဟုတ်ဘူး တခါတလေလဲ သူမရှိရင် မဖြစ်ပြန်ဘူးလေ....
ဥပမာပေါ့ အေးချမ်းတဲ့ ရာသီဥတုမှာအချမ်းပြေစေတယ်၊ မိုးရွာတဲ့ အချိန်တွေကျပြန်တော့လဲ အအေးမိမှာစိုးလို့
ပူပြင်းတဲ့ ရာသီမှာကျတော့ ဘီယာအေးအေးလေး တခွက်လောက် ဗျင်းထည့်လိုက်ရရင်....
ပြောရင်းနဲ့တောင် သောက်ချင်လာပြီဗျာ...။

juli said...

အဲဒီမင်္ဂလာဆောင်ကို လာကြည့်ချင်လိုက်တာ...။

ငွေရောင်ဘလော့ပေါ်မှာပဲ စောင့်နေပါတော့မယ်..။

ZT said...

သတို့သားကို တိုက်မရလို့ သတို့သမီးကို အမှောက်တိုက်လိုက်ရင် ဘယ်နှယ့် လုပ်မလဲ။ :D

မမသီရိ said...

ငွေရောင်ပိတ်ကား က ဘယ်နားမှာပါလိမ့်..း)
ဒီချစ်သူလေးကတော့
ခုတလော မပါ မပြီးတော့ပါလားနော်..း)
အင်း..
ZT ပြောသလို သာဆို
သတို့သား ဘာလုပ်မှာပါလိမ့်..း)

Mogok Thar said...

ဘ၀ဆိုတာ ကားတစီး မောင်းရသလိုပဲ။ ဒီတော့
“မူးရင် မမောင်းနဲ့။ မောင်း၇င်မမူးနဲ့”
ကိုယ်ကတော့ တခါတရံ သောက်တယ်။ နဲနဲသောက်ပီး များများ အိပ်တတ်တယ်။
ဒိတော့
“မောင်းရင် မမူးဘူး။ မူးရင် မမောင်းဘူး”
:-D

Phyo Maw said...

သူစကားကြိုခံထားပါလား

အဲဒါကို အခုကတည်းက ချစ်သူလေးကို သေချာရှင်းပြပြီး ရင်ဆိုင်ဖို့ ပြင်ဆင်ထားရအုံးမယ်။

ဆိုလိုချင်တာက... ချစ်သူလေးက ရဲဆေးတင်ချင်တယ်များ သူ့ကိုမှာထားလို့လားဟင်

puluque said...

အရက် သောက်တာ မကောင်းဘူးပြောတာပဲလားလို့ ဘယ်ကမလဲ ကြော်ငြာပါဝင်သွားသကိုး...
ကဲ အဲဒီကြော်ငြာလေး ရုံတင်တဲ့နေကျရင် ဖိတ်စာပို့လိုက်ဗျာ...လာခဲ့မယ်...
ပုလုကွေးကတော့ အရက်လုံးဝ လုံးဝ လုံးဝ လုံးဝ မသောက်....



ဘီယာတော အလွန်ကြိုက်၏.....

Rita said...

(ကျွန်တော့်အလှည့်မှာ ဒါမျိုးလာလုပ်ရင်တော့ လက်ခံနိုင်မှာ မဟုတ်ဘူးဆိုတာ သေချာသလောက်ပဲ။ အဲဒါကို အခုကတည်းက ချစ်သူလေးကို သေချာရှင်းပြပြီး ရင်ဆိုင်ဖို့ ပြင်ဆင်ထားရအုံးမယ်။)

အရက်မသောက်ဘူး ဆိုတာကိုများ ရှင်းပြဖို့ လိုလို့လား။ နဲနဲတော့ မျက်စေ့လည်။

ကလူသစ် said...

အကြံအစည်တွေကတော့ ကြီးတယ်ကွာ.... နေ့နံမကိုက်ရင် ဘယ်လို....မင်္ဂလာဆောင်ရင်ဘယ်လို.... ကလေးနံမည်ပေးရင်ဘယ်ညာ....

အဟင်း....ငှင်း.....ငှင်း...

ငွေရောင်ပိတ်ကားပေါ်မှာတော့ မကြည့်တော့ဘူး။ ကုတင်ဘေးနားကပဲ ငုတ်တုတ်ထိုင်ကြည့်နေတော့မယ်။ ခွိခွိ

မီးမီးချစ် said...

ကိုဂျူလိုင့် မင်္ဂလာဆောင် ကျရင်လဲ မသောက်ဘူးဆို မယုံပေါင် အတင်းတိုက်တော့ ဘယ်လိုလုပ်မလဲ ...
လေ့ကျင့်ထားနော့ .. ဟိုတလော အရက်သောက်ပြီး သတို့သား သေသွားတဲ့ သတင်းဖတ်မိတယ်ဟုတ်..

မယ့်ကိုး said...

အမောင်ဂျူလိုင်ရေ...ဘယ်တော့လဲ...
လက်ဖွဲ့ ဖိုးစုရဦးမယ်ကွယ့်  ...ရေသောက်ပြီးတော့ :D

ဗီလိန် said...

တကယ်တော့ အရက်က သူ့ဟာသူနေတာပါ။ လူတွေက သွားပြီး ပြဿနာရှာနေတာ။ ကျနော် ရေးထားတာ ဖတ်ဖူးလားတော့မသိဘူး။ ဒီနေရာလေး မှာ ရေးခဲ့ဖူးတယ်။

မေလေး said...

ကိုဂျုလိုင် ကလဲကြွားပါ့တော့်။သူကြွားစရာရှိတိုင်းဇွတ်ကြွားတော့တာဘဲ။တကယ်ဘဲ။ဟိ။ကိုဇတ်တီပြောသလို သတို့သမီးကို သောက်ခိုင်းရင် ဘိလိုလုပ်မတုန်း..ဒွတ်ခ..ကိုဂျုလိုင် မသောက်တဲ့အကြောင်းရင်း မေလေးသိတယ်။မမကီဆီကသတင်းသွားဖတ်ထားလို့ ဟုတ်။

Unknown said...

ကျွန်တော်ကတော့ ကိုဂျုလိုင်ကို အရက်မတိုက်ဖူး။ တညလုံး မအိပ်ပဲ ထိုင်နေရအောင် ကျွဲရိုင်း တပါကင် တိုက်မယ်။ သောက်မယ်ဟုတ်....... :D :P