.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, July 24, 2007

Change your world


မျိုးဆက်ပွါးကျန်းမာရေးနှင့် အမျိုးသားများ၏ကဏ္ဍ


ကျွန်တော်တို့ မြန်မာ့ဓလေ့ထုံးစံအရ အမျိုးသားများဟာ အဓိကကျသော ဦးဆောင်ဆုံးဖြတ်သူများဖြစ်ကြပြီး အထူးသဖြင့် မျိုးဆက်ပွါး ကျန်းမာရေးဆိုင်ရာများတွင်လည်း ၄င်းတို့၏ကဏ္ဍမှာ အရေးပါလှပါတယ်။ အမျိုးသားများတွင်လည်း မှန်ကန်သော အသိရှိပြီး အောက်ပါအချက်များကို ပြုမူဆောင်ရွက်ခြင်းဖြင့် မိသားစုများနှင့်တကွ လူ့အဖွဲ့အစည်း တစ်ခုလုံးကို တိုးတက်သာယာစေနိုင်မှာ ဖြစ်ပါတယ်။

အိမ်ထောင်မကျမီ

မိမိကိုယ်တိုင် မိမိဇနီးလောင်းနဲ့ အနာဂတ် ရင်သွေးငယ်တို့ ကာလသားရောဂါများမှ ကင်းဝေးရန် အပျော်အပါး လိုက်စားခြင်းကို ရှောင်ရှားရပါမယ်။ မလိုလားသော ကိုယ်ဝန်နှင့် ကိုယ်ဝန်ဖျက်ချခြင်းများကို ရှောင်ရှားနိုင်ရန် သမီးရည်းစားဘ၀မှာ လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ရပါမယ်။ အမျိုးသမီးများအား ထိပါးနှောင့်ယှက်ခြင်း၊ အနိုင်အထက်ပြုကျင့်ခြင်းတို့ကို ရှောင်ကြဉ်ရပါမယ်။

အိမ်ထောင်ကျပြီး

မိသားစု စားဝတ်နေရေး၊ လူနေမှုဘ၀ ပြည့်စုံရေး အတွက် တာဝန်ယူရပါမယ်။ ခင်ပွန်း၊ ဇနီး နှစ်ဦးစလုံး ကလေးဘယ်အချိန်ယူမယ်၊ ဘယ်နှစ်ယောက်ယူမယ် ဘယ်နှစ်နှစ်ခြား ယူမယ် ဆိုတာတွေကို တိုင်ပင်ဆွေးနွေးရပါမယ်။ မိမိဇနီးအပေါ်မှာ သစ္စာရှိပြီး အိမ်ထောင်ဖက် မဟုတ်သူနဲ့ လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ရပါမယ်။ မိမိဇနီးအား ကိုယ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အနိုင်အထက် ဆက်ဆံခြင်းများမှ ရှောင်ရှားရပါမယ်။

ကိုယ်ဝန်ဆောင်စဉ်

ကိုယ်ဝန်ဆောင်မိခင် အာဟာရပြည့်ဝစွာ စားသုံးနိုင်ရန်နဲ့ လုံလောက်သော အနားယူမှု ရရှိရန်အတွက် ပံ့ပိုးစီစဉ်ပေးရပါမယ်။ ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းထံမှ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု အနည်းဆုံး ၄ကြိမ် ခံယူနိုင်ဖို့အတွက် ပံ့ပိုးပေးရပါမယ်။ မွေးဖွါးရန်နဲ့ အရေးပေါ်ကိစ္စများအတွက် အသုံးပြုနိုင်ဖို့ ငွေရေးကြေးရေး၊ သွားရေးလာရေးတို့ အတွက် ကြိုတင်စီစဉ်ထားရပါမယ်။ ကိုယ်ဝန်ဆောင်စဉ် အန္တရာယ် လက္ခဏာများကို သိရှိပြီး၊ အချိန်မီ ဆေးရုံသို့ ပို့နိုင်ရပါမယ်။

ကိုယ်ဝန်ဆောင်စဉ် သတိပြုရမည့် အန္တရာယ်လက္ခဏာများမှာ -
  • သွေးဆင်းခြင်း
  • အရည်ဆင်းခြင်း
  • ခြေလက်မျက်နှာ ဖောယောင်ခြင်း
  • ဆီးနည်းခြင်း
  • ခေါင်းမူးခေါင်းကိုက်ခြင်း
  • အလွန်အမင်း ပျို့အန်ခြင်း
  • တက်ခြင်း
  • ရင်တုန်မောပန်းခြင်း
  • သွေးအားနည်းခြင်း
  • မိခင်ဖျားနာခြင်း
  • အသားဝါခြင်း
  • ခြေသလုံးနဲ့ ၀မ်းဗိုက်အောက်ပိုင်း သွေးကြောများ ဖောင်းကြွခြင်း
  • ကိုယ်ဝန်ကြီးထွားသင့်သလောက် မကြီးထွားခြင်း
  • ကလေး မတိုးခြင်း

မီးဖွါးစဉ်

ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းနှင့်သာ မီးဖွါးနိုင်ရန်အတွက် စီစဉ်ပေးရပါမယ်။ (မိခင်နဲ့ ကလေးတို့ အသက်ရှင်ရေးနဲ့ ကျန်းမာရေးဟာ ကျွမ်းကျင်ဝန်ထမ်းနှင့် မွေးခြင်း၊ မမွေးခြင်းပေါ်မှာ မူတည်နေပါတယ်။) မီးဖွါးစဉ် အန္တရာယ်လက္ခဏာများကို သိရှိပြီး အချိန်မီင်္ ဆေးရုံသို့ ပို့နိုင်ရန်အတွက် စီစဉ်ပေးရပါမယ်။

မီးဖွါးစဉ် ဖြစ်ပေါ်တတ်သော အန္တရာယ်လက္ခဏာများမှာ -
  • ဗိုက်စနာလာချိန်မှစပြီး ၁၂ နာရီကျော်တဲ့အထိ ကလေးမမွေးနိုင်ခြင်း
  • မိခင်မောပန်းပြီး မညှစ်နိုင်ခြင်း
  • မီးဖွါးချိန်မှာ သွေးဆင်းများခြင်း၊ သွေးဆင်းမရပ်ခြင်း
  • မိခင်အသားအရေ ဖြူဖတ်ဖြူရော် ဖြစ်လာခြင်း
  • သွေးလန့်ခြင်း
  • သတိလစ်ခြင်း
  • တက်ခြင်း
  • မီးဖွါးပြီး တစ်နာရီအတွင်း အချင်းမကျခြင်း
  • မွေးဖွါးလာတဲ့ကလေး အသက်ရှုမမှန်ခြင်း၊ ပေါင်မပြည့် လမစေ့ခြင်း

မီးဖွါးပြီး

မီးဖွါးပြီးစောင့်ရှောက်မှုကို ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းဆီမှ အနည်းဆုံး ၆ ကြိမ် ခံယူနိုင်ရန်အတွက် စီစဉ်ပေးရပါမယ်။ မီးတွင်းအချိန် အန္တရာယ်လက္ခဏာများ သိရှိထားပြီး၊ အချိန်မီဆေးရုံသို့ ပို့နိုင်ရန် စီစဉ်ထားရပါမယ်။

မီးတွင်းအချိန် အန္တရာယ်လက္ခဏာများမှာ -
  • မွေးဖွါးပြီး သားအိမ်မ၀ပ်ခြင်း
  • သွေးသွန်ခြင်း
  • သွေးအားနည်းခြင်း
  • မွေးလမ်းကြောင်းအနာမကျက်ခြင်း
  • ပုပ်နံသောအရည်ဆင်းခြင်း
  • ဖျားခြင်း
  • တက်ခြင်း
  • စိတ်ကယောက်ကယက်ဖြစ်ခြင်း
  • နို့တင်းယောင်ယမ်း အနာဖြစ်ခြင်း
  • ကလေးနို့မစို့နိုင်ခြင်း
  • ကလေးတက်ခြင်း
  • ချက်ပြည်တည်ခြင်း
  • ကလေးအသားဝါခြင်း

တာဝန်သိဖခင်ဘဝ

အိမ်မှုကိစ္စများကို တတ်နိုင်တဲ့ဘက်မှ လိုအပ်သလို ကူညီပံ့ပိုးပေးရပါမယ်။ မွေးစကလေးအား အသက် ၆လအထိ မိခင်နို့တစ်မျိုးတည်း အောင်မြင်စွာ တိုက်ကျွေးနိုင်ဖို့ ကူညီပံ့ပိုးပေးရပါမယ်။ ကိုယ်ဝန်ဆောင် တစ်ခုနဲ့ တစ်ခု အနည်းဆုံး ၂ နှစ်ခြားဖို့အတွက် သားဆက်ခြားနည်းလမ်း သုံးစွဲရန် ဇနီးသည်နဲ့အတူ ကျန်းမာရေးဝန်ထမ်းဆီ လိုက်ပါဆွေးနွေး ဆောင်ရွက်ပေးရပါမယ်။ တစ်နှစ်အောက် ကလေး ကာကွယ်ဆေး အပြည့်အ၀ ထိုးနိုင်ရန်အတွက် စီစဉ်ပေးရပါမယ်။

တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးရှိနိုင်မယ်လို့ ယူဆမိလို့ ဒီပို့စ်ကို တင်လိုက်ပါတယ်ခင်ဗျာ။

2 comments:

hana san said...

ohh oh...
if you were a married man, you would be a very good husband and father.
:D

Nwai Hninn said...

Ohh..will you also obey this rule ? :P