.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, July 11, 2007

Reborn new life

မနက် အာရုဏ်ဦးမှာ မိုးသည်းသည်းမဲမဲ ရွာနေတာကို ကြုံဖူးကြမှာပါ။ မိုးကလည်း တ၀ုန်းတဒိုင်းဒိုင်းနဲ့ သည်းကြီးမဲကြီးရွာ၊ လေတွေကလည်း တ၀ှီးဝှီးနဲ့ တိုက်၊ တစ်လောကလုံး မိုးသံ လေသံတွေပဲ ကြီးစိုး နေတယ်။ သစ်ပင်တွေဆိုလည်း မိုးနဲ့လေနဲ့အတူ ဘယ်ညာ ရှေ့နောက် အရပ်မျိုးစုံကို တိုးဝှေ့ယိမ်းထိုး နေကြတယ်။ မိုးစက်တွေ အိမ်ခေါင်မိုးပေါ် မြေပြင်ပေါ် လမ်းပေါ်ကို တဖြောက်ဖြောက်နဲ့ ကျနေတဲ့ အသံတွေကလည်း စည်းချက်ညီညီ ဖြစ်နေကြပြန်တယ်။

ဘယ်နေရာ ကြည့်ကြည့် လောကကြီးတစ်ခုလုံး မိုးစက်တွေကြားကပဲ မှုန်ရီဝေ ၀ိုးတစ်ဝါး မသဲမကွဲ မြင်တွေ့နေရတယ်။ ညဉ့်နက်ပိုင်းထဲက ရွာနေတဲ့မိုးဆိုတော့ ပတ်ဝန်းကျင်တစ်ခုလုံး အအေးဓါတ်က လွှမ်းခြုံနေပြန်ရော။ ဒီလိုအခြေအနေတွေကို ကြုံနေတွေ့နေရတဲ့ လူသားတစ်ဦးအဖို့ အလွှမ်းဓါတ်က အဆွေးဓါတ်က ကြီးစိုး အားပိုနေကြမှာပါ။ အသည်းငယ်သူတွေအဖို့ ကြောက်စိတ်လေးတွေကလည်း ရင်ကို တိုးတိတ်စိုးထိတ်စေမှာပါ။

အာရုဏ်ဦးကို ကျော်လွန်ပြီး မနက်မိုးသောက်ကို ရောက်တဲ့အချိန်ကြတော့ မိုးတွေသည်းနေရာကနေ တဖြည်းဖြည်း မိုးစဲသွားပါပြီ။ မိုးစက်တွေ ကြားကနေ အရောင်အ၀ါတွေ အစုံအလင်နဲ့ ထွက်ပြူလာတဲ့ မိုးစဲနေကို တွေ့မြင်ရလာပါပြီ။ မိုးစက်လေးတွေ ရီးလေးခို တွဲလွဲခိုနေတဲ့ သစ်ပင်ထိပ်ဖျားလေးတွေမှာ ထွန်းလင်းလာတဲ့ နေရောင်ခြည်ကြောင့် အရောင်တွေ တလျှပ်လျှပ် တောက်ပနေပါပြီ။ လမ်းပေါ်မှာ မြက်ခင်းပေါ်မှာ တင်ကျန်နေတဲ့ ရေတွေပေါ်မှာ အရိပ်ထင်နေတဲ့ နေရောင်ခြည်တွေကလည်း အလှချင်း ပြိုင်နေကြပြန်တယ်။

အေးချမ်းလွန်းနေတဲ့ ပါတ်ဝန်းကျင်မှာ တဖြည်းဖြည်း အနွေးဓါတ်တွေ နေရာယူ လွှမ်းခြုံလာပါပြီ။ မှုန်ရီဝေ ၀ိုးတ၀ါး အမြင်တွေကနေ အရာရာကို ရှင်းရှင်းလင်းလင်း တောက်တောက်ပပ ကြည်ကြည်လင်လင် မြင်တွေ့လာပါပြီ။ ဒီလိုအခြေအနေတွေကို ကြုံတွေ့လာရတဲ့ လူသားတစ်ဦးအဖို့ အားအင်တွေ ပြန်လည် ပြည့်ဝလာသလို ခံစားရပြန်တယ်။ အရင်မိုးသည်းနေတုန်းက ရှိနေတဲ့ အားငယ် စိတ်တွေနေရာမှာ အားသစ်အင်သစ်တွေ ၀င်လာသလို ခံစားမိတယ်။ ငြိုးနွမ်းနေတဲ့ စိတ်တွေကနေ လန်းဆန်းတက်ကြွတဲ့ စိတ်တွေဖြစ်လာတယ်။ နေ့သစ်တစ်ခုမှာ အတားအဆီး၊ အခက်အခဲမှန်သမျှကို ရင်ဆိုင်ကျော်လွှားမယ်ဆိုတဲ့ ခွန်အားတွေကို မွေးဖွားစေပါတယ်။

တကယ်တမ်းကျတော့ သဘာဝလောကကြီးက ရသစုံ အရောင်စုံ ခံစားချက်မျိုးစုံကို ကျွန်တော်တို့ကို ပေးစွမ်းစေနိုင်ခဲ့ပါတယ်။

No comments: