ဝိုင်တီယူနဲ့ပါတ်သတ်ပြီး နေးတစ်မြန်မာဖိုရမ်က ၀ိုင်တီယူတော့ပစ်မှာ ရေးခဲ့တဲ့ ပို့စ်လေးတစ်ခုပါ။ ကျောင်းကို လွမ်းနေတဲ့ ကျွန်တော် အဲဒီပို့စ်ကို ဒီဘလော့ခ်မှာ ထပ်တင်ထားပါရစေ။
khwunn wrote ...
MTU ကနေ BE ဘီအီးဘွဲ့ရခဲ့တာ မှန်ပေမယ့် ပြောင်းလဲသွားတဲ့ ခေတ်စံနစ်နဲ့ လူဖြစ်နောက်ကျခဲ့တဲ့ အပြစ် တွေကြောင့် သူတို့မုန်းကြတဲ့ လူတွေထဲမှာ ကျနော်လဲ တစ်ယောက်အပါအ၀င် ဖြစ်သွားရတာပေါ့။
ကျနော်တို့ စိတ်ထဲမှာ အင်ဂျင်နီယာ အစ်ကိုအစ်မတွေပဲလို့ သဘောထားချင်ပေမယ့်... ပုံမှန်တန်းက အစ်ကိုအစ်မတွေရဲ့ စိတ်ထဲမှာ ကျနော်တို့ကို မုန်းနေလိမ့်မယ်လို့ပဲ တွေးမိခဲ့တာပါ။ အဲဒီအစ်ကိုအစ်မတွေရဲ့ စိတ်ခံစားချက်ကိုလည်း ကျနော်တို့ နားလည်ကြပါတယ်။ ကျနော်တို့ကို နားလည်ပေးတယ်ဆိုလို့လည်း ကျေးဇူးတင်ပါတယ်။
ကျနော်တို့တွေလည်း အဲဒီအခွင့်အရေးတွေအတွက် အခု ဘယ်လိုပေးဆပ်နေရသလဲ ဆိုတာ မြင်ကြမှာပါ။ ကျနော်တို့တွေလဲ မပျော်ကြပါဘူး။ ကျနော်တို့နေရာမှာ အစ်ကိုတို့တွေဆိုလည်း ပျော်ကြမှာ မထင်ပါဘူး။ ဘာပဲ ပြောပြော အခုလို နားလည်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်ဗျာ။
I replied...
သူတို့ဆိုတာက ဘယ်သူတွေလဲ ဆိုတာက ကျွန်တော် ကွဲကွဲပြားပြား မသိလိုက်ရသေးပါ။ အခု ကျွန်တော်တို့ မုန်းတယ်လို့..... ဆိုကြတဲ့ စံပြဆိုတာတွေက ကျောင်းသားကျောင်းသူ တစ်ဦးချင်းအပေါ်မှာ ထားရှိနေတဲ့ အမုန်းတွေ မဟုတ်ပါဘူး။ အခြေအနေ အကြောင်းကြောင်းကြောင့် ခေတ်စနစ်ရဲ့ သားကောင်ဘ၀ကို ရောက်နေရတဲ့သူတွေကို နားလည်ခံစားမိဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ အခုလည်း ကြိုးစားနေဆဲပါ။
ကျွန်တော်တို့မှာ အရာရာမှာ ကွာခြားလှတဲ့ ကျောင်းသားဘ၀ အခြေအနေတွေ၊ သင်ခန်းစာတွေကို အနောက်ကနေ သရဲသဘက်လိုက်လာသလား အောက်မေ့ရလောက်အောင် သင်ကြားခဲ့ရတဲ့ စာသင်ချိန် တိုတောင်းမှုတွေ၊ ကြိုးစားရဲ့သားနဲ့ ကျန်းမာရေးအခြေအနေ၊ မရည်ရွယ်ဘဲနဲ့ ရုတ်တရက် ဖြစ်လာတဲ့ အခြေအနေ စတာတွေကြောင့် စာမေးပွဲမှာ အခန့်မသင့်လို့ ခြေချော်လက်ချော် ကျသွားခဲ့ရင်တောင် နောက်တက်စရာ အတန်းမရှိလို့ ကျောင်းထွက်ရမယ့်အခြေအနေတွေ၊ ကလေးဘ၀ ငယ်အိမ်မက်တွေ ကတည်းက မျှော်လင့်တောင့်တခဲ့ရတဲ့ ကျောင်းတော်ကြီးတွေမှာ မတက်ရဘဲ နယ်ခြား တဖက်ကမ်းမှာ စည်းတဖက်ခြားနေသလို မြင်သာမြင်မကြင်ရတဲ့ မတူမတန် ကျောင်းတက်ခဲ့ရတဲ့ ကျောင်းသားဘ၀တွေ၊ ကျောင်းပြီးသွားရင်လည်း ရှေ့ဆက်လှမ်းရမယ့် ပညာရေးလမ်းကြောင်းကြီးက မှုန်ရီဝေ ၀ိုးတ၀ါး ကြယ်တွေ မစုံတဲ့ ညလိုဖြစ်ခဲ့ရတာတွေ ...
ခြုံငုံကြည့်လိုက်ပါ။ တွေ့လာပါလိမ့်မယ်။ ဘာတွေလဲဆိုတာ ....
အဲဒါတွေကြောင့် ကျွန်တော်တို့ ဒီလို ခံစားခဲ့ရတာပါ။
ဒီကျောင်းကြီးကို တက်ဖို့ ကျွန်တော်တို့ဆယ်တန်းအထိ ဘယ်လောက်အထိ ကြိုးစားခဲ့ရတာတွေ ...
ဘယ်လောက် အချိန်ကုန် အပင်ပန်းခံခဲ့ရတာတွေ ...
ဆေးကျောင်းဝင်ခဲ့သူတွေတောင် ဒီကျောင်းပဲတတ်ချင်လို့ ၀ိုင်တီယူပဲ လျှောက်ခဲ့ရတာတွေ ...
ပေးဆပ်ခဲ့ရတာတွေနဲ့ တူသလား... တန်သလား... ဆိုတာတွေကို ချိန်ခွင်ပေါ်တင် ချိန်ကြည့်လိုက်ရင် ချိန်ခွင်လျှာကြီး ဘယ်လို ထွက်နေမလဲဆိုတာကို တွေးမိကောင်းပါရဲ့။
ကျွန်တော် အားလုံးကို တန်းတူ ဆက်ဆံပါတယ်။ မနှိမ့်ချပါဘူး။ မရိုင်းပြဘူး။ အခု ကျွန်တော်ရေးတင်လိုက်တဲ့ ပို့စ်ကလည်း ကျွန်တော်တစ်ဦးတည်းရဲ့ အမြင် သဘောထားတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ ၀ိုင်တီယူ နောက်ဆုံးမျိုးဆက်ရဲ့ သူငယ်ချင်း အတော်များများရဲ့ ရင်ကပေါက်ဖွားလာတဲ့ ခံစားချက် ဝေဒနာ ကြာနီပွင့်တွေပါ။ နားလည်ခွင့်လွှတ်နိုင်ပါစေဗျာ။
အခု ကျွန်တော် မမုန်းတော့ပါဘူး။ ကျေးဇူးပါပဲ khwunn.
အမုန်းတွေ၊ ပြန်လည်ပေးဆပ်မှုတွေ အကြောင်းကတော့ ...
ပြန်ပြောပြဖို့ တော်တော်ခက်လိမ့်မယ်ဆိုတာ ဒါမျိုးတွေပါ။
အားလုံးက မြေဇာပင်လေးတွေပါပဲ။ အိမ်မက်ကိုယ်စီ ရှိကြတဲ့ တက်ကြွတဲ့ လူငယ်ဘ၀မှာ အမုန်းပင် ပျိုးခံလိုက်ရသလို ဖြစ်သွားကြတာပါ။ အရာရာမှာ အစွန်းနှစ်ဖက်ဆိုတာ ရှိစမြဲပါ။ အလယ်အလတ် လမ်းစဉ်ကို လိုက်ဖို့ကတော့ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်ပါတယ်။ နားလည်မှုရှိတဲ့သူတွေကို တွေ့ရသလို ငါနဲ့ငါသာ နှိုင်းစရာဆိုပြီး ပညာမာနတံခွန်တွေ ၀ံ့ဝံ့ကြွားကြွား လွင့်နေတဲ့သူတွေလဲ ရှိမှာပါ။ အခွင့်အရေးဆိုတာက တာဝန်ရှိမှုဆိုတာနဲ့ တွဲပြီးပါလာစမြဲပါ။ အဲဒီအခွင့်အရေးကို ယူလိုက်ရလိုက်တဲ့ သူတွေအဖို့ နောက်ဆက်တွဲ တာဝန်တွေဆိုတာ ပါလာရစမြဲပါပဲ။ အခွင့်အရေး မရလိုက်တဲ့သူတွေကလည်း အခွင့်အရေးကို တာဝန်နဲ့ အတူတကွ ယူချင်ကြမှာပါ။ ရလိုက်တဲ့သူတွေကလည်း တခါတလေကျတော့ အဲဒီတာဝန်တွေကို ငြိုငြင်မိလာပါတယ်။ တော်ရာမှာ မနေ၊ ပျော်ရာမှာ နေဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ အခုတော့ ပျော်ရာမှာမနေ၊ တော်ရာမှ နေနေကြရတဲ့ ကိုယ့်ကိုကိုယ် အစိုးမရတဲ့ လူသားတွေပါပဲ။ အကောင်းဆုံးကိုတော့ ကြိုးစားကြပါဗျာ။ လှည့်ကြည့်စရာတွေ ငဲ့ကွက်စရာတွေ အများကြီးပါပဲ။ ကိုယ့်လိပ်ပြာ ကိုယ်လုံကြဖို့ အရေးကြီးပါတယ်။

2 comments:
nice one!
စာသားလေးတွေက မင်သီးသလိုမျိုးလေးတွေနော်။ ဖောင့်က ၀င်းကလော ဖောင့်နဲ့ တူတယ်။ အရောင်ကြောင့်လားတော့ မသိဘူးနော်။
Post a Comment