.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, July 16, 2007

Dream come true

ရင်ထဲမှာ လှုပ်ခတ်သွားစေတဲ့ တီဗွီအစီအစဉ်လေး တစ်ခုပါ။ MediaCorp Channel 5 က 3 Wishes ဆိုတဲ့ အစီအစဉ်လေးပါ။ ယူအက်စ်တစ်ဝှမ်းက ကလေးတွေက သူတို့ဘ၀မှာ ဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို အဲဒီအစီအစဉ်ဆီကို စာရေးသား ပေးပို့ရပါတယ်။ ခရစ်စမတ်ကာလရောက်တဲ့ အခါကျတော့ သူတို့တွေက ကလေးတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးကြပါတယ်။ ကလေးတွေရော စီစဉ်ပေးတဲ့လူတွေရော ရပ်ရွာနေ လူထုတွေရော အားလုံး ပျော်ရွှင်ကြည်နူး မျက်ရည်လည်ရစေတဲ့ အစီအစဉ်လေးပါ။

ကယ်လ်ဖိုးနီးယားက ၈ နှစ်အရွယ် ကောင်လေး ...
သူက ကျောက်ဖြစ်ရုပ်ကြွင်းတွေကို အလွန်စိတ်ဝင်စားတဲ့ ကောင်လေးပေါ့။
သူရဲ့ အချိန်အများစုက အဲဒီကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ့ ပါတ်သတ်တဲ့ စာအုပ်တွေကြားမှာ ပြတိုက်တွေထဲမှာ စိတ်ကူးတွေယဉ်လို့ပေါ့။ သူက ကျောက်ဖြစ်ရုပ်ကြွင်းတွေ တူးဖော်တဲ့ တကယ့်လုပ်ငန်းခွင်ကို သွားရောက်ပြီး ကိုယ်တိုင် တူးဖော် ရှာဖွေလိုနေတဲ့ ဆန္ဒတွေ ပြင်းပြနေတယ်။ အဲဒီဆန္ဒကို အဖွဲ့ကို စာရေးပြီး ပြောပြထားတော့ အဖွဲ့က အဲဒီကောင်လေးကို ကျောက်ဖြစ်ရုပ်ကြွင်း တူးဖော်တဲ့နေရာကို စရိတ်အကုန်ကျခံ ခေါ်ဆောင်ပေးပြီး တူးဖော်လုပ်ကိုင်နိုင်အောင် ညှိုနှိုင်းဆောင်ရွက်ပေးခဲ့တယ်။ ကောင်လေး အပြန်မှာ ကျောက်ဖြစ်ရုပ်ကြွင်း အစိတ်အပိုင်းတစ်ချို့ကိုလည်း လက်ဆောင်အဖြစ် ပေးလိုက်သေးတယ်။

မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မိသားစုက ကောင်မလေး တစ်ယောက် ...
သူတို့မိသားစုက မောင်နှမတွေများတယ်။ မုန်တိုင်းမှာ သူတို့ အရုပ်တွေ အကုန်ပါသွားတယ်။ အဲဒါကို မောင်နှမတွေက နှမြောတမ်းတနေမိတယ်။ သူတို့ ကစားစရာ အရုပ်ကလေးတွေကို ပြန်လိုချင်တဲ့အကြောင်း စာရေးလိုက်တယ်။ အဖွဲ့က ကုန်တိုက်တစ်ခုရဲ့ ကစားစရာ အရုပ်တန်းဘက်ကို ခေါ်သွားလိုက်တယ်။ မောင်နှမ ၅ ယောက်စလုံးကို ခေါ်သွားတယ်။ ၀န်ထမ်းတွေကလည်း ကြိုဆိုနေကြတယ်။ လှည်းတွေနဲ့ ကြိုက်တဲ့အရုပ် ကစားစရာ စားစရာ ကြိုက်သလောက် ယူခွင့်ပေးထားတယ်။ ကလေးတွေလည်း တပျော်တပါးကြီး ယူကြနေကြတာ တကယ်ပီတိဖြစ်စရာပါ။

လေယာဉ်မှုးဖြစ်ချင်တဲ့ ၈ နှစ်အရွယ် ကောင်လေးတစ်ယောက် ...
သူဆန္ဒကို စာရေးလိုက်တော့ အဖွဲ့က စစ်အခြေစိုက် လေယာဉ်ကွင်းတစ်ခုကို ခေါ်သွားတယ်။ လေယာဉ်မောင်း ၀တ်စုံတွေ လေထီးတွေကို သူ့အရွယ်နဲ့ လိုက်အောင် စီစဉ်ပေးထားတယ်။ တိုက်လေယာဉ်ကို ပိုင်းလော့ခ်နေရာကနေ မောင်းရတယ်။ အနောက်က အကူတစ်ယောက် လိုက်ပေးတယ်။ ကောင်းကင်ယံမှာ စက်သေနတ်ပစ်တာမျိုးတွေကိုလည်း အစမ်းလေ့ကျင့်သေးတယ်။ နောက်ပြီးတော့ လေသဘောင်္ကြီးကို ပိုင်းလော့ခ်နေရာကနေ မောင်းရသေးတယ်။ သူ့ဆန္ဒတွေ သူ့အိမ်မက်တွေ တကယ်ဖြစ်လာတာပေါ့။

ကယ်လ်ဖိုးနီးယား တောင်ပိုင်းက ၈ နှစ်အရွယ် ကလေးမလေး တစ်ယောက် ...
သူမရဲ့ သူငယ်ချင်းက ကင်ဆာရောဂါဖြစ်နေတဲ့ သူမထက် သုံးနှစ်ကြီးတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ ကင်ဆာရောဂါသည်လေးက အရင်က ရွှေအိုရောင်ဆံပင်ရှည်လေးတွေနဲ့ အရမ်းကိုလှတဲ့ ကလေးမလေးပါ။ အခုတော့ ကတုံးတုံးထားရပြီး လူလဲပိန်ညှော်နေပါပြီ။ ကလေးမလေးက ခရစ်စမတ်ကို နှင်းတွေတဖွဲဖွဲ ကျနေပြီး နှင်းလွှာရေခဲထုကြီးပေါ်မှာ ကျင်းပချင်တဲ့စိတ်လေး ရှိနေတယ်။ ကယ်လ်ဖိုးနီးယား တောင်ပိုင်းက နှင်းထုကြီးကြီး ဖြစ်လောက်အောင် နှင်းမကျဘူး။ အဲဒီလို နှင်းတွေဝေနေတဲ့ ခရစ်စမတ် ကာလလေးကို သူ မသေခင်လေးမှာ ကြုံသွားချင်တယ်ပေါ့။ အဲဒါကို သူ့သူငယ်ချင်းမလေးက သူ့ဆန္ဒကို ဖြည့်ဆည်းပေးချင် နေတော့ အဖွဲ့ကို စာရေးပြီး သူဖြစ်ချင်တဲ့ဆန္ဒကို ပြောပြတာပေါ့။ အဖွဲ့က ခရစ်စမတ်မတိုင်ခင် ၂ ည လောက်ကတည်းက လိုအပ်တဲ့ အပင်တွေ၊ အရုပ်တွေ၊ အလှဆင်မီးတွေ အကုန်အစုံဝယ်ပြီး ပြင်ဆင်ပေး ပါတယ်။ အိမ်ခေါင်မိုးတွေကို နှင်းတွေ ဖုံးနေတဲ့ပုံစံမျိုးဖြစ်အောင် ရေမြှုပ်ဖော့တွေ အပြည့်ကပ်ပါတယ်။ ခရစ်စမတ် သစ်ပင်တွေစိုက်၊ ရေခဲပြင် လျှောစီးဖို့အတွက် ကုန်းကမူ အတုလေးတွေ၊ တိုက်မိရင် ပြုတ်ကျရင် မနာရအောင် ကောက်ရိုးထုံးတွေကပ် ပြင်ဆင်လုပ်ကိုင်နေကြတာများ ပျော်စရာကြီးပါ။ ခရစ်စမတ် ညနေပိုင်းလောက်မှာ ရေခဲတွေ တင်လာတဲ့ ကွန်တိန်နာကားကြီးဝင်လာပါတယ်။ ရေခဲအမှုန့် ချေတဲ့စက်နဲ့ ရေခဲတွေကို စက်ထဲခွဲထည့်ပြီး အိမ်နဲ့ ပြင်ဆင်ထားတဲ့ ပါတ်ဝန်းကျင်တစ်ခုလုံးကို ဖြန်းပတ်ပေးတာနဲ့ အဲဒီနားတစ်ဝိုက် နှင်းထုရေခဲပြင်ကြီး ဖြစ်သွားတယ်။ စက်နဲ့ ဖြန်းပေးထားတော့ နှင်းတွေလည်း တဖွဲဖွဲ ဆက်ကျနေဆဲပေါ့။ ရောဂါသည်ကောင်မလေးနဲ့ သူ့သူငယ်ချင်းကို အဲဒီတော့မှ ခေါ်လာ ကောင်မလေးတွေ အရမ်းအံသြ ၀မ်းသာကြတာပေါ့နော်။ လာကြည့်နေတဲ့ သူငယ်ချင်းတွေနဲ့ သူတို့ရဲ့မိဘတွေလည်း မျက်ရည်လည်ရွဲ ငိုကြတော့တာပါပဲ။ ၀မ်းနည်းဝမ်းသာ မျက်ရည်တွေပေါ့နော်။ ခရစ်စမတ်အပင်တွေကို မီးထွန်းဖို့ ကောင်မလေးက ခလုတ်နှိပ်ပေးရပါတယ်။ ပါတ်ဝန်းကျင်တစ်ခုလုံး လင်းထင်းသွားပြီး အရောင်တွေစုံတဲ့ ငွေနှင်းမှုံကြားမှာ သူတို့သူငယ်ချင်းတွေနဲ့ ပျော်ခဲ့ကြရပါတယ်။ အရမ်းကို ကြည်နူးဖို့ ကောင်းတဲ့ ကူညီပံ့ပိုးမှုလေးပါပဲ။ အစီအစဉ်ကို ကြည့်နေတဲ့ သူတွေကိုလည်း မျက်ရည်လည်စေပါတယ်။

ကျွန်တော်တို့ မြန်မာပြည်မှာရော ကလေးတွေ အတွက် ဘာတွေ လုပ်ပေးနိုင်ကြမလဲ။ ကျွန်တော်တို့ ကလေးအရွယ်မှာ အိမ်မက်တွေ တကယ်ဖြစ်ခဲ့ရဲ့လား။ မဖြစ်ခဲ့ကြပါဘူး။ အဲဒီတော့ရော ကျွန်တော်တို့ရဲ့ နောက်က ကလေးတွေကို အိမ်မက်တွေ တကယ်ဖြစ်အောင် ကျွန်တော်တို့ မလုပ်နိုင်ကြဘူးလား။ ကိုယ်တွေ့ရဲ့ ကလေးဘ၀ အိမ်မက်တွေ ဖြစ်မလာခဲ့ပေမယ့်လေး သူတို့လေးတွေရဲ့ ကလေးဘ၀ အိမ်မက်တွေကို တကယ် ဖြစ်လာစေချင်ပါတယ်။ နိုင်ငံခြားက သူတို့တွေလောက် လုပ်မပေးနိုင်ရင်တောင် မြန်မာပြည်အတွင်း အလည်အပတ် ခရီးတွေလောက်တော့ စီစဉ်ပေးနိုင်ကောင်းပါရဲ့။ တစ်တိုင်းပြည်လုံးက ကလေးတွေကို မလုပ်ပေးနိုင်ရင်တောင် နှစ်အလိုက် တိုင်းနဲ့ပြည်နယ် သတ်မှတ်ပြီး ဆယ်ယောက် ဆယ့်ငါးယောက်လောကို သူ့တို့ ရောက်ချင် သွားချင်တဲ့ နေရာတွေကို လိုက်လံပို့ဆောင်ပေးတာမျိုး လုပ်ပေးနိုင်ကြလိမ့်မယ်လို့ ယူဆပါတယ်။ နိုင်သလောက်လေးက စကြရင် အကောင်းဆုံးပေါ့။

အခုချိန်မှာ အခြေအနေမပေးလို့ မလုပ်ဖြစ်ရင်တောင်... တစ်ချိန်ချိန်ကြရင် စိတ်ကူးအိမ်မက်ချိုတွေ တကယ်ဖြစ်လာအောင် အကောင်အထည်ဖော်နိုင်မယ့် စိတ်တူကိုယ်တူ ၀ါသနာတူ သူငယ်ချင်းတွေ ပေါ်ပေါက်လာနိုင်မယ်လို့ ရင်ခုန်မျှော်လင့်ရင်း ...

5 comments:

Nay Nay Naing said...

ဒီပိုစ့်ထဲက ကလေးတွေ အကြောင်းဖတ်ရတာ ၀မ်းသာဝမ်းနည်း ဖြစ်မိတယ်.. ဒီလိုပိုစ်လေးတွေ ရေးပေးတာ ကျေးဇူးပါပဲ။

Anonymous said...

ကျနော့ကို အဲဒီလိုပံ့ပိုးရေးအဖွဲ့ထဲမှာ ထည့်ထားပေးပါ။ စာရင်းပေးပါတယ်ဗျာ

လင်း said...

သိပ်ကောင်းတဲ့ စိတ်ကူးလေးနော်။
မြန်မာပြည်ကက ကလေးတွေ အတွက် အိမ်မက်တွေ အကောင်အထည်ဖော်ပေးနိုင်ဘို့  လူကြိးတွေရဲ့ အိမ်မက်တွေ
အရင် . . . . .

နှင်းပွင့်ဖြူ said...

နှင်းပွင့်ဆိုတဲ့ကောင်မလေးရဲ. စိတ်ကူးက......
တစ်နေ့မှာ ... Liverpool Captain ကိုကိုဂျာရတ်နဲ့ ကမ္ထာပတ်ပြီး ဘောလုံးပွဲမှန်သမျှ လိုက်ကြည့်ချင်တယ်တဲ့
အဲ့ဆန္ဒလေးတစ်ခု ပြည့်ချင်လို့ စာရင်းပေးတယ်နော် ဦးဦးဂျူလိုင်ဒရမ်း :P

မိုးခါး said...

ညီမတို့ မြန်မာနိုင်ငံက ကလေးတွေအတွက် စိတ်မကောင်းဖြစ်မိတယ် ..း(