.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, September 29, 2007

The red shirt

ဒီကနေ့ ၂၉ ရက်နေ့ ညပိုင်း ၆ နာရီခွဲမှာ စကာင်္ပူနိုင်ငံ တိုပါးရိုး ဘုန်းကြီးကျောင်းမှာ တရားနာ ပရိသတ်များ အနီရောင် တူညီဝတ်စုံများနဲ့ တရားနာ အမျှပေးဝေခဲ့ကြပါတယ်။ ညနေ ၄ နာရီခွဲကတည်းက ဘုန်းကြီးကျောင်းကို မြန်မာတွေ တဖွဲဖွဲ တဖွဲဖွဲ လာရောက်နေကြပါပြီ။ အဲဒီပွဲမှာ စကာင်္ပူရောက် မြန်မာလူမျိုး အတော်များများ၊ မူစလင်ဘာသာဝင်တွေရော၊ ခရစ်ယာန်တွေရော လာရောက်တာ တွေ့လိုက်ရပါတယ်။ ကျွန်တော့်သူငယ်ချင်း ခရစ်ယာန်ဘာသာဝင်နဲ့ မူစလင်ဘာသာဝင်တွေကို တွေ့လိုက်ရလို့ သူတို့ပြောပုံအရ သိရခဲ့တာပါလေ။ သူတိုလည်း မြန်မာပြည်သားတွေဆိုတော့ အနီရောင်လေးတွေပဲ ၀တ်ထားကြပါတယ်။ အလုပ်ကနေ အမြန်ပြေးလာရလို့ အနီရောင် မ၀တ်လာမိခဲ့တဲ့သူတွေကလည်း လက်ပတ်အနီလေးတွေ လက်မောင်းတွေ၊ လက်ဖျံတွေမှာ စည်းထားကြပါတယ်။

ဘုန်းကြီးကျောင်း သုံးထပ်စလုံး တရားနာ လူပရိသတ် အပြည့်နဲ့အပြင် ကျောင်းဝင်းအထဲရော အပြင်ရော အနီရောင် လူအုပ်ကြီးကို တွေ့မြင်ခဲ့ရပါတယ်။ တရားနာ ဆုတောင်းဖို့ လာရောက်တဲ့သူတွေကို အအေးဘူး၊ ရေသန့်ဘူးများ အလှူဒါနပြုထားတာကိုလည်း တွေ့ရပါတယ်။ သာသနာ့အလံ စတစ်ကာလေးတွေကို တီရှပ်ရင်ဘတ်တွေမှာ ကပ်ထားတဲ့လူတွေကိုလည်း တွေ့ရပါတယ်။ စကာင်္ပူက ချန်နယ်နယူးအေးရှား သတင်းဌာနကလည်း ရုပ်မြင်သံကြား လာရောက်ရိုက်ကူးသလို စထရိတ်တိုင်း သတင်းစာက သတင်းထောက် ဂျာနယ်လစ်များကလည်း အင်တာဗျူးများ ပြုလုပ်မေးမြန်းတာကို တွေ့ရှိရပါတယ်။ အရင်တုန်းတွေကရော အခုလို ဘုန်းကြီးကျောင်းမှာ ခန်းလုံးပြည့် လူစည်ကားပါသလားတဲ့။

ည ၇ နာရီခွဲမှာ ရဟန်းသံဃာ၊ ပြည်သူများအတွက် အမျှအတန်း ပေးဝေပြီး ဆုတောင်းပွဲ အခမ်းအနား အောင်အောင်မြင်မြင် အေးချမ်းစွာ ပြီးဆုံးသွားပါတယ်။ ထူးခြားတာက အလာတုန်းကတော့ ရဲကားတစ်စီး ဖြတ်မောင်းတာကို တွေ့လိုက်ရပေမယ့် ဘုန်းကြီးကျောင်းနားမှာ ရဲကားတွေ ဘာတွေ စောင့်တာကိုတော့ မတွေ့ရပါဘူးခင်ဗျာ။ ဘုန်းကြီးကျောင်းက အပြန်မှာ ရွှေမြန်မာတွေရဲ့ အနီရောင် လူအုပ်ကြီး ဘူတာရုံကို တရွေ့ရွေ့ ထွက်ခွါလာခဲ့ကြပါတယ်ဗျာ။ မနက်ဖြန် တနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီမှာလည်း ဆုတောင်း အမျှပေးဝေပွဲကို ထပ်မံကျင်းပအုံးမှာပါ ခင်ဗျာ။

No comments: