မနေ့က အလုပ်နေ့တစ်ဝက်ပဲ လုပ်ရမယ့်နေ့ ဖြစ်ပေမယ့်လည်း တစ်နေကုန် ကြိုးကြိုးစားစား လုပ်ဖြစ်နေတယ်။ မနက်မိုးလင်းတော့ အတူနေ အိပ်ခန်းဖော် ညီငယ်တစ်ဦးက မြန်မာပြည်ကို ပြန်သွားဖို့ မနက်စောစောကတည်းက လေယာဉ်ကွင်းကို ဆင်းသွားပြီဆိုတော့ အခန်းကြီးက လွတ်နေတယ်။ ဒီမှာ ခရီးသွားလုပ်ငန်းနဲ့ ပါတ်သတ်တဲ့ ကျောင်းတစ်ခုကို လာတတ်ပေမယ့် အလုပ်အကိုင် မရှာနိုင်တာကြောင့် မြန်မာပြည် ပြန်သွားရတာ။ ဘာသာစကား အခက်အခဲကြောင့်လည်း သူ အလုပ်မရတာလည်း ဖြစ်နိုင်ပါတယ်။ သူတို့ ခရီးသွားလုပ်ငန်းဆိုတာက ခရီးသွားတွေနားဝင် သဘောပေါက်အောင် ပြောရဆိုရတာမျိုးလေ။
ရေမိုးချိုး အ၀တ်စားလဲပြီးတော့ အိမ်မှာအတူနေတဲ့ ဗိသုကာအကိုနဲ့ ရုံးမသွားခင် အိမ်အောက်ကဆိုင်မှာ တိုရှည်စားပြီး ကော်ဖီ သောက်လိုက်သေးတယ်။ ပြီးတော့ သူ့မိန်းမ ထိုင်ဝမ်ကနေ ပို့ထားတဲ့ မှတ်ပုံတင်စာကို စာတိုက်မှာ သွားရွေးတာကို အဖေါ်လိုက် သွားလိုက်တယ်။ ပြီးတော့ နှစ်ယောက်စလုံး အနီလိုင်းကနေ ရထားစီးပြီး ရုံးကို ထွက်လာကြလိုက်တယ်။ သူ့အလုပ်က ကလီမန်တီးဘက်မှာဆိုတော့ ဂျူရောင်းအထိ ရထားစီးရတာ အတူတူပဲလေ။
အခုလမှာ အတော်လေးကို အလုပ်တွေ ပိနေတယ်။ လစာမတိုးဘဲ ရာထူးတိုးပေးပြီး အလုပ်တွေ ဖိခိုင်းထားလို့ အသည်းအသန် လုပ်နေရတယ်။ အရင်ကလို ယောင်ခြောက်ဆယ် လုပ်လို့ မရတော့ဘူး။ ရုံးရောက်တော့ လုပ်စရာ အလုပ်တွေကို တဆင့်ပြီး တဆင့် သတိထား လုပ်နေရတယ်။ စက်ရုံတစ်ခုရဲ့ ဂိုထောင်အတွက် တနလာင်္နေ့မှာ ဆော့ဝဲလ်ဒီမို ပြဖို့ရှိတာကို ပြင်ဆင်နေရတာပါ။ တစ်ခုမှားသွားရင် လုပ်ငန်းပိုင်း အစီအစဉ်တွေ လွဲချော်နိုင်တာမို့ တစ်ခုချင်းကို သေချာ လုပ်နေရတယ်။ လုပ်လိုက် ပြန်စမ်းလိုက်နဲ့ နေ့လည့် ထမင်းစာဖို့တောင် အချိန် မရလိုက်ဘူး။ မနေ့ကနဲ့ဆို ဒီတစ်ပါတ်အတွင်းမှာ နေ့လည်စာ မစားမိတာ ၃ ရက်တောင် ရှိသွားပြီပေါ့။
ညနေပိုင်းကျတော့ အလုပ်တွေ တဖြည်းဖြည်း ပြီးလာတာနဲ့ နည်းနည်း စိတ်အေးသွားရတယ်။ ရန်ကုန်က အသိတစ်ယောက် ရောက်နေတာသိလို့ ဖုန်းဆက်ကြည့်တော့ သူတို့ ဘွန်လေးဘက်ကို လာဖို့ရှိတယ် ဆိုတာနဲ့ အလုပ်ဆင်းဖြစ်ရင် သွားဖို့ စိတ်ကူးထားလိုက်တယ်။ အလုပ်မပြီးရင်တော့ မသွားနိုင်ဘူးလေ။ အလုပ်တွေကို လက်စသပ်နေရင်း ပရောဂျက်ခေါင်းဆောင်က ညနေ ၅ နာရီခွဲလောက် ရောက်တော့ ပြန်မယ်ဆိုတာနဲ့ အတူ ပြန်ဖြစ်ခဲ့တယ်။ အဲဒါနဲ့ ဘွန်လေးကို လမ်းကြုံတာနဲ့ ၀င်ဖြစ်သွားတယ်။
ဂျူရောင်းပွိုင့်မှာ ဟိုဟိုဒီဒီ လျှောက်လာရင်း ဖုန်းဆက်မေးတော့ ကော်ဖီဆိုင် ထိုင်နေတယ်ဆိုတာနဲ့ ကော်ဖီဆိုင် လိုက်ရှာလိုက်တယ်။ ကော်ဖီဆိုင်မှာ နေးတစ်မြန်မာဖိုရမ်က မန်ဘာတွေနဲ့ စကားတွေ ပြောဖြစ်ကြတယ်။ သူတို့ပြောဖြစ်တာ များပြီး ကျွန်တော်ကတော့ နားထောင်ဖြစ်တာ များပါတယ်။ ညပိုင်းရောက်တော့ ရန်ကုန်က မှာလိုက်တဲ့ အ၀တ်အစားတွေ ရှာဖို့ ဈေးဝယ်ထွက်ကြတယ်။ ဈေးပတ်ပြီး နောက်တော့ ကေအက်ဖ်စီမှာ ကြက်ကြော် ၀င်စားပြီး နေးတစ်ဖိုရမ်မန်ဘာတွေ အိမ်ပြန်ဖို့ ဘူတာဘက်ကို ထွက်လာခဲ့ကြတယ်။
ဆေးကျောင်းသားတစ်ယောက် လူကြုံလှမ်းမှာတဲ့ ဆရာဝန်ကိုင်တဲ့ နားကြပ်ကို ၀ယ်ဖို့ ရန်ကုန်က ရောက်လာတဲ့ နေးတစ်ဖိုရမ်ထဲက အသိနဲ့အတူ သူတည်းနေတဲ့ဟိုတယ်ရှိရာ တရုတ်တန်းဘက်ကို လိုက်သွားခဲ့တယ်။ ရန်ကုန်က လူကြုံထည့်ပေးလိုက်တဲ့ သိုးမွေးဆွယ်တာလေး လိုက်ယူတာလဲ ပါတာပေါ့။ အော်ထရန်ပတ်ခ် ဘူတာကနေ သူတို့တည်းတဲ့ ဟိုတယ်ကို အဆင့်ဆင့် ရှာပုံတော်ဖွင့်ပြီး အရောက်နှင်ခဲ့ကြသေးတယ်။ ဟိုတယ်ရောက်တော့ ခဏတဖြုတ် စကားပြောပြီး မူစတာဖါဘက်ကို ဈေးဝယ် ထွက်လာကြတယ်။ လိုအပ်တာတွေကို ၂၄ နာရီဖွင့်တဲ့ ကုလားကုန်တိုက်ထဲမှာ တိုးဝှေ့ပြီး ဈေးပတ်ဝယ်ဖြစ်တယ်။ ဈေးက အတော်လေးကို ချိုလွန်းလို့ အတုဖြစ်မှာတောင် စိုးရိမ်မိတယ်။ အပြင်ဈေးနဲ့ အတော်လေးကို ကွာတယ်ဗျာ။ အဲဒါကြောင့်လည်း ညကြီးမိုးချုပ် ကြိတ်ကြိတ်တိုး စည်ကားနေတာပေါ့။
ဒါနဲ့ မနက် ၃ နာရီလောက်မှာ အိမ်ပြန်ဖြစ်ကြတယ်။ လူကတော့ အတော်လေးကို ဘက်ထရီကုန်နေပြီ။ မျက်လုံးကို မနည်းဖွင့်ထား ရတာ။ တက်စီသမားနဲ့ လမ်းမှာ စကားပြော အိပ်ငိုက်ရင်း အိမ်ကို ၃ နာရီခွဲ ကျော်ကျော်လောက် ပြန်ရောက်တယ်။ သူတို့ ညဘက်မောင်းတဲ့ တက်စီသမား ဘ၀တွေကို အင်တာဗျူးရင်းပေါ့။ သူပြောတာက ညဘက်မောင်းရတာ ကားမရှုပ်ဘူး၊ အပူရှိန် သက်သာတယ်။ ဒါပေမယ့် မှောင်တဲ့အတွက် မျက်လုံး အားစိုက်ရတယ်ပေါ့။ ညဘက် ကားမောင်းရတဲ့သူတွေအဖို့ မိသားစုဘ၀ဆိုတာကို မခံစားရတော့ဘဲ ပိုက်ဆံပဲ ရှာနေရတဲ့ ဘ၀မျိုးပေါ့။ ကိုယ့်ကလေးတွေနဲ့ နေဖို့ အချိန်မရဘူး။ နောက်ကျန်းမာရေးအတွက် တစ်ပတ်မှာ ခုနစ်ရက် မောင်းလို့ မသင့်ကြောင်း၊ အများဆုံး ၅ ရက်လောက်ပဲ မောင်းသင့်ကြောင်း အနားယူဖို့ ရက်ကို ထားသင့်ကြောင်း စတာတွေ ပြောပြပါတယ်။
သူတို့ဘ၀ကို သိချင်တာလည်းပါသလို ကိုယ့်ဘာသာကိုယ် အင်္ဂလိပ်စာညံ့လို့ နားရည်ဝအောင် လေ့ကျင့်တဲ့ သဘောနဲ့ မေးခွန်းတွေ လျှောက်မေးနေတာလေ။ အဲ... ကိုယ်မေးတာတွေကို သူနားလည်ပေမယ့် သူပြန်ပြောတာတွေကိုတော့ လုံးစေ့ပတ်စေ့ အကုန်နားမလည်ဘူးဗျ။ အဲဒီလို သိုးဆောင်းဘာသာမှာ တော်တာလေ။ အဲဒီလို ကားဆရာနဲ့ စကားတပြောပြော လုပ်ပြီး အိမ်ရောက်လာတယ်။ အိမ်ရောက်တော့ လျှော်စရာရှိတဲ့ တစ်ပါတ်စာ အ၀တ်တွေကို စက်ထဲထည့် လျှော်ပြီး ညောင်းချိချိနဲ့ အိပ်ရာဝင်ခဲ့တယ်လေ။ မနေ့ကပေါ့...

1 comment:
ကိုဇူလိုင်ရေ အလုပ်တွေရှုပ်နေတာလား။
ရာထူးတိုးးတာ မုန့်လည်း မကျွေးပါလားဗျ။
ကော်ကော်လေးဘာလေး တိုက်မှပေါ့။
ကိုရီးယားလို ပြောမယ်ဗျာ။
ဖိုက်တင်။
အဆင်ပြေပါစေဗျာ။
ရာထူး=ရူးတာ ဟဲဟဲ
Post a Comment