.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, December 17, 2007

Dream angel

မောင့်ဆေးကျောင်းသူ

ရင်ခုန်သံ မင်းနားကျပ်လေးနဲ့
နားထောင်ပါဦး...
ဆေးကျောင်းသား မောင့်ရဲ့အချစ်ရယ်
မောင့်လာကုပေး...
အမည်မဖော်နိုင် ရောဂါတစ်ခုလို
ကျပ်သိပ်ပြီးမွန်းနေ...
မင်းလေးအချစ် ဆေးသစ်လေးနဲ့
မောင့်လာကုပေး...

ဗာဒံပင်လေးအောက်တို့ ထိုင်စောင့်စား
ခွဲခန်းထဲကဓါးနဲ့ အသည်းကိုခွဲမလား
ဒီကမ္ဘာမှာမင်းကိုရဖို့ အစောင့်နိုင်ဆုံးတို့
ဆေးကျောင်းသား တို့ရဲ့ချစ်သူသိပါတယ်နော်

ရည်မှန်းချက်တွေ ပြည့်စုံပြီးရင်
ကျေးလက်နဲ့ တောရွာလေးမှာ
အချစ်ကသွားပြီး...
ပျော်ရွှင်စွာ ဆေးကုပေးပါ
တို့အမြင်ချင်ဆုံးပဲ...
မင်းလေးက ဆရာဝန်ဖြစ်ရင်
မုန်းမှာလားကွယ်...

အဆိုတော် ခင်မောင်ထူးရဲ့ သီချင်းလေးတစ်ပုဒ်ပါ။ တေးရေးကတော့ ကိုလေးလွင်ပါ။ ငယ်ငယ်တုန်းက ခင်မောင်ထူးရဲ့ ခေါင်းလေးလှုပ်ပြီး သီချင်းဆိုတဲ့ သူရဲ့ကိုယ်ပိုင်ဟန်ကို သတိရမိပါတယ်။ ငယ်ဘ၀မှာ အဲဒီသီချင်းလေးတွေ နားထောင်ရင်း စိတ်ကူးယဉ်မိခဲ့တာပေါ့လေ။ ကျွန်တော်က ငယ်ငယ်ကတည်းက ဆရာဝန်လုပ်ဖို့ စိတ်မပါခဲ့ဘူး။ ဆေးကျောင်းသားတွေရဲ့ စာပိရတဲ့ဒဏ်ကို မခံစားချင် မလိုချင်သလို မေ့တတ်တဲ့အကျင့်ကြောင့် ဆေးမှားပေးပြီး လူသတ်မိမှာလည်း ကြောက်မိပါတယ်။ လူနာတွေကို ဆေးကုဖို့ စိတ်မ၀င်စားတာကလွဲလို့ ကျန်းမာရေး အသိပညာတွေကိုတော့ လိုချင်မက်မောမိခဲ့တယ်။ အဲဒီတော့ ကိုယ်တိုင် ဆရာဝန် မဖြစ်ရလည်း အနည်းဆုံး ဆရာဝန်မ ခင်ပွန်းတော့ ဖြစ်နိုင်ပါတယ်ပေါ့။ ဆယ်တန်းအောင်လို့ တက္ကသိုလ်တွေ တက်ရရင် မောင့်ဆေးကျောင်းသူလေး တစ်ယောက်တော့ရအောင် ဆေးကျောင်းမှာ ဆေးကျောင်းသူ တစ်ယောက်ကို ပိုးပန်းမယ်ဆိုပြီး လေထဲမှာ တိုက်အိမ်ဆောက်ထား စိတ်ကူးနဲ့ ရူးခဲ့တာပေါ့ဗျာ။

တကယ်တမ်း ကျောင်းတွေ ဖွင့်တော့ ကျွန်တော်တို့ နည်းပညာတက္ကသိုလ်တွေက ရန်ကုန်မြို့ပြင်မှာ.. ကျွန်တော်တို့ တက်ခဲ့ရတဲ့ကျောင်းက လှိုင်သာယာ ထိန်ပင်သုသာန် မျက်စောင်ထိုးမှာ။ ဆေးကျောင်းက မြို့လည်မှာဆိုတော့ စိတ်ကြီးကိုမှ ညစ်ရပါတော့တယ်။ ဆေးကျောင်းသူကို ပိုးပန်းဖို့ မပြောနဲ့ ကိုယ့်ကျောင်းကို နေ့စဉ်ရောက်ဖို့ကို မနည်းကြိုးစားယူရတယ်။ အင်း... သောင်းပြောင်းထွေလာ ဆိုတာ အဲဒီတော့မှ သိရတော့တယ်။ ကျောင်းတွေကို မြို့ပြင်အထိ သောင်းသောင်း ပြောင်းပေးလိုက်လို့ မနက် မနက်... ကျောင်းဖယ်ရီအမှီ စောစောစီးစီး အိပ်ရာထရတာ အပြင် အဝေးကြီးသွားရတော့ ကျောင်းလဲရောက်ရော လူက အတော်လေးကို ထွေနေပြီ။ မောင့်ဆေးကျောင်းသူက အသည်းကို ဓါးနဲ့ခွဲဖို့ အခွင့်အရေးကို... မှားပါတယ် ကိုသောင်းကြီးက မညှာမတာ မစာမနာ လုယူသွားတယ်လေ။ ချိုမြိန်တဲ့ ရင်ခုန်သံတွေကို နည်းပညာတက္ကသိုလ် ကျောင်းဝင်းကြီးထဲမှာ လှိုင်သာယာလယ်ကွင်းတွေကို ဖြတ်ပြီး တရကြမ်း တိုက်လာတဲ့ လေနီကြမ်းတွေက ဖုံးအုပ်သွားတော့ပါတယ်ဗျာ။

အဲဒါနဲ့ ကျွန်တော့်ရဲ့ မောင့်ဆေးကျောင်းသူလေးလည်း မျှော်တော်ရောင်ဘ၀နဲ့ပဲ...

11 comments:

Nwai Hninn said...

မြို့ပြင်ရောက်သွားတဲ့ထဲ ကွန်ပျူတာက အဝေးဆုံးထင်တာပဲ.. သြော်.. မေ့ဆေးကျောင်းသားလေးရေ..လို့ ပြောင်းညည်းရမလားဟင်.. ဟိ

ko thaw said...

အားမလျှော့ နဲ့ ဇူလိုင်ရေ
မောင့်ဆေးကျောင်းသူတွေ
စိတ်ကူးမဟုတ် လက်တွေ့ဘ၀မှာ
ဖြစ်နိုင်သေးတယ်တယ်နော်
ဟဟ …သိတယ်နော်…
စိတ်မဆိုးကြေး………….
ဒို့လည်း ခင်မောင်ထူးသီချင်းတွေကြိုက်တယ်ကွ…….
ဇူလိုင်ရေးတာဖတ်ပြီး အဲဒီသီချင်းဆိုတဲ့
ခင်မောင်ထူး မျက်နှာပြေးမြင်ယောင်မိတယ် တကယ်………

ထွန်း said...

ဆရာတွေရဲ့ အလှူမှာ ပုဂံဆေးပေးခဲ့ရတဲ့ မောင့်ဆေးကျောင်းသူတွေ အကြောင်း သတိရလိုက်တာ

Red's Rose Dream said...

ပြောမလို့စဉ်းစားနေတာ
ဘာမှမပြောတော့ပါဘူးလေ။
အင်း...
.........
မပြောတော့ပါဘူးလေ။

မေပျို said...

အခု ဦးဇူလိုင်အသက်က အတန်ငယ်ဟိုင်းနေပြီဆိုတော့ ဆေးကျောင်းသူလေးကိုတော့ မရနိုင်တော့ဘူး ထင်တယ်။ ရချင်းရတော့ ဒေါက်တာအပျိုကြီးမမတွေပဲ ရတော့မှာ။

JulyDream said...

အဲဒါပဲ... ခုတ်ရာတခြား ရှရာတခြား ဆိုတာလေ...
သေချာဖတ်ကြည့် ဘာကို ပြောချင်လဲ ဆိုတာ သိလာလိမ့်မယ်။ အခုပို့စ်ကို အပေါ်ယံလေး ဖတ်မိရင်တော့ ဘလော့ထဲက ဆေးကျောင်းသူ တွေတော့ ကျွန်တော်ကို ၀ိုင်းသတ်တော့မှာပဲဗျ။

သဇင်ဏီ said...

အော်..သိပါဘူး..စဖတ်ဖတ်ချင်း..ကဗျာရေးထားတာလားလို့
ကိုဂျူလိုင်ကြီးအချစ်တွေ့ပီ ထင်သွားတာ..ပြီးတော့မှ ခင်မောင်ထူးသီချင်းမှန်းသိတော့ အော်ဖြစ်သွားတယ်.. ဟဲ..ဟဲ

su wai said...

ကိုဇူလိုင်ကြီး တက္ကသိုလ်မတက်ခင် ထားခဲ့တဲ့ ရည်မှန်းက တော်တော်ကြီးတယ်နော်... ဆရာဝန်မခင်ပွန်းဖြစ်ရေး ဒို့အရေးပေါ့ ဟုတ်လား...။ ဆုဝေကိုယ်တိုင်လဲ လယ်ကွင်းတွေ ပတ်လည်ဝိုင်းနေတဲ့ သာဓုကန်နားက ကျေးလက်ကွန်ပျူတာ တက္ကသိုလ်ကြီးကနေ ကျောင်းပြီးခဲ့တဲ့သူဆိုတော့ ကိုဇူလိုင်ဘာပြောချင်လဲဆိုတာ သိပါတယ်နော်...။ ကျောင်းကပြန်လာရင် ဘုရားစူး တက္ကသိုလ်ကျောင်းသူပါလို့ ပြောရမယ်။ ကျောင်းတက်တဲ့တလျှောက်လုံး နေဒဏ်လေဒဏ် ခံရလို့ ညိုနေတဲ့အသားက ကောက်စိုက်သမ ကျနေတာပဲ။ သောင်းပြောင်းထွေလာ ဒုက္ခတွေကို တော်တော် ခံလိုက်ရတယ်။

Red's Rose Dream said...

ဆုဝေပြောတာကို သဘောကျလို့ ထပ်ရေးသွားပါတယ်။
ဘာတဲ့ လူကြီးတွေက နှိုင်းလည်း နှိုင်းတက်ပါတယ်။
နင်တို့ တက္ကသိုလ်တက်တာကလည်း ကျောင်းကပြန်လာရင် စစ်ပန်းလာသလိုဘဲတဲ့။ ပန်ရံတွေတောင် အိပ်အပြန် နှတ်ခမ်းနီနဲ့ သနပ်ခါးနဲ့ တဲ့လေ။ ဟားဟား

Anonymous said...

ဇူလိုင်ထဲကအကိုကြီးရေ သောင်းပြောင်းထွေလာ ကယ်လို့ ကံကောင်းတယ်မှတ်ပါတယ်။ တော်တော်ကြာ မြို့မှာ နေလည်း မစွံဖြစ်နေရင် ဒွတ်ခ ။ ဒွတ်ခ ..။

Unknown said...

မျှော်တော်ယောင်ပါပဲ
အခုထိပါပဲလေ