.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, December 21, 2007

The open mind

ပွင့်လင်းမှု... မြန်မာစာလုံးလေး ၃ လုံးထဲပါ။
ဒါပေမယ့် ဘ၀မှာ အတော်လေးကို ခရီးရောက်တဲ့ စကားလုံးလေးပါ။

လျှို့ဝှက်အပ်တဲ့အရာကို လျှို့ဝှက်ထားမှ ကောင်းတယ်လို့ ဆိုထားတာလည်း ရှိပါတယ်။ အဲဒါလည်း မှန်ပါတယ်။ ဒါပေမယ့် ဘယ်အရာကို ဘယ်လောက် အတိုင်းအတာအထိ လျှို့ဝှက်ထားမယ် ဆိုတာကို ထည့်သွင်း စဉ်းစားသင့်ပါတယ်။ လျှို့ဝှက်ချက်တွေ များလာရင် စိတ်ဖိစီးမှုတွေ များလာပြီး ဦးနှောက်ပွင့်ထွက် သွားနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်ကြီး ပွင့်ထွက်မသွားခင် လိုအပ်တဲ့အချိန်မှာ လိုအပ်သလို ပွင့်လင်းမှုလေး ရှိသင့်ပါတယ်။ အသာအယာလေး ရင်ဖွင့်သင့်ပါတယ်။

ပွင့်လင်းမှုအပေါ်မှာ အိမ်ထောင်သည်အစ်မ တစ်ယောက်က ကျွန်တော်ကို ဒီလို ပြောပြဖူးတယ်။
''ကိုယ့်ဘက်တောင် မပွင့်လင်းတာရှိတယ် လင်မယား ဆိုပြီး ကကြီး ကနေ အ အထိ ပွင့်လင်းလို့တော့ မရဘူး။ အဓိက ကတော့ မလိမ်ရင် တော်ပြီလို့ ခံယူထားတာဘဲ။''

နောက်ထပ် အိမ်ထောင်သည် အစ်မတစ်ယောက်က ပွင့်လင်းမှုအပေါ် ဒီလို မြင်ပါတယ်။
''ပွင့်လင်းဖို့ထက် ရိုးသားဖို့က ပိုအရေးကြီးပါတယ်။ သူ ကိုယ့်ကို မပြောဖြစ်ပေမယ့် မရိုးမသား ကွယ်ဝှက်ထားတာ မဟုတ်ဘူးဆိုရင် အေးအေးဆေးဆေး လက်ခံရလိမ့်မယ်။ ကိုယ်ကလည်းပဲ သူ့ကို အကုန်အစင် မပြောဖြစ်ရင်လည်း သူဘာမှ လာမဖြစ်နဲ့။ ကိုယ့်သဘောကတော့ အတွင်းစိတ်ရော အပြင်သဘောပါ ရိုးသားဖြူစင်ရင် သစ္စာရှိရင် ဘာကိုမဆို ကြည်ဖြူခွင့်လွှတ်မယ်။''

ကျွန်တော်ဆိုလိုတဲ့ ပွင့်လင်းမှုဆိုတာကလည်း အဲဒီအစ်မပြောသလို... "က"ကနေ "အ"အထိ အကုန်လုံး ပြောပြနေဖို့ကို မဆိုလိုပါဘူး။ ဒါပေမယ့် တစ်ဦးနဲ့တစ်ဦး စိတ်အခန့်မသင့် ဖြစ်တဲ့အခါမျိုးတွေ၊ တစ်ဦးရဲ့ အမူအရာ၊ အပြောအဆို၊ အနေအထိုင် စတဲ့ တစ်ခုခုကို ကျန်တစ်ဦးက သဘောမတွေ့ ဖြစ်တဲ့အခါမျိုး စတဲ့ အခြေအနေလေးတွေမှာ ပွင့်လင်းစေချင်ပါတယ်။

အဲဒီလိုအခြေအနေမျိုးမှာ ပွင့်လင်းမှုမရှိပဲ မြုံနေမယ်ဆိုရင် အစိုင်အခဲဖြစ်လာနိုင်ပါတယ်။ အဲဒီအစိုင်အခဲ တဖြည်းဖြည်း ကြီးလာတဲ့ တစ်နေ့မှာ ပေါက်ကွဲလာမယ့် ပြင်းအားက မနည်းလောက်ဘူးလေ။ တကယ်လို့ ပွင့်ပွင့်လင်းလင်းနဲ့သာ ညှိနှိုင်းလိုက်ရင် အဲဒီကိစ္စဟာ တစ်ခါတည်း ပြီးသွားနိုင်ပြီး နောင်လည်း ဖြစ်ဖို့ ခဲယဉ်းသွားနိုင်မယ်လို့ မြင်မိပါတယ်။

ပြီးတော့ တစ်ခါတရံမှာ ကိုယ့်ဖက်ကပဲ တစ်ဖက်သက်မြင်ပြီး ထင်နေတတ်တဲ့ အဖြစ်မျိုးတွေလည်း ရှိနေတတ်တယ် မဟုတ်လား။ ပြုလုပ်မိသူ အနေနဲ့ကတော့ တစ်ချို့အပြုအမူလေးတွေဟာ အမှုမဲ့အမှတ်မဲ့ ဆိုပေမယ့် ကျန်တစ်ဦးအတွက် သဘောမတွေ့စရာ ဖြစ်နေတယ်ဆိုရင်လည်း ပွင့်လင်းမှုကနေ တဆင့် ဆင်ခြင်စရာလေးတွေ ဆင်ခြင်သွားလို့လည်း ရနိုင်မယ်လေ။

နောက်တစ်ခုက အားလုံးပြောနေကြသလို အရာရာကို ပွင့်လင်းနေဖို့လည်း မလိုပါဘူး။ ဒါပေမယ့် ဘယ်လောက်ပဲ ရိုးသားသူ ဖြစ်နေပါစေ ကြာလာတဲ့အခါမှာ တစ်ဖက်မှာ သံသယဆိုတာ အချိန်မရွေး ၀င်လာနိုင်ပါတယ်။ ပြောသင့် ပြောထိုက် ပွင့်လင်းသင့် ပွင့်လင်းထိုက်တာတွေကို မပွင့်လင်းမိခဲ့ရင်တော့ ဘယ်လောက် ရိုးသားနေပါစေ သံသယတော့ အ၀င်ခံရမှာပါပဲ။ သံယသတစ်ခု ၀င်လာပြီဆိုတာနဲ့ အနည်းနဲ့ အများတော့ ပူလောင်ကြရမှာပါလေ။

အဲဒီလိုပါပဲ သမီးရည်းစား ဘ၀မှာလည်း ပွင့်လင်းမှုရှိသင့်ပါတယ်။ အဲဒီ သမီးရည်စားဘ၀ ပွင့်လင်းမှုအပေါ်ကို ညီမငယ်တစ်ယောက်က ဒီလို ပြောပြဖူးပါတယ်။ စဉ်းစားစရာလေးပါပဲ။ "သမီးရည်းစား ဘ၀မှာတော့ ပွင့်လင်းမှု မရှိရင် အတော်ဆိုးတယ်။ အပွင့်လင်း လွန်းအားကြီးရင်လဲ မဖြစ်ပြန်ဘူး။ ဘယ်နေရာ မဆို အလယ်အလတ်ပဲ ကောင်းမယ် ထင်တာပဲ။ တချို့ကိစ္စတွေမှာ ပြောသင့်တာ အသိပေးသင့်တာ ရှိသလို ၊ တချို့ကိစ္စတွေ ကျတော့လဲ ပါးစပ်ပိတ်ပြီး တိုးတိုးတိတ်တိတ် လုပ်ရတာလေးတွေ ရှိတတ်ပါတယ်။ ကိုယ် အားငယ်နေတာမျိုး ရှိခဲ့ရင်တော့ သူ့ကို ပွင့်ပွင့်လင်းလင်း ကိုယ့်အခက်အခဲကို ဖွင့်ပြောသင့်သလို၊ သူ့ဘက်က အားငယ်နေတာမျိုး အဆင်မပြေမှုမျိုး ရှိခဲ့ရင်လည်း ကိုယ့်ကို ဖွင့်ပြောသင့်တယ် ထင်ပါတယ်။ တစ်ချိန်လုံး မျက်နှာလိုက်ကြည့်ပြီး စာဖတ် သူ့အကြိုက် လိုက်ရအောင်က တခါတရံ အဖတ်လွဲ သွားတတ်တာမျိုး ရှိနိုင်ပါတယ်။"

ကဲ...
ဒါကြောင့် တိုတောင်းလှတဲ့ လူဘ၀လေးမှာ သံသယတွေနဲ့ ပူလောင်နေမယ့်အစား ပွင့်လင်းသင့်သလောက် ပွင့်လင်းကြပြီး အေးချမ်းသာယာကြပါစေဗျာ။

Credit: Mr. Young (Native Myanmar)

4 comments:

RED said...

အိုးပန်းမိုင်းကိုဖတ်ရတာ အတော်အဆင်ပြေပါတယ်။
မှတ်စရာရှိတာတွေလည်း မှတ်သွားပါတယ်။ အရေးကြုံရင် သုံးရအောင်လို့။ ကိုဇူလိုင်ရေ ပျော်စရာခရစ်စမတ် ဖြစ်ပါစေနော်။

ko thaw said...

အိမ်ထောင်တစ်ခုမှာ ပွင့်လင်းမှု လိုအပ်သလို အရေးကြီးဆုံး
လိုအပ်ချက်ကတော့ နားလည်မှုနဲ့ စိတ်ခံစားချက် ခြင်း ထပ်တူ ကျဖို့လို့ ယူဆမိတယ်
အတူနေပြီး ခံယူချက်ခြင်း မတူ တန်ဖိုးထားတာခြင်း မတူတဲ့အခါမျိုး ကျတော့
နီးရက်နဲ့ ဝေးတဲ့အဖြစ် ကိုရင်ဆိုင်ရနိုင်တယ်လေ ။

Eduking said...

အင်း.. ကိုယ့်အခက်အခဲတွေချည်း ပြောပြနေရင်လည်း၊ ကိုယ်က ၀န်ထုပ်ဝန်ပိုးလို ဖြစ်လာမယ်..
ဖယောင်းတိုင်တစ်တိုင်ကနေ အခြားတစ်တိုင်ကို မီးစ ကူးသွားတယ်၊ ဒါပေမယ့် အပူအားနည်းသွားတယ်မှ မရှိတာ...

အလယ်အလတ်လမ်းပါပဲ...

မင်္ဂလာပါ.. ဘရားသားရေ။

thamudayanwe said...

ကျေးဇူးပါ..ကျနော်လဲ လက်ခံပါတယ်..
တချို့တွေ သေချာမဆွေးနွေးပဲ အထင်နဲ့ ဖြစ်မှာပါဆိုတဲ့ စကားလုံးတွေအောက်မှာ ကြေကွဲဖွယ်ဇာတ်လမ်းတွေ အများကြီးပါ..
ပွင့်လင်းလိုက်ခြင်းဖြင့် သံသယလဲကင်းတယ်
မကြိုက်တာကို အချင်းချင်းဖွင့်ပြော တော့ နောင် ဆင်ခြင်လိုက်နိုင်တာပေါ့ ကျနော့်အထင် ပြောရရင်ဖြင့် ပွင့်လင်းမှုဟာ..အိမ်ထောင်သည်ဘ၀မှာ အင်မတန် အရေးပါ ပါတယ်.. အိမ်ထောင်မပြုခင် သမီးရီးစား ဘ၀မှာလဲ အဲဒီကိစ္စဟာ အင်မတန်အရေးကြီးပါတယ်..
ကျေးဇူးတင်ပါတယ် နော်..