.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, December 23, 2007

A great joy

If you make the world
just a little better,
you also will have a great joy.

ကမ္ဘာလောကကြီးကို ပိုကောင်းအောင် လုပ်ပေးလျှင် သင်လည်း ကြီးမားသော ပျော်ရွှင်မှုကို ရလိမ့်မည်တဲ့.... ဟုတ်ပါတယ် နော်...

လူဆိုတာ အခြားသူတွေကို ပျော်ရွှင်စေခြင်းဖြင့် မိမိအတွက် ပျော်ရွှင်မှုကို ခံစားရရှိနိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ သူတစ်ပါးအရေးကို စေတနာ သန့်သန့်လေးနဲ့ ကူညီပေးပြီးတဲ့အခါမှာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးမှာလည်း ငြိမ်းချမ်းမှုတွေ ၀မ်းမြောက် ကြည်နူးမှုတွေ အလိုအလျောက် ရရှိကြပါတယ်။ ငြိမ်းချမ်းမှုတွေ ကြည်နူးမှုတွေ ဆိုတာ လူသားတွေအတွက် အမြင့်မားဆုံးသော ခံစားချက် ဆုလာဘ်လေးပဲလေ။

"အများကောင်းကျိုး သယ်ပိုးမည့်သူမှာ ကိုယ့်ကောင်းကျိုးပါ သေချာပြီး ဖြစ်ပါတယ်" တရုတ်အတွေးအခေါ် ပညာရှင်ကြီး ကွန်ဖြူးရှပ်ကလည်း အဲဒီလို ပြောခဲ့ပါသေးတယ်။ သူ ဆိုလိုတာက အများအကျိုးဆောင် ကိုယ်ကျိုးအောင် ဆိုတာနဲ့ အတူတူပါပဲ။ တချို့တလေက အများအကျိုးဆောင် ကိုယ်ကျိုးပြောင်လို့ နောက်ပြောင်ကျီစယ်တတ်ကြပါတယ်။ အမြီးကျန် အမြီးစား... ခေါင်းကျန် ခေါင်းစား... နိုင်ရာစား လောကကြီးမှာ ရုတ်တရက်ကြည့်ရင်တော့ အများအကျိုးဆောင်ရင် ကိုယ်ကျိုးပြောင်တာ တကယ်ပါပဲ။ ဒါပေမယ့် သူတစ်ပါးအရေးကို ကိုယ်အရေးလို သဘောထား ကူညီရင်း ကိုယ့်ဘေးပတ်လည်မှာလည်း တပျော်တပါး ၀ိုင်းဝန်းကူညီမယ့် မိတ်ဆွေသူငယ်ချင်းတွေ ၀န်းရံလာမှာပါ။

တကယ်တော့ လောကမှာ တကယ်စစ်မှန်တဲ့ အောင်မြင်မှုဆိုတာ သူတစ်ပါးကို တက်နင်းနိုင်ခြင်းမျိုး မဟုတ်ပါဘူး။ တစ်ပါးသူကို အနိုင်ရလိုက်တိုင်း အောင်မြင်တာ မဟုတ်ပါဘူး။ ကိုယ်ရဲ့ သန်စွမ်းတဲ့ လက်တွေကို ဆန့်တန်းပြီး အလှမ်းမမှီသူ၊ လိုအပ်နေတဲ့သူကို ဆွဲယူခေါ်တင်ပေးနိုင်ခြင်းမျိုးသာ တကယ်စစ်မှန်တဲ့ အောင်မြင်မှု ဖြစ်ပါတယ်။

လောကမှာ ကိုယ့်တစ်ကိုယ်တည်းအတွက် အသက်ရှင်နေတဲ့သူတွေဟာ ရှုံးနိမ့်သူတွေပါပဲ။ ဓနစည်းစိမ်တွေ၊ ရာထူးတွေ၊ အာဏာတွေ ဘယ်လောက်ပဲ မြင့်မြင့်မားမား ရနေခဲ့ပါစေဦးတော့ သူဟာ တကယ့်ကို ရှုံးနိမ့်သူတစ်ဦးပါပဲ။ သူတစ်ပါးအတွက် အသက်ရှင်နေတဲ့သူမျိုးတွေမှ စစ်မှန်တဲ့ အောင်မြင်မှုကို ရရှိမယ့်သူ ဖြစ်ပါတယ်။ ကိုယ်ရဲ့ ဓနစည်းစိမ်၊ သြဇာရှိန်ဝါတွေကို လောက ကောင်းကျိုးအတွက် အသုံးချနေတဲ့ ကြွယ်ဝသူတွေ... ဓနစည်းစိမ်နဲ့ သြဇာရှိန်ဝါ မကြွယ်ဝပေမယ့်လည်း ကိုယ့်အစွမ်းနဲ့ စေတနာကို သူတစ်ပါးကို ပေးကမ်းနိုင်တဲ့ သူဆင်းရဲတွေဟာ လောကမှာ တကယ်စစ်မှန်တဲ့ အောင်မြင်သူတွေပါ။ တကယ့် ဟီးရိုးတွေပါ။

အဲဒါကြောင့် မိမိအတွက်ချည်း အရေးကြီးမနေ၊ မိမိကိစ္စချည်း တွေးပူမနေပဲ တခါတရံ သူတစ်ပါးရဲ့ အရေးကိစ္စနဲ့ ကြုံကြိုက်တဲ့အခါမှာ ကူညီဆောင်ရွက်ပေးတတ်တဲ့ အကျင့်ကလေး မွေးမြူကြပါ။ တစ်ကိုယ်ရေ သောကလှောင်အိမ်ထဲမှာ ကိုယ့်ကိုကိုယ် အကျဉ်းမချထားစေလိုပါ။ လူတစ်ဖက်သားကို ကူညီလိုက်ခြင်းဖြင့် ပီတီကို ခံစားရရှိနိုင်သလို ကိုယ်ရဲ့ သောကလှောင်အိမ်ထဲကလည်း အခိုက်အတန့် လွတ်မြောက် သွားနိုင်ပါတယ်ခင်ဗျာ။

1 comment:

ko thaw said...

ကိုယ်ကတော့ ငွေတွေဂုဏ်တွေထက် လူတွေရဲ့ ကိုယ်ကျိုးစွန့်တဲ့ စိတ်
ချို့တဲ့သူတွေ ကို ကိုယ်နိုင်တဲ့ဘက်က ကူညီတတ်တဲ့စိတ်
အဲဒါမျိုး တွေကိုပဲ ပို အလေးထားမိတယ်
ဇူလိုင်ပြောသလိုပဲ အဲဒီလို ကူညီလိုက်ရတာ
ကိုယ့်သောကတွေမေ့ပြီး အရမ်းကြည်နူးစရာကောင်းပါတယ်။