ဆားချက်တယ် ဆားချက်တယ်... ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် နောက်ပြောင်ကျီစယ်တာတွေကို ဘလော့လောကမှာ တွေ့ရပါတယ်။ အကြံကုန် ဂဠုန်ဆားချက်ဆိုတာနဲ့ ခိုင်းနှို်င်းပြောဆိုတာမျိုးပေါ့။ ရေးစရာ ဘာမှမရှိတော့လို့ အကြံထုတ်လို့မရတော့လို့ သူများရေးထားတာတွေကို ယူသုံးတာမျိုးကို ဆားချက်တယ်လို့ သုံးနှုန်းကျတယ်လို့ ထင်ပါတယ်။
အကြံကုန် ဂဠုန်ဆားချက် ဇာတ်လမ်းကတော့ သိပြီးသား ဖြစ်ကြမှာပါ။ မသိသေးရင်လည်း အကျဉ်းချုပ် ရေးပြပါမယ်။ တခါတုန်းက ဂဠုန်တစ်ကောင်က နဂါးတစ်ကောင်ကို တွေ့လို့ အစာရပြီဆိုပြီး လိုက်ပါတော့တယ်။ နဂါးလည်း ဂဠုန်ကို မြင်တော့ တချိုးတည်း ပြေးတော့တာပေါ့။ အဲဒီအချိန်မှာ ကုန်သည်တစ်စုကို တွေ့လိုက်ရတဲ့ နဂါးက လူယောင်ဖန်ဆင်းပြီး အဲဒီကုန်သည်တွေကြားမှာ ရောယောင်လိုက်ပါပြီး ကိုယ်ယောင်ဖျောက်ပါလေရော။ နဂါး ကိုယ်ယောင် ဖျောက်သွားတာကို သိလိုက်တဲ့ ဂဠုန်ကလည်း လူယောင်ဖန်ဆင်းပြီး ကုန်သည်တွေနောက်ကို လိုက်ပါတော့တယ်။ အဲဒီလိုနဲ့ ကုန်သည်တွေက ပင်လယ်ကမ်းစပ်နား ရောက်လာပါလေရော။ နဂါးလည်း ချက်ချင်း ပင်လယ်ထဲကို ဒိုင်ဗင်ထိုး ပြေးပါလေရော။ ဂဠုန်အနေနဲ့ မြင်လိုက်ပေါ့မယ့် အချိန်မမှီလိုက်ဘူးပေါ့။ အဲဒါနဲ့ နဂါးပြန်လာ မလားဆိုပြီး စောင့်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအတိုင်း စောင့်လို့ကလည်း မဖြစ်တော့ ဆားချက်သမား အသွင်ဖန်ဆင်းပြီး စောင့်နေတော့တာပေါ့။ အချိန်တွေသာ တဖြည်းဖြည်းကုန်သွားတယ် ကိုရွှေနဂါးက ပြန်မပေါ်မလာပါဘူး။ အဲဒီလိုနဲ့ ဂဠုန်လည်း အသက်သာကြီးပြီး သေသွားရရှာတယ် နဂါးကိုတော့ ထပ်မတွေ့လိုက်ရဘူး။ ဇာတ်လမ်းလေးက အဲဒါလေးပါပဲ ခင်ဗျာ။
ကျွန်တော့်ဘလော့မှာလည်း ဆားချက်တာတွေ တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ရည်ရွယ်ချက်တွေက မတူနိုင်ပါဘူး။ တကယ်တော့ ကျွန်တော့်က ဖိုရမ်မာပါ။ ပုဂံဖိုရမ်ကတည်းက ဖိုရမ်ရေးနေတဲ့ မန်ဘာတစ်ဦးပါ။ ၂၀၀၃ ကတည်းက ဖိုရမ်ရေးနေတာ အခုဆို ဖိုရမ်သက်တမ်း ၄ နှစ် ရှိပါပြီ။ နောက်ပိုင်း ပုဂံဖိုရမ် ပျက်သုဉ်းသွားတော့ နေးတစ်မြန်မာ ဖိုရမ်မှာ ရေးပါတယ်။ အခုချိန်အထိ နေးတစ်မြန်မာမှာ ရေးလေ့ရှိပါတယ်။ ကျွန်တော် ဘလော့ရေးတာ သိပ်မကြာသေးပါဘူး။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ၂၀၀၇ ဇူလိုင် ၇ မှာ ခုနစ်သုံးလုံးဆုံတဲ့ အထိမ်းအမှတ်တစ်ခုအနေနဲ့ ဒီဇူလိုင်အိမ်မက် ဘလော့လေးကို ဖန်တီးမွေးဖွားခဲ့တာပါ။ ဘလော့သက်တမ်း အလွန်နုပါသေးတယ်။
အဲဒီလို ဖိုရမ်မှာ ရေးထားတာတွေထဲက ဘလော့ဖတ်တဲ့သူတွေပါ ဖတ်စေချင်တာတွေကို ကျွန်တော့်ဘလော့မှာ ကူးယူဖော်ပြလေ့ရှိပါတယ်။ အဲဒါ ဆားချက်တယ်လို့ ပြောနိုင်ပေမယ့် တကယ့်စေတနာက အားလုံးကို ဝေမျှပေးချင်တာပါပဲ။ တကယ်တော့ ဘလော့ဖတ်သူတိုင်း ဖိုရမ်ဖတ်တာ မဟုတ်ဘူးလေ။ ကျွန်တော့်ဘလော့က ပါစင်နယ် ခံစားချက်တွေ ရေးသားတာထက်စာရင် အများသိသင့်တဲ့အချက်တွေကို ရေးလေ့တင်လေ့ရှိတာကို သတိထားမိကြမှာပါ။ ကျွန်တော့် ဘလော့ကနေ ပြန်သွားရတဲ့လူတွေအဖို့ တစုံတရာသော အတိုင်းအတာအထိ အကျိုးရှိသွားစေချင်တယ်လေ။ အဲဒါကြောင့် ကျွန်တော်ဇူလိုင် ဆားချက်ခြင်းက ဘလော့ကို လာရောက် လည်ပတ်သူတွေအတွက် အကျိုးမမဲ့နိုင်ပါဘူး ဗဟုသုတ တိုးပွါးစေပါတယ်လို့ မြင်မိပါတယ်ခင်ဗျာ။ ကဲ... ပျော်ပျော်ပါးပါး ဆားချက်ကြပါစို့...

2 comments:
ဆားများများချက်တော့မယ်ပေါ့။ ဟဟ
များများချက်ပါ ဒါပေမယ့် ဆားလိုရင်တော့ နဲနဲချေးနော်။
ဆားရေ ဆားလို့ အော်ခေါ်လိုက်မယ်။
ဇူလိုင်
ဆားချက်တယ်လို့လဲ ဘယ်ဟုတ်ပါ့မလဲကွယ်
တနည်းပြောရရင်တော့ ဝေငှတယ်ပေါ့
မဟုတ်ဘူးလား ကိုယ်သိတာ ကိုယ်ဖတ်ဘူးတာ ကိုယ်နှစ်သက်တာတွေကို
တခြားလူတွေကိုလည်း ဖတ်စေချင်တယ် သိစေချင်တယ် ဆိုတဲ့ စေတနာနဲ့
ပို့စ် တင်ကြတယ်လို့ ယူဆလို့ ဆားချက်တယ်လို့ မပြောရက်ပါဘူးကွယ် ။
Post a Comment