.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, December 6, 2007

Dear Yesterday - 3

မနေ့က မိုးလင်း အိပ်ရာထတော့ အတော်လေး နောက်ကျနေပြီ။ အဲဒါနဲ့ အမြန်ရေမိုးချိုး အ၀တ်စားလဲပြီး ဘူတာကို ပြေးရတော့တာပေါ့။ ရုံးနောက်ကျမယ်ဆိုတာ သေချာနေသလောက် ဖြစ်နေတော့လည်း စိတ်ကတော့ အေးဆေးပါပဲ။ ရထားကတော့ ရုံးချိန်လွတ်နေလို့ ချောင်ချိနေတာပဲ။ ထိုင်စရာ နေရာတွေ ဘာတွေရလို့ပေါ့။ အဲဒါကြောင့် ရုံးကို ၁၀ နာရီကျော်မှာ လာတဲ့ဝန်ထမ်းတွေ ရှိတာ ရထားချောင်လို့ ထင်တယ်ဆိုပြီး မဆီမဆိုင် တွေးမိသေးလေရဲ့။

ရုံးရောက်တော့ လုပ်စရာရှိတာတွေ လုပ်ပေါ့။ ၁ နာရီလောက် ကြာတော့ ဗိုက်ဆာတာနဲ့ ကော်ဖီဖျော်ပြီး မုန့်စားဖို့ လုပ်လိုက်တယ်။ ကော်ဖီသောက်ရင်း မစစ်တာ ကြာပြီဖြစ်တဲ့ အခြားအီးမေးလ်တွေ ဘာတွေ စစ်ကြည့်တော့ စကာင်္ပူကြက်ခြေနီက သင်တန်းတက်ဖို့ ဖိတ်ထားတဲ့ စာဝင်နေတာကို တွေ့လိုက်ရတယ်။ စကာင်္ပူကြက်ခြေနီရဲ့ လုပ်ငန်းတွေမှာ ပါဝင်လှုပ်ရှားဖို့ လျှောက်ထားတာ ၁၀ လ ပိုင်းကတည်းကပါ။ ခေါ်နိုးခေါ်နိုးနဲ့ မျှော်လိုက်ရတာ ကြာလှပေါ့။ ကြားထဲမှာ ဖုန်းနဲ့တစ်ခါ အရင်က လုပ်ခဲ့ဖူးတဲ့ လူမှုရေးအကြောင်းတွေကို အင်တာဗျူး လုပ်လိုက်သေးတယ်။ နောက်ဘာမှ သတင်းမကြားတာနဲ့ မခေါ်တော့ဘူးတောင် ထင်နေတယ်။ အီးမေးလ် စစ်လိုက်မှပဲ ဒီအပတ် စနေနေ့မှာ သင်တန်းတက်ဖို့ ခေါ်ထားမှန်း သိလိုက်ရတယ်။ သူတို့ အီးမေးလ် ပို့ထားတာ ၁၁ လအကုန်လောက် ကတည်းက ပို့ထားတာ။ အဲဒါနဲ့ ကြက်ခြေနီအဖြစ် လက်ခံတာကို ကျေးဇူးတင်ကြောင်း၊ သင်တန်းကို လာခဲ့မယ် ဆိုတဲ့အကြောင်း အီးမေးလ်ပြန်လိုက်တယ်။

သင်တန်းတက်ပြီးရင် Mobile Blood Drive လုပ်ငန်းတွေမှာ အချိန်ပေးနိုင်သလောက် တက်တက်ကြွကြွ လုပ်အားပေးလိုက်အုံးမယ်။ ပြီးရင်ဒီက ကြက်ခြေနီတွေ ဘယ်လိုဘယ်နည်းနဲ့ လုပ်ကြတယ်ဆိုတာ မှတ်ထားပြီး မြန်မာပြည်မှာ သုံးလို့ရမယ့်ဟာတွေကို ပြန်သုံးခိုင်းမယ်လို့ စိတ်ကူးမိတယ်။ မြန်မာပြည်မှာလို လက်ခုပ်တီးရမယ့် ယောင်ခြောက်ဆယ် ပွဲတွေတော့ မရှိလောက်ပါဘူး။ ဟိုဟာမလုပ်ရဘူး ဒီဟာမလုပ်ရဘူး... ကန့်သတ်ထားပြီး အကယ်လို့များ လုပ်ချင်ရင် အများကောင်းမှုဆိုပြီး သူကြီးအမည်တပ်မယ့် အလုပ်မျိုးတွေလည်း မရှိလောက်ပါဘူး ထင်ရတာပါပဲ။ ဘာပဲဖြစ်ဖြစ် ကြက်ခြေနီ အခြေခံမူ ၇-ချက်ထဲက Universalityဆိုတဲ့ ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့မှုဆိုတာမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ခွင့်ရတာကိုပဲ ဂုဏ်ယူမိပါတယ်။ တကယ်ကို ပျော်ပါတယ် ခင်ဗျာ။

နေ့လည်ကျတော့ အလုပ်က မန်နေဂျာကြီးက Notebook တစ်လုံး လာပေးတယ်။ အိမ်မှာ သုံးလို့ရအောင်တဲ့။ နောက်ပိုင်း ကာစတာမာတွေဆီ သွားရရင် ကွန်ပျူတာ ရှိသင့်တယ်ဆိုပြီး အခုဒီကွန်ပျူတာကို ခဏသုံးထားပါတဲ့။ နောက်မှ နောက်ထပ် အသစ်တစ်လုံးနဲ့ ပြန်လဲပေးမယ်ဆိုပြီး ပြောသွားလေရဲ့။ အဲဒါနဲ့ IBM Thinkpad တစ်လုံးကို မျောက်အုန်းသီး ရသလို ဟိုဟိုဒီဒီ ကလိနေလိုက်တယ်။ လိုအပ်တဲ့ ဆော့ဝဲလ်တွေ ထည့်၊ ဖိုင်တွေ ပြန်ကူးပေါ့ဗျာ။ အမှန်ကတော့ အိမ်မှာ အလုပ်ခိုင်း လိုက်တာပါပဲ။ သိတဲ့အတိုင်း ကျွန်တော်ဆိုတဲ့ကောင်က ရုံးဆင်းချိန် ၅ နာရီခွဲ ဒေါင်ခနဲ ဆိုတာနဲ့ ကွန်ပျူတာ ပိတ်ပြီး ဖယ်ရီရှိရာကို အရောက်သွားနေတာ ဆိုတော့ အိုတီ မလုပ်လို့ ကြည့်မရဘူး ဖြစ်နေတယ် ထင်ပဗျာ။ အဲဒါကြောင့် ရုံးဆင်းချိန်တွေ ရုံးပိတ်ရက်တွေမှာ အိမ်ကနေ အလုပ် လှမ်းလုပ်လို့ရအောင် ကွန်ပျူတာ ပေးလိုက်တာပါ။

အဲဒီလိုနဲ့ ရုံးဆင်းပါလေရော။ တနေခင်းလုံး ရွာနေတဲ့မိုးက ရုံးဆင်းချိန်ထိ မိုးက မစဲသေးပါဘူး။ ကွန်ပျူတာအိတ် အလေးကြီးကို လွယ်ထားရတဲ့နေ့မှာ မိုးကရွာတော့ သွားရတာ ကသီပါတယ်။ ဖြစ်ချင်တော့ ရုံးကားကလည်း မစောင့်ပဲ ထွက်သွားပါလေရော။ အဲဒါနဲ့ ကျန်ခဲ့တဲ့ သူတွေ ဘူတာရုံကို ချီတက်ရတာပေါ့။ ရုံးကားနဲ့ဆို အခန်သင့်လေး လိုက်သွားရုံပဲလေ။ အခုတော့ အိတ်ထမ်းထားရပြီး ရထားပေါ်မှာ လူကျပ်ညှပ်ပြီး မတ်တပ်ရပ် လိုက်လာရတာ အတော်လေးကို အီစလံဝေသွားတယ်ဗျာ။ အိမ်ရောက်တော့ အိမ်အလုပ်တွေလုပ်၊ ချက်ပြုတ်စားသောက်ပြီး ကွန်ပျူတာလေးဖွင့် အလုပ်လုပ်ပေါ့။ အရင်လို အေးဆေးနေလို့ ရမယ့်ဘ၀တွေ သိပ်မရှိတော့ဘူးဗျာ။ ညဉ့်နက်ပိုင်းအထိ အလုပ်တွေလုပ်... နောက် အနွေးထည်ဝတ်ပြီး အိပ်ရာဝင်လိုက်တယ်။ ညပိုင်းမှာလည်း မိုးတွေရွာနေတော့ ချမ်းစိမ့်စိမ့်နဲ့ အိပ်ရတာ အိပ်လို့ ကောင်းမှ ကောင်းဗျာ။ အိပ်မက်လှလှတောင် မက်လိုက်သေးတယ်။

1 comment:

နှင်းဆီနီနီ said...

ပီစီကလေးရင်
ရုံးစောင့် ကုလားမကြီးကို သယ်ခိုင်းပါလားဗျ။ ဟတ် ဟတ် ဟတ်။
ကြွားလိုက်တာလည်း စုံနေတာဘဲ။
ဟဲဟဲ
ဖတ်လို့ကောင်းပါတယ်ဗျ။ စိတ်ဆိုးပြီး ဆက်မရေးဘဲ မနေပါနဲ့။