နေ့လည်စာ စားပြီးတော့ နေ့လည်ပိုင်း သင်တန်းပြန်စပါတယ်။ ဒီတစ်ခါကျတော့ စေတနာသွေးလှူရှင်တွေ ရှိတဲ့အတွက်ကြောင့် လူနာအနေနဲ့ ဘာတွေ အကျိုးကျေးဇူးရလဲ... ရပ်ကွက်ကျေးရွာအနေနဲ့ ဘာတွေ အကျိုးကျေးဇူးရလဲ... ဆေးရုံတွေအနေနဲ့ ဘယ်လို အကျိုးကျေးဇူးရလဲ... သွေးလှူရှင်ကိုယ်တိုင်ရော ဘယ်လို အကျိုးကျေးဇူးရှိလဲ ဆိုတာကို အဖွဲ့ ၄ ဖွဲ့ကို ခေါင်းစဉ်တစ်ခုအနေနဲ့ ပေးပြီး စဉ်းစားဆွေးနွေး တင်ပြခိုင်းပါတယ်။ ကျွန်တော်တို့ အဖွဲ့ ၄ က ဆေးရုံအနေနဲ့ စဉ်းစားပေးရပါတယ်။ ဆေးရုံအနေနဲ့ သွေးပံ့ပိုးမှု ရနေတဲ့အခါ သွေးလိုအပ်တဲ့ ကုသမှုတွေအတွက် ဆရာဝန်တွေမှာ သွေးမရမှာကို စိုးရိမ်စရာ မရှိတော့ပါဘူး။ ဒါကြောင့် ကုသမှုကိုပဲ ပိုမိုအာရုံစိုက် အချိန်ပေးဖြစ်ပါတယ်။ အဲဒီလို ကုသမှုတွေကို အချိန်ပေးနိုင်လို့ ဆေးရုံရဲ့ အမည်ဂုဏ်သတင်း ကျော်ဇော်နိုင်ပါတယ်။ နောက်ပြီး စေတနာ သွေးလှူရှင်တွေက လှူဒါန်းတာဖြစ်လို့ သွေးသန့်ရနိုင်မှုကလည်း ပိုများပါတယ်။ လူနာမှ အရေးတကြီး သွေးလိုအပ်လို့ ဆေးရုံကို လာဘ်ထိုးရတာတွေ၊ သွေးဝယ်ရတာတွေလည်း မရှိနိုင်တော့ပါဘူး။ နောက်တစ်ချက်က အချိန်ကုန် သက်သာမှုပါပဲ။ လှူဒါန်းမှုကနေ ရထားတဲ့သွေးက ဆေးရုံမှာ ကြိုတင်ပြီး ရောဂါပိုးစစ်ဆေး ဓါတ်ခွဲပြီးသားဖြစ်တော့ လူနာလိုအပ်ချိန်မှာ အဆင်သင့်လေး သွင်းနိုင်ပါတယ်။ အဲဒါလေးတွေ စာရွက်ကြီးတွေပေါ်မှာ ရေးချထားပြီး တစ်ဖွဲ့ပြီး တစ်ဖွဲ့ အလှည့်ကျ တင်ပြပါတယ်။ လိုအပ်တာတွေ ကျန်ခဲ့တာတွေ ရှိတယ်လို့ ယူဆမိရင်လည်း တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ထောက်ပြဝေဖန်ကြပါတယ်။
နောက်တစ်ချိန်ကျတော့ သွေးလှူဒါန်းမှု လုပ်ငန်းအဆင့်ဆင့်ကို ရှင်းပြပါတယ်။ သွေးလှူတဲ့အခါ အရင်ဦးဆုံး ကြိုတင်မေးခွန်းလွှာကို ဖြေရပါတယ်။ အဲဒီမေးခွန်းလွှာမှာ သွေးလှူရှင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ နေထိုင်ပြုမူပုံတွေကို အမှားအမှန် မေးခွန်းပုံစံမျိုးနဲ့ မေးမြန်းထားပါတယ်။ အဲဒီဖောင်ဖြည့်ပြီးရင် ကောင်တာမှာ မှတ်ပုံတင်ရပါတယ်။ မှတ်ပုံတင်တဲ့အခါမှာ နိုင်ငံသားနဲ့ ပီအာဆိုရင် သူတို့ မှတ်ပုံတင်ကဒ်တွေကို ပြရပါတယ်။ နိုင်ငံခြားသားဆိုရင် လက်ရှိကိုင်ဆိုင်ထားတဲ့ နေထိုင်ခွင့်ကဒ် (အီးပီ၊ အက်စ်ပတ်စ်)နဲ့ ပတ်စ်ပို့စ်ပြရပါတယ်။ ပြီးရင်တော့ သွေးလှူရှင်ရဲ့ ကျန်းမာရေးကို သိရှိဖို့အတွက် ဆရာဝန်နဲ့ စစ်ဆေးမှု လုပ်ပေးပါတယ်။ သွေးပေါင်ချိန်တွေ၊ ကိုယ်အလေးချိန်တွေ စစ်ပါတယ်။ ဖြေထားတဲ့ မေးခွန်းလွှာထဲကနေ သိချင်တာလေးတွေကို မေးမြန်းပါတယ်။ ပြီးရင် သွေးထဲမှာပါတဲ့ ဟေမိုဂလိုဗင်ဓါတ် သတ်မှတ်ချက် ပြည့်ဝမှု ရှိမရှိ စစ်ဆေးပါတယ်။ ဟေမိုဂလိုဗင် ပြည့်တယ်ဆိုရင် သွေးစလှူလို့ ရပါပြီ။ သွေးလှူတဲ့အချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေက အချိန်ပြည့် စောင့်ကြည့်ပေးပါတယ်။ သွေးလှူဒါန်းပြီးရင် ဖြစ်လာနိုင်တဲ့ အခြေအနေကို လေ့လာပါတယ်။ သွေးလှူဒါန်းပြီးရင် နေထိုင်ရမယ့် ပုံစံကို ပြောပြပေးပါတယ်။ သံဓါတ်အားတိုးဆေးတွေ ပေးပါလိမ့်မယ်။ သွေးလှူဒါန်းပြီးတဲ့ လက်ကို သွေးထွက်မှု မရှိအောင် ပါတ်တီး စည်းပေးပါတယ်။ ပြီးရင် သွေးလှူဒါန်းမှုအတွက် ကျေးဇူးတင်ကြောင်း ပြောပါလိမ့်မယ်။ ၁၀ မိနစ်လောက် ကုတင်ပေါ်မှာ နားပြီးရင် တည်ခင်းဧည့်ခံတဲ့ အစားအသောက်တွေကို ကန်တင်းမှာ သွားစားလို့ရပါတယ်။ မိုင်လိုနဲ့ မုန့်တစ်ခု အမြဲကျွေးပါတယ်။ နောက် ၃ လ ပြည့်တဲ့ အခါကျရင် သွေးပြန်လာလှူပေးဖို့ ဖိတ်ခေါ်ပါတယ်။ အဲဒါတွေက သွေးဘဏ်မှာ သွေးသွားလှူရင် ဖြတ်သန်းရမယ့် အဆင့်တွေပါ။
အဲဒီမှာ အဓိကအချက်အနေနဲ့ ပြောသွားတာလေးက ကျွန်တော်တို့ မြန်မာပြည်က ဆေးရုံဝန်ထမ်းတွေ ကျန်းမာရေးဝန်ထမ်းတွေ သိမှတ်ထားပြီး လိုက်နာကျင့်သုံးသင့်တဲ့ အချက်လေးတွေပါ။ အဲဒါလေးက Hospitality not hospital culture ပါ။ သွေးလှူရှင်ဆိုတဲ့ ကျန်းမာတဲ့ စေတနာရှင်ပါ။ ဆေးရုံလာတက်တဲ့ လူနာ မဟုတ်ပါဘူး။ သွေးလှူရှင်ဆိုတာ ဆေးရုံတွေအတွက် အရေးပါတဲ့ ကာစတာမာပါ။ အကောင်းဆုံး ဧည့်ဝတ်ကျေ>ပန်တဲ့ ကာစတာမာ ဆက်ဆံရေးက သွေးလှူရှင်တွေ နောက်ထပ်တစ်ခါ လှူဒါန်းချင်အောင် ပံ့ပိုးပေးပါတယ်။ မြန်မာပြည်က တချို့ဆေးရုံမှာဆိုရင် သွေးလှူရှင်တွေက အော်ခံဟောက်ခံရပါတယ်။ အခန်းထဲမှာ ထိုင်စရာနေရာ မပေးတဲ့အပြင် မျက်စိနောက် လူရှုပ်တယ်ဆိုပြီး အခန်းအပြင်ထွက်ခိုင်းလို့ အပြင်မှာပဲ မတ်တပ်ရပ်ပြီး သွေးလှူဖို့ စောင့်နေရပါတယ်။ တချို့ဝန်ထမ်းတွေရဲ့ မျက်နှာထားကလဲ အမှန်အကန်ကို တင်းပါတယ်။ သွေးလှူပြီးရင် ဂရုစိုက်မှု ပညာပေးမှုကလည်း မတွေ့ရသလောက်ပါပဲ။ သွေးလှူဒါန်းဖူးတဲ့ ၀ါရင့်သွေးလှူရှင်တွေနဲ့ကြုံရင် သူတို့က သွေးလှူရှင်အချင်းချင်း ရိုင်းပင်းကူညီတဲ့အနေနဲ့ ပြောပြကြပါတယ်။ ကျွေးမွေးဧည့်ခံတယ် ဆိုတာကတော့ ဝေလာဝေးပါပဲ။ ဥပမာ ပေးရမယ်ဆိုရင်တော့ ကလေးဆေးရုံပေါ့။ သွေးလာလှူတဲ့သူနဲ့ သွေးရောင်းတဲ့သူ အများကြီး ကွာခြားပါတယ်။ သွေးရောင်းတဲ့ ငါးခုံးမတွေ ရှိလို့ သွေးလှူရှင်တွေကို အခုလို ပြုမှုဆက်ဆံနေတာပါလို့ ဆင်ခြင်ပေးရင်လည်း လက်ခံပေးလို့ မရပါဘူး။
တကယ်တော့ အဲဒီလို ညံ့ဖျင်းတဲ့ ဆက်ဆံရေးတွေက လူနာရှင်တွေရော သွေးလှူရှင်တွေရော စိတ်ထိခိုက်ရ စိတ်ပင်ပန်းရပါတယ်။ စိတ်ရှည်သည်းခံတတ်တဲ့ မြန်မာလူမျိုးဖြစ်နေလို့သာ ပြသနာမတက်တာပါ။ စေတနာ သွေးလှူရှင်ဆိုတာ လူနာမဟုတ်ဘူးဆိုတာ သူတို့တွေ နားမလည်သေးသရွှေ့ ဆေးလောကမှာ ကျင်လည်ဖို့ ရှိနေဖို့ မကောင်းပါဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီလို အကျင့်ဆိုးတွေကို ပြုပြင်သင့်နေပါပြီ ခင်ဗျာ။
ပုံ။ ။ အဖွဲ့လိုက် တင်ပြဆွေးနွေးနေပုံ။

No comments:
Post a Comment