.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, January 9, 2008

Youth Donor Camp 2007 - 9

နောက်တစ်ချိန်မှာတော့ ဆရာမက ပြဇာတ်အတိုလေး လုပ်ခိုင်းပါတယ်။ သွေးလှူရှင် ရှာဖွေတဲ့လုပ်ငန်းတွေ၊ သွေးလှူဒါန်းမှု လုပ်ငန်းအဆင့်ဆင့်တွေ သိရှိလေ့လာပြီးသွားတဲ့အတွက် အဲဒါတွေနဲ့ ပါတ်သတ်တဲ့ ပြဇာတ်အတိုလေးကို အဖွဲ့တစ်ဖွဲ့စီကို ခေါင်းစဉ်တစ်ခုစီပေးပြီး လုပ်ခိုင်းပါတယ်။

ဆရာမက ကျွန်တော်တို့အဖွဲ့ကို သွေးလှူဖူးလား မေးတော့ ကျွန်တော်က လှူဖူးတယ်လို့ ဖြေလိုက်ခဲ့တယ်။ အဲဒါနဲ့ ဆရာမက အနားကိုရောက်လာပြီး ရင်ဘက်မှ ချိတ်ထားတဲ့ အမည်ကဒ်ပြားကို ကြည့်ပြီး မြန်မာပြည်က ထင်တယ်လို့ ပြောပါတယ်။ ကျွန်တော်ကလည်း ဟုတ်ပါတယ် ကျွန်တော် မြန်မာပြည်ကပါလို့ ဖြေလိုက်တယ်။ ဆရာမက သူမြန်မာပြည်မှာ ၂ နှစ်လောက် သွေးနဲ့ပါတ်သတ်ပြီး အလုပ်လုပ်ဖူးတယ်။ အဲဒါကြောင့် မြန်မာအမည်တွေနဲ့ ရင်းနှီးနေတာလို့ ပြောပါတယ်။ ဒါနဲ့ ကျွန်တော်ကို သွေးလှူတာ ဘယ်နှစ်ကြိမ်ရှိပြီလဲ မေးတော့ ကျွန်တော်က မြန်မာပြည်မှာ ၇ ကြိမ်၊ စင်္ကာပူမှာ သုံးကြိမ်ရှိပြီလို့ ဖြေလိုက်တယ်။ သူက အဲဒါဆို ပုံမှန်လှူဒါန်းနေတဲ့ သွေးလှူရှင်ပေါ့ ဆိုပြီး ကျွန်တော်တို့အဖွဲ့ကို ပုံမှန်သွေးလှူရှင်ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြဇာတ်အတိုလေး လုပ်ခိုင်းပါတယ်။ ကျန်တဲ့အဖွဲ့တွေကိုလည်း သွေးလှူရှင်မှာ ရှိရမယ့် အရည်အချင်းတွေ၊ သွေးလှူဒါန်းမှု ဖြစ်စဉ်တွေမှာ ကြုံရတာလေးတွေကို ပြဇာတ်အတိုလေးတွေ လုပ်ခိုင်းပါတယ်။


ပုံ။ ။ ပြဇာတ်အတိုအတွက် အဖွဲ့လိုက် ဆွေးနွေးနေကြပုံ။

အဲဒါနဲ့ အဖွဲ့လိုက် ပြဇာတ်တိုအတွက် အိုင်ဒီယာထုတ် စဉ်းစား ဆွေးနွေးကြပါတယ်။ ကျွန်တော်တို့အဖွဲ့က ပုံမှန်သွေးလှူရှင်အနေနဲ့ သွေးဘဏ်က နပ်စ်တွေက ဘယ်လိုဘယ်ပုံ မှတ်မိနေပြီး နွေးနွေးထွေးထွေး ဆက်ဆံပုံလေးကို သွေးလှူရှင် အသစ်လေးတွေက မြင်တွေ့ပြီးနောက် အတုယူ အားကျ လေးစားနေပုံလေး တင်ပြဖို့ စီစဉ်လိုက်ပါတယ်။ ကျွန်တော်ကတော့ သွေးလှူရှင်ပေါ့။ အခြား အငယ် ၂ ယောက် (အသက် ၁၄ နှစ်အရွယ် တရုတ်လူမျိုး ကောင်မလေးနဲ့ မလေးလူမျိုးကောင်လေး) ကတော့ ပထမဆုံး စလှူတဲ့ သွေးလှူရှင်အသစ်ပေါ့။ ကျန်တဲ့သူတွေက ကျန်းမာရေးစစ်တဲ့ ဆရာဝန် (စင်္ကာပူကာစတန်က အသက် ၂၂ နှစ်အရွယ် မလေးလူမျိုး)၊ သွေးဖောက်ပေးတဲ့ နပ်စ်မ (အရပ်ရှည်ရှည် အသားလှတဲ့ မလေးမလေး)၊ ဟေမိုဂလိုဗင်စစ်တဲ့ နပ်စ် (ဘောင်းဘီရှည်ပဲ အမြဲဝတ်တဲ့ မလေး)၊ မှတ်ပုံတင်တဲ့ ကောင်တာမှာထိုင်တဲ့ စာရေးမ (ကလေးစုံတွဲက အသက် ၁၅ နှစ်အရွယ် ကောင်မလေး)၊ ကန်တင်းက အကျွေးအမွေး တာဝန်ခံ (ကလေးစုံတွဲက အသက် ၁၅ နှစ်အရွယ် ကောင်လေး) နဲ့ စကာင်္ပူကြက်ခြေနီက ဗော်လန်တီယာ (အဖွဲ့ခေါင်းဆောင်) ဆိုပြီး အသီးသီး သရုပ်ဆောင်ကြပါတယ်။

အငယ်ပိုင်းလေးတွေရဲ့ ဟာသမြောက်တဲ့ ရဲရဲရင့်ရင့် သရုပ်ဆောင်မှုတွေက ပွဲကြည့်ပရိသတ်ကို တ၀ါးဝါး ဖြစ်စေပါတယ်။ ဆရာဝန်အနေနဲ့ သရုပ်ဆောင်တဲ့ တစ်ယောက်ရဲ့ ကျန်းမာရေး စစ်ဆေးနေပုံ၊ သွေးပေါင်ချိန်ပုံ၊ လိင်ပိုင်းဆိုင်ရာ အမူအကျင့်တွေကို စစ်ဆေးတဲ့ မေးခွန်းတွေ မေးနေပုံကလည်း အူတက်အောင် ရီနေကြရပါတယ်။ သွေးလှူပြီးနောက် အကျွေးအမွေးနဲ့ ဧည့်ခံတဲ့ ကန်တင်းက စာပွဲထိုးလေးကလည်း ပွဲကြည့်ပရိသတ်တွေ ပါးစပ်ပိတ်လို့ မရနိုင်လောက်အောင် နောက်ဆုံးပိတ်အနေနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျန်တဲ့အဖွဲ့တွေကလည်း ပရိသတ်အားလုံး တ၀ါးဝါးဖြစ်စေအောင် အသီးသီး သရုပ်ဆောင်နိုင်ကြပါတယ်။ နေ့လည်မှာ အိပ်ချင်ပြေ အိပ်ငိုက်ပြေစေခဲ့တဲ့ အချိန်လေးပေါ့။ ကမ့်ထဲက လူငယ်တွေရဲ့ တက်ကြွမှု သရုပ်ဆောင်နိုင်မှု ရဲရင့်ပွင့်လင်းမှုတွေကို တကယ် အားကျမိပါတယ်။


ပုံ။ ။ ပြဇာတ်အတို တင်ဆင်ကပြစဉ်။

နောက်စာသင်ချိန်တစ်ချိန်မှာတော့ သွေးလှူရှင် ရှာဖွေစုဆောင်းတဲ့ ဗော်လန်တီယာတွေမှာ ရှိသင့်တဲ့ အချက်အလက်တွေကို ရှင်းပြဆွေးနွေးပါတယ်။ ဗော်လန်တီယာတွေဟာ ရပ်ရွာလူထုထဲမှာ သွေးလုပ်ငန်းရဲ့ အဓိက မျက်နှာစာတစ်ခုပါ။ အဲဒီအတွက်ကြောင့်လည်း အနေအထိုင် အပြုအမူ အပြောအဆိုတွေဟာ အဆင့်အတန်းရှိဖို့ လိုအပ်ပါတယ်။ အရေးအဖတ် အပြောစွမ်းရည် ကောင်းမွန်ရပါမယ်။ စီမံခန့်ခွဲနိုင်ရပါမယ်။ စီမံချက်တွေကို ကြိုတင် ကြံစည်ထားပြီး ဘတ်ဂျတ် ပမာဏအတွင်းမှာ အချိန်နဲ့တပြေးညီ အောင်မြင်အောင် လုပ်ဆောင်နိုင်ရပါမယ်။ နောက်ပြီးတော့ သွေးလှူရှင် ရှာဖွေတဲ့သူအနေနဲ့ သွေးသန့်ရနိုင်တဲ့ သင့်လျှော်တဲ့ ရပ်ရွာလူထုကိုပဲ ရွေးချယ်ပြီး သွေးလှူဖို့ စည်းရုံး လှုံ့ဆော် ပညာပေးသင့်ပါတယ်။ အတူတကွ လက်တွဲ လုပ်ဆောင်နိုင်မယ့် မိတ်ဖက်အဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့တွေ၊ ရပ်ရွာခေါင်းဆောင်တွေနဲ့ ပူးပေါင်း လုပ်ဆောင်သင့်ပါတယ်။ နောက်ဆုံးပိတ် ပြောသွားတာကတော့ သွေးလှူရှင် ရှာဖွေစုဆောင်းတဲ့ ဗော်လန်တီယာတွေဟာ အရည်အချင်းအစုံ ရှိရပါမယ်။ အချိတ်အဆက်မိမိ ပူးပေါင်း ဆောင်ရွက်နိုင်ရမယ်။ လူသားတွေကို ချစ်ခင်ရမယ်။ လက်ရှိလုပ်နေတဲ့ လူမှုရေး အလုပ်ကို မြတ်နိုးရမယ်။ အဲဒါလေး အပြန်အလှန် ဆွေးနွေး သင်ကြားပြီးတော့ ကော်ဖီသောက်ချိန် ၁၅ မိနစ် ပေးပါတယ်။ အဲဒါနဲ့ပဲ အားလုံး ကန်တင်းရှိရာ အောက်ထပ်ကို ဆင်းလာခဲ့ကြပါတော့တယ်။

No comments: