ကော်ဖီသောက်ပြီး ပြန်တက်လာတော့ မော်ဂျူး ၃ ရဲ့ နောက်ဆုံးသင်ခန်းစာ အချိန်ပါ။ ဒီနေ့အတွက်လည်း နောက်ဆုံးအချိန်ပါပဲ။ ရှေ့မှာ မော်ဂျူး ၃ ရဲ့ သင်ခန်းစာတွေက လုပ်ပြီးပါပြီ။ Blood Driveတစ်ခုကို ဘယ်လို စီစဉ်မလဲဆိုတာကို ပြောပြပါတယ်။ ဘယ်လို ပန်းတိုင်တွေ ထားမလဲ၊ ဘယ်သူတွေကို ရည်ရွယ်လဲ၊ ဘာတွေလုပ်မလဲ ဘယ်လိုလုပ်မလဲ၊ လုပ်ငန်းတာဝန်တွေကို ဘယ်သူက ဘယ်လို တာဝန်ယူမလဲ၊ ဘယ်လောက် ကုန်ကျမလဲ၊ အချိန်ဘယ်လောက် လိုအပ်လဲ စတာတွေကို ထည့်သွင်းစဉ်းစားရပါတယ်။ ပြီးရင် တကယ် စ လုပ်ကြပါ။ စောင့်ကြည့်လေ့လာပါ။ ပွဲပြီးသွားရင် အောင်မြင်မှုကို အကဲဖြတ်ပါ။ အဲဒါလေးတွေ ဆွေးနွေးပြီးတော့ ဆရာမက ၂၀၀၈ အောက်တိုဘာမှာ လုပ်ဖို့ စီစဉ်ထားတဲ့ပွဲတစ်ပွဲကို အစအဆုံး စီစဉ် စဉ်းစားခိုင်းပါတယ်။ ဒီတစ်ခါတော့ အဖွဲ့တစ်ဖွဲ့စီကို မလုပ်ခိုင်းတော့ပဲ အဖွဲ့ ၄ ဖွဲ့စလုံးကို ရောသမမွှေပြီး အဖွဲ့အသစ် ၃ ဖွဲ့ ဖွဲ့ပေးလိုက်ပြီး စဉ်းစားခိုင်းပါတယ်။ ပြီးတော့ တစ်ဖွဲ့စီက ပြန်လည် တင်ပြရတော့တာပေါ့။ အဲဒါလေးပြီးတော့ ညနေ ၅ နာရီရှိနေပါပြီ။ ဒါနဲ့ ရေမိုးချိုးဖို့ အနားယူဖို့ သင်တန်းဖြုတ်လိုက်ပါတော့တယ်။ အဖွဲ့ခေါင်းဆောင်က ဒီည အစီအစဉ်တစ်ခုရှိတယ်.. ရေမိုးချိုးလည်း အလကားပဲဆိုတော့ ကျွန်တော်တို့ တစ်ဖွဲ့လုံး မျက်နှာသစ် ခြေလက်ဆေးတာလောက်ပဲ လုပ်ထားကြတယ်။ ကျန်တဲ့အချိန်ပိုမှာ ဒီညမှာ အဖွဲ့လိုက်ကပြရမယ့် ပြဇာတ်အတွက် ပြဇာတ်တိုက်ဖို့ အသည်းအသန် လုပ်ကြပါတယ်။
ကျွန်တော်တို့အဖွဲ့က အိမ်မက်မက်သူများလို့ ပေးထားတော့ ခေါင်းစဉ်နဲ့အညီဖြစ်အောင် ပြဇာတ်ကိုလည်း အိမ်မက်လေးနဲ့ပဲ အကောင်အထည်ဖော်ပါတယ်။ အရက်သမား ကားသမားတစ်ယောက် သတိသံဝေဂ ရသွားတဲ့အကြောင်း အိမ်မက်လေးပေါ့။ ကျွန်တော့်က အရက်သမား ကားသမား အိမ်မက်မက်နေသူအဖြစ် သရုပ်ဆောင်ရပါတယ်။ အရမ်းသက်သာတာပဲ... အိပ်ပြနေရုံပဲလေ။ အိမ်မက်က လန့်အနိုးမှာ စကားလေး ၂ ခွန်း ၃ ခွန်းလောက်ပဲ ပြောပြီး ပြန်အိပ်ပျော်သွားပုံလေး လုပ်ပြရတာ။ ကျန်တဲ့သူတွေက အရက်မူး ကားသမားတစ်ယောက် (မလေးကောင်လေး)၊ တက်တက်ကြွကြွ လူငယ်လေး (ကလေးစုံတွဲက ကောင်လေး)၊ လူငယ်လေးရဲ့ ရည်စား (ကလေးစုံတွဲက ကောင်မလေး)၊ အဖေ (အဖွဲ့ခေါင်းဆောင်)၊ အမေ (ဒုတိယ အဖွဲ့ခေါင်းဆောင်)၊ ညီမ (တရုတ်လူမျိုး ကောင်မလေး)၊ ဆရာဝန် (ကာစတန်က မလေးလူမျိုး ညီငယ်)၊ နပ်စ်မ (အသားဖြူဖြူ အရပ်ရှည်တဲ့ မလေးမလေး)၊ နောက်ခံစကားပြော (ဘောင်းဘီရှည် အမြဲဝတ်တဲ့ မလေးကောင်လေး)။ အဲဒါကို နာရီဝက်လောက် ဇာတ်တိုက်လိုက်ပါတယ်။ အဖွဲ့က ကလေးတွေရဲ့ ပြောင်ချော်ချော် မျက်နှာလေးတွေက တကယ် သရုပ်ဆောင်တော့ ပီပီပြင်ပြင်ရှိတယ်ဗျာ။ ပြီးတော့ ပြဇာတ်နောက်ဆုံးပိတ်အနေနဲ့ နောက်ခံသီချင်းဖွင့်ပြီး တစ်ဖွဲ့လုံး ကပြဖို့ ဇာတ်တိုက်ကြပြန်တယ်။ သီချင်းနဲ့အတူ ညီညီညာညာ ကဖို့အတွက် အတော်လေးကို ဇာတ်တိုက်ယူလိုက်ရပါတယ်။
ကမ့်တာဝန်ခံတွေက ညစာလာစားဖို့ အပေါ်ထပ်ကို တက်လာပြီး ခဏခဏ လာခေါ်နေပေမယ့် အဖွဲ့က ပြဇာတ်ကတဲ့နေရာမှ မညီသေးတဲ့အတွက် ထမင်းဆင်းမစားနိုင်ပါဘူး။ အတော်လေး ညီသွားတော့မှ ထမင်းစားဖို့အတွက် အောက်ဆင်းလာခဲ့ကြတယ်။ ညစာက ဘာဘီကျူး အကင်တွေပါ။ အဲဒါနဲ့ အမြန်စားလိုက်ကြတယ်။ ညစာစားပြီးတော့ ပြဇာတ်စဖို့ ဆော်သြပါတယ်။ ကျွန်တော်တို့အဖွဲ့က ပြိုင်ပွဲအားလုံးမှာ အမှတ်အများဆုံး ရထားတဲ့အတွက် အရင်ဆုံး ကပြရပါတယ်။ အဲဒါနဲ့ ကွင်းထဲကို ထွက်ပြီး ကပြရတော့တာပေါ့ဗျာ။
ဇာတ်လမ်းလေးက လူငယ်လေးက ကျောင်းကို အသွားမှာ လမ်းမှာ ကားတိုက်မိပါတယ်။ ကားသမားက အရူးမူးနေပြီး ရှေးဦးပြုစုနည်းတွေကိုလည်း မတတ်ပါဘူး။ အဲဒါနဲ့ ဆေးရုံကို အမြန်ပို့ပါတယ်။ ဆေးရုံရောက်တော့ မိသားစုက လိုက်လာပြီး ငိုပွဲဝင်ကြပါတယ်။ ကားသမားကို ရန်တွေ့ကြတယ်။ ဆရာဝန်နဲ့ နပ်စ်မကလည်း သွေးထွက်လွန်နေတဲ့ လူနာကို သွေးသွင်းကုသဖို့ လုပ်ပါတယ်။ ဒါပေမယ့် ဆေးရုံမှာ သွေးက မရှိဘူးဖြစ်နေတယ်။ အဲဒါနဲ့ လူနာကောင်လေး သေသွားတယ်ပေါ့။ အရက်မူးနေတဲ့ ကားသမားကလည်း သွေးရဲ့ အရေးပါပုံကို နားလည်သွားပြီး အရက်သောက်နေမယ့်အစား သွေးလှူရှင် ရှာဖွေစုဆောင်းဖို့ လုပ်တော့မယ်ဆိုပြီး သံဝေဂ ရသွားပုံလေးနဲ့ ဇာတ်သိမ်းထားပါတယ်။ ပြီးတော့ ဇာတ်သိမ်းသီချင်းလေးကို တစ်ဖွဲ့လုံး ကပြရင်း နိဂုံးချုပ်လိုက်ပါတယ်။ ကျန်တဲ့အဖွဲ့တွေလည်း အသီးသီး ကပြသွားပါတယ်။ ကံကောင်းချင်တော့ ကျွန်တော်တို့အရင်ဆုံး ကပြခွင့် ရလိုက်တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျန်တဲ့အဖွဲ့တွေကလည်း အိမ်မက် မက်တဲ့ဇာတ်လမ်းတွေကြီးပါပဲ။ မသိရင် သူတို့က ကျွန်တော်တို့ဆီကပဲ ကူးချသလို ဖြစ်ကုန်ရော။
အဲဒါနဲ့ အဖွဲ့လိုက် ပြဇာတ်ကပြီးတဲ့အခါ ဆုပေးပွဲကို လုပ်ပါတယ်။ အားလုံး ရင်ခုန်နေကြတာပေါ့။ ရှေ့က ဂိမ်းတွေမှာ ရထားတဲ့အမှတ်တွေအရ ကျွန်တော်တို့က အမှတ်များပေမယ့် ပြဇာတ်နဲ့ အသင်းအလံ ပြိုင်ပွဲက အမှတ်တွေကလည်း အရေးကြီးတယ်လေ။ ပထမဆုက ကြက်ခြေနီနဲ့ သွေးလှူရှင်တံဆိပ်ပါတဲ့ လက်ပါတ်နာရီ အနီရောင်လေးပါ။ ဒုတိယဆုက သွေးလှူရှင်တီရှပ်ပါ။ ကျန်တဲ့ဆုက ကြက်ခြေနီတံဆိပ်ပါတဲ့ ကြွေခွက်ပါ။ ပထမဦးဆုံး ဆရာမက အဖွဲ့တွေ အားလုံး ကောင်းတဲ့အကြောင်း ပြောပါတယ်။ ဆုမကြေညာခင်မှာ ကိုယ်အဖွဲ့ ၄ ဖွဲ့အချင်းချင်းက ဘယ်အဖွဲ့ အကောင်းဆုံး ထင်လဲ ဆိုတာကို မဲပေးကြည့်ကြပါလားတဲ့။ အဖွဲ့ ၁ က အကောင်းဆုံး ထင်ရင် ကျန်တဲ့ ၃ ဖွဲ့က လက်ခုပ်တီးကြပါပေါ့။ အဲဒီလို တစ်ဖွဲ့စီကို မေးပြီး လက်ခုပ်တီးခိုင်းကြပါတယ်။ အဖွဲ့ ၄ ဖွဲ့လုံးက အပြန်အလှန် လက်ခုပ်တီးပေးနေကြတာပါပဲ။ ဒါပေမယ့် လက်ခုပ်သံ အကျယ်ကြီးနဲ့ အကြာကြီး အတီးခံရတာ ကျွန်တော်တို့အဖွဲ့ ၄ နဲ့ အဖွဲ့ ၃ ပါ။
အဲဒါလေး ပြီးတော့ ဆရာမက ဆုကြေညာပါတယ်။ နောက်ဆုံးကနေ ကြေညာပြီး တစ်ဖွဲ့ပြီး တစ်ဖွဲ့ ဆုပေးပါတယ်။ နောက်ဆုံး ပထမဆုနဲ့ ဒုတိယ ဆုပဲ ကျန်တော့တယ်။ ဆုကြေညာဖို့ ကျန်နေတဲ့ အဖွဲ့ကလည်း အဖွဲ့ ၃ နဲ့ အဖွဲ့ ၄ ပါ။ ဆရာမက အဖွဲ့ ၄ ဆု အရင်လာယူပါလို့ ကြေညာတော့ ဒုတိယဆုပဲ ရလိုက်တယ်လို့ ထင်လိုက်ကြတယ်။ ပြီးမှ ဆရာမက အဖွဲ့ ၄ က ပထမ ဆု လာယူပါလို့ ထပ်ပြီးဖြည့်စွက် ပြောလိုက်တော့မှပဲ သြော်... ပထမဆု ရလိုက်တာပဲဆိုပြီး အတော်လေး ပျော်သွားပါတယ်။ အမှန် ဒုတိယရတဲ့အဖွဲ့ကို အရင်ပေးရမှာ မပေးဘဲ အလှည့်အပြောင်း ဖြစ်သွားအောင် ရုတ်တရက် အံ့သြသွားရအောင်ဆိုပြီး လုပ်လိုက်တာပါ။ ပြီးတော့ ဒုတိယရတဲ့အဖွဲ့ကို ဆုပေးပါတယ်။ ဆုပေးတဲ့အချိန်မှာ အဖွဲ့လိုက် အသင်းရဲ့ အလံကြီးကို လွှင့်ပြီး ဆုယူနေတဲ့ပုံတွေကို ဓါတ်ပုံရိုက်ကြပါတယ်။ သြော်... သင်တန်းတစ်လျှောက်လုံးမှာ ကျွန်တော်တို့အဖွဲ့ ကြိုးစားခဲ့သလောက် ထိုက်ထိုက်တန်တန် ပထမဆု ရခဲ့တာဆိုတော့ အလွန့်အလွန်ကို ကျေနပ်မိပါတယ်။

ပုံ။ ။ ကျွဲပေါက်အဖွဲ့ ယှဉ်ပြိုင်နေစဉ်။

ပုံ။ ။ ဒုတိယဆုရသွားတဲ့ ကျွဲပေါက်အဖွဲ့ ဆုယူနေစဉ်။

1 comment:
လူငယ် စခန်းသွင်း လေ့ကျင့်ခြင်းထဲက အရက်မူးသမားရဲ့ အိပ်မက်က ရတဲ နောင်တ ကို ဖတ်ရှုသွားပါတယ် ... GOOD IDEA BRO ! CHEERS !
Post a Comment