.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, January 6, 2008

Youth Donor Camp 2007 - 6

လူငယ်စခန်းရဲ့ဒုတိယနေ့ အကြောင်းကို ဆက်ရေးပါမယ်။ မနေ့ညက အိပ်ရာဝင်လိုက်တာ မနက် ၇ နာရီခွဲလောက်မှာ နိုးနေပါပြီ။ အိပ်ချင်ရင် ဆက်အိပ်လို့ ရပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်ရာထချိန်ကို ၈ နာရီခွဲလို့ သတ်မှတ်ပေးထားလို့ပါ။ မနက် ၉ နာရီမှာ မနက်စာ စားချိန်၊ ၉နာရီခွဲမှာ သင်တန်းစတင်ချိန်လို့ အချိန်ဇယားမှာ ရေးဆွဲထားလို့ပါ။ ဒါပေမယ့် ဆက်အိပ်လို့လည်း မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကွင်းထဲမှာ အဖွဲ့ ၃ က တစ်ဖွဲ့လုံး သွေးပူလေ့ကျင့်ခန်း လုပ်နေတဲ့အသံက အတိုင်းသား ကြားနေရတော့ အိပ်မနေဖြစ်တော့ပါဘူး။ အခန်းထဲမှာတော့ တော်တော်များများက အိပ်နေတုန်းပါပဲ။ အဲဒါနဲ့ ရေချိုးခန်း အိမ်သာ လူရှင်းတုံး မျက်နှာသစ် ကိုယ်လက်သန့်စင် ရေမိုးချိုးထားလိုက်ပါတယ်။ ပြီးတော့ အ၀တ်စားလဲ ထားလိုက်တာပေါ့။ ၀ါရံတာမှာ ဟိုဟိုဒီဒီ လမ်းလျှောက်နေရင်း အဖွဲ့ ၃ က လေ့ကျင့်ခန်း လုပ်နေပုံလေးကို ဓါတ်ပုံရိုက် ယူထားလိုက်ခဲ့တယ်။ ဘာရယ်တော့ မဟုတ်ပါဘူး... အမှတ်တရပေါ့။

ပြီးတော့ အောက်ထပ်ကိုဆင်းပြီး ကန်တင်းမှာ မနက်စာ စားလိုက်တယ်။ ကျွန်တော်တို့အဖွဲ့ ၄ က အဖွဲ့သားတွေလည်း အောက်မှာ ရောက်နှင့်နေတဲ့လူက ရောက်နှင့်နေကြပြီ။ မနက်စာဖြစ်တဲ့ ပေါင်မုန့်ယိုသုတ်နဲ့ မိုင်လို သောက်ရင်း စားရင်း အဖွဲ့ ၃ က လူတွေ လေ့ကျင့်ခန်း လုပ်နေတာကို ထိုင်ကြည့်နေလိုက်တယ်။ အဲဒီကမ့်မှာက အဖွဲ့ ၃ က အလှုပ်ရှားဆုံးပါပဲ။ အသံလည်း အကျယ်ဆုံးပဲ။ သူတို့က တစ်ခုခု လုပ်နေရင် ပါးစပ်ကနေ သံပြိုင်အော်ဟစ် သီဆိုနေလေ့ ရှိကြတယ်။ ကျွန်တော်တို့ အဖွဲ့ ၄ က ဂိမ်းတွေ၊ ပြိုင်ပွဲတွေမှာ အကောင်းဆုံး အတက်ကြွဆုံး ယှဉ်ပြိုင်လေ့ ရှိပါတယ်။ ဒါပေမယ့် အဖွဲ့ ၃ လို တစ်ချိန်လုံး တစ်ပူးပူး တစ်တွဲတွဲ အော်ဟစ်နေလေ့ ရှိမနေတတ်ပါဘူး။ ကျွန်တော်တို့အဖွဲ့က ငြိမ်ငြိမ်လေးနဲ့ လုပ်စရာရှိတာကို တစ်ဖွဲ့လုံး အကြံထုတ် တိုင်ပင်ပြီး လျှို့ဝှက် လုပ်တတ်ကြပါတယ်။


ပုံ။ ။အဖွဲ့ ၃ မှ အဖွဲ့သားများ သွေးပူလေ့ကျင့်ခန်း လုပ်နေစဉ်။

အားလုံးနီးပါး မနက်စာ စားပြီးချိန်မှာ ကမ့်ကြီးကြပ်ရေးမှုးက ညပိုင်းမှာ အဖွဲ့လိုက် အဖွဲ့အမည်နဲ့ သက်ဆိုင်တဲ့ ပြဇာတ်တိုလေး ကပြရမယ် ဆိုတာကို ကြေညာပါတယ်။ ကျွန်တော်တို့ အဖွဲ့က အဖွဲ့သီချင်း အဖွဲ့အလံအကြောင်းပဲ ပြင်ဆင်ထားရသေးတာ။ ပြဇာတ်တိုအတွက်က အဆင်သင့် မဖြစ်သေးဘူး။ ဒါနဲ့ အဖွဲ့ခေါင်းဆောင်က သင်တန်းချိန် တစ်ခုနဲ့တစ်ခုကြား အားတဲ့အချိန်၊ ရေချိုးချိန်၊ ခဏအနားယူ တန်းဖြုတ်ချိန်တွေမှာ အဲဒီ ပြဇာတ်အတွက် လုပ်ကြမယ်ဆိုပြီး ပြောပါတယ်။ အဖွဲ့သား အားလုံးလဲ သဘောတူကြပါတယ်။ ဒါနဲ့ သင်တန်းချိန် ရောက်လာလို့ သင်တန်းခန်းမရှိရာ အဆောင်ရဲ့ လေးထပ်ကို ချီတက်လာခဲ့ကြပါတယ်။

သင်တန်းခန်းမရောက်တော့ ပထမအချိန်မှာ သင်တန်းရဲ့ ရည်ရွယ်ချက်တွေကို အဓိကထား ရှင်းပြပါတယ်။ ဒီနေ့တစ်နေ့လုံးရဲ့ သင်တန်းဆရာက စင်ကာပူ အမျိုးသားအဆင့် သွေးလှူရှင် စုဆောင်းရေး စီမံချက်က ညွှန်ကြားရေးမှုးပါ။ သင်တန်းရဲ့ ရည်ရွယ်ချက်က...
* To provide knowledge and skills required by blood donor recruiters.
* To facilitate the development of knowledge and skills for hosting bloodmobiles.
* To share practical experiences and success stories in motivation and recruitment of blood donors
* To establish a network of donor recruiters in RCHN

သင်တန်းမှာ အဓိက မော်ဂျူးလ် သုံးခု ရှိပါတယ်။ အဲဒါတွေကတော့...
# Module 1: Achieving 100% VNRBD
# Module 2: Educating, motivating and selecting the blood donors
# Module 3: Making it happen

ပြီးတော့ သင်တန်းပုံစံက သင်တန်းသားနဲ့ သင်တန်းဆရာကြားမှာ အပြန်အလှန် ဆွေးနွေးရပါမယ်။ စီမံကိန်းတွေ အကောင်အထည် ဖော်ဆောင်နိုင်ဖို့အတွက် လေ့ကျင့် သင်ကြားယူရပါမယ်။ သင်တန်းသား အချင်းချင်း အပြန်အလှန် အထောက်အပံ့ ပေးနိုင်ရပါမယ်။ သင်တန်းသားတွေနဲ့ အနေနဲ့ ကိုယ်ရဲ့ အတွေ့အကြုံတွေကို မျှဝေပေးရပါမယ်။ သူများတွေရဲ့ အတွေ့အကြုံကနေ သင်ယူလေ့လာရပါမယ်။ သွေးလှူရှင် ရှာဖွေစုဆောင်းသူ တစ်ဦးအနေနဲ့ လိုအပ်ချက်တွေ သတ်မှတ်ရပါမယ်။ အခြေအနေနဲ့ အချိန်အခါအရ အကောင်းဆုံးသော အဖြေတွေ အကြံဥာဏ်တွေကို ချမှတ်ရပါမယ်။ စကားများများ ပြောဖို့ အားပေးပါတယ်။ ဒါပေမယ့် ဟန်းဖုန်းမှာ ပြောနေတာမျိုး မဖြစ်စေရပါဘူးတဲ့ ခင်ဗျာ။ တော်ကြာ စကားတွေကတော့ ပြောနေပါရဲ့ သင်တန်းမှာ မဟုတ်ပဲ အပြင်က ရည်စားတွေ သူငယ်ချင်းတွေနဲ့ ဟန်းဖုန်းပေါ်မှာ ဖြစ်နေမှာ စိုးရတယ်လေ။


ပုံ။ ။ သင်တန်းကို စိတ်ဝင်တစား လေ့လာ နားထောင်နေကြစဉ်။

ဒုတိယအချိန်မှာ စင်ကာပူ အမျိုးသားအဆင့် သွေးလှူရှင် စုဆောင်းရေး စီမံချက်အကြောင်းကို ရှင်းပြပါတယ်။ အဲဒီမှာ စကာင်္ပူကြက်ခြေနီရဲ့ ပါဝင်လှုပ်ရှားမှုကို တင်ပြပါတယ်။ ကြက်ခြေနီ သွေးစုဆောင်းရေးဌာနကို ၁၉၈၄ မှာ စတင်ခဲ့ပါတယ်။ ၁၉၉၇ မှာ သွေးဌာနမှာပဲ သွေးအလှူခံနေတဲ့ ပုံစံကနေ နိုင်ငံအနှံ့မှာ သွေးလှူဒါန်းပွဲတွေ ကျင်းပတဲ့ Blood Mobile ပုံစံကို စတင် ပြောင်းလဲခဲ့ပြီး တစ်နိုင်ငံလုံးရဲ့ သွေးလိုအပ်မှု ၄% ကနေ ၆% အထိ ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျန်းမာရေးဝန်ကြီးဌာနမှ ပံ့ပိုးပေးတဲ့ လုပ်ငန်းအသုံးစရိတ် ရံပုံငွေက အလွန်ကို နည်းပါးနေပါတယ်။ ၂၀၀၀ ခုနှစ်မှာ စင်္ကာပူကြက်ခြေနီ ကောင်စီက အမျိုးသားအဆင့် သွေးလှူရှင် စုဆောင်းရေး စီမံချက်ကို အကောင်အထည်ဖော်သူ အဖြစ် တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၀၁ ဧပြီလမှာ စင်္ကာပူအစိုးရက စင်္ကာပူကြက်ခြေနီကို အမျိုးသားအဆင့် သွေးလှူရှင် စုဆောင်းရေး စီမံချက်ကို အကောင်အထည်ဖော်သူ အဖြစ် အဆင့်သတ်မှတ် ခန့်အပ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ စင်္ကာပူမှာ နေ့စဉ် သွေးအလုံးရေ ၃၀၀ လုံး လိုအပ်နေပါတယ်။ တစ်နှစ်မှာ သွေးသွင်းကုသမှု ၉ သောင်းကျော် ရှိပါတယ်။ သွေးပံ့ပိုးပေးနိုင်မှုမှာတော့ စင်္ကာပူ လူဦးရေရဲ့ ၅၅ %ဟာ သွေးလှူဒါန်းနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ဒါပေမယ့် လူဦးရေရဲ့ ၁.၃% သာ ပုံမှန်သွေးလှူဒါန်းသူတွေ ဖြစ်နေကြပါတယ်။ သွေးဘဏ်မှာ နေ့စဉ် သွေးလှူရှင် ၁၅၀ ခန့် လာရောက်ပြီး သွေးလှူဒါန်းလေ့ ရှိပါတယ်။ ရပ်ရွာအတွင်းမှာ ကျင်းပပြုလုပ်တဲ့ Blood Mobile ပွဲတွေမှာ ပျမ်းမျှ သွေးလှူရှင် ၁၀၀ ကနေ ၁၅၀ ခန့် လာရောက် လှူဒါန်းကြပါတယ်။

လက်ရှိစိန်ခေါ်မှုများကို ဆက်လက် တင်ပြသွားပါတယ်။ အဲဒါတွေကတော့ အသက်အရွယ်ကြီးသူ ဦးရေ တိုးပွါးလာမှု၊ လူနေမှုပုံစံနဲ့ အကျင့်စရိုက်တွေ ပြောင်းလဲလာမှု၊ ရောဂါအသစ်များ ပေါ်ပေါက်နေမှု၊ စင်္ကာပူကို ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့နိုင်ငံအဖြစ် ပြောင်းလဲတည်ဆောက်နေမှုတွေကြောင့် သွေးသန့် လိုအပ်ချက်က အလွန်ပဲ အရေးပါနေပါတယ်။

အမျိုးသားအဆင့်၂၀၁၀ ဗျူဟာကိုလည်း ပြောပြပါတယ်။ စုစုပေါင်း လူဦးရေရဲ့ ၂% အရေအတွက်ရှိ သွေးသန့်အလှူရှင် ၈ သောင်း ရရှိရေး၊ နှစ်စဉ် သွေးသန့်အလှူရှင် အသစ် ၁၅၀၀၀ ရရှိရေး၊ လက်ရှိ သွေးလှူရှင်ဦးရေရဲ့ ၈၀% မှ အချိန်ပြည့် ပုံမှန် သွေးလှူဒါန်းပေးရေး၊ လက်ရှိ သွေးလှူရှင်ဦးရေရဲ့ ၃၅% မှ တစ်နှစ်ကို အနည်းဆုံး ၃ ကြိမ် သွေးလှူဒါန်းပေးရေး၊ အသက် ၁၆ နှစ်မှ ၂၅ နှစ်အတွင်း လူငယ်တွေဟာ သွေးလှူရှင်ဦးရေ စုစုပေါင်းရဲ့ ၆၀% ကို ကိုယ်စားပြုနိုင်ရေးတို့ ဖြစ်ပါတယ်။

အဲဒီနည်းဗျူဟာကို ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာကို ရှင်းပြရင်း ၁၀ နာရီခွဲသွားပါတယ်။ ဒါနဲ့ ကော်ဖီချိန် ခဏပေးတာနဲ့ အားလုံး ကန်တင်းကို ဆင်းပြီး ကော်ဖီသောက် မုန့်စားကြပါတော့တယ် ခင်ဗျာ။

1 comment:

Ionsis said...

ကမ့်အကြောင်းဖတ်ရတာ ပျော်စရာကောင်းလိုက်တာလို့ မြင်မိတယ်...

ဆက်ရေးပါဦး... အားပေးနေပါတယ်ဗျ.. :)နောက်ကိုလည်း အများအကျိုးကို ဒီတက်မက သယ်ပိုးနိုင်ပါစေဗျာ...