အရေးပေါ်အခြေအနေ သင်ခန်းစာပြီးတော့ နေ့လည် ၁၂ နာရီ ထိုးခါနေပါပြီ။ ကမ့်က လူတွေလည်း ဗိုက်တွေဆာလို့ပေါ့။ ဒါပေမယ့် ထမင်းစား ပေးမဆင်းသေးပါဘူး။ အရင်ဦးဆုံး ၀ိုင်ဒီစီမှာ အသင်းဝင်ချင်သူတွေ ရှိရင် စာရင်းပေး အသင်းဝင်ပါဆိုလို့ ကွန်ပျူတာထဲမှာ စာရင်းတွေ ဖြည့်ပေးရပါတယ်။ အသင်းမှာ ကိုယ်တာဝန်ယူနိုင်တဲ့ လုပ်ငန်းကိုပါ တွဲပြီး စာရင်းပေးရပါတယ်။ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဖုန်း၊ အီးမေးလ်တွေ ပေးရပါတယ်။ စာရင်းပေးတဲ့သူ အများကြီးဆိုတော့ စောင့်နေရပါတယ်။ တချို့ကျတော့ ကိုယ့်အမည်စာရင်းပဲ ဖြည့်တာတင် မဟုတ်ဘူး သူများတွေရေးထားတဲ့ လိပ်စာတွေ ဖုန်းနံပါတ်တွေပါ လိုက်မှတ်နေသေးတယ်။ အများစုကတော့ စာရင်းပေးကြပါတယ်။ အိမ်ကို ပြန်မေးရမယ်ဆိုတဲ့ လူငယ်ပိုင်းတွေလောက်ပဲ စာရင်း မပေးကြတာပါ။ အသက်က ကျော်နေပြီဖြစ်တဲ့ ကျွန်တော်လည်း ခပ်တည်တည်နဲ့ စာရင်းပေးပြီး အသင်းဝင်ထားလိုက်ပါတယ်။
စာရင်းတွေ ပေးပြီးတော့ ကမ့်က တာဝန်ရှိသူတွေက သင်ခန်းစာတွေကို အနှစ်ချုပ် ပြန်ပြောပါတယ်။ ပြီးတော့ တစ်ဖွဲ့ချင်းစီက ကိုယ်စားလှယ်တွေ ရွေးခိုင်းပါတယ်။ သူတို့က အဖွဲ့ကို ပြန်လည် စုစည်းဖို့ တာဝန်ယူရပါတယ်။ တစ်ဖွဲ့ချင်းစီက လူတွေကို အဖွဲ့က မရွေးရပဲ တခြား ၃ ဖွဲ့က ရွေးပေးရပါတယ်။ ကျွန်တော်တို့ အဖွဲ့ ၄ ကို ရွေးတဲ့အခါမှာ ကျွန်တော့်ကို ၃ ဖွဲ့စလုံးကို ရွေးပါတယ်။ ဒါပေမယ့် ကျွန်တော့်က အလုပ်တစ်ဖက်နဲ့ အချိန်ပြည့် တာဝန်မယူနိုင်သေးကြောင်း ကမ့်ကြီးကြပ်သူကို ပြောပြပြီး အဖွဲ့ထဲက နောက်ထပ်တစ်ယောက် ထပ်ရွေးဖို့ ပြောလိုက်ပါတယ်။ အဲဒါနဲ့ ကလေးစုံတွဲက ကောင်လေးကိုပဲ ကျွန်တော်တို့အဖွဲ့ ကိုယ်စားလှယ်အနေနဲ့ ရွေးလိုက်ပါတယ်။
အဖွဲ့လိုက် ကိုယ်စားလှယ်တွေ ရွေးပြီးတော့ သင်တန်းဆင်း အောင်လက်မှတ် ပေးအပ်ပါတယ်။ မန်နေဂျာ အီလင်းက သင်တန်းသား တစ်ဦးချင်းကို အောင်လက်မှတ် ပေးပါတယ်။ ဓါတ်ပုံတွေလည်း ရိုက်ပေါ့။ ဒါပေမယ့် ရိုက်ထားတဲ့ ဓါတ်ပုံတွေက ၀ိုင်ဒီစီ ၀ဘ်ဆိုဒ်မှာ အခုအချိန်အထိ မတင်ထားသေးပါဘူး။ ကျွန်တော့် ကင်မရာလေးနဲ့ ရိုက်ထားတဲ့ပုံလေးတွေ ရှိလို့သာ တော်သေးတာပေါ့။ အောင်လက်မှတ် ပေးပြီးတော့ ကမ့်ကြီးကြပ်သူက ကမ့်သန့်ရှင်းရေး လုပ်ဖို့ တာဝန်တွေ ခွဲဝေပါတယ်။ ကျွန်တော်တို့အဖွဲ့က ကန်တင်းနဲ့ မီးဖိုချောင်ကို သန့်ရှင်းရေး လုပ်ရပါတယ်။ ကျန်တဲ့အဖွဲ့တွေက အပေါ်ထပ်က အိမ်သာတွေနဲ့ အိပ်ခန်းတွေကို အသီးသီး တာဝန်ယူရပါတယ်။ သန့်ရှင်းရေး မလုပ်ခင် ကိုယ့်အထုပ်အပိုးတွေကို ထုပ်ပိုးထားဖို့ ကြိုမှာပါတယ်။ ကုတင်ပေါ်က မွေ့ရာနဲ့ ခေါင်းအုံးတွေကိုလည်း စနစ်တကျ ထုပ်ပိုး သိမ်းဆည်းပေးရပါတယ်။ ပြီးတော့ တာဝန်ကျရာမှာ သန့်ရှင်းရေး လုပ်ကြပါတယ်။
ပုံ။ ။ အော်တိုလေးတွေ ရေးပြီး အမှတ်တရ။
အားလုံး သန့်ရှင်းရေး လုပ်ပြီး ခဏနားပြီးတော့မှ နေ့လည်စာ ထမင်းကို ကျွေးပါတယ်။ အများစုကတော့ ထမင်းမစားနိုင်ကြပဲ အချင်းချင်း အော်တိုရေးနေတာနဲ့ အလုပ်များနေကြပါတယ်။ အသင်းခေါင်းဆောင် ရောက်မလာသေးတော့ ကျွန်တော်တို့အဖွဲ့က အစကတော့ ဘာမှ မရေးကြပါဘူး။ နောက်မှ ရောက်လာတဲ့ အသင်းခေါင်းဆောင်က သူရေးလာတဲ့ အော်တိုစာရွက်တွေကို အဖွဲ့က တစ်ယောက်စီ ဝေငှပါတယ်။ တစ်ယောက်စီရဲ့ စာရွက်မှာပဲ ကျန်တဲ့လူတွေက ၀ိုင်းဖြည့်ပြီး ရေးကြတာပေါ့။ ထမင်းစားလိုက် စာရေးလိုက်နဲ့ လက်ကို မလည်ပါဘူး။ တချို့လည်း ထမင်းကို မစားတော့ပဲ စာကြီးပဲ လိမ့်ရေးနေကြပါတယ်။ နေ့လည်စာ စားပြီးတဲ့အခါ ဘူတာရုံကို ပြန်ပို့မယ့် ဘတ်စ်ကားက အဆင်သင့် စောင့်နေပါပြီ။ ထမင်းစားတဲ့သူတွေက စာရေးနေလို့ စားလို့ မပြီးသေးကြပါဘူး။ မနည်းဆော်သြယူမှာ အမြန်လက်စသပ်ပြီး ထမင်းစားပွဲတွေကို သန့်ရှင်းရေး လုပ်ပါတယ်။ အမှိုက်ထုပ်ကို သွားပစ်တဲ့လူက ပစ်ကြပေါ့။ အားလုံးပြီးတော့ ကမ့်တစ်ခုလုံး ဓါတ်ပုံစုရိုက်ကြပါတယ်။ ဓါတ်ပုံရိုက်ပြီးတော့ အထုပ်တွေဆွဲပြီး အိမ်ပြန်ခရီးကို စတင်ကြပါတော့တယ်။ အဲဒီလိုနဲ့ ၂၀၀၇ အတွက် လူငယ်ကမ့်တစ်ခု ပျော်ပျော်ရွှင်ရွှင် ချစ်ခင်ရင်းနှီးမှု အပြည့် အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပါတယ်။
ပုံ။ ။ အမည်စာရင်း ဖြည့်သွင်းနေကြစဉ်။

ပုံ။ ။ သင်တန်းဆင်း အောင်လက်မှတ် ပေးအပ်စဉ်။

No comments:
Post a Comment