.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, April 3, 2008

Money makes everything

ငွေ... ပိုက်ဆံ... အမျိုးမျိုးခေါ်ကြတယ်။ နိုင်ငံတိုင်းမှာ ငွေကြေးဆိုတာ ရှိကြတယ်။ နိုင်ငံရဲ့ကြွယ်ဝ ချမ်းသာမှုပေါ် မူတည်ပြီး ငွေကြေးရဲ့ ထည်ဝါမှုကလည်း ကွာခြားပြန်တယ်။ ဒေါ်လာ၊ စတာလင်ပေါင်၊ ယူရို တို့ကတော့ မျက်နှာကြီးမျိုးတွေပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ ကျပ်ငွေပေါ့။ ကျပ်ငွေလေးကတော့ မျက်နှာမွဲစာရင်းထဲမှာ ပါတာပေါ့ဗျာ။

ငွေဆိုတာ အရာရာကို ဖန်တီးနိုင်တယ်။ ငွေဆိုတာ အလွန်တရာကို အရေးကြီးတယ်။ ငွေရှိမှ လောကကြီးမှာ စိတ်ချမ်းသာမယ်။ စုံနေတာပါပဲ။ ငွေကို အလွန်တရာ ကိုးကွယ်တဲ့သူတွေ ပြောကြတဲ့စကားတွေပေါ့။ တချို့က ငွေကို လက်နက်အဖြစ် အသုံးချတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငွေက အရာအားလုံးကို ၀ယ်နိုင်တယ်လို့ ထင်ထားကြလို့ပါပဲ။

တကယ်တမ်း စဉ်းစားကြည့်ရင် မှန်သလိုလိုနဲ့ မမှန်ပါဘူး။ မှားသလားဆိုတော့လည်း မမှားပြန်ပါဘူး။ ဒါဆိုဘာလဲ... အမှန် မဟုတ်သော အမှန်တရားပေါ့။

ငွေမှာ တန်ခိုးပါဝါ ရှိပါတယ်။ ငွေနဲ့ ၀ယ်လို့ရတဲ့အရာတွေ အများကြီးရှိပါတယ်။ ငွေနဲ့ အစားအစာတွေ အ၀တ်အထည်တွေ ၀ယ်နိုင်ပါတယ်။ ဇိမ်ခံပစ္စည်းတွေ ၀ယ်နိုင်ပါတယ်။ ခြံဝင်းကျယ် အိမ်ကြီးရခိုင်တွေ ၀ယ်နိုင်ပါတယ်။ နောက်ဆုံးပေါ် ကားအကောင်းစားကြီးတွေ ၀ယ်နိုင်ပါတယ်။ အင်း... ဒီလိုဆိုတော့လည်း ငွေက ဘ၀မှာ အတော်ကို အရေးပါသလိုပါပဲ။

တချို့မိသားစုတွေမှာ သုံးစွဲရန် လောက်ငှတဲ့ငွေပဲ ရှိကြပါတယ်။ နေ့စဉ် စားသောက်စရိတ်ကို ကာမိရုံလေးပေါ့။ သူတို့မှာ ကိုယ်ပိုင်ကား မရှိကြပါဘူး။ သူတို့မှာ ခြံဝင်းကျယ်ကြီးနဲ့ အိမ်မရှိပါဘူး။ နောက်ဆုံးပေါ် အမ်ပီသရီးတို့ အမ်ပီဖိုးတို့ အိုင်ပေါ့ဒ်တွေ မ၀ယ်နိုင်ကြပါဘူး။ ဇိမ်ခံပစ္စည်းတွေလည်း မသုံးနိုင်ကြပါဘူး။ ဒါပေမယ့် ပျော်အောင် နေတတ်တဲ့ မိသားစုအဖို့ ငွေကြေး မချမ်းသာလည်း ပျော်ရွှင်မှုကို ခံစားကြရပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ကြပါတယ်။

သူဌေးအများစုကတော့ သူတို့ပျော်သလို မပျော်နိုင်ကြပါဘူး။ တစ်နေ့ တစ်နေ့ ငွေ ငွေ ဆိုတာပဲ သူတို့ ခေါင်းထဲမှာ ရောက်နေကြရင် ပိုဆိုးပြီပေါ့။ သူတို့တွေမှာ ဇိမ်ခံပစ္စည်းတွေ အများကြီး ၀ယ်ထားနိုင်ပေမယ့် အဲဒါတွေကို သုံးဖို့ အပန်းဖြေဖို့ အချိန်မရရှာကြပါဘူး။ နေ့တိုင်းနေ့တိုင်း မိုးလင်းမိုးချုပ် ငွေရှာဖို့အတွက် အလုပ်များနေကြပါတယ်။ အိမ်ပြန်ရောက်တော့လည်း ပင်ပန်းနေတာနဲ့ ဇိမ်ခံပစ္စည်းတွေကို မသုံးနိုင်ကြပါဘူး။ သူတို့တွေအနေနဲ့ အစားအသောက်ကောင်းတွေကို ၀ယ်စားနိုင်ပေမယ့် လုပ်ငန်းအတွက် စိုးရိမ်နေရတာနဲ့ပဲ ကောင်းကောင်း မစားနိုင်ရှာကြပါဘူး။ ကောင်းကောင်းလည်း မအိပ်နိုင်ရှာကြပါဘူး။

ဒါကြောင့် ပိုက်ဆံဟာ နာရီတစ်လုံးကို ၀ယ်နိုင်ပေမယ့် အချိန်ဆိုတာကို ၀ယ်လို့ မရနိုင်ပါဘူး။ ပိုက်ဆံနဲ့ အိပ်ရာကုတင်ကို ၀ယ်နိုင်ပေမယ့် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကိုတော့ ၀ယ်လို့ မရနိုင်ပါဘူး။ ပိုက်ဆံနဲ့ သွေးကို ၀ယ်လို့ရပေမယ့် အသက်ကိုတော့ ၀ယ်လို့ မရနိုင်ပါဘူး။ ပိုက်ဆံနဲ့ စာအုပ်ကို ၀ယ်လို့ရပေမယ့် အသိပညာကိုတော့ ၀ယ်လို့ မရပါဘူး။ ပိုက်ဆံက သူငယ်ချင်းများစွာကို ရနိုင်ပေမယ့် သူငယ်ချင်းအစစ်ကို ရဖို့ကတော့ မဖြစ်နိုင်ခဲ့ပါဘူး။ စစ်မှန်တဲ့ ခင်မင်မှုကို ငွေကြေးနဲ့ ၀ယ်လို့ မရနိုင်ပါဘူး။

ဒါပေမယ့် ကျွန်တော်တို့မှာ ပြည့်စုံလုံလောက်တဲ့ ငွေကြေးတော့ ရှိရပါမယ်။ ပိုက်ဆံမရှိရင် ပညာသင်လို့ မရပါဘူး။ ကျန်းမာရေး စောင့်ရှောက်မှု မလုပ်နိုင်ပါဘူး။ ပညာမသင်နိုင်ရင် အလုပ်အကိုင် ကောင်းကောင်း မရနိုင်ကြပါဘူး။ အလုပ်ကောင်းကောင်း မရရင် ၀င်ငွေကောင်းလည်း ရမှာ မဟုတ်ပါဘူး။ ငွေကို မုန်းတီးရမယ် ဆန့်ကျင်ရမယ်လို့ လုံးဝ မဆိုလိုချင်ပါဘူး။

တကယ်တမ်း ပြောချင်တာက လူတွေဟာ ပြီးပြည့်စုံတဲ့ဘ၀လေးမှာ အသုံးချရမယ့် ငွေရဖို့အတွက် အလုပ် လုပ်ကြပါ။ ဒါပေမယ့် ငွေနောက်ကို တရွတ်တိုက် လိုက်နေရင်း ဘ၀တစ်ခုလုံးက အချိန်တွေကို ပျော်ရွှင်မှု ခမ်းခြောက်ဆိတ်သုဉ်းပြီး မဖြတ်သန်းစေလိုပါ။ အလွန်တရာ လောဘမကြီးစေလိုပါ။ သင့်တင့်လျှောက်ပတ်တဲ့ နေထိုင်မှုပုံစံနဲ့ မိသားစုကို အချိန်ပေးကြပါ။ အနားယူ အပန်းဖြေကြပါ။ ၀ါသနာပါရာ အိမ်မက်တွေနဲ့ ကခုန်ကြပါ။ ကိုယ်ရှင်သန်ရာ လူ့လောက ပတ်ဝန်းကျင်ကို နိုင်သလောက်လေး အလှဆင်ကြပါ။ အကျိုးပြုကြပါ။

ငွေကြောင့် သင့်ဘ၀ မဆုံးပါစေနဲ့။

7 comments:

မေမိုးမခ said...

ပိုက်ဆံမရှိရင်လဲ ဘ၀အတွက်ရုန်းကန်ရတယ်
ပိုက်ဆံရှိပြန်တော့လဲ လောဘတက်တယ်
အော် လူ့လောကကြီးကို တရားမျှတအောင် ဘယ်လိုလုပ်ရမလဲ

Anonymous said...

လောကမှာ မရှိမကောင်းရှိမကောင်းက မိန်းမနဲ့ ငွေတဲ့ အကိုရ... ကျွန်တော်ကတော့ လက်ခံလိုက်ပြီ.. ဟီးဟီး..

JulyDream said...

မိုးမခရေ... တရားမျှတအောင် လုပ်ဖို့ မလိုပါဘူး ခင်ဗျ။ ငွေနောက်ကြီးပဲ မလိုက်နေပဲ ဘ၀ကို အကျိုးရှိရှိ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ရင်ပဲ လောကကြီးက လှပလာမှာပါ။

လွမ်းလုင်ရေ... တစ်ခုကျန်ခဲ့တဲ့ကွ။ အဲဒါက အာဏာပါ။ အာဏာကို အကျိုးရှိရှိ မှန်မှန်ကန်ကန် သုံးကြရင် အရာရာ လှပနေမှာပါ။ အာဏာကို တလွဲသုံးရင်တော့ ခံရတဲ့သူတွေရဲ့ ဘ၀ဆိုတာ ခါးသီးမှန်းသိလာကြမယ်လေ။

ယုန်ကလေး said...

ဂျူလိုင်ရေ
တကယ်တော့ ငွေဟာရှိရင်မကောင်း မရှိရင်မကောင်ပြန်ရော ဒါကြောင့်လူတွေက ငွေနောက်ကို လိုက်ကြပြီး လောဘတက်ကြတာမဟုတ်လား။ ဘယ်နိုင်ငံ မှာပဲ ကြည့်ကြည့် အကြီးအကဲတွေက အာကတိလိုက်စားမှု ဆိုတာ ရှိတာစမြဲပဲမဟုတ်လား တချိုကျပြန်တော့လည်း ဆင်းရဲတဲ့ဒဏ်ကို ခံနိုင်ပြီး ချမ်းသာတဲ့ဒဏကိုမခံနိုင်ကြပြန်ဘူးဖြစ်နေတယ်လေ

စိုးထက် - Soe Htet ! said...

ညီလေးရေ ... နောက်ဆုံးတော့ အစွန်းမရောက်တဲ့ အလယ်အလတ် လမ်းပါပဲ :)

ဒီဇင်ဘာနှင်း said...

ငွေကြောင့်လူတွေ ဒုက္ခရောက်နေကြရတယ်။ မျှတအောင် လုပ်နိုင်ရင် အကောင်းဆုံးပါ။

This is about... said...

ငွေနဲ. အရာရာကို လဲလို.ရတယ်လို. ထင်နေတဲ့ သူတစ်ယောက်၊ ငွေနဲ. အရာရာကိုဖြေရှင်းနိုင်တယ် လို.ထင်နေတဲ့ လူတစ်ယောက်ကို ကျွန်မ ကိုဇူလိုင်ရဲ. ဒီပိုစ့်လေးကို ဖတ်ဖို.ညွှန်းလိုက်ဦးမယ်။