.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, April 6, 2008

Save the Wildlife

အီးမေးလ်ကနေ ရထားတဲ့ National Geographic က ဆုရ ဓါတ်ပုံတွေကို ကြည့်မိရင်း ၀င်လာတဲ့ ခံစားချက် အတွေးစ ပိစိကွေးလေး တစ်ခုပါ။ တက္ကသိုလ်ကျောင်းတွေ လျှောက်ဖို့ ဖောင်တွေဖြည့်တော့ သစ်တောတက္ကသိုလ်ကို ဦးစားပေးလျှောက်ဖို့ လုပ်ခဲ့တာလေးကို အမှတ်တရ ပြန်ဖြစ်စေပါတယ်။ ငယ်တုန်းမှာ တောထဲတောင်ထဲ လှုပ်ရှားသွားလာချင်တဲ့ စိတ်ကလေးတစ်ခုနဲ့ အဲဒီကျောင်းကို တက်ချင်မိတာပါ။ နောက်ပြီး ကျောင်းပြီးရင် အလုပ်ရဖို့လည်း လွယ်တယ်လေဗျာ။

အဲဒီတုန်းက သစ်တောကို ဦးစားပေး ၁ မှာ ရွေးချယ်ချင်ခဲ့ပေမယ့် အိမ်က မိဘတွေက ဆေးတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်ကို ဦးစားပေး လျှောက်ဖို့ တိုက်တွန်းခဲ့ကြတယ်လေ။ အဲဒါနဲ့ပဲ နည်းပညာတက္ကသိုလ်ကို ဦးစားပေး ၁ အနေနဲ့ လျှောက်ခဲ့ပြီး ဆေးတက္ကသိုလ်ကို ဦးစားပေး ၂၊ သစ်တောတက္ကသိုလ်ကို အမှတ် ၃ နေရာကနေ လျှောက်လိုက်တယ်။ ဟိုကျောင်းတွေက မရွေးချယ်ခဲ့ရင် သစ်တောတက္ကသိုလ် တက်ခွင့်လေး ၀င်ခွင့်လေး ရကောင်းပါရဲ့ပေါ့။ ဒါပေမယ့် နည်းပညာတက္ကသိုလ်ကိုပဲ ရောက်ခဲ့ပါတယ်။ အဲဒါလေးကလည်း ကလေးဘ၀ အိမ်မက်တစ်ခုဆိုတော့လည်း အင်ဂျင်နီယာကျောင်းကို တက်လိုက်တာပေါ့။
ဓါတ်ပုံတွေက တောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝကို အပြည့်အ၀ ဖော်ကျူးပြသနိုင်တယ်။ အတော်လေးလည်း လှတယ်ဗျာ။ ဓါတ်ပုံထဲမှာတင် တောရိုင်းတိရစ္ဆာန်တွေရဲ့ ချစ်စရာကောင်းပုံလေးတွေကိုလည်း သတိထား မြင်နိုင်တွေ့နိုင်တယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး... တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး... ဆိုတာ နိုင်ငံအတွက် အလွန်ကို အရေးကြီးပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုးတွေနဲ့ နည်းနည်းများ စိမ်းနေသလားပဲ။ တောတောင်ရေမြေ သဘာဝတွေ သာယာလှလွန်းတဲ့ မြန်မာပြည်ကြီး နီးရဲ့နဲ့ ဝေးနေတာလား။ မြင်ပါများလို့ ငယ်... နမ်းပါများလို့ ပြယ် ကုန်ကြတာလား။
ဇီဝမျိုးပေါင်းစုံ ကြွယ်ဝတဲ့ တောတောင်ရေမြေ အင်းအိုင်မြစ်ချောင်းတွေ မြန်မာရေမြေမှာ ရှုမငြီးအောင် တွေ့ရမှာပါ။ ဒါပေမယ့် ကျွန်တော့်အမြင်မှာတော့ အဲဒီလိုအရာတွေကို တန်ဖိုးထား ထိန်းသိမ်းရကောင်းမှန်း မသိကြသေးဘူး။ အမြင်မကျယ်ကြသေးဘူး။ သစ်တောကြီးတွေကို သစ်နဲ့သစ်တောထွက်ပစ္စည်းတွေ ထုတ်လုပ်မှုတစ်ခုတည်း လုပ်နေမယ့်အစား တောတွင်းသဘာဝ အပန်းဖြေစခန်းကြီးတွေ ပြုလုပ်တာတွေ၊ တောရိုင်းတိရစ္ဆာန်တွေကို သတ်ဖြတ်ရောင်းချမယ့်အစား သဘာဝအတိုင်း ပြသတာတွေ၊ ပင်လယ်ကမ်းခြေမှာ ဘန်ဂလိုတွေ ပြွတ်နေအောင် ဆောက်မယ့်အစား သာယာတဲ့ကမ်းခြေ တန်ဖိုးမြင့်တဲ့ ကမ်းခြေတွေအဖြစ် ပြောင်းလဲတာတွေ လုပ်သင့်ပါတယ်။
မြန်မာပြည်မှာ အဲဒီလို ထိန်းသိမ်းရေးလုပ်ငန်းတွေ မရှိဘူးလို့ မဆိုလိုပါဘူး။ အလောင်းတော် ကဿပလို ကြိုးဝိုင်းသစ်တောတွေ၊ လှော်ကားဥယျာဉ်၊ မေမြို့ကန်တော်ကြီး၊ ဟူးကောင်းချိုင့်ဝှမ်း၊ မိုးယွန်းကြီးအင်း၊ အင်းလေးကန်၊ အင်းတော်ကြီး စတဲ့ သဘာဝပါတ်ဝန်းကျင်တွေကို ထိန်းသိမ်းနေတဲ့ နေရာတွေ ရှိကြပါတယ်။ ဒါပေမယ့် အားနည်းနေတုန်းပါ။ ငွေကြေးအင်အား ပြည့်စုံမှု မရှိသလို နည်းပညာပိုင်းမှာလည်း လိုအပ်ချက်တွေ ရှိကောင်း ရှိနိုင်ပါတယ်။ အဘက်ဘက်က ပံ့ပိုးမှု အားကောင်းစေချင်တယ်။
ဟိုတလောက ဂျာနယ်တစ်စောင်မှာ ဖတ်မိလိုက်ရတာကတော့ မြန်မာနိုင်ငံအပါအ၀င် အာရှ ၈ နိုင်ငံမှာ မိုင် ၅၀၀၀ ကျော် ရှည်တဲ့ ကျားထိန်းသိမ်းရေးစင်္ကြာတစ်ခုကို စီမံကိန်းချ ဆောင်ရွက်မယ်လို့ ရေးထားပါတယ်။ ကမ္ဘာမှာ နောက်ဆုံးကျန်ရစ်တဲ့ ကျားမျိုးစိတ်တွေအတွက် အကြီးမားဆုံး စုဝေးကျက်စားရာ နေရာတစ်ခုအဖြစ် ဖန်တီးသွားဖို့ပါ။ အဲဒီ စီမံကိန်းကို Tiger Forever ဆိုတဲ့အဖွဲ့အစည်းက ဆောင်ရွက်နေတာပါ။ စီမံကိန်းဧရိယာအရ ဘူတန်နိုင်ငံ ဒေသအများစု၊ အိန္ဒိယ မြောက်ပိုင်း၊ မြန်မာနိုင်ငံ၊ ထိုင်း၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်မှာပါ။ ဘူတန်နိုင်ငံရဲ့ ဘုရင်ကတော့ စီမံကိန်းကို သဘောတူ အတည်ပြုခဲ့ပြီး အခြားနိုင်ငံ ခေါင်းဆောင်တွေကိုလည်း ကူညီဖို့ တိုက်တွန်းသွားပါတယ်။
ကမ္ဘာမှာ ကျားမျိုး ကိုးမျိုးရှိပေမယ့် သုံးမျိုးက လုံးဝ မျိုးသုဉ်းသွားပါပြီ။ မြန်မာနိုင်ငံမှာတော့ ဘင်္ဂလားကျားမျိုးနဲ့ အင်ဒိုချိုင်းနားကျားမျိုးတို့ ကျက်စားနေထိုင်ပါတယ်။ ဟိုးရှေးခေတ် မြန်မာနိုင်ငံမှာ မြောက်ဘက်ပိုင်းက ကုန်းမြင့်ဒေသတွေကလွဲပြီး နေရာဒေသ အတော်များများမှာ ကျားကို တွေ့ရှိနိုင်ခဲ့ပါတယ်။ လူဦးရေ တိုးပွါးလာတာနဲ့အမျှ မြေယာအသုံးချမှုတွေ များပြားလာပါတယ်။ အဲဒီလိုနဲ့ တိရစ္ဆာန်တွေအတွက် ကျင်လည်ကျက်စားရာ နယ်မြေဒေသ ကျဉ်းမြောင်းသွားရပါတယ်။ အကျိုးဆက်က ကျားတွေအတွက် စားသုံးဖို့ သားကောင်တွေ လျော့နည်း ရှားပါးသွားပါတယ်။ ရိုးရာဆေးတွေ အဖြစ် အသုံးပြုဖို့ ကျားတွေကို အမဲလိုက် သတ်ဖြတ်မှုတွေရှိခဲ့ပြီး အမဲလိုက်ခြင်းကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်ခဲ့ပါဘူး။ အဲဒီလိုနဲ့ မြန်မာပြည်မှာ ကျားကောင်ရေ လျှော့နည်းကျဆင်းသွားပါတယ်။

၁၉၇၅ မှာ မြန်မာနိုင်ငံက ကျားနဲ့ ကျားထွက်ပစ္စည်းတွေ ရောင်းဝယ်ခြင်းကို တားမြစ်ခဲ့ပါတယ်။ ဥပဒေ လက်တစ်လုံးခြား လုပ်ပြီး မှောင်ခိုဈေးကွက်မှာ ကျားတွေ ရောင်းပန်းလှနေခဲ့ပါတယ်။ အဲဒီလိုပဲ ၂၀၀၀ ပြည့်နှစ် ပတ်ဝန်းကျင်မှာ ကျားနဲ့ အခြားတောရိုင်း တိရစ္ဆာန်တွေ ကျင်လည်ကျက်စားတဲ့ သစ်တောဧရိယာ ၂၅ ရာခိုင်နှုန်း ဆုံးရှုံးသွားခဲ့ပါတယ်။ ကျားမျိုးစိတ်တွေ ရေရှည် ရှင်သန်ရပ်တည် လှုပ်ရှားသွားလာဖို့အတွက် အကျယ်အ၀န်း စတုရန်းကီလိုမီတာ ၃၀၀၀ ကနေ ၁၅၀၀၀ အထိ လိုအပ်တယ်လို့ သုတေသနပညာရှင်တွေက ပြောကြပါတယ်။

၁၉၉၁-၉၂ ကွင်းဆင်းလေ့လာမှုတွေအရ ကျားကောင်ရေ လျှင်မြန်စွာ ကျဆင်းနေပါတယ်။ အလောင်းတော် ကဿပဒေသ၊ မဟာမြိုင်ဒေသနဲ့ ပန်းလောင်ပြဒါးလင်းဒေသမှာ အရင်က ကျားတွေ ရှိခဲ့ပေမယ့် အခုမှာ လုံးဝ ပျောက်ကွယ်သွားပါပြီ။ မှတ်တမ်းအရ ထမံသီမှာ ကျား ၅ ကောင်၊ ဟူးကောင်းချိုင့်ဝှမ်းမှာ ၁၅-၂၀ ကောင်၊ ဟူးကောင်းပတ်ဝန်းကျင်မှာ ၁၅-၂၀ ကောင်ပဲ ရှိကြပါတော့တယ်။ မှတ်တမ်းမတင်နိုင်တဲ့ ဒေသတွေမှာလည်း ကျားကောင်ရေက ၂ ကောင် ၃ ကောင်လောက်ပဲ ရှိကြပါတယ်။ အချိန်မှီ ထိန်းသိမ်းနိုင်မှု မလုပ်နိုင်ရင်တော့ မြန်မာ့မြေမှာ ကျားဆိုတာ ရှာတွေ့နိုင်မှာ မဟုတ်တော့ပါဘူး။

ဒါကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး... တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး... ဆိုတာတွေကိုလည်း ကိုယ်နဲ့မဆိုင်သလို လျစ်လျူမရှုထားကြပဲ အလေးအနက်ထား ကာကွယ်ကြပါစို့လားဗျာ။

10 comments:

su wai said...

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့၊ တောရိုင်းတိရစ္ဆာန်တွေ မျိုးမပြုန်းတီးအောင် ကာကွယ်စောင့်ရှောက်ရေးတို့ ဆိုတာ ဒီကလူတွေနဲ့ စိမ်းနေသေးတာ အမှန်ပါပဲ ကိုဇူလိုင်ရေ…။ ဒီလိုဗဟုသုတမျိုးတွေ ရှိလာဖို့ မီဒီယာသမားတွေ၊ နာမည်ရှိပြီးသား အနုပညာသည်တွေရဲ့ ၀ိုင်းဝန်းကူညီမှုလည်း လိုအပ်လိမ့်မယ် ထင်ပါတယ်။ အခုနောက်ပိုင်း စာရေးဆရာမဂျူးဆိုရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ဆိုင်တဲ့ ၀တ္ထုတွေ၊ ဆောင်းပါးတွေ ရေးလာတာ တွေ့ရပါတယ်။ မြန်မာ့ရေမြေမှာ ကျန်ရှိနေသေးတဲ့ ရှားပါးတိရစ္ဆာန်တွေကို အချိန်မီ ထိန်းသိမ်းနိုင်ဖို့အတွက်လဲ အသိပညာပေးဖို့ လိုနေပြီ ထင်တယ်နော်။

wynn.sun said...

ပြီးခဲ့တဲ့အပါတ်က State Darwin Museum, Moscow ကိုေ၇ာက်ခဲ့ပါတယ်..အခုပုံမှာပါတဲ့အကောင်တွေအားလုံးကိုတွေ့ ခဲ့တယ်.... အေ၇ခွံဆုတ်..အစာသွတ်ပြီး..အရုပ်အနေနဲ့ လေ :)

စိုးထက် - Soe Htet ! said...

ကန္တာရထဲက မြင်းကျားတွေ နဲ့ အရိပ် ဓါတ်ပုံတွေ ကောင်းတယ် ဗျို့ :D

ရွှန်းမီ said...

ဟုတ်.. အဲဒါလေးတွေ ခဏခဏ တွေးမိတယ်.. ဒီလို မရေးတတ်လို့ပါ..
သစ်ပင်တွေ အကောင်တွေ မရှိတော့ရင် လူတွေရော ဘယ်လို နေပါ့မလဲ လို့ . .
အပြန်အလှန် တည်မှီနေတဲ့ အကောင်တွေ အပင်တွေ မရှိရင် ရာသီဥတု ပျက်တာ၊ စိုက်ပျိုးမရ အစားအစာရှားတာတွေ ဆက်ဖြစ်လာဦးမှာ . . . သစ်တော ထိန်းသိမ်းရေးအကြောင်း ကြားတိုင်း အီဂျစ်ကန္တာရမှာ နေခဲ့တဲ့ လူတွေကို မြင်ယောင်မိတယ်။
ဘယ်လို ကူညီထိန်းသိမ်းရမယ် ဆိုတာတွေ သိချင်ပါသေးတယ်။

လွမ်းလုင် said...

ဟုတ်တယ် အကိုရ.. သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်ရမယ်ဗျ... နှစ်တွေကြာလေလေ ရှားပါး တိရိစ္ဆာန်တွေ တိုးလာလေပါပဲ.. ပို့စ်လေးနဲ့ ဓါတ်ပုံလေးတွေကတော့ တော်တော်လိုက်တယ်ဗျာ..

myatnoe said...

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ မြန်မာပြည်မှာ လုပ်သင့်နေပါပီ။
တာဝန်ရှိသူတွေက လက်မခံကြဘူး။ ဗဟုသုတ ခေါင်းပါးတာလား။ မဖြစ်နိုင်ဘူးလို့ ထင်နေကြတာလား။ ဘာလဲတော့မသိဘူး။
တကယ်ဆို နိုင်ငံတကာမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ဖို့ အသားကုန်ကြိုးပမ်းနေချိန်မှာ မြန်မာပြည်က တာဝန်ရှိသူတွေက အကြီးအကျယ် သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီး နေကြတာ ၀မ်းနည်း စရာပါပဲ။

နှံကောင် said...

သိပ်ကောင်းတဲ့ သတိပေးမှု တစ်ရပ်ပါပဲ .. ဒါပေမယ့် လူတော်တော်များများက နားမလည်နိုင်ကြတာခက်တယ်နော် .. အထူးသဖြင့် တို့မြန်မာပြည်ကြီးမှာပေါ့

Flores Online said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Flores Online, I hope you enjoy. The address is http://flores-on-line.blogspot.com. A hug.

ရွှေပြည်သူ said...

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်မှာ တော်တော်လေး အားနည်းနေသေးတဲ့ ကျွန်မတို့နိုင်ငံအတွက် ဒီလိုတိုက်တွန်းမှုမျိုးတွေ အများကြီးလိုအပ်ပါတယ်။ သိပ်တန်ဖိုးရှိတဲ့ Post တစ်ခုပါပဲ...

စိုးဇေယျထွန်း said...

ကျွန်တော်တို့ နယ်မှာနေတုန်းကတော့ ဗန်းမောက်ဘက်ကနေ လာပြီး ကျားသား လာလာရောင်းသာကိုတော့ ရံဖန်ရံခါ တွေ့ဘူးတယ်။
နောက်ပိုင်းမှာတော့ မရှိတော့ဘူး။ သူတို့ ပြောတဲ့ ၁၅ ကောင် အကောင်နှစ်ဆယ်ဆိုတာက သူတို့ ရေတွက်တဲ့ပုံ ထောက်ခြောက်ကင်မရာ ထောင်တယ်။ ခြေရာတွေ မစင်တွေ၊ ဒေသခံမျက်မြင်တွေဆီမှာ သတင်းအချက်အလက်တွေ ရယူပြီး တွက်ချက်တာ ဖြစ်တာကြောင့် အတိကျတော့ ပြောလို့မရဘူး။ ဒါပေမယ့် တောထဲမှာ နေတဲ့ ကျားတွေကို ရေတွက်ဖို့ဆိုတာကလည်း အဲဒီထက် ကောင်းတဲ့နည်းကလည်း မရှိပြန်ဘူး။

ဘာပဲဖြစ်ဖြစ် ကျားက အရင်တုန်းကထက် တစ်နေ့တစ်ခြားရှားသွားတယ် ဆိုတာတော့သေချာပါတယ်။