.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, June 30, 2008

We did it!

ဘာရယ်တော့ မဟုတ်ပါဘူး။ Firefox 3 ရဲ့ Guinness World Record ဖြစ်အောင် Download လုပ်တဲ့ပွဲမှာ ကျွန်တော် ဇူလိုင်တစ်ယောက်...... အုတ်တစ်ချုပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်ခဲ့ဖူးတာကို မှတ်တမ်းတင်ထားတဲ့ သဘောလေးပါပဲ။ အဲဒါလေးကို ရထားတာ ကြာပါပြီ။ Blog မှာ တင်မယ် တင်မယ်ဆိုပြီး မတင်ဖြစ်ပါဘူး။ ဒါကြောင့် အခုမှပဲ Blog မှာ အမှတ်တရလေးဖြစ်အောင် တင်ထားလိုက်ပါရစေ။ ကြွားတာ မဟုတ်ပါဘူးခင်ဗျာ။ အဟဲ...


We set a Guinness World Record for the most software downloads in 24 hours.
With your help we reached 8,002,530 downloads.

You are now part of a World Record and the proud owner of the best version of Firefox yet!

Saturday, June 28, 2008

Buu Yo... Bo Yuu?

အင်တာနက်နဲ့ လက်လှမ်းမှီလာတဲ့ ကျွန်တော်တို့တွေ Chatting တွေ၊ Blog တွေ၊ Forum တွေနဲ့ မစိမ်းတော့ပါဘူး။ အင်တာနက်နဲ့ ထိတွေ့နေတဲ့အချိန်တိုင်းမှာ ဒီအရာတွေထဲက တစ်ခုမဟုတ် တစ်ခုခုနဲ့တော့ ထိတွေ့ သုံးစွဲနေကြပါတယ်။ ကနဦးအစပိုင်းမှာတော့ မြန်မာစာကို သုံးဖို့အဆင်မပြေခဲ့ပါဘူး။ ကွန်ပျူတာမှာ မြန်မာလို စာမပေါ်သေးပါဘူး။ အင်္ဂလိပ်လိုပဲ ရေးကြ... အင်္ဂလိပ်ပဲ ဖတ်ကြ လုပ်ရပါတယ်။ မြန်မာလို ပြောချင် ရေးချင်တဲ့ အခါကျတော့ အင်္ဂလိပ်စာလုံးနဲ့ မြန်မာအသံထွက် ရအောင် ဆိုပြီး Burglish ဘားဂလစ်ရှ်တွေနဲ့ ရေးကြပါတယ်။

အခုနောက်ပိုင်းမှာတော့ မြန်မာလို ရေးလို့ရပါပြီ။ ဒါကြောင့် မြန်မာလိုရေးတဲ့ Blog တွေ အများကြီး ပေါ်ထွက်လာခဲ့ပါတယ်။ ဂျီတော့ခ်မှာလည်း မြန်မာလို ရိုက်ပြီး စကားပြောလို့ ရလာပါပြီ။ အင်္ဂလိပ်လို့ မပြောနိုင် မဆိုနိုင်ခဲ့တဲ့ တချို့စကားလုံးတွေကို မြန်မာလို ပြောနိုင်ဆိုနိုင်တဲ့အတွက် နားလည်မှု ရှင်းလင်းမှု ပိုရလာပါတယ်။ အင်္ဂလိပ်လို ရေးပြီးပြောရင် လေသံအနေအထားကို ခွဲခြားနိုင်မှုက အားနည်းတဲ့အတွက် စိတ်ဆိုးလို့ ပြောတဲ့ စကားလား... စ နောက်နေတဲ့ စကားလား... ရီစရာ ပြောနေတာလား... ကို ခွဲခြားနိုင်မှုမှာ အားနည်းကြပါတယ်။ အဲဒီတော့ အထင်လွဲတာတွေ၊ နားလည်မှုလွဲတာလေးတွေ ဖြစ်တာကို မကြာခဏ ကြုံတွေ့ရပါတယ်။ တချို့ကျတော့ ဒီပြသနာကို Smiley Icons လေးတွေ သုံးပြီး ဖြေရှင်းပါတယ်။ အင်း အဲဒီ Smiley Icons လေးတွေ ပါမသွားရင်တော့ နားလည်မှုတွေ ထပ်လွဲကျပြန်ရောပေါ့။ မြန်မာလို ရေးပြီး ပြောနိုင်တဲ့အခါကျတော့ အဲဒီလို နားလည်မှု လွဲတဲ့ကိစ္စလေးတွေ လျှော့ပါးသွားပါတယ်။

အခုအချိန်မှာတော့ မြန်မာလိုရေးသားတဲ့ Chatting တွေ၊ Blog တွေ၊ Forum တွေ များပြားလာပါတယ်။ အင်္ဂလိပ် ရေးတဲ့ Blog တွေ နည်းပါးသွားပါတယ်။ ဂျီတော့ခ်မှာလည်း အများစုက မြန်မာလိုပဲ ရိုက်ပြီး ပြောကြဆိုကြပါတယ်။ အဲဒီမှာ စတင်ပြီး ချိန်ခွင်လျှာက ပြောင်းပြန်ဖြစ်လာပါတယ်။ မြန်မာလိုရေးနေတဲ့ အသိုင်းအ၀ိုင်းထဲမှာ အင်္ဂလိပ်လို ရေးတဲ့ ပြောတဲ့လူတွေကို ဘိုရူး... ဘူးယို ဆိုပြီး နောက်ပြောင် ကျီစယ်ကြပါတယ်။ တချို့ကျတော့ ခင်လို့မင်လို့ ကျီစယ်တာပါ။ တချို့ကျတော့ တမင်တကာ အပြစ်ရှာ ကဲ့ရဲ့ချင်လို့ ပြောတာမျိုးပါ။ အခုနောက်ပိုင်း Post တွေ တင်ပြီး အမှားတွေရှာ သိက္ခာချတဲ့ အဆင့်အထိ ရောက်ရှိလာကြပါတယ်။

ဒီလိုနဲ့ အင်္ဂလိပ်လို ရေးသား ပြောဆိုမိတဲ့လူတွေဟာ အပြစ်တစ်ခုရှိသလို ခံစားမိလာတတ်ကြပါတယ်။ မြန်မာစာလုံး Font မရှိတဲ့ ကွန်ပျူတာက တခြားလူနဲ့ စကားပြောနေတဲ့အချိန်မှာ အင်္ဂလိပ်လိုပဲ စာရိုက်ပြီး ပြောဆိုနေရတဲ့အကြောင်း ကြိုတင် တောင်းပန်စကားတွေ ပြောဆိုပြီး Chatting ၀င်နေကြတာကိုလည်း ကြုံဖူးရပါပြီ။ မြန်မာစာလုံး မရှိရင် ထည့်ထားပေါ့လို့ လွယ်လွယ် ပြောဖို့ မစဉ်းစားပါနဲ့အုံး။ မြန်မာပြည်က အင်တာနက်ကဖေးတွေရဲ့ စက်တွေမှာ မြန်မာစာ စာလုံးရှိမယ် မရှိဘူးဆိုတာ မသေချာသလို ကိုယ်တိုင် Install လုပ်ဖို့ဆိုတာလည်း အခွင့်အရေး ရှိချင်မှ ရှိမှာပါ။

တစ်ခါက ကျွန်တော်ကို သူငယ်ချင်းတစ်ဦးက ဂျီတော့ခ်မှာ လာပြောပါတယ်။ "ငါ... ငါ့အိမ်ကလူတွေနဲ့ စကားပြောနေလို့ အင်္ဂလိပ်လို ပြောနေတာပါ။ တော်ကြာ ဘိုရူးလို့ အထင်ခံရမှာ စိုးလို့ ဘိုရူး မဟုတ်ဘူးနော် တဲ့" ဗျာ။ ကျွန်တော့်အနေနဲ့ ဒီလို လာပြောတာမျိုးကို မြင်ရတဲ့အခါ စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်မိပါတယ်။ သူ့အနေနဲ့ ကိုယ့်ဘာသာကိုယ် အင်္ဂလိပ်လို ရေးသားသုံးနှုန်းတာ အပြစ်တစ်ခုလို ခံစားမိနေရလို့လားပေါ့။ မြန်မာပြည်က လူတွေ တစ်ယောက်နဲ့ တစ်ယောက် ပြောဆို ဆက်ဆံတဲ့အခါမှာ အင်္ဂလိပ်လို သုံးမိရင် အဲဒါ အပြစ်လားဗျာ။

တကယ်တော့ ဘာသာစကားဆိုတာ လူအချင်းချင်း ဆက်သွယ်နိုင်ဖို့ပါ။ လူနှစ်ယောက်ကြားမှာ ဘယ်လို ဘာသာစကားပဲ သုံးနေပါစေ... အဲဒီလူ ၂ ယောက်စလုံး အဆင်ပြေပြေ နားလည် သဘောပေါက်ဖို့က အဓိကပါ။ အင်္ဂလိပ်စာကို သုံးနေ... ရေးနေတိုင်း သွေးနထင်ရောက်နေတဲ့ ဘိုရူး... လို့ ယူဆလို့ မရပါဘူး။ အဲဒီလို ဘိုရူးတွေ မရှိဘူး မဟုတ်ပါဘူး။ ရှိမှာပါ။ ဒါပေမယ့် တစ်ဦးချင်းရဲ့ ခံယူချက် စိတ်ဓါတ်တွေနဲ့ပဲ ဆိုင်မှာပါ။ နိုင်ငံခြားမှာ အနေကြာလို့ ငပိအနံ့တောင် မခံနိုင်တော့ဘူး။ ချိစ်နဲ့ ပေါင်မုန့်ပဲ စားတတ်တယ်... ပီဇာပဲ ကြိုက်တယ် ဆိုတဲ့ အဝေးရောက် မြန်မာပြည်သားတွေ ရှိသလို... မြန်မာပြည်က ငပိကို တကူးတက မှာယူ စားသောက်နေတဲ့ လူစားတွေလည်း အများကြီးပါ။

တကယ်တော့ အင်္ဂလိပ် ပြောဆို ရေးသားတာမျိုးကို ကျွန်တော်တို့ ပိုလို့တောင် အားပေးသင့်ပါတယ်။ ဒီခေတ် ဒီအချိန်အခါမှ မဟုတ်ပါဘူး။ ရှေးနှစ်ပေါင်း ၁၀၀ ကျော်ကတည်းက အင်္ဂလိပ်စာ တတ်ရင် ဘယ်လိုနေရာမျိုးမှာ ဘယ်လို အဆင်ပြေသလဲ ဆိုတာကို မြင်တွေ့ ကြားသိဖူးခဲ့မှာပါ။ စင်္ကာပူလို သယံဇာတ ဘာမှမရှိတဲ့နိုင်ငံ ပေါက်စနလေးမှာတောင် ကောင်းမွန်မှန်ကန်တဲ့ ခေါင်းဆောင်မှုအောက်ကနေ ပြည်သူပြည်သားတွေရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုနဲ့အတူ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားခဲ့တာကို မြင်တွေ့ရမှာပါ။

ဒီခေတ်ကြီးမှာ အင်္ဂလိပ်စာ တတ်ကျွမ်းနားလည်တဲ့ လူအဖို့ နေရာကောင်းတွေ အခွင့်အလမ်းကောင်းတွေ ဆီးကြိုနေတယ်ဆိုတာကို လူတိုင်းနီးပါး လက်ခံထားကြပါတယ်။ ကျွန်တော်တို့ရဲ့ မြန်မာစာနဲ့ နိုင်ငံတကာမှာ လူဝင်ဆံ့ဖို့ဆိုတာ ရွှေပြည်တော် မျှော်တိုင်းဝေးပါသေးတယ်။ ဂျပန်တွေလို အင်္ဂလိပ်စာမသုံးပဲ... ဂျပန်စာပဲ ရအောင် သုံးမယ်ဆိုရင်တော့ ဂျပန်တွေလို တော်အောင် ကြိုးစားလုပ်ကိုင်ကြပါ။ အခုလောလောဆယ်မှာတော့ ကျွန်တော်တို့တွေ ၀ မရှိပဲ ၀ိ မလုပ်ချင်ကြပါနဲ့လို့ ပြောချင်ပါတယ်။

တခါတလေ ကျွန်တော်လည်း ဘူးယို လုပ်ပါတယ် ခင်ဗျာ။

Thursday, June 26, 2008

Big brother is watching

စောင့်ကြည့်ခြင်း ခံရတာကို လူတိုင်း သဘောကျမယ် မထင်ပါဘူး။ ကိုယ်ဘက်က အမှားရှိသည်ဖြစ်စေ... မရှိသည်ဖြစ်စေ... စောင့်ကြည့်ခံနေရတာ ကိုယ်ရဲ့ ပုဂ္ဂလိကလွတ်လပ်မှုကို ထိပါးတယ်လို့ ခံစားမိပါတယ်။ ဒီခေတ်မှာတော့ အဲဒီလို စောင့်ကြည့်ခံရတာက မသိမသာလေးရော သိသိသာသာရော ရှိနေပါပြီ။

ကုမ္ပဏီရုံးခန်းတွေ၊ စီးပွါးရေး အဆောက်အုံတွေမှာ CCTV ကင်မရာတွေ တပ်ဆင်ထားတော့ ကိုယ်ရဲ့ နိစ္စဓူဝ လှုပ်ရှားမှုတွေကို စောင့်ကြည့်ခံနေရမှာ အသေအချာပါပဲ။ အဲဒီလိုပဲ Shopping mall တွေ... Car Parking တွေမှာလည်း အဲဒီလို ကင်မရာတွေ တပ်ဆင်ထားကြပါတယ်။ ကားလမ်းပေါ်မှာလည်း ဒီလိုကင်မရာတွေ ရှိနေပြန်ရော။ Warehouse တွေ၊ သဘောင်္ဆိပ်ကမ်းကြီးတွေမှာလည်း ဒီကင်မရာတွေက အတော်လေး နေရာယူထားကြပါတယ်။ တချို့နေရာတွေမှာတော့ အဲဒီလို ကင်မရာတပ်ဆင်ထားကြောင်းကို စာတမ်းကပ်ပြီး အသိပေးထားပါတယ်။ တချို့နေရာတွေမှာတော့ ဘာမှ မရေးထားပါဘူး။

ကင်မရာလေးနဲ့ မသိမသာ စောင့်ကြည့်ခံရတာက ကိစ္စ သိပ်မရှိပေမယ့် ပေါ်ပေါ်ထင်ထင် သိသိသာသာကြီး စောင့်ကြည့်ခံရတဲ့အခါ စိတ်ထဲမှာ မလွတ်မလပ်ကြီး ဖြစ်နေတတ်ပါတယ်။ လူ တစ်ဦးတစ်ယောက်ရဲ့ အနီးကပ် စောင့်ကြည့်နေတာကို ခံနေရပြီဆိုရင်တော့ အတော်လေးကို စိတ်ကြီးကိုမှ ညစ်ရပါတယ်။ တချို့ကျတော့ စောင့်ကြည့်ပါလို့ တာဝန်ပေးခံထားရလို့ စောင့်ကြည့်နေတာပါ။ တချို့ကျတော့ ဘယ်သူမှ မခိုင်းရပဲနဲ့ ပင်ကိုယ်ဗီဇ ၀ါသနာအရ လုပ်ပေးတတ်ပြန်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ရွာမှာဆိုပါတော့။ အဟဲ...

အခုတလော ရွာမှာ... ကျွန်တော်တို့က စပ်စုစိန်လို့ ခေါ်တဲ့ တစ်ယောက်က ကျွန်တော်တို့ကို တိုက်ရိုက်တော့ မမေးသေးပဲ အနီးတ၀ိုက်က လက်ဖက်ရည်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေမှာ လာလာမေးပါတယ်။ သူတို့တွေ ဘာလုပ်နေကြတာလဲပေါ့။ ဒီလူငယ်တွေ ဟိုနားမှာလည်း တွေ့ရ... ဒီနားမှာလည်း တွေ့ရ... ဘာတွေ အလုပ်များနေသလဲပေါ့။ ဒါပေမယ့် သူက သိရုံလေး သိချင်လို့ ကောင်းကောင်းမွန်မွန် ချိုချိုသာသာ မေးတာပါ။ စပ်စုတာပေါ့ဗျာ။ ဒါကြောင့် ရွာက သူကို စပ်စုစိန်လို့ ခေါ်ကြတာ မလွန်ပါဘူးလေ။

သူ့လိုပဲ ရွာက အရက်သမား ဆားပုလင်း ပါလေရာ ကြွက်သိုးကလည်း ဘာတွေ ကြည့်မရဖြစ်နေလဲ မသိဘူး။ ဟိုသွားဒီသွား လုပ်နေတာကို မြင်ရလို့ မျက်စိနောက်တယ်... ကြည့်မရဘူး... သတိထားနေကြ ဆိုပြီး ရူးသလို ပေါသလို လာလာ ပြောနေသေးတယ်။ လက်သီးလက်မောင်းကြီးကို တန်းလို့... အာပေါင်အာရင်း သန်သန် ပြောလို့... ဗျာ။ တကယ်ပဲ မူးနေတာလား... မူးချင်ယောင်ဆောင်ပြီး အာကျယ်နေသလားတော့ မသိပါဘူး။ အဲဒီကောင်လည်း ကျွန်တော့်တို့ အနားတ၀ိုက်မှာ ယောင်လည်လည် လုပ်နေတာ တစ်ပတ် မကတော့ဘူးဗျ။ အရက်ဖိုးတောင်းဖို့တော့ မဟုတ်လောက်ပါဘူးနော့်။

သြော်... 5 Seriesက ပြတဲ့ မြန်မာစာတန်းထိုး ကိုရီးယားကား နတ်သမီးနဲ့ လူလိမ် ဆိုတဲ့ ဇာတ်လမ်းတွဲထဲက ပြောသလိုပေါ့ဗျာ။ ခေါင်းလို့ညွှတ် ခါးလေးကိုင်းပြီး... လေးစားပါတယ်... တာဝန်ကျေကြပါတယ်... ခင်ဗျာ။ ဒါပေမယ် ကျွန်တော့်တို့ နေရခက်ပါတယ်။ စောင့်ကြည့်ခံနေရတာ မလွတ်လပ်ပါဘူး။ သိတာသိစေ မမြင်စေနဲ့ ဆိုတဲ့ မြန်မာစကားလေးကို နားလည်စေချင်ပါတယ်။ စပ်စုတာကို လက်ခံပါတယ်။ သိချင်တာကို နားလည်ပါတယ်။ ဒါပေမယ့် မူးသလို ရူးသလိုနဲ့တော့ ဟောက်စား မလုပ်ကြပါနဲ့။ ထောင်တန်တဲ့စကားတွေ ပြောနေတာ မဟုတ်ပါဘူး။ ထောင်တန်တဲ့ အလုပ်တွေ လုပ်နေတာ မဟုတ်ပါဘူး။ အဖြူရောင်လေးတွေပါ။ ကျေးဇူးပြုပြီး အရောင်မဆိုးပါနဲ့ လောကကြီးရေ...

Tuesday, June 24, 2008

Millions of problems

ဒီရက်တွေ ပြသနာပေါင်း သိန်းသန်းချီနေသလိုပဲ။ ၀ါသနာပါလို့ ၀ိုင်းလုပ်ပေးနေတဲ့ လူမှုရေးလုပ်ငန်းတွေမှာ အတော်လေးကို စိတ်ညစ်နေရပါတယ်။ စိတ်ဓါတ်လည်း ကျရပါတယ်။ ကိုယ်တွေက လုပ်ပေးစရာရှိတာကို လုပ်ပေးတာဖြစ်ပေမယ့် လောကဓံက အမြဲရိုက်ပုတ်နေသလိုပါပဲ။

ဟိုတလောက ကိုညီလင်းဆက်တို့နဲ့ လိုက်သွားတဲ့ သူငယ်ချင်းတစ်ဦးက လပွတ္တာမှာ အိမ်သာတွေ ဆောက်ဖို့ လုပ်မယ်ဆိုတာနဲ့ လုပ်ကြတာပေါ့ ဆိုပြီး စီစဉ်ကြတာပေါ့။ ရန်ကုန် ကြည့်မြင်တိုင် ဟိုဘက်ကမ်းရွာတွေက အိမ်သာတွေကို အရင် လက်စသပ်ကြပါတယ်။ အဲဒါတွေ လက်စသပ်ပြီးတာနဲ့ လပွတ္တာမှာ အခန်းတွေ ငှား၊ စက်လှေတွေ ငှားပြီး ရွာတွေမှာ အိမ်သာတွေ လိုက်ဆောက်ဖို့ ကြံရွယ်ထားတယ်။ ကိုညီလင်းဆက်တို့ ဆောက်ခဲ့တဲ့ ရွာတွေမှာ အိမ်သာတွေ လိုက်ဖြည့်မယ်ပေါ့။

အခုလတ်တလောလေးမှာပဲ လပွတ္တာမြို့ပေါ်မှာ အိမ်ငှားခတွေက သုံးဆလောက် ခုန်တက်သွားတယ်။ အစက တစ်လကို ၈ သောင်းလောက်ပဲ ပေးရတာ အခု ၂ သိန်းခွဲ ၃ သိန်းတွေ ဖြစ်သွားပါတယ်။ လှေငှားခကလည်း ၃ သိန်းခွဲနဲ့ ၄ သိန်းကြားမှာပါ။ နောက်ပြီး အဲဒီလို ငှားတဲ့အခါကျရင် တစ်လတည်း ငှားလို့မရပါဘူး။ အနည်းဆုံး ၃ လ ငှားရပါမယ်တဲ့။ ကျွန်တော်တို့ ဆောက်မယ့် အိမ်သာတွေက ၁ လ ၂ လ အတွင်း ပြီးသွားရင် နောက်ထပ် ၁ လ က ဘာလုပ်ဖို့ ငှားထားရမလဲဗျာ။ လှေငှားတာလည်း ဒီလိုပါပဲ အနည်းဆုံး ၃ လနဲ့ ၆ လ ကြား စာချုပ် ချုပ်ရမယ်တဲ့။ အဲဒီမှာတင် သိန်း ၂၀ လောက် ကုန်ပြီဗျာ။ ဆင်ဖိုးတင် မကဘူး ချွန်းဖိုးကလည်း မသေးဘူး ခင်ဗျ။

နောက်တစ်ခုက သစ်ပါ။ သစ်ဈေးတွေလည်း တက်သွားပါတယ်။ လိုချင်သလောက်လည်း ရဖို့ မရှိပါဘူး။ လပွတ္တာ အနားတ၀ိုက်မှာ ၀ယ်လို့မရတာ သေချာသလောက် ဖြစ်နေလို့ ရန်ကုန်က ၀ယ်နေကျဆိုင်မှာပဲ ၀ယ်ဖို့ စီစဉ်ထားပါတယ်။ အဲဒါကြောင့် စပေါ်ငွေ ၄ သိန်းကို အရင်ပေးထားရပါတယ်။ စပေါ် မပေးထားရင် သစ်က ရဖို့ မသေချာလို့ပါ။ ပြီးရင် အဲဒီ သစ်တွေကို လပွတ္တာမြို့ကို သယ်ဖို့ ကားခက တစ်ခေါက်ကို ၅ သိန်းပါ။ အဲဒီတော့ ဆောက်မယ်လို့ ရည်ရွယ်ထားတဲ့ အိမ်သာအားလုံးအတွက် သစ်တွေ ပစ္စည်းတွေကို သေချာ တွက်ချက်ပြီး အပိုဝယ်ထားရပါမယ်။ ပြီးတော့ အားလုံးကို တစ်ခါတည်းနဲ့ အပြီး သယ်ရပါမယ်။ ပစ္စည်းတွေကို အခါခါ သယ်နေလို့ကတော့ ကားခနဲ့တင် မွဲပြာကျပါတော့မယ်။

နောက်တစ်မျိုးက လက်သမားဆရာပါ။ ကိုညီလင်းဆက်တို့ အတွေ့အကြုံအရ ရွာတွေမှာ ၀ိုင်းပြီးကူညီ လုပ်ပေးကြတဲ့ အင်အား အရမ်းနည်းပါတယ်။ သေချာ မကြီးကြပ်နိုင်ရင် ဖြစ်သလို လုပ်သွားတာတွေ ရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က လက်သမားဆရာ ၂ ဖွဲ့ ခေါ်သွားပြီး ရွာတွေမှာ ညအိပ်... တခါတည်း အိမ်သာတွေ ဆောက်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ရွာသားတွေသာ ၀ိုင်းကူရင်တော့ အိမ်သာတွေက အမြန်ပြီးမှာပေါ့။ သူတို့ရဲ့ လက်ခက ကိစ္စမရှိပေမယ့် စားဖို့သောက်ဖို့ စီစဉ်ရမှာက ခေါင်းခဲစရာပါပဲ။ ဒီကနေ ဆန်တွေ စားစရာတွေ တခါတည်း ၀ယ်သွားရပါမယ်။

အဲဒီတွေအတွက် လုံးပန်းနေရတဲ့အထဲ အဖွဲ့ရုံးခန်းအနေနဲ့ ရန်ကုန်မှာ ငှားထားတဲ့ တိုက်ခန်းက ဆက် မငှားတော့ဘူး လုပ်ပြန်ရော။ အိမ်ငှားတယ်ဆိုတာက လူ နေဖို့ထက် ၀ယ်ထားတဲ့ ပစ္စည်းတွေ ထားဖို့က ပိုအရေးကြီးလို့ ၆ လငှားမယ်ဆိုပြီး ငှားထားတာပါ။ အဲဒီ ပစ္စည်းတွေကို တစ်နေရာကနေ တစ်နေရာ ရွေ့ရပြုရတာ မလွယ်ပါဘူး။ ရွေ့တာနဲ့အမျှ ကားငှားရမှာဆိုတော့ ပိုက်ဆံက ကုန်မှာလေ။ ဘာဖြစ်လို့ ဆက်မငှားတာလဲ မေးတော့ လူအ၀င်အထွက် များလွန်းလို့တဲ့။ နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို လုပ်နေရတဲ့အချိန်မှာ ကျွန်တော်တို့ တစ်ကိုယ်တော် သိုင်းသမားတွေ လုပ်လို့ မရပါဘူး။ ၀ိုင်းလုပ်ပေးမယ့် လူအင်အားဆိုတာ လိုပါတယ်။

နောက်... ကျွန်တော်တို့ လုပ်နေတာ တစ်နေရာတည်း မဟုတ်ပါဘူး။ ရေမရခဲ့တဲ့ကာလမှာ ရန်ကုန်မြို့တွင်းက မြို့နယ်ခြောက်ခုက နေရာ ၈ ခုမှာ ရေစက်တွေ မီးစက်တွေနဲ့ အ၀ီစိတွင်းရေရအောင် လိုက်မောင်းပေးခဲ့တယ်။ ဘိုကလေးမှာ ရေသန့်ဆေးပြားတွေကို ရွာတွေအထိ လိုက်လံ ဝေငှခဲ့ပါတယ်။ တောင်ဒဂုံ၊ အရှေ့ဒဂုံ က ရပ်ကွက်တွေမှာ စားစရာတွေ၊ ဆန်တွေ၊ ဆပ်ပြာမှုန့်၊ အ၀တ်အထည်တွေ လိုက်ဝေငှပါတယ်။ ကြည့်မြင်တိုင် တစ်ဖက်ကမ်းက ရွာငါးရွာကို အိမ်သာတွေ ဆောက်ပေးခဲ့ပါတယ်။ လပွတ္တာက ရွာတွေမှာ အိမ်သာဆောက်မယ်။ နဂိုမူရင်း သွေးလှူဒါန်းတဲ့ လုပ်ငန်းကလည်း ဆက်လုပ်နေတုန်းပါပဲ။ ကဲ... အဲဒီတော့ လူအ၀င်အထွက်က များပြီပေါ့ဗျာ။

အိမ်ခန်းတစ်ခုတည်းလား ဆိုတော့ မဟုတ်ပေါင်။ ငှားထားတဲ့ ဟန်းဖုန်းကလည်း ဒီလကုန်ရင် ပြန်အပ်ရမယ်တဲ့။ ထပ်မငှားတော့ဘူးတဲ့။ အဲဒါနဲ့ ဟန်းဖုန်းငှားဖို့ လုပ်ရပြန်ရော။ အဖွဲ့မှာက ဟန်းဖုန်းမရှိရင် သွေးလိုတဲ့ လူနာတွေအနေနဲ့ ဆက်သွယ်မှုရဖို့ အရမ်းခက်ခဲပါတယ်။ ဟန်းဖုန်းငှားမယ့်သူ ရှိပြန်တော့လည်း ၄ လပဲ ငှားမှာတဲ့။ ၄ လပြည့်ရင် ပြန်ပေးရမယ်တဲ့။ အဲဒီလို လပိုင်း လပိုင်းလေးတွေ ငှားရတာ အဆင်မပြေပါဘူး။ ဖုန်းနံပါတ် ခဏခဏ ပြောင်းနေရင် ဆေးရုံတွေမှာ လိုက်ပြီး ဖုန်းနံပါတ်ပြောင်းကြောင်း အသိပေးရမှာပါ။ ကျွန်တော် ၀ယ်ဖို့ လုပ်ထားတဲ့ ဟန်းဖုန်းကလည်း လူကြီး အပြောင်းအလဲမှာ တစ် နေတယ်။ အစက ဇွန်လမှာ ထွက်ဖို့ရှိတယ်။ အခုချိန်ထိ ဖုန်းက ထွက်မလာသေးဘူး။ နောက်ဇူလိုင်လ အထိ မသေချာသေးပါတဲ့။ အဲဒါနဲ့ ဟန်းဖုန်းကိစ္စလည်း ခေါင်းခဲနေရပါတယ်။

အဲဒီလို မြောက်မြားစွာသော ပြသနာတွေကို သူငယ်ချင်းတွေနဲ့အတူ ခေါင်းရှုပ်ခံ ဖြေရှင်းရင်း...

Friday, June 20, 2008

Thank you, News guys

ဒီခေတ်ဂျာနယ်သမား လူငယ်တွေ တာဝန်ကျေကြပါတယ်။ လေးစားရုံမက ကြည်ညိုတယ်လို့တောင် ဆိုလိုက်ချင်ပါတယ်။ ဂျာနယ်တွေရဲ့ ကျေးဇူးကြောင့်သာ ဒါလောက် မြန်မြန်နဲ့ များများကြီး ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ပြည်သူပြည်သားအားလုံးက ဂုဏ်ပြုမှတ်တမ်းတင်ကြမှာပါ။ "ဂျာနယ်အသက် တစ်မနက်" လို့ နှိမ့်ချတတ်တဲ့ အသိုင်းအ၀ိုင်းက လူများလည်း အသိအမှတ် မပြုဘဲ နေနိုင်လိမ့်မယ် မထင်ပါဘူး။

သတင်းစာတို့၊ ဂျာနယ်တို့ဆိုတဲ့ သတင်းလုပ်ငန်းများမှာ လုပ်ကိုင်နေကြသူ သတင်းသမားများဟာ သမိုင်းဖန်တီးသူများ မဟုတ်ကြပေမယ့် သမိုင်းကို မကြောက်နိုင်အောင်၊ မကွယ်နိုင်အောင်၊ မလိမ်နိုင်အောင်၊ မကွယ်ဝှက်နိုင်အောင် အချက်အလက် အထောက်အထားတွေကို မှန်မှန်ကန်ကန် တိတိကျကျ မှတ်တမ်းတင်ပေးသူများ ဖြစ်ကြပါတယ်။ အဲဒါကြောင့် ဥာဏ်အမြော်အမြင် ကြီးမားသူ နိုင်ငံခေါင်းဆောင်များ၊ အစိုးရများက သတင်းစာနဲ့ သတင်းဂျာနယ် မဂ္ဂဇင်းများကို စတုတ္ထမဏ္ဍိုင်နေရာမှာ ထိုက်ထိုက်တန်တန် ထားကြတာဖြစ်တယ်။ ရှေးပဒေသရာဇ်ခေတ်အခါက "ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့မိဖုရား မကောင်းလျှင် ငါ့မိဖုရားကို ရေး" ဆိုတဲ့ မင်းတုန်းမင်းတရားကြီးရဲ့ မိန့်ကြားတော်မူချက်ဟာ အထင်ရှားဆုံး သာဓက တစ်ခုအဖြစ် သမိုင်းမှာ မှတ်တမ်းတင် ကျစ်ရစ်ခဲ့တာ ဖြစ်ပါတယ်။

မင်းတုန်းမင်းတရားကြီး ကိုယ်တော်တိုင်ရဲ့ အားပေးမှုကို ရလေတော့ ရတနာပုံ နေပြည်တော် သတင်းစာဟာ အဲဒီခေတ် အင်္ဂလိပ်လက်အောက်ရောက်၊ ရန်ကုန်မြို့ကျ အင်္ဂလိပ်လူမျိုးတွေ ထုတ်ဝေတဲ့ သတင်းစာများနဲ့ ကောင်းကောင်းကြီး ရင်ပေါင်တန်းနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်ဖို့ အဓိက အကျဆုံး ကူညီအားပေးသူက မင်းတုန်းမင်းတရားကြီးဖြစ်ပြီး ဒုတိယကတော့ သတင်းစာဖတ် ပရိသတ် ပြည်သူပြည်သားများ ဖြစ်ပါတယ်။ အဲဒီခေတ်က သတင်းစာတိုက် ဆိုပေမယ့် စာရေးတော်ကြီးလို့ ခေါ်တဲ့ ဦးအဟီးနဲ့ ဘိုးဝဇီရတို့အပြင် တခြားသတင်းထောက်ရယ်လို့ မရှိပါဘူး။ သတင်းစာပါ သတင်း အတော်များများဟာ သတင်းစာဖတ်ပရိသတ်များဆီက ရေးသားပေးပို့ကြတဲ့ အကြောင်းအရာများ ဖြစ်ပါတယ်။ မင်းနဲ့ ပြည်သူက ယုံယုံကြည်ကြည်နဲ့ အားပေးကြတဲ့အတွက် ရတနာပုံ နေပြည်တော် သတင်းစာရယ်လို့ ဖြစ်ထွန်းအောင်မြင်ခဲ့ရတာ ဖြစ်ပါတယ်။

သတင်းစာကောင်းတစ်စောင်ဆိုတာ နိုင်ငံ့လက်ရုံး၊ နိုင်ငံ့ပခုံးဖြစ်ပါတယ်။ ပခုံးသဖွယ် နိုင်ငံ့ဝန်ကို ထမ်းရွက် သယ်ပိုးပြီး လက်ရုံးသဖွယ် နိုင်ငံ့ရန်စွယ် ရန်ညှောင့်များကို ဖယ်ရှားရှင်းလင်း သုတ်သင်ပေးပါတယ်။ အဲဒါကြောင့် သတင်းစာကောင်း ရှိခြင်းဟာ နိုင်ငံ့ကျက်သရေလို့ ဆိုနိုင်ပါတယ်။ သတင်းစာကောင်း တစ်စောင်ဖြစ်လာဖို့အတွက် စာဖတ်ပရိသတ် နိုင်ငံသူနိုင်ငံသားများရဲ့ အားပေးထောက်ပံ့ ကူညီမှုကို လိုအပ်ပါတယ်။ သတင်းသမားများကလည်း ပြည်သူပြည်သား စာဖတ်ပရိသတ်များရဲ့ ရာနှုန်းပြည့် ယုံကြည်မှုကို ရဖို့အတွက် သတင်းသမားတို့ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ပြည်သူပြည်သားများရဲ့ နားမျက်စိတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရုံမျှမက သတင်းသမားတို့ရဲ့ ကျင့်ဝတ်သိက္ခာများကိုလည်း ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင် ထိန်းသိမ်းဖို့ လိုအပ်ကြောင်း နှိုးဆော်လိုက်ရပါတယ်။

လူထုစိန်ဝင်း
Weekly Eleven
11-6-2008

Thursday, June 19, 2008

The Holy Angel

အန္တရာယ်လေပြင်းက
ပန်းသီချင်းတွေဖြစ်ပါစေ...။

တီတာတာဒုက္ခမိုးတို့
လိုရာမတိုးဖြစ်ပါစေ...။

စုပေါင်းကျတဲ့မျက်ရည်တွေ
မွှေးမြစမ်းရေဖြစ်ပါစေ...။

ကျန်းမာသောလောကမှာ
ပါဝင်ရသူဖြစ်ပါစေ...။

မာကျောတဲ့နွေအဝေးမှာ
စေလိုရာစေဖြစ်ပါစေ...။

ပါပဂြိုဟ်ဆိုးတို့ရဲ့
ခင်တွယ်မဲ့သူဖြစ်ပါစေ...။

စေတနာမိုးများကြောင့်
ဗျာပါကင်းသူဖြစ်ပါစေ...။

ဒီကဗျာလေးက ၂၀၀၇ ခုနှစ်က အန်တီစုမွေးနေ့အတွက် နေးတစ်မြန်မာဖိုရမ်မှာ ကိုမင်းအို ရေးတင်ခဲ့တဲ့ ကဗျာလေးပါ။ ဒီနှစ် ၂၀၀၈ မှာတော့ ကိုမင်းအိုတစ်ယောက် အန်တီစုမွေးနေ့အတွက် ကဗျာရေးတင်ဖို့ အခွင့်မသာသေးပါဘူး။ ဒါနဲ့ပဲ ၂၀၀၇ မှာ ကိုမင်းအိုရေးခဲ့တဲ့ ကဗျာလေးကိုပဲ မွေးနေ့အမှတ်တရအနေနဲ့ ပြန်လည် ဖော်ပြလိုက်ပါတယ်။

တစ်လက်စတည်း ပြောလိုတာက... အန်တီစု ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အရင်က ကျွန်တော် အမြင်တွေ မကြည်လင်ခဲ့ပါဘူး။ ၈၈ ဆိုတဲ့အချိန်မှာ မူလတန်းကျောင်းသား ကျွန်တော်... ၉၀... ၉၁ ဆိုတဲ့အချိန်မှာ အလယ်တန်းကျောင်းသားလေး ကျွန်တော်... ဘာဆိုဘာမှ သိခဲ့တဲ့သူ မဟုတ်ခဲ့ပါဘူး။ အန်တီစု ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဆိုတာပဲ သိခဲ့တယ်။ ငယ်ငယ်ကတည်းက ဖတ်စရာအနေနဲ့ လက်လှမ်းမှီခဲ့တာက နိုင်ငံပိုင်သတင်းစာတွေ... လုပ်သားတို့ ကြေးမုံတို့ပေါ့။ ပုံပြင်စာအုပ်၊ ကာတွန်းစာအုပ်ဆိုတာ နေ့တိုင်း ငှားဖတ်နိုင်ခဲ့တာ မဟုတ်ဘူးလေ။ အခုလို အင်တာနက်ဆိုတာကြီးကိုလည်း အိမ်မက်တောင် မမက်ခဲ့ပါဘူး။

အဲဒီ သတင်းစာမှာ ရေးတဲ့ ခေါင်းကြီးပိုင်းတို့ ဆောင်းပါးတို့ကို အခြားသတင်းတွေထက် အဖတ်များခဲ့တယ်။ သတင်းတွေက လူကြီးတွေ ဟိုသွားတယ် ဒီသွားတယ် ဆိုတာကြီးတွေက ဖတ်ရလွန်းပြီး ခေါက်ရိုးကျိုးနေလို့ ဓါတ်ပုံကြည့်လိုက်တာနဲ့ သတင်းမှာ ဘာရေးမယ်ဆိုတာကိုတောင် ခန့်မှန်းနိုင်တယ်လေ။ ဒါနဲ့ သတင်းစာက ဆောင်းပါးတွေကိုပဲ အဖတ်များခဲ့တယ်။ ဆောင်းပါးတွေထဲမှာ ရေးတဲ့အတိုင်း အန်တီစုဟာ... အဖေမျက်နှာကိုမှ မထောက်... ကိုယ်နိုင်ငံကို ကျွန်လုပ်သွားတဲ့ မျက်နှာဖြူ အင်္ဂလိပ်နဲ့ လင်တော်ထားတယ်။ ပြည်ပမှာပဲ အနေများခဲ့တယ်။ အဖြူကောင်လေး ၂ ယောက်ကို မွေးထားတယ်။ ပြည်ပအင်အားကြီးနိုင်ငံတွေရဲ့ သွေးထိုးလှုံ့ဆော်မှုနဲ့ ပြည်တွင်းရေးကို ခြယ်လှယ်နေတယ်။ ဒေါ်လာတွေစားပြီး နိုင်ငံရေး လုပ်နေတယ်။ ပုဆိန်းရိုးတို့ ဘာတို့ ညာတို့တွေကို ဖတ်ရတာ အတော်များခဲ့ပါတယ်။ အဲဒါနဲ့ပဲ... သြော်... ဒီအန်တီကြီး အတော်ဆိုးပါလား ပေါ့.. ကလေးပီပီ တွေးခဲ့မိပြီး သူ့အပေါ် အမြင်မကြည်ခဲ့ပါဘူး။ ကလေးတွေအပေါ်ကို မီဒီယာရဲ့ လွှမ်းမိုးမှုက အတော်ရှိခဲ့ပါလားဆိုတာ သက်သေတစ်ခုပါပဲ။

အခုတော့ အရွယ်ကလည်း ရောက်လာပါပြီ။ အတွေ့အကြုံကလည်း များလာပါပြီ။ အင်တာနက်ကနေ ဖတ်ရှုလေ့လာခဲ့တာတွေလည်း ရှိခဲ့ပါပြီ။ သတင်းစာတွေရဲ့ အရေးအသားရယ်... အင်တာနက်မှာ တင်ထားတဲ့ ဆောင်းပါးတွေ စာတွေရဲ့ အရေးအသားတွေရယ်... အဲဒီနှစ်ခုက အစွန်း ၂ ဘက်ကို ရှောင်ပြီး အလယ်အလတ်မှာရှိတဲ့ အမှန်တရားတွေကို ရှာဖွေကြည့်မိတဲ့အခါ အန်တီစုဟာ ကျွန်တော် ထင်ခဲ့သလောက် မဆိုးခဲ့ပါဘူး။ တိုင်းပြည်အတွက် သူမလုပ်ခဲ့တာ မှားတာ မှန်တာတွေ... သူမဘာတွေ လုပ်ခဲ့လဲ... ဘာတွေ ဆက်လုပ်နေလဲ... ဆိုတာတွေထက်... နှစ်ပေါင်းများစွာ အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရတဲ့ သူမရဲ့ဘ၀ကို အတော်လေး စာနာမိခဲ့ပါတယ်။ ငယ်ရွယ်နုပျိုတဲ့ဘ၀ကို အထီးကျန်ဆန်ဆန် ဖြတ်သန်းခဲ့ရတဲ့ စွန့်လွှတ်မှုမျိုးက အတော်လေးကို အားထုတ်ယူရမှာပါ။ တော်ရုံတန်ရုံ စိတ်ဓါတ်မျိုး မဟုတ်ပါဘူး။

ဒါကြောင့် ကိုမင်းအိုရဲ့ ကဗျာလေးအတိုင်း အန်တီစု ကျန်းမာပါစေ..... ပန်းလိုမွှေးပါစေ ခင်ဗျာ..... လို့ မွေးနေ့မင်္ဂလာမှာ ဆုတောင်းမေတ္တာ ပေးပို့လိုက်ပါတယ် ခင်ဗျာ။

Tuesday, June 17, 2008

Good-bye my love

နေရစ်တော့ကွယ် သွားတော့မယ်

ဒီအရိပ်အောက်မှာ အတူတူနေမယ်
အမြဲရည်မှန်းထားခဲ့တယ်
အလိုပြည့်ဖို့တစ်ခုတည်း ကိုယ့်မှာနားလည်
ဒီအရိပ်အောက်မှာ ထာဝစဉ်ပျော်မယ်
စိတ်ဆန္ဒရှိလည်းကွယ်
ကံဆိုးတော့ အချစ်အိပ်မက် ပျက်ပြယ်
ခွဲရခါနီးမှ လုပ်ရက်နိုင်တယ်
တခါလောက်တောင် နမ်းခွင့်မပေးသူရယ်
ကိုယ့်ရဲ့သီချင်းနဲ့ပဲ နှုတ်ဆက်ခဲ့တယ်
အချစ်ရေ...
နေရစ်တော့ကွယ် သွားတော့မယ်။

အချစ်ပန်းလေးတွေ ဝေနေချိန်မှာ
အဖိုးတန်မှန်း မသိခဲ့တယ်
နဂိုရပိုင်ခွင့်ပဲလို့ ထင်မိတယ်
အချစ်စကားလေးတွေ ဝေနေချိန်မှာ
တုံ့ပြန်ဖို့ သတိမရတယ်
အခုများမှ အဖြစ်ရယ် နှောင်းပေါ့ကွယ်
ကိုယ့်အမှားတွေပဲလို့ ဖွင့်ပြောကာရယ်
လွန်သမျှ ကျေနပ်ဖို့ တောင်းပန်တယ်
ကိုယ့် ချစ်ခြင်းနဲ့ပဲ နှုတ်ဆက်ခဲ့တယ်
အချစ်ရေ...
နေရစ်တော့ကွယ် သွားတော့မယ်။

တစ်သက်လုံးမှလေ တစ်ခါကြုံချိန်
ပွင့်ချိန်နဲ့ ကိုက်မှကွယ်
ဒီအချစ်ဆိုတာ ပန်းကလေးဟာ ရှားတယ်
တစ်သက်လုံးမှလေ တစ်ခါကြုံချိန်မှာ
ခူးခြွှေခဲ့ပြီးမှကွယ်
ကိုယ်ဂရုမစိုက်မိတော့ နွမ်းပေါ့ကွယ်
နှလုံးသားမှာထားခွင့် မရှိတော့ရင်လည်း
တစ်ခါချစ်ခဲ့ဖူးလို့ ၀မ်းသာတယ်
မမေ့နိုင်ခြင်းနဲ့ပဲ နှုတ်ဆက်ခဲ့တယ်
အချစ်ရေ...
နေရစ်တော့ကွယ် သွားတော့မယ်။

လူသားတိုင်းမှာ ကိုယ်စီပါတဲ့
ဘ၀ရဲ့အလှအပများရယ် အခွင့်အရေးနဲ့
အစွမ်းအစ တစ်ဖက်စီရှိတယ်
လူတစ်ဦးတစ်ယောက်အတွက်
နိုင်တယ် မနိုင်တယ်

အချစ်နဲ့ ပါတ်သက်သမျှရယ်
အရာတိုင်းပဲ တရားတယ် မျှတတယ်
အကောင်းဆုံးကို ရွေးခွင့်မရှိတော့ရင်လည်း
ဒီဘ၀ ဒီမျှနဲ့ ပြီးစေကွယ်
ကိုယ့်ရဲ့အရှုံးနဲ့ပဲ နှုတ်ဆက်ခဲ့တယ်
အချစ်ရေ...
နေရစ်တော့ကွယ် သွားတော့မယ်။
နေရစ်တော့ကွယ် သွားတော့မယ်။

အချစ်ရေ...
နေရစ်တော့ကွယ် သွားတော့မယ်။
နေရစ်တော့ကွယ် သွားတော့မယ်။

အဆိုတော်စိုင်းထီးဆိုင်ရဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပါ။ တေးရေးကတော့ ဆရာစိုင်းခမ်းလိတ်ပဲ ဖြစ်မယ် ထင်ပါတယ်။ သီချင်းလေးထဲမှာပါတဲ့ အဓိပ္ပါယ်အတိုင်း... မေလ ၁၈ ရက်နေ့ ကနေ ရေတွက်ရင် ဒီနေ့ ဇွန် ၁၇ ရက်နေ့ဆို ၁ လတိတိ ပြည့်ပြီပေါ့။ နာဂစ်ကာလမှာ ရန်ကုန်ကို ရောက်နေရဲ့နဲ့ လာမတွေ့မိခဲ့တဲ့ ကျွန်တော့်ကို နှာကစ်ပြီး မခေါ်မပြော လုံးဝအတွေ့မခံခဲ့တဲ့ တစ်ယောက်သောသူကို... ရည်ရွယ်ပါတယ်။ အပြင်ဖြစ်ရပ်က သီချင်းလေးအတိုင်း ကွက်တိမဟုတ်ပါဘူး။ အမှန်ဆို သူ့ကို ကျွန်တော် ဂရုစိုက်ပါတယ်။ တန်ဖိုးထားပါတယ်။ အက်ကြောင်းလေးတွေကို အချိန်ပေး ဖာထေးပါတယ်။ မတူညီတာတွေကို ညီမျှအောင် ညှိပေးခဲ့ပါတယ်။

ဒါပေမယ့်... နှလုံသားမှာ ထားခွင့် မရှိတော့ဘူးဆိုတာကို အသေအချာ ရှင်းရှင်းလင်းလင်း သိခဲ့လိုက်ရပါပြီ။ သူ့ဘ၀မှာ ကျွန်တော့်အတွက် နေရာမရှိတော့ဘူးဆိုတာ ကြေကွဲစွာ သိခဲ့ရပြီးတဲ့နောက်...
အချစ်ရေ... နေရစ်တော့ကွယ် သွားတော့မယ်.....

Sunday, June 15, 2008

Those who trust us


Those who trust us educate us.
T.S.Eilot

ဗမာလိုက အဖေ... အင်္ဂလိပ်လိုက ဒယ်ဒီ... တရုတ်လိုက ပါပါး...
အဲဒီ ၃ မျိုးထဲမှာ အများဆုံး ခေါ်ဖြစ်တာက ပါပါး ပါ။ အိမ်မှာ မိသားစုဝင်အချင်းချင်းကြားမှာ တခါတလေ နာမ်စားသုံးရင်တော့ ဒယ်ဒီပေါ့။ ရပ်ကွက်ထဲမှာတော့ ကျွန်တော့်အဖေ လို့ နာမ်စားသုံးတယ်။

ကျွန်တော့်ပါပါးရဲ့ ရုပ်ရည်ရူပကာက သာမာန် ရွက်ကြမ်းရေကျိုအဆင့်ထက် အများကြီး သာပါတယ်။ သူတို့ ညီအစ်ကိုတွေထဲမှာ သူက အချောဆုံးပါပဲ။ ကျန်ကျောင်းမင်းသားထက် ပိုပြီး မသာရင်တောင် သူ့ထက်တော့ မနိမ့်ပါဘူး။ ဒါပေမယ့် ကျန်ကျောင်းနဲ့ ဆင်တယ်လို့ မပြောဘူးနော်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မားမား ကံကောင်းတာပေါ့။ ကျွန်တော်တို့ရုပ်က အမေဘက်လိုက်သွားတော့ ရုပ်ရေရူပကာက လန်ပျံမနေပါဘူး။ ရေညှိတက်သလိုမျိုး မချောပါဘူး။ ဒယ်ဒီဆီက ရထားတဲ့ ရုပ်ရည်ရူပကာအမွေဆိုလို့ မျက်ခုံးမွေးထူထူကြီးနဲ့ အကြည့်စူးတဲ့ မျက်လုံးတွေပဲ ရှိပါတယ်။

ပါပါးက အတော်လေးကို အေးပါတယ်။ သူတစ်ပါးကို ကူညီတဲ့နေရာမှာလည်း နှစ်ယောက်မရှိပါဘူး။ သူငယ်ချင်းတွေကို အရမ်းဦးစားပေးပါတယ်။ ချမ်းသာတဲ့သူထက် ဆင်းရဲတဲ့သူတွေကို ပိုပြီး အပေါင်းအသင်း လုပ်ပါတယ်။ အေးတဲ့နေရာမှာတာ အေးတာ... ပြောစရာရှိပြီဆိုရင်တော့ မျက်နှာမထောက်ပဲ အားမနာတမ်း ပြောပါတယ်။ အဲဒါကြောင့် သူ့ သူငယ်ချင်းတွေက သူ့ကို အတော်လေး ချစ်သလို... အတော်လေးလည်း ကြောက်ကြပါတယ်။ သူရဲ့ မဟုတ်မခံ စိတ်ကို ကြောက်တာပါ။ အဲဒါစိတ်ကတော့ အဖိုးဆီက အမွေပါ။ အဲဒီအမွေက ကျွန်တော့်တို့ သွေးထဲအထိ ဆက်လက် စီးဆင်းနေတုန်းပဲ။

ပါပါးက သားတွေကို ရိုက်တာနှက်တာ အလွန်နည်းပါတယ်။ ပထမ သတိပေးတဲ့အနေနဲ့ သူ့ရဲ့စူးရှတဲ့ မျက်လုံးကြီးတွေနဲ့ စူးစိုက်ကြည့်တတ်ပါတယ်။ များသောအားဖြင့် လေပြေလေးနဲ့ပဲ ပြောဆိုဆုံးမတာ များပါတယ်။ တခါတလေ မာမားက သားတွေကို ရိုက်နေရင်တောင် သူက ၀င်ဝင်ဆွဲပြီး တခြားနေရာ ခေါ်ခေါ်ထုတ်သွားပါတယ်။ အင်း... ပါပါးရိုက်တာကို ခံရပြီဆိုရင်တော့ ကျွန်တော်တို့ အတော်လေးကို ဆိုးလွန်းနေလို့ပဲ ဖြစ်မှာပါ။ ရိုက်ရင်လည်း သေရာပါဒဏ်ဖြစ်မယ့် ရိုက်ချက်မျိုးတွေနဲ့ တ၀ုန်းဝုန်း တဒိုင်းဒိုင်း မရိုက်ပါဘူး။ ကြိမ်လုံးသေးသေးလေးနဲ့ပဲ နာတယ်ဆိုရုံလေး ရိုက်တာပါ။

ပါပါးက ရှေ့နေဘွဲ့ရထားပေမယ့် အဖိုးက ရန်ကုန်မှာ ရှေ့နေ့အလုပ် မလုပ်နဲ့။ မုသာဝါဒတွေ ပြောရတာ များတဲ့အလုပ်ကရတဲ့ ပိုက်ဆံနဲ့ စားရတဲ့ထမင်း မြိုမကျဘူးဆိုတာနဲ့ ကိုယ်ပိုင် လေးဘီးကားလေးနဲ့ အငှားကား မောင်းပြီး မိသားစုကို တည်ဆောက်ခဲ့တာပါ။ ငယ်ငယ်တုန်းက ညဘက်မှာ မီးပျက်ရင် ပါပါး ကားသိမ်းပြီး အိမ်ပြန်လာမယ့် အချိန်ကို အရမ်းမျှော်လင့် စောင့်စားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကားဘက္ထရီအိုးနဲ့ချိတ်ပြီး မီးခွက်ထွန်းပေးလို့ပါ။ အဲဒီအချိန်တုန်းက အိမ်မှာ လျှပ်စစ်လက်ဆွဲမီးအိမ်တွေကို မ၀ယ်နိုင်ခဲ့ပါဘူး။ အဲဒီလို မီးခွက်ထွန်းပေးမှပဲ ညပိုင်းမှာ အိမ်စာလုပ်ရတာ အဆင်ပြေတယ်။ အိမ်စာမရှိတဲ့ ညတွေကျတော့လည်း ကာတွန်းစာအုပ် ဖတ်ဖြစ်တာပေါ့။

ပါပါးက စာဖတ်တဲ့ အကျင့်ကို အားပေးပါတယ်။ ငယ်ငယ်ကတည်းက ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်းတွေ လစဉ် ၀ယ်ပေးတယ်။ နောက်ပိုင်းကျတော့ သူဝယ်စုထားတဲ့ ဗုဒ္ဓ၀င်ဇာတ်နိပါတ် သရုပ်ဖော်စာအုပ်တွေကို ဖတ်ဖို့ထုတ်ပေးတယ်။ တခါတလေ မုန့်ဖိုးပေးပြီး အဲဒီမုန့်ဖိုးကို စုထားခိုင်းတယ်။ နှစ်ကူးတွေမှာလည်း အန်ပေါင်းရရင် ပေးမသုံးဘူး။ စုခိုင်းတယ်။ အဲဒီ စုထားတဲ့ ပိုက်ဆံတွေနဲ့ လိုချင်တဲ့ ပုံပြင်စာအုပ်တွေကို ပြန်ဝယ်ပေးတယ်။ အဲဒီလိုနဲ့ ပိုက်ဆံကို စာအုပ်ဝယ်ဖို့ စုဘူးထဲမှာ စုတတ်လာတယ်။ နိုင်ငံခြားအကြွေစေ့တွေ ရှေးဟောင်းအကြွေစေ့တွေကိုလည်း ရှာရှာဖွေဖွေ ရလာရင် သားတွေကို ပေးပြီး စုခိုင်းတယ်။ အဲဒီလိုနဲ့ ကျွန်တော် အကြွေစေ့တွေ စုရင်း တံဆိပ်ခေါင်းတွေ စုတဲ့ ၀ါသနာရှင် တစ်ယောက် ဖြစ်လာပြန်ရော။

အလယ်တန်းကျောင်းသားဘ၀ ရောက်တော့လည်း မိုးထက်မြင့်သော စိတ်ထားများ ဆိုတဲ့ စာအုပ်ကို ပေးဖတ်တယ်။ အဲဒီ စာအုပ်ထဲမှာ ဖတ်ပြီးမှတ်မိတာဆိုလို့ ဟင်နရီဒူးနန့်တံဆိပ်ရ စိုင်းအောင်လှိုင်မြင့် အကြောင်းပါတာ တစ်ခုပဲ မှတ်မိတော့တယ်။ အဲဒီလိုနဲ့ ကြက်ခြေနီစိတ်ဓါတ်၊ လူသားချင်းစာနာတဲ့စိတ်၊ လူမှုရေးစိတ်ဓါတ်တွေ ကျွန်တော်ဆီကို ရောက်ရှိလာတယ်။ ဒီစာအုပ်လေးကို မဖတ်မိရင် ကျွန်တော် အခုလို လူမှုရေးလုပ်ငန်းတွေမှာ အချိန်ပေးလုပ်နေပါ့မလား ဆိုတာ ကျွန်တော်ကိုယ်တိုင် အသေအချာ မသိနိုင်ပါဘူး။ ပါပါးကျေးဇူးကြောင့် အခုလို လူသားတွေကို အချိန်ပေး ကူညီတဲ့ စိတ်ဓါတ်လေး ရလာခဲ့တာပေါ့ဗျာ။

သားတွေကို ကွမ်း၊ ဆေးလိပ်၊ အရက် မသောက်ရဘူးလို့ မပြောဘူး။ ပြောတဲ့စကားက တစ်ခွန်တည်းပါ။ အဲဒါကတော့ ကိုယ်ဖြစ် ကိုယ်ခံ... ဘယ်သူ့မှ ဒုက္ခမပေးနဲ့ တဲ့။ သူကိုယ်တိုင်တော့ ဆေးလိပ်မသောက် ကွမ်းမစားဘူး။ အရက်တော့ သူ့ သူငယ်ချင်းတွေနဲ့ လူစုံရင် အနည်းအကျဉ်း သောက်တတ်ပါတယ်။ အဲဒီလိုနဲ့ ကျွန်တော်တို့ ညီအစ်ကိုတွေ အခုချိန်ထိ ဆေးလိပ်၊ ကွမ်း၊ အရက်၊ လောင်းကစား တစ်ခုမှ မလုပ်ဖြစ်ပါဘူး။ အဲဒါကတော့ မာမားရဲ့ ဆိုဆုံးမမှု၊ ထိန်းကျောင်းမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အင်း... ဘာရယ်တော့ မဟုတ်ပါဘူး... အဖေများနေ့အမှတ်တရအနေနဲ့ ကျွန်တော့်ရဲ့မွေးသဖခင် ကျေးဇူးရှင် ပါပါးအကြောင်းကို စိတ်ထဲရင်ထဲမှာ ရှိသလောက်လေး ရေးဖွဲ့မှတ်တမ်းတင်ထားတာပါ။ ကျွန်တော့်ဘ၀ရဲ့ အစိတ်အပိုင်းတချို့ကို ထုဆစ်ပုံဖော်ပေးခဲ့တဲ့ ပါပါးတစ်ယောက် ကျန်းမာရွှင်လန်းနိုင်ပါစေဗျာ။

Saturday, June 14, 2008

WBDD at Zoo

ဒီနေ့က World Blood Donor Day ဆိုတော့ လုပ်စရာတွေ ရှိတာနဲ့ မနက်က ၆ နာရီကတည်းက အိပ်ရာထဖြစ်တယ်။ ရေမိုးချိုး အ၀တ်စားလဲပြီး အောက်ထပ်မှာ မနက်စာစားပြီး ဘူတာကို သွားလိုက်တယ်။ ရထားနဲ့တဆင့် ကားနဲ့တဆင့် သွားပြီး မနက် ၈ နာရီမှာ Zoo ကိုရောက်တော့ ကိုယ့်လို လုပ်အားပေး ကြက်ခြေနီတွေ အများကြီး ရောက်နေပြီး ဟိုနားတစ်စု ဒီနားတစ်စုနဲ့ အတော်လေးကို ပျားပန်းခပ်နေကြတယ်။ စင်္ကာပူကြက်ခြေနီက ထုတ်ပေးထားတဲ့ အနီရောင် တီရှပ်တွေနဲ့ ရဲရဲကို တောက်နေတော့တာပဲ။

ဝင်ပေါက်ဝက Ticket session မှာလည်း တာဝန်ယူတဲ့သူက ယူပေါ့။ သူတို့တွေက သွေးလှူရှင်တွေကို ပေးထားတဲ့ ပို့စကဒ်လေးနဲ့ ၀င်ခွင့်လက်မှတ်လေးတွေ၊ ဓါတ်ပုံရိုက်ခွင့် လက်မှတ်တွေကို လှဲပေးရတဲ့အလုပ်ကို လုပ်ရမှာပါ။ ပြီးရင် ဧည့်သည်တွေကို အထူးစီစဉ်ပေးထားတဲ့ ၀င်ပေါက်ကနေ တဆင့် ၀င်ခိုင်းဖို့ စီစဉ်ရပါတယ်။ လက်မှတ်ဝေတဲ့နေရာရဲ့ ဘေးမှာပဲ Blood Buddy ကြီးနဲ့ ဓါတ်ပုံရိုက်တဲ့ နေရာလေး ရှိပါတယ်။ အဲဒီမှာ ဓါတ်ပုံရိုက်ပြီးမှ Zoo အထဲကို ၀င်လည်ကြ... ပြီးမှ ပြန်ထွက်လာတဲ့အခါ ဓါတ်ပုံ ၀င်ရွေးလိုက်ရုံပဲလေ။

ပွဲလုပ်မယ့်နေရာက ၀င်ပေါက်ကနေ အတော်လေး လမ်းလျှောက်ဝင်ရပါတယ်။ လမ်းမှာ မိကျောင်း၊ တောဝက်၊ ကြံ့သူတော်၊ ရေမြင်း၊ သားပိုက်ကောင်နဲ့ ကျားဖြူလေးတွေ ထားတဲ့နေရာကို ဖြတ်သွားရပါတယ်။ အဲဒါတွေကို ကျော်ခဲ့ပြီးရင် ရေကန်ကြီးနားက ပွဲလုပ်မယ့်နေရာမှာ နေရာထိုင်ခင်းတွေ ခင်းကျင်းထားတာကို တွေ့ရမှာပါ။ အဲဒီနေရာရဲ့ အ၀င်ဝမှာ ၂၅ ကြိမ်အထက် လှူထားတဲ့ သွေးလှူရှင်တွေကို ဂုဏ်ပြုပေးအပ်တဲ့ ဆုတံဆိပ်တွေကို ပေးမယ့် အဖွဲ့က နေရာယူထားတာကို တွေ့ရမှာပါ။ အဲဒီလို သွေးလှူရှင်တွေအတွက် နေ့လည်စာအတွက် ထမင်းစား လက်မှတ်လေးတွေ ပေးဝေပါသေးတယ်။

အဲဒီနေရာကနေ အောက်ကို ဆင်းလာရင် ကျွန်တော်တို့အဖွဲ့ရဲ့ Telecasting Booth ကို ရောက်ပြီလေ။ အဲဒီနေရာကနေ ကျွန်တော်တို့ရဲ့ စေတနာသွေးလှူရှင် စုဆောင်းရေးလုပ်ငန်းမှာ သွေးလှူရှင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေရဲ့ ဓါတ်ပုံတွေ သတင်းအချက်အလက်တွေကို အသုံးပြုခွင့် ပေးဖို့အတွက် ခွင့်ပန်ပါတယ်။ တချို့ကျတော့ ရှက်တတ်တော့ ခွင့်မပြုပါဘူး။ အများစုကတော့ ခွင့်ပေးကြပါတယ်။ အဲဒီလို ခွင့်ပေးတဲ့ သွေးလှူရှင်တွေကို ဓါတ်ပုံဆရာက ပုံစံအမျိုးမျိုးနဲ့ ဓါတ်ပုံရိုက်ပေးပါတယ်။ အဲဒီပုံတွေကိုလည်း စကာင်္ပူကြက်ခြေနီက ထုတ်ဝေမယ့် စေတနာသွေးလှူရှင်စုဆောင်းတဲ့ ကြော်ငြာတွေ၊ လက်ကမ်းစာစောင်တွေ၊ ပိုစတာတွေ စတဲ့ မီဒီယာနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ အခကြေးငွေ ပြန်လည်တောင်းဆိုခြင်း မရှိပဲ လွတ်လပ်စွာ အသုံးပြုခွင့် ပေးပါတယ်ဆိုတဲ့ အကြောင်းကိုလည်း သွေးလှူရှင်တွေက စာရွက်တစ်ခုမှာ လက်မှတ်ထိုးပေးရပါတယ်။ မနက်ပိုင်းနဲ့ ညနေပိုင်း ၂ ခုပေါင်းမှာ ကျွန်တော်တို့အနေနဲ့ သွေးလှူရှင်ပေါင်း ၁၇၀ လောက်ကို ဓါတ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်။

မနက်ပိုင်း ၁၀ နာရီကနေ ၁၂ နာရီမှာ ကြေးတံဆိပ်နဲ့ ငွေတံဆိပ်ရ သွေးလှူရှင်တွေကို ဂုဏ်ပြုပါတယ်။ ညနေပိုင်း ၃ နာရီကနေ ၅ နာရီမှာတော့ ပတ္တမြားတံဆိပ်၊ ရွှေတံဆိပ်၊ ချန်ပီယံဘွဲ့ရ သွေးလှူရှင်တွေကို ဂုဏ်ပြုပါတယ်။ Mobile Blood Drive တွေကို စီစဉ်ပေးတဲ့ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေကိုလည်း ဂုဏ်ပြုတံဆိပ်တွေ ပေးအပ်ပါတယ်။ ညနေပိုင်းမှာ ကုလားမလေး ၂ ယောက်ရဲ့ မြူးမြူးကြွကြွ Rap အက က အတော်လေး သဘောကျဖို့ ကောင်းပါတယ်။ အကြီးမလေးက ၉ နှစ်ပါ။ အငယ်မလေးက ၈ နှစ် မပြည့်သေးပါဘူး။ ကျွန်တော်တို့ဆီမှာ ဓါတ်ပုံရိုက်ဖို့ လာတာနဲ့ သူ့ကို မေးကြည့်ပါသေးတယ်။ အကတွေကို ဘယ်သူ သင်ပေးသလဲပေါ့။ အကြီးမလေးက ပြန်ဖြေပါတယ်။ သူတို့ဘာသာ လေ့လာပြီး က တာပါတဲ့။ ကလေးဖြစ်ပေမယ့် လူအများကြီးရဲ့ ရှေ့မှာ လုပ်ရဲကိုင်ရဲတာကို သဘောကျမိတယ်။

ညနေပိုင်းမှာတော့ စင်္ကာပူ ကျန်းမာရေးဝန်ကြီး Mr. Khaw Boon Wan ကိုယ်တိုင် တက်ရောက်ပြီး ဂုဏ်ပြုပါတယ်။ ၀န်ကြီးလာတယ်ဆိုလို့လဲ ဘယ်သူမှ ပိုပြီး အလုပ်မရှုပ်ပါဘူး။ သူ့ဘာသာ သူ လာ.. ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ပါပဲ။ ကျွန်တော်ဆို ဓါတ်ပုံရိုက်တဲ့ အလုပ်ထဲမှာ စိတ်ရောက်နေတာနဲ့ ၀န်ကြီးနဲ့သူ့အဖွဲ့တွေ ခန်းမထဲကို ၀င်လာတဲ့အချိန်မှာ ၀န်ကြီးနဲ့ပါလာတဲ့အဖွဲ့က လူကြီးတစ်ဦးနဲ့တောင် ၀င်တိုက်မိပါသေးတယ်။ အဲဒီလူကြီးလည်း ဘေးကလူတွေနဲ့ ဘေးကိုမျက်နှာမူ စကားပြောရင်း သတိမထားမိ၊ ကျွန်တော်လည်း ဓါတ်ပုံရိုက်မယ့် ကလေးအမေနဲ့ကလေးကို မျက်နှာမူပြီး စကားပြော လမ်းပြခေါ်လာရင်း ၀င်တိုက်မိကြတာပါ။ ၀င်တိုက်မိတဲ့သူကတောင် ကျွန်တော့်ကို ရင်းရင်းနှီးနှီး ပခုံးဖက်ပြီး တောင်းပန်စကား ဆိုသွားပါသေးတယ်။ အခုလို ၀န်ကြီးနဲ့ အတူပါလာတဲ့သူတွေဆိုတာ ဘယ်လိုအဆင့်မျိုးတွေလဲဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ပေါ့သေးသေးတော့ မဟုတ်လောက်ပါဘူးဗျာ။ အဟက်... ဆက်ဆံပုံက နည်းနည်းတော့ ကွာတယ်နော်။

အဲဒီလိုနဲ့ ကော်ဖီတိုက်၊ မုန့်ကျွေး၊ ၇ လသားကတည်းက သွေးသွင်းမှု ခံယူခဲ့ရတဲ့ အသက် ၂၅ ကျော် လူနာက ကျေးဇူတင်စကားတွေပြော၊ ၀န်ကြီးက ကိုယ်တိုင်ကိုယ်ကျ သွေးလှူရှင်တွေကို ဆုတံဆိပ်တွေ ချီးမြှင့်နဲ့ ညနေ ၅ နာရီခွဲကျော်ကျော်မှာ ဂုဏ်ပြုပွဲ အခမ်းအနား ပြီးဆုံးပါတယ်။ ပွဲပြီးတာနဲ့ အိမ်ပြန်ဖို့ Zoo အ၀ကို ထွက်လာတော့ ဘတ်စ်ကားစီးပြန်ဖို့ တန်းစီစောင့်နေတဲ့ လူတန်းကြီးက ရထားဘူတာ တစ်ခုစာလောက် ရှည်လျားပါတယ်။ Taxi စီးမယ် ကြံတော့လည်း ကားစောင့်နေတဲ့ လူတန်းက မနည်းမနှောပါပဲ။ ဒါနဲ့ တန်းစီ အချိန်ပေး စောင့်လိုက်ရတဲ့ ဘတ်စ်ကားကို တိုးကြိတ်စီးပြီး ပြန်ခဲ့ရပါတော့တယ်။

Wednesday, June 11, 2008

The truth behind real news

ဆိုရေးရှိလို့ ဆိုပါရစေခင်ဗျာ... ကျွန်တော်အနေနဲ့ ဒီစာကိုတင်ရတဲ့ ရည်ရွယ်ချက်က အလွန်ရှင်းပါတယ်။ နာဂစ်မုန်တိုင်းကြောင့် အများပြည်သူတွေ အတိဒုက္ခရောက်နေတဲ့အချိန်မှာ တကယ်ကို အောက်ခြေအထိ ကူညီဖြေရှင်းနေတဲ့ အဖွဲ့အစည်းတွေကို အမြင်စောင်းမှာကို မလိုလားလို့ပါ။ ကျွန်တော်အနေနဲ့လည်း ထူးဆိုတဲ့ ကုမ္ပဏီနဲ့ ဘာတစ်ခုမှ သက်ဆိုင်မှု မရှိပါဘူး။ ခေတ်ပြိုင်ဆိုတာ ကျွန်တော် ဖတ်လေ့ရှိတဲ့ သတင်းဆိုဒ်တစ်ခုပါ။ ခေတ်ပြိုင်ရဲ့ ဇွန်လ ၉ ရက်နေ့မှာ ဖော်ပြထားတဲ့ နိုင်ငံတကာအကူအညီ ကုမ္ပဏီများ အမြတ်ထုတ် ဆိုတဲ့ သတင်းလေးနဲ့ ပါတ်သတ်ပြီး ပြန်လည် ဖြေရှင်းပေးချင်လို့ပါ။ ခေတ်ပြိုင်ရဲ့ သတင်းက မမှားပါဘူး။ ဒါပေမယ့် သတင်းရဲ့ နောက်ကွယ်မှာ ကျန်ခဲ့တဲ့ အချက်အလက်အချို့ကို ပြန်လည်ဝေမျှ တင်ပြပေးချင်ပါတယ်။ ခေတ်ပြိုင်ကို သတင်းပေးသူကိုယ်တိုင် မသိခဲ့တဲ့ အချက်အလက်တွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် ခေတ်ပြိုင်မှာ တာဝန်မရှိသလို သတင်းပေးသူမှာလည်း တာဝန်မရှိပါဘူး။

သတင်းလေးရဲ့ စာပိုဒ်အချို့ကို အောက်မှာ ဖော်ပြထားပါတယ်။


Photo Credit: Khitpyaing

"ပုဂ္ဂလိက အကူအညီပေးသူတဦးက “ကျနော်တို့အဖွဲ့တွေ ဘိုကလေးမြို့ကနေ စက်လှေတွေနဲ့ တဆင့် ထပ်သွားရတဲ့ ကဒုံကနိ၊ ကွင်းပုန်းကျေးရွာ စတဲ့ ရွာတွေကို ရောက်တယ်။ အဲဒီမှာ အင်္ဂလန်နိုင်ငံ Rotary Club က လှူထားတဲ့ Shelter Box နဲ့ ရွက်ဖျင်တဲတွေ တွေ့ရတယ်။ အဲဒီ ရွက်ဖျင်တဲ အားလုံးအပေါ်မှာ H ဆိုတဲ့ ထူးထရေးဒင်း ကုမ္ပဏီအမှတ်တံဆိပ်တွေ ကပ်ထားတယ်။ မသိရင် ဒါတွေဟာ ထူးကုမ္ပဏီက လှူတာတွေလို့ ပြည်သူတွေ ထင်သွားမယ်” ဟု ပြောသည်။

အလားတူ ဘိုကလေးမြို့နယ်အတွင်း ရောက်ရှိခဲ့သူတဦးက German Federal Agency မှ လှူဒါန်း ထားသည့် Mobile Purify ရေသန့်စက်ကို မြင်တွေ့ခဲ့ရကြောင်း၊ အဆိုပါ ရေသန့်စက်များ၊ ရေစစ် ကန်များ အပေါ်၌လည်း H လိုဂိုနှင့် ထူးထရေးဒင်းကုမ္ပဏီ အမှတ်အသားကို မြင်တွေ့ရကြောင်း၊ ရေသန့်စက် ကိုင်တွယ်သူသည်လည်း ထူးထရေးဒင်းက ၀န်ထမ်းဖြစ်နေကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် အဆိုပါရေသန့်စက် လှူဒါန်းသူသည် ထူးထရေးဒင်းကဟု ထင်မြင်ယူဆ သွားနိုင်ကြောင်း ပြောသည်။"

~~~~~~~~~~~

အဲဒါပြောကြားချက်နဲ့ ပါတ်သတ်ပြီး ဘိုကလေးကရွာတွေမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ၂၀၀၈ မေလ ၇ ရက်နေ့ကတည်းက သားပစ်မယားပစ် အိုးပစ်အိမ်ပစ် လုပ်နေတဲ့ ကျွန်တော့် အသိမိတ်ဆွေဖြစ်တဲ့ အစ်ကိုဆီက ဖိုရမ်တစ်ခုမှာ တင်ထားတဲ့စာကို ပြန်လည်ဖော်ပြပေးချင်ပါတယ်။ အဲဒီ အစ်ကိုအနေနဲ့ လတ်တလောကာလမှာ အွန်လိုင်းကို လာနိုင်မှာ မဟုတ်ပါဘူး။ ရန်ကုန်ကို မနေ့ညက ရောက်ပြီး ဒီညပဲ ဘိုကလေးကို ပြန်သွားပါပြီ။
~~~~~~~~~~~

"အင်တာနက်ထဲမှာ ခင်ဗျားတို့သတင်းတွေ ရေးထားတယ်လို့ ဖုန်းဆက်ပါတယ်...။ ဟုတ်လား ဘာတဲ့လဲဆိုတော့ အင်္ဂလန်က လှူတဲ့ ယာယီတဲတွေမှာ ကုမ္ပဏီက တံဆိပ်တွေ ကပ်ထားလို့ပါတဲ့...။ သူတို့လှူတာမဟုတ်ဘဲ မျက်နှာဝင်ယူကြတယ်တဲ့...။

ပြုံးမိတယ်...။ ဘိုကလေးကို ရောက်ဖူးပါသလား...။ ဘိုကလေးကနေ စက်လှေနဲ့ ၅နာရီစီးသွားရတဲ့ ရွာတွေကို ရောက်ဖူးပါသလား...။ အဲဒီက လှိုင်းတွေ၊ လေတွေ၊ မိုးတွေကြားမှာ သွေးမတော်သားမစပ်တွေအတွက် မနက် ၆နာရီကနေ ည ၁၁နာရီထိ နေ့စဉ်သွားနေတဲ့လူတွေ မြင်ဖူးသလား...။ ဒါလေးပဲ မေးချင်မိတယ်...။

လစာမတိုးဘူး...။ ဘောနပ်စ်မပေးဘူး...။ အခွင့်အရေးဘာမှ မရဘဲ...။ ဌာနဆိုင်ရာဝန်ထမ်း မဟုတ်ဘဲ လာလုပ်ပေးနေတဲ့သူ ဘယ်နှစ်ယောက်ရှိသလဲ...။ စုံစမ်းကြည့်ကြပါဦးလို့လဲ ပြောချင်မိတယ်...။

ယူအန်ဝန်ထမ်းတွေလို လစာတနင့်တပိုးရပြီး၊ ဟိုရောက်တော့လည်း ရန်ကုန်မှာနေသလို အဆင့်မီနေထိုင် စားသောက်ကြရင်း လုပ်ကိုင်နေတာမဟုတ်တဲ့ တချို့သော လူတွေအကြောင်းကို သိအောင် စုံစမ်းစေချင် ပါသေးတယ်...။

လုပ်ငန်းသဘောသဘာဝလေးတွေကို ပြောရဦးမယ်...။

ဒေါ်လဲ့လဲ့ဆိုတာက ဦးအောင်ဆန်းဦးရဲ့ ဇနီးလို့ပြောတယ်...။ သူက တာဝန်ယူပြီး အင်္ဂလန်ကနေ ယာယီတဲတွေ ယူလာတယ်...။ အစိုးရကိုလည်း ပေးတယ်...။ ကုမ္ပဏီတွေကိုလည်း ပေးတယ်...။ အဲဒီပေးတဲ့စာရင်းကိုလည်း သက်ဆိုင်ရာကို ပေးတယ်...။

ယာယီတဲလိုက်ထိုးရတယ်ဆိုတာ ပြောရင်တော့ လွယ်လွယ်လေးဗျ...။ တဲတွေ စက်လှေနဲ့တင်သွား...။ ရောက်တဲ့ရွာမှာ ချထိုး...။ နော့...။

တကယ်ထိုးတော့ အဲဒီလိုမဟုတ်ပါဘူး...။

စက်လှေငှား၊ အလုပ်သမားနဲ့တင်၊ မြစ်ထဲထွက်... ဝေးရင် ဝေးသလို ရေထဲမှာ ၆နာရီအထိ သွားရတာ...။ ရွာရောက်တော့ တဲထိုးစရာ မြေပြောင်ပြောင်ကမရှိ...။ ရွှံ့ထဲမှာ ရွာပျက်ကို ရှင်းကြ...။ ရွာသားတွေကို အကူအညီတောင်းရ...။ တချို့က ကူညီတယ်...။ တချို့ရွာက လုပ်မပေးချင်ဘူး...။ လုပ်မပေးချင်ရင် သွားတဲ့လူတွေ ကိုယ့်ဘာသာ လုပ်ရတာပေါ့...။ စားစရာကတော့ ပါသွားတဲ့ အခြောက်အခြမ်းလေးတွေ စားကြပေါ့...။ ပြီးရင်တဲထိုး...။ ရွာလူကြီးခေါ်အပ်...။ နေမယ့်လူနာမည်စာရင်းယူ...။ တစ်ခါတလေ တဲလေး အလုံး ၃၀ထိုးတာ နှစ်ရက်လောက် ကြာတယ်...။ သွားလက်စနဲ့ဆိုပြီး ရွာသားတွေအတွက် ဆန်တို့၊ စားစရာတို့၊ အ၀တ်အစားတို့လည်း လှေဆန့်ရင် ဆန့်သလောက် ထည့်ပေးပါတယ်...။ ဝေဟယ်ငှဟယ်လေးလုပ်ကြ...။ ဆရာဝန်အဖွဲ့တစ်ဖွဲ့ထည့်ပေးပြီး လိုအပ်ရင် ဆေးလေးဝါးလေးပေးပေါ့...။ လူနာလေးဘာလေး ကုပေါ့...။

ဘာဖြစ်သလဲဆိုတော့ အဲဒီတဲတွေ ပျောက်ရင် အဲဒီတဲတွေ ဈေးထဲလာရောင်းရင် တာဝန်ယူထားတဲ့ ကုမ္ပဏီရဲ့ တာဝန်ပါ...။ ဒီအတွက် တဲတွေမှာ စတစ်ကာ ကပ်ရပါတယ်...။ ကုမ္ပဏီနာမည်မကပ်ပါဘူး...။ တံဆိပ်ပဲ ကပ်ခိုင်းပါတယ်...။ ကပ်တဲ့အခါမှာလည်း မူလ အလှူရှင်တွေရဲ့ နာမည်ကို ဖုံးမကပ်ပါဘူး...။ လွတ်တဲ့နေရာမှာ ကပ်ပါတယ်...။

အဲဒီ ထိုးသမျှစာရင်းကို စစ်ရေးချုပ်ရုံး၊ စစ်ထောက်ချုပ်ရုံး၊ ကက(ကြည်း)၊ န.တ.ခ၊ ဆိုင်ရာကွပ်ကဲရေးရုံးနဲ့ မ.ယ.က ကို သတင်းပို့ရပါသေးတယ်...။ မျက်နှာလိုချင်လို့ဆိုရင်တော့ အဲဒီတဲတွေ လိုက်ထိုးမပေးပါဘူး...။ တခြား ကုမ္ပဏီတွေလုပ်သလို တီဗွီထဲများများပါအောင် လုပ်ပါမယ်...။ မင်းသားမင်းသမီးတွေနဲ့ စီစဉ်ပါမယ်...။ လေဘေးကို ဘယ်လို ကယ်တင်လိုက်မယ်လို့ ကြွေးကြော်ပြီး ဂျာနယ်မျက်နှာပြည့် အစည်းအဝေး မှတ်တမ်းတွေ တင်ပါမယ်...။

လိုအပ်နေတဲ့အတွက် လိုအပ်တာကို လုပ်ပေးခြင်းသက်သက်ပါ...။

ဂျာနယ်တစ်စောင်က မေးတယ်...။ အခုလို လုပ်ပေးရတဲ့အတွက် ဘယ်လို ပီတိခံစားရပါသလဲတဲ့...။ အမှန်အတိုင်း ဖြေရမလားဆိုတော့ ဖြေပါတဲ့...။ ဘယ်လိုမှ မနေပါဘူးလို့ ပြန်ပြောဖြစ်တယ်...။

ဒါဟာ လုပ်ပေးဖို့ကို လိုအပ်တာ...။ ဒီလူတွေ တကယ်ကို ဒုက္ခရောက်နေကြတာ...။ အဲဒါကို လုပ်ပေးရတာ ပီတိဖြစ်စရာမဟုတ်ပါဘူး...။ မပြည့်မစုံ လုပ်ပေးနေရတဲ့အတွက် သူတို့ရဲ့ သောကတွေ ပူပန်မှုတွေကို မဝေမျှပေးနိုင်တဲ့အတွက် စိတ်မကောင်းဘဲ ဖြစ်ပါတယ်...။

မုန်တိုင်းဖြစ်မှာကို တစ်ပတ်ကြိုသိပါလျက်နဲ့ လူတစ်ယောက်တောင် လှေနဲ့ သွားမခေါ်နိုင်ခဲ့တဲ့ ကျွန်တော်က ဘယ်ကိစ္စကိုမှ ကျေနပ်ပီတိဖြစ်နေမယ်မဟုတ်ပါ...။

တွေးမိသမျှ...

မနေ့ကပါ...။

စာကြွင်း။ ။ ရေသန့်စက်ကိုလည်း အဲဒီလိုလုပ်တယ်လို့ ရေးထားသေးတယ်...။ သတင်းစာတွေ ဂျာနယ်တွေ မဖတ်ဘူးထင်တယ်...။ အဲဒီထဲမှာ ဂျာမန်သံအမတ်ကြီး အစီအစဉ်နဲ့ ဂျာမနီနိုင်ငံက လှူပါတယ်ဆိုတာကို တရားဝင် ပြောထားပါလျက်နဲ့ကွယ်...။ ကလေးအထာတွေ မလုပ်ကြပါနဲ့...။ သတင်းအမှန်ကို ရအောင် လုပ်ပါ...။ နိုင်ငံကိုချစ်ရင် ဒီအချိန်မှာ ဘာလုပ်ရမလဲကို စဉ်းစားပါ...။ လုပ်နေတဲ့လူတွေ အရေးယူခံရ ပြန်ခေါ်ခံရရင် ဝေလေလေတွေ လုပ်စားမယ့်လူတွေ ဒေသကို ရောက်လာပြီး ဒေသခံတွေပဲ နစ်သထက် နစ်ပါလိမ့်မယ်...။ ဆင်ခြင်စဉ်းစားကြည့်ကြဖို့ပါပဲ...။"
~~~~~~~~~~~

အဲဒီတော့ ဝေလေလေတွေ.. လုပ်စားမယ့်သူတွေ.. ဆိုတာ ဘယ်သူတွေလဲပေါ့။ အဲဒီလို လူမျိုးတွေသာ အဲဒီဒေသတွေကို ရောက်လာရင်ဆိုတဲ့ နောက်ဆက်တွဲလေးကို ကျွန်တော်တို့ စဉ်းစားပေးကြပါအုံးဗျာ။ တကယ်လုပ်နေတဲ့သူတွေကို မထိခိုက်စေချင်တဲ့... သူများတကာတွေ အားလုံးအပြီးအဆီး လုပ်ပြီးကာမှ အလံတွေ တလူလူလွှင့်ပြီး နေရာဝင်ယူတတ်တဲ့ ဝေလေလေတွေ အဲဒီဒေသတွေကို မရောက်လာစေချင်တဲ့... ကျွန်တော့်ရဲ့ ပကတိ အရိုးခံစေတနာလေးကို နားလည်ပေးကြပါလို့ ပြောလိုက်ပါရစေ။

Monday, June 9, 2008

Feeling unwell

ဒီနေ့ ရုံးမတက်ဘူး။ မနက်က အိပ်ရာထတဲ့အချိန်က ရုံးသွားဖို့ မှီပေမယ့် ရုံးသွားဖို့ စိတ်ကို မပါလို့ ရုံးမတက်ဘူး။ ရုံးမလာမယ့်အကြောင်းကို ရုံးက မန်နေဂျာဆီ ဖုန်းနဲ့ SMS မတ်ဆေ့ခ်ျပို့လိုက်တယ်။ နေမကောင်းဘူးပေါ့။ ထုံးစံအတိုင်း နေမကောင်းရင် ဆေးခန်းပြ ဆရာဝန် ဆေးစာနဲ့ ခွင့်တင်ရမှာဆိုတော့ မနက်စာစားပြီး ဆေးခန်းကို ထွက်လာခဲ့လိုက်တယ်။ ဆေးခန်းရောက်တော့ အားပါးပါး... နည်းနည်းနှောနှော လူအုပ်ကြီးဗျာ။ ကုလားတွေ အများကြီးပဲ ဆေးလာစစ်နေကြတာ။ အခြေအနေကို သဘောပေါက်လိုက်တယ်။ ဆေးစာလေး ရဖို့အတွက်နဲ့ ထိုင်စောင့်နေရရင် ဒီနေ့ ယူထားတဲ့ခွင့် တစ်ဝက်က ဆေးခန်းမှာတင် အချိန်ကုန်သွားမှာလေ။ အဲဒါနဲ့ အိမ်ကိုပဲ ပြန်လာခဲ့လိုက်တယ်။

မနေ့ညက အိပ်ရာဝင်တာ နောက်ကျတာလဲ ပါပါတယ်။ ရန်ကုန်မှာ နာဂစ်မုန်တိုင်းသင့် ဒေသက ရွာတွေမှာ အများပြည်သူသုံးအိမ်သာ လိုက်ဆောက်ပေးနေတဲ့ RAVEN BDCက သူငယ်ချင်းက ချောင်းတွေဆိုးပြီး ၀မ်းသွားနေတယ်ဆိုတာကို အဖွဲ့က အခြားတစ်ယောက်က ဂျီတော့ခ်ကနေ လှမ်းပြောလို့ အခြေအနေ သိရအောင် ရန်ကုန်ကို ဖုန်းလှမ်းဆက်လိုက်သေးတယ်။ ဖုန်းဆက်တဲ့အချိန် သူတို့ဆီမှာ ၁၂ နာရီ မထိုးသေးပေမယ့် ဒီမှာကတော့ ည ၁ နာရီကျော်နေပါပြီ။ သူငယ်ချင်းကို မနက်ဖြန် နားသင့်ရင် နားထားလိုက်။ အခြား လုပ်နေတဲ့သူတွေနဲ့ လွှတ်ပေးလိုက်ပေါ့လို့ ပြောပေမယ့်လည်း သူက သူတာဝန်ယူထားတာကို တခြားသူတွေနဲ့ မလွှဲချင်ဘူးတဲ့။ ဒါကြောင့် ဓါတ်ဆားရည်သောက်ပြီး သူကိုယ်တိုင်ပဲ အစအဆုံး လိုက်လံ ကြီးကြပ်ပေးပါမယ်တဲ့။ သူ့အတွက် မစိုးရိမ်နဲ့လို့ ပြောတာပဲ။ အဲဒါနဲ့ သူနဲ့ RAVEN အဖွဲ့မှာ လုပ်နေတဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းအကြောင်းတွေကို ဖုန်းထဲမှာ ပြောကြဆိုကြရင်း အချိန် ၁ နာရီလောက် ကြာသွားပါတယ်။ ဖုန်းချလိုက်တဲ့အချိန်မှာတော့ ဒီဘက်မှာ ည ၂ နာရီခွဲနေပါပြီ။ အဲဒါနဲ့ မနေ့ညက အိပ်ရာဝင် နောက်ကျခဲ့တာပေါ့။

ရုံးမသွားတဲ့အခါကျတော့လည်း အိမ်မှာနေရတာ နားရတယ် မရှိပါဘူး။ RAVEN BDC က Scan ဖတ်ပြီး လှမ်းပို့ထားတဲ့ အိမ်သာပရောဂျက်က ငွေစာရင်းတွေကို ပြန်စစ်ပေး၊ အစအဆုံး စာပြန်ရိုက်ပေးနဲ့ နေ့တစ်ဝက် ကုန်ပါလေရော။ စာရင်းတွေပြီးတဲ့အခါ ရံပုံငွေထောက်ပံ့ပေးတဲ့ အလှူရှင်ဆီကို ပြန်လည် တင်ပြပေးရပါတယ်။ လှုပ်ရှားမှု ဓါတ်ပုံတွေလည်း လှမ်းပို့ရတာပေါ့။ ရန်ကုန်ကနေ မကြာခဏ လှမ်းလှမ်းပို့တဲ့ သတင်းတွေ၊ ဓါတ်ပုံတွေကိုလည်း ပြန်လည် စုစည်းရပါသေးတယ်။ Logo ထည့်စရာရှိတဲ့ ဓါတ်ပုံတွေကိုလည်း ယိုးဒယားက သူငယ်ချင်းဆီ လှမ်းပို့ရပါတယ်။ ပြီးတော့ သူပြန်ပို့တဲ့ ပုံတွေကို ပြန်လည် စုစည်းရပြန်တာပေါ့။

အိမ်မှာအတူနေတဲ့ အခန်းဖော်အစ်ကို တစ်ဦးက ICRC မှာ ရေနဲ့အိမ်သာလုပ်ငန်းတွေကို လုပ်ခဲ့ဖူးတော့ သူ့ဆီက အကြံဥာဏ်တွေ တောင်းရပါတယ်။ သူ့ရဲ့ အတွေ့အကြုံတွေကို မေးရပါတယ်။ သူက အခု စင်္ကာပူမှာ ညပိုင်းအလုပ်ဆင်းတာဆိုတော့ ဒီနေ့ နေ့လည်ပိုင်းမှာ နာဂစ်မုန်တိုင်းသင့် ဒေသတွေမှာ သောက်ရေအတွက် မိုးရေလှောင်ဖို့ အုတ်ကန်တစ်ခု ဆောက်ဖို့ ဘယ်လောက် ကုန်ကျမလဲ ဆိုတာကို သူနဲ့ ဆွေးနွေးဖြစ်ပါတယ်။ အုတ်ကန်တစ်ခုမှာ ပါရမယ့်အချက်တွေကို သူဆီကနေတဆင့် လေ့လာဖြစ်ပါတယ်။ လောလောဆယ် RAVEN အဖွဲ့က Water and Sanitation ကို အဓိကထား လုပ်နေတော့ သူတို့အနေနဲ့ ရေလှောင်ကန်တွေ ဆောက်ဖို့ လိုအပ်လာနိုင်ကောင်းပါတယ်။ ဒါကြောင့် အသိပညာရှင် အတတ်ပညာရှင်တွေဆီကနေ မေးထားမြန်းထား ရတာပေါ့။

အဲဒီလို တစ်နေကုန် ကွန်ပျူတာရှေ့ကနေ မထတန်း လုပ်နေလိုက်တာ... အခုညနေပိုင်းမှာ လည်ချောင်းတွေ နာ.. ချောင်းတွေ ဆိုးပြီး ခေါင်းတွေ ကိုက်လာနေပါပြီ။ ဖျားချင်ယောင်ဆောင်နေတာ တကယ် ဖျားတော့မယ် တူတယ်။ ဒီညတော့ ဆေးသောက်ပြီး အိပ်ရတော့မယ်။ နောက်နေ့တွေမှာ လုပ်စရာတွေက အများကြီး စောင့်ကြိုနေသေးတယ်လေ။

Saturday, June 7, 2008

WBDD Briefing Session

To thank you for your ongoing support, we would like to invite you to celebrate World Blood Donor Day 2008 with us! This year, it’s at the Singapore Zoo – 14 June from 9am to 5pm.

This event is celebrated all over the world, in recognition of the voluntary and selfless contribution of the many people who donate blood regularly. So bring your family and friends, enjoy a day at the zoo and be sure to have your photo taken with our mascot, “Blood Buddy”.



အခုတလော ညပိုင်းအလုပ်ဆင်း မနက်ပိုင်း အိပ်နေရတာနဲ့ လူလည်း နေ့နဲ့ညနဲ့ လွဲနေပါတယ်။ ညဆို ၂ နာရီ ၃ နာရီအထိ အလုပ်လုပ် ပြီးရင် အိပ်၊ နောက်တစ်ရက်ဆို ၁၂ နာရီခွဲမှ အိပ်ရာထ ညနေ ၄ နာရီလောက် ရုံးပြန်သွားနဲ့ လူလည်း ဒေါင်ချာစိုင်းနေတယ်။ ဒီအပတ် စနေနေ့မှာ World Blood Donor Day ပွဲအတွက် အစည်းအဝေး ၁၁ နာရီမှာ ရှိတယ်ဆိုတော့ သောကြာနေ့ညမှာ စောစော အိပ်နိုင်အောင် ကြိုးစားလိုက်ရတယ်။ ဒါပေမယ့်လည်း ရုံးကနေ ၁၁ နာရီလောက်ပြန်လာ၊ အိမ်မှာ အလုပ် ဆက်လုပ်... ဒါနဲ့ပဲ ည ၁ နာရီခွဲကျော်မှ အလုပ်ပြီးတာနဲ့ အိပ်ရာဝင်ဖြစ်သွားတယ်။

မနက် ကိုးနာရီထိုးတော့ ဖုန်းဆက် လှမ်းနှိုးတဲ့လူ ရှိတာနဲ့ အိပ်ရာထဖြစ်သွားတယ်။ ရေမိုးချိုး အ၀တ်စားလဲပြီး ရထားဘူတာကို ပြေး... သွေးလှူဘဏ်ကို ၁၁ နာရီ မထိုးခင် ရောက်ခဲ့ပါတယ်။ အစည်းအဝေးခန်းထဲမှာတော့ လူက အတော်များသား။ ဒီနေ့ အစည်းအဝေးမှာ NUS Red Cross Chapter၊ Polytechnic ကျောင်းတွေ၊ ITE ကျောင်းတွေက Volunteer တွေလည်း ခေါ်ထားပါတယ်။ Blood Donor Club နဲ့ Youth Donor Club က လူတွေကတော့ ပင်တိုင်ပဲဆိုတော့ အတော်များများ အစည်းအဝေးမှာ ရှိနေကြပါတယ်။ အစည်းအဝေးမှာ World Blood Donor Day ရောက်တဲ့အခါကျရင် Singapore Zoo မှာ လုပ်မယ့်ပွဲမှာ သက်ဆိုင်ရာ Volunteer အဖွဲ့လိုက် ဘာတွေ လုပ်ရမယ်ဆိုတာကို ရှင်းပြပါတယ်။

သွေးလှူရှင်တိုင်းကို အခု အပေါ်မှာ ပြထားတဲ့ ပို့စ်ကဒ်လေးတစ်စောင် ပို့ပေးပါတယ်။ ပို့စ်ကဒ်တွေက သွေးလှူရှင်တွေကိုပဲ ပေးတာဖြစ်ပေမယ့် Zoo ရောက်ရင် သွေးလှူရှင် တကယ်ဟုတ်မဟုတ် လုံးဝ မစစ်ပါဘူး။ ဒါကြောင့် သွေးမလှူဖူးလဲ စိတ်မပူကြပါနဲ့။ ပို့စ်ကဒ်လေးသာ အပါယူခဲ့ကြပါ။ ပို့စ်ကဒ်လေး ပြလိုက်ရုံနဲ့ ၀င်ခွင့်လက်မှတ် ၂ စောင် နဲ့ Discount Card တစ်ခု ကို Ticket Session မှာ ထုတ်ယူရပါမယ်။ Discount Card မှာ Blood Buddy အရုပ်ကြီးနဲ့ ဓါတ်ပုံ ၁ ပုံ အခမဲ့ တွဲရိုက်ခွင့်လည်း ပါပါတယ်။ အဲဒီ ဓါတ်ပုံ ၁ ပုံ အခမဲ့ ပေးမယ့် Sponsor ကတော့ HP ကပါ။

ဓါတ်ပုံရိုက်ပြီးရင် Zoo ထဲကို အရင် ၀င်ပြီး ဟိုဟိုဒီဒီ အမျိုးတွေ ကြည့်ကြပေါ့။ အမျိုးတွေကို နှုတ်ဆက်လို့ စုံပြီဆိုရင်တော့ အပြင် ပြန်ထွက်လာပြီး ဓါတ်ပုံရွေးပြီး အိမ်ပြန်ကြပေါ့။ ဓါတ်ပုံကူးတာကိုတော့ ထိုင်စောင့်နေရင် အချိန်ကုန်မယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်ထိ လာမယ့်သူက ၈၀၀၀ ကျော် စာရင်းသွင်းထားပါတယ်။ လက်မှတ်တိုင်းက ဓါတ်ပုံရိုက်ခွင့် ပေးထားတော့ အတော်များများက အမှတ်တရ ဓါတ်ပုံရိုက်ကြမှာပါ။ ဒါကြောင့် ဓါတ်ပုံရဖို့ဆိုတာ အတော်လေး အချိန်ပေးရမှာဖြစ်လို့ Zoo ထဲမှာ လျှောက်လည်ဖို့ အရင် လုပ်ခိုင်းတာပါ။

အကယ်လို့များ ကိုယ့်မှာ ပို့စ်ကဒ် တစ်ခုပဲ ရှိပြီး လိုက်လာတဲ့သူက ၃ ယောက်ဖြစ်နေရင် ပိုနေတဲ့ ၁ ယောက်အတွက် လက်မှတ် ၀ယ်ရပါမယ်။ ဈေးဆစ်ပြီး ရောဝင်လို့ ရမယ်တော့ မထင်ပါနဲ့။ လက်မှတ်အပို ပေးဖို့ အစီအစဉ် လုံးဝ မရှိပါဘူး။ အကယ်လို့များ ကလေးတွေ ပါလာရင် ကလေးလက်မှတ်ကို ၀ယ်ပြီး လူကြီးတွေက သွေးလှူရှင်ကိုပေးတဲ့ အခမဲ့လက်မှတ်တွေနဲ့ ၀င်ကြပေါ့။ ကလေးလက်မှတ်က လူကြီးလက်မှတ်ထက် သက်သာပါတယ်။

Zoo ကို မနက် ၉ နာရီမှာ စတင်ပြီး ၀င်ရောက်နိုင်ပါတယ်။ ညနေ ၆ နာရီမှာတော့ Zoo ပိတ်မှာပါ။ ဒါကြောင့် ၄ နာရီလောက် နောက်ဆုံးထား လာမှ အမျိုးတွေနဲ့ တွေ့ဆုံဖို့ အချိန်ရမှာပါ။ ၆ နာရီထိုးခါနီးမှ ကပ်လာရင် ဟိုဟိုဒီဒီ လျှောက်ပြီးတာနဲ့ အပြင်ကို ပြန်ထွက်သွားရပါလိမ့်မယ်။ ၀င်ခွင့်လက်မှတ်တွေက တစ်ကြိမ်တည်း အသုံးပြုခွင့် ပေးထားတာပါ။ ၀င်လိုက် ထွက်လိုက် လုပ်လို့မရပါဘူး။ လုပ်အားပေးတဲ့ Volunteer တွေတောင် ၀င်လိုက် ထွက်လုပ် လုပ်ခွင့် မရှိပါဘူး။ ကိုယ်တာဝန်ကျတဲ့ နေရာမှာပဲ နေရမှာပါ။

အထဲမှာတော့ Champion Blood Donor Recognition Ceremony ကို မနက်ပိုင်း တစ်ချိန်၊ ညနေပိုင်း တစ်ချိန် လုပ်ပါမယ်။ မနက်ပိုင်းမှာတော့ Bronze Medal နဲ့ Silver Medal သွေးလှူရှင်တွေ... ညနေပိုင်းမှာတော့ Ruby Medal နဲ့ Gold Medal သွေးလှူရှင်တွေကို ဂုဏ်ပြုမှာပါ။ ညနေပိုင်းပွဲမှာတော့ စင်္ကာပူ ကျန်းမာရေးဝန်ကြီး လာမယ်လို့ ပြောပါတယ်။ အဲဒီလို ဆုရတဲ့ သွေးလှူရှင်တွေကျတော့ အခမ်းအနားကို တက်ရမှာဖြစ်တဲ့အတွက် အချိန်မှီရောက်ဖို့ အရေးကြီးပါတယ်။ မနက်ပိုင်းမှာ ဆုယူမယ့်သူတွေက ညနေပိုင်းမှ လည်ကြပေါ့။ ညနေပိုင်း ဆုယူမယ့်သူတွေက မနက်ပိုင်းမှာ လည်ကြပေါ့။ သွေးလှူတဲ့အကြိမ် ၂၅ ကြိမ်အောက် ဖြစ်နေသေးလို့ ဆုမချိတ်သေးတဲ့ သာမာန် သွေးလှူရှင်တွေကတော့ အဲဒီပွဲကို တက်စရာ မလိုပါဘူး။ ကိုယ့်စိတ်ကြိုက် Zoo ထဲမှာ လျှောက်လည်လို့ရပါတယ်။

ကဲ... ဇွန်လ ၁၄ ရက်နေ့World Blood Donor Day ကို Singapore Zoo မှာ မိသားစုတွေ သူငယ်ချင်းတွေ ချစ်သူတွေနဲ့အတူ အမျိုးတွေကြားမှာ ဆွေပြမျိုးပြ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေဗျာ။

Tuesday, June 3, 2008

Dear Yesterday - 6

မနေ့က စင်္ကာပူကြက်ခြေနီရုံးကို ရောက်ခဲ့တယ်။ တရုတ်စီချွမ် ငလျှင်အတွက် ငွေသွားလှူတာပါ။ အလှူငွေက စကာင်္ပူဒေါ်လာ ၅၀၀ ပါ။ မနက် ၁၀ နာရီ မထိုးခင် ကြက်ခြေနီရုံးကို ရောက်သွားတယ်။ တံခါးဝမှာပဲ ဆိုင်းဘုတ် အသေးလေး ၂ ခု ထောင်ထားတယ်။ မြန်မာပြည် နာဂစ်မုန်တိုင်းအတွက်ရယ်... တရုတ်ပြည် စီချွမ် ငလျှင်အတွက်ရယ်... လှူဒါန်းနိုင်ပါတယ် ဆိုတဲ့အကြောင်းပေါ့။ တနလာင်္နေ့ကနေ သောကြာနေ့ဆို မနက် ၉ နာရီကနေ ညနေ ၅ နာရီခွဲအထိ၊ စနေနေ့ဆိုရင်တော့ မနက် ၈ နာရီခွဲကနေ နေ့လည် ၁ နာရီအထိ အလှူငွေ လက်ခံပေးပါတယ်လို့ မှန်တံခါးမှာ စာကပ်ပေးထားပါတယ်။

မျှားပြထားတဲ့ လမ်းညွှန်အတိုင်း အတွင်းထဲကို ၀င်လိုက်ပါတယ်။ ကိုယ်ရှေ့မှာ လှူနေတဲ့သူတွေရယ်၊ လှူဖို့ စောင့်နေတဲ့သူတွေရယ် ရှိနေပါတယ်။ အလှူငွေလက်ခံတဲ့ ဦးလေးကလည်း ခဏစောင့်ပေးပါနော်လို့ လှမ်းပြောပါတယ်။ အဲဒါနဲ့ အလှူငွေလက်ခံတဲ့ စားပွဲခုံတန်းရှည်နားက ကုလားထိုင်မှာ သွားထိုင်လိုက်တယ်။ အသက်ခပ်ကြီးကြီး တရုတ်လင်မယား နှစ်ဦး အလှူငွေထည့်တာကို ထိုင်ကြည့်နေရင်းပေါ့။

စင်္ကာပူဒေါ်လာ ၅၀ တန်တွေ အထပ်လိုက် ထုတ်ထားတဲ့ အဲဒီလင်မယားက အလှူခံဖြတ်ပိုင်းကို တစ်ဦးချင်းစီအလိုက် ရေးခိုင်းနေပါတယ်။ အမည်လေး ပြောလိုက် ၅၀ လှူလိုက်၊ နောက်တစ်ယောက် အမည်လေး ပြောလိုက် ၅၀ လှူလိုက်နဲ့ တောက်လျှောက် လှူနေတာ မိနစ် ၂၀ လောက် ကြာပါတယ်။ ဘယ်အတွက် လှူနေတာလဲဆိုတော့ တရုတ်ငလျှင်အတွက်ပါပဲ။ လှူနေတာ မနည်းပါဘူး။ အနည်ဆုံး ၅၀၀ ဒေါ်လာ အထက်မှာ ရှိပါမယ်။ ကျွန်တော်လည်း စောင့်နေလိုက်တာပေါ့။ နောက်ဆုံး ၅၀ တန် တစ်ရွက်ပဲ ကျန်တော့တယ်။ တရုတ်ကြီးက အလှူငွေလက်ခံနေတဲ့ ဦးလေးကို ပြောပါတယ်။ ဒီ ၅၀ တန်က မြန်သရန့် (မြန်မာပြည်) အတွက် လှူတာပါတဲ့။

သူတို့က မြန်မာပြည်မှာ စင်္ကာပူကြက်ခြေနီက ဘာတွေ လုပ်ပေးနေသလဲကို မေးပါတယ်။ အလှူငွေလက်ခံတဲ့ ဦးလေးကလည်း အလှူခံဖြတ်ပိုင်းတွေ ရေးပေးရင်း ဒီလို ပြန်ဖြေပါတယ်။ စင်္ကာပူကြက်ခြေနီ အနေနဲ့ ဆေးအဖွဲ့တွေ လွှတ်ပြီး ဆေးကုပေးနေပါတယ်။ အဲဒီမှာ လူနာတွေက အများကြီးပဲ။ တစ်ခါတစ်ခါ လာပြရင် လူနာ အယောက် ၂၀၀ လောက်ရှိတယ်။ ဟိုက လူနာတွေက ဆင်းရဲလွန်းလို့ ဆေးကုသစရိတ် ပေးနိုင်တဲ့သူ သိပ်မရှိဘူး။ အခမဲ့ ဆေးကုနေတဲ့ အဖွဲ့တွေလည်း မလုံလောက်ဘူး။ ဒါကြောင့် လူနာတွေက အခမဲ့ ဆေးကုတဲ့အဖွဲ့တွေ လာရင် အရမ်းကို ပျော်ကြတယ်။ အတော် သနားဖို့ ကောင်းပါတယ် တဲ့။

အဲဒီ လင်မယားပြီးတော့ ကျွန်တော့်အလှည့်ပေါ့။ ရုံးက လှူခိုင်းလိုက်တဲ့ ဒေါ်လာ ၅၀၀ ကို စာအိတ်ထဲက ထုတ်ပြီး ပေးလိုက်တယ်။ လက်ခံဖြတ်ပိုင်း ရေးပေးရင်း ဒီဖြတ်ပိုင်းက ယာယီသဘောပဲ သုံးတာပါ။ နောက်ပိုင်းကျရင် စင်္ကာပူကြက်ခြေနီအနေနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည် ပေးပို့မယ့်ကြောင်း ပြောပြပါတယ်။ ဘယ်သူဆီကို လိပ်မူပြီး ပို့ပေးရမလဲလို့ မေးတော့ ကျွန်တော်တို့ရုံးက Chief Operation Officer ရဲ့ အမည်ပဲ ပေးလိုက်တယ်။ သိတဲ့အတိုင်း အများကောင်းမှု သူကြီးအမည် တပ်ပေးရတာပေါ့ဗျာ။

အမှန်က အဲဒီ အလှူငွေတွေက ကျွန်တော်ကနေ စတင်ပြီး ရုံးက လူကြီးတွေဆီ အီးမေးလ်ပို့ပြီး စတင် ကောက်ခံပေးခဲ့တာပါ။ ကျွန်တော်အနေနဲ့ အလှူငွေ ကောက်ခဲ့တုန်းကတော့ မြန်မာပြည် နာဂစ်မုန်တိုင်းသင့် ပြည်သူများအတွက်ပေါ့။ စီနီယာမန်နေဂျာတစ်ဦးက ရုံးတွင်းမှာ အီးမေးလ် ပို့ပေးပါတယ်။ မြန်မာပြည် နာဂစ်မုန်တိုင်းသင့် ပြည်သူတွေအတွက် လှူချင်တဲ့သူရှိရင် ကျွန်တော်ဆီမှာ သွားရောက် လှူဒါန်းနိုင်ကြောင်း အီးမေးလ်တွေ ပို့တာပါ။ အဲဒီနေ့မှာ ဒေါ်လာ ၅၀ နဲ့ ၂ ယောက်၊ ဒေါ်လာ ၁၀ နဲ့ ၁ ယောက် လာပြီး လှူဒါန်းသွားပါတယ်။ ကျန်တဲ့လူတွေကတော့ ပေါ်မလာ ဇာတ်ကား ရိုက်နေကြတယ်။

နောက်တစ်ရက်ကျတော့ Chief Operation Officer က ရုံးတွင်းမှာ မြန်မာပြည်အတွက် Donation Drive တစ်ခု လုပ်ပါဆိုပြီး စီနီယာမန်နေဂျာတွေကို တာဝန်ပေးပါလေရော။ အဲဒါနဲ့ စီနီယာမန်နေဂျာလည်း အလှူငွေ ကောက်ဖို့ ရုံးက ၀န်ထမ်း ၁ ယောက်ကို တာဝန်ပြန်ပေးပါလေရော။ အဲဒီ ၁ ယောက်က လူသစ်ဆိုတော့ တချို့ဝန်ထမ်းတွေနဲ့ သိပ်မသိဘူး။ အဲဒါနဲ့သူ့အစား ကျွန်တော်ကပဲ လိုက်ကောက်ပေးပါတယ်။ အဲဒါနဲ့ စုစုပေါင်း ဒေါ်လာ ၉၆၀ ရသွားရော။ အလှူငွေတွေကို စီနီယာ မန်နေဂျာမှာ အပ်ထားလိုက်တယ်။ ညနေ ရုံးဆင်းခါနီးကျတော့ စီနီယာမန်နေဂျာက လှမ်းခေါ်တာနဲ့ သူ့အခန်းထဲ သွားလိုက်တယ်။ အလှူငွေ ၉၆၀ မှာ တရုတ်ငလျှင်အတွက်လည်း ခွဲလှူဖို့ လူကြီးတွေက ဆုံးဖြတ်တယ်တဲ့။ ဒါကြောင့် တရုတ်ငလျှင်အတွက် ၅၀၀ ဒေါ်လာ၊ ကျန်တာကို မြန်မာနာဂစ်အတွက် လှူဖို့ လုပ်ပေးပါလို့ ပြောပါတယ်။ ဒါနဲ့ပဲ မြန်မာနာဂစ်အတွက် လုပ်နေတဲ့ တောကျီးကန်းအဖွဲ့ကို ဒေါ်လာ ၄၆၀ လှူဒါန်းပေးခဲ့ပြီး တရုတ်ငလျှင်အတွက် စင်္ကာပူကြက်ခြေနီမှာ ဒေါ်လာ ၅၀၀ သွားလှူပေးခဲ့လိုက်ရပါတယ် ခင်ဗျာ။

မြန်မာပြည်နာဂစ်မုန်တိုင်းက နိုင်ငံတကာမှာ အဲဒီလိုကို မျက်နှာပွင့်တာဗျ။ မြန်မာပြည်မှာ ဘာတွေဖြစ်ပြီး ဘာတွေလုပ်နေမှန်း မသိရလို့ဆိုပြီး အလှူရှင်တွေရဲ့ လှူမယ့်တန်းမယ့် အလှူတွေက မြန်မာပြည်ထက်စာရင် တရုတ်ပြည်ထဲကိုပဲ ၀င်ဝင်သွားတာ... ဘယ်သူတွေကြောင့်လဲလို့ မမေးတော့ပါဘူးဗျာ။ မနေ့ကပေါ့.....

Sunday, June 1, 2008

To.... Hlaing Aung

ကြေးမုံသတင်းစာ ၂၀၀၈ မေလ ၂၉ ရက်နေ့ထုတ် စာမျက်နှာ ၈ မှာပါလာတဲ့ ဆောင်းပါးရှင် လှိုင်အောင်ရဲ့ "နှစ်အကူးမှာတော့ ပုရစ်ဖူးတွေ ဝေကြပေလိမ့်မည်" ဆောင်းပါးကို ရည်ညွှန်းပြီး အခုစာကို ရေးသားပါတယ်။ ဆောင်းပါးရှင် လှိုင်အောင် ရဲ့ မူရင်းစာအချို့ကို သည်၏မရွေး ပြန်လည်ကူးယူ ဖော်ပြပြီး ဘာနိုင်ငံရေး အသွေးအရောင် အမှောင့်ပယောဂမှမပါပဲ သာမန်ပြည်သူတစ်ဦးအနေနဲ့ ကျွန်တော့်အမြင်တွေကို ပြန်လည် ရေးသားချင်ပါတယ်။

"သြော်... သစ်ပင်တွေတောင် လေဒဏ်ခံခဲ့ရရာမှ သူတို့ သဘာဝအလျှောက် ရုန်းထထူထောင်နိုင်ခဲ့ပါကလား" ဟု အတွေးပေါက်မိသည်။ သည်သစ်ပင်တွေခမျာ မည်သည့်နိုင်ငံခြား အကူအပံ့ကိုမျှ ရကြသည်မဟုတ်၊ ခေါက်ဆွဲခြောက်ထုပ်ကိုလည်း မမြင်ရ၊ ရွက်ဖျင်တဲနှင့်လည်း အရိပ်မခိုရ၊ သောက်ရေသန့်လည်း မရကြရှာပါ။ သို့သော် မုန်တိုင်းနောက်မှ ကပ်၍ပါလာသော မိုးတစ်ပြိုက် နှစ်ပြိုက်နှင့် မြေဆီသြဇာ ကောင်းမွန်လှသော သဘာဝမြေကြီးတို့၏ အကူအညီဖြင့် အရွက်အခက်တို့ စိမ်းစိမ်းညိုညိုဝေ တက်၍လာကြသည်။ အမိမြေ အမိရေနှင့် ကိုယ့်အားကိုယ်ကိုး၍ အစောဆုံး ပြန်လည် ထောင်မတ်လာသူများပင်တည်း။

လူဆိုသည်ကတော့ သစ်ပင်ကဲ့သို့ မဟုတ်ချေ။..............

ဆောင်းပါးရှင်အနေနဲ့ လူသားနဲ့သစ်ပင်တွေ သဘောသဘာဝ မတူမှန်းကို သိရဲ့သားနဲ့ အခုအပေါ်က စာပိုဒ်ကို ရေးသားခဲ့တာ အတော်လေး အံ့သြမိပါတယ်။ သစ်ပင်ရဲ့ သဘာဝအရ ကောင်းမွန်တဲ့ ရေ၊ လေ၊ မြေ ရှိရင်ပဲ လုံလောက်နေပါပြီ။ ဒါကြောင့် သစ်ပင်တွေအနေနဲ့ ခေါက်ဆွဲခြောက်ထုပ်တွေ၊ ရွက်ဖျင်တဲတွေ၊ သောက်ရေသန့်တွေ မလိုအပ်တာကို ကလေးက အစ သိကြပါတယ်။ အဲဒီလို ကလေးတောင်သိတဲ့ အခြေခံသဘောတရားကို မြန်မာနိုင်ငံတစ်ခုလုံးမှာ ဖြန့်ဝေနေတဲ့ သတင်းစာကြီးရဲ့ ဆောင်းပါးမှာ အခုလို ကလေးကလားဆန်ဆန် ရေးသားတင်ပြလိုက်တာကို အတော်လေး အံသြမိပါတယ်။ ဆောင်းပါးရှင်အနေနဲ့ ဆင်ခြင်သင့်ပါတယ်။

မြန်မာနိုင်ငံအတွင်း အဆီးအတားမရှိ လွတ်လပ်စွာ ၀င်ရောက်လုပ်ကိုင်နိုင်ခွင့် Free Access ရမှ အကူအညီများ စို့စို့ပို့ပို့ ထပ်မံပေးအပ်မည်ဆိုသော အသံများကိုလည်း ကြားရပြန်သည်။ Free Access ဆိုသည့် စကားက ရိုးရိုးကလေးနဲ့ အတော်ပင် တာသွားသည့် စကားမျိုးဖြစ်သည်။ သဘောရှိ ကရောဟိ၊ လုပ်ချင်တာသာ လုပ်ကြပါတော့ ဟုဆိုကာ အိမ်ခြံဝင်းတံခါး၊ အိမ်မကြီးတံခါး၊ အိပ်ခန်းတံခါး၊ မိုးဖိုချောင်တံခါး အားလုံးဖွင့်ပေးမှ ကျေနပ်မည့် အဆင့်မျိုးအထိ ရောက်ရှိသွားနိုင်သည်။ စဉ်းစားဖို့ ကောင်းလှသည်။

Free Access ဆိုတာ ဘာကို ဆိုလိုမှန်း သိရဲ့သားနဲ့ အခုလို အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ ကိုယ့်အိုး ကိုယ်မလုံတာလို့ပဲ မြင်မိပါတယ်။ နိုင်ငံတကာက အကူအညီပေးနေတဲ့ အလှူရှင်တွေရော၊ ပြည်တွင်းမှာ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးတွေ လုပ်နေတဲ့သူတွေရော ယခုအချိန်မှာ လိုအပ်နေတဲ့ Free Access ဆိုတာ လိုအပ်တဲ့နေရာတွေကို လိုအပ်သလို သွားရောက် လှူဒါန်းနိုင်ခွင့်၊ ကူညီပံ့ပိုးနိုင်ခွင့်ကို ပြောနေမှန်း သိကြမှာပါ။ နာဂစ်မုန်တိုင်းကြောင့် ဘေးဒုက္ခရောက်နေတဲ့ ဒေသတွေမှာ အိမ်ခြံဝင်းတံခါး၊ အိမ်မကြီးတံခါး၊ အိပ်ခန်းတံခါး၊ မိုးဖိုချောင်တံခါးတွေ ရှိသေးရဲ့လားဆိုတာ သွားကြည့်ပြီးပြီလား။ ရွာလုံးကျွတ် ဘာမှ မရှိတော့တဲ့ ဒေသတွေမှာ ဒီလိုတံခါးတွေ ဖွင့်ပေးဖို့ လိုသေးလို့လားဗျာ။

မြန်မာနိုင်ငံက တံခါးဖွင့်ပေးသည့်အခါ၌ကော အမှန်တကယ် အကူအညီတွေ ဒလဟော ၀င်လာကြပါသလော။ မြန်မာနိုင်ငံဘက်က ပျက်ဆီးမှုနှင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်က ဒေါ်လာ ၁၁ ဘီလီယံခန့်၊ ယခု ကတိပြုသွားခဲ့ကြသည်က ဒေါ်လာ သန်း ၁၅၀ ကျော်ခန့်၊ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်း ပြောဆိုသွားခဲ့သည့် အရေးပေါ် သုံးလစာ အကူအညီအတွက် ဒေါ်လာ ၂၀၁ သန်း ပမာဏကိုပင် မပြည့်မီသေး။

ဆောင်းပါးရှင်ရဲ့ အရေးအသားက အလှူရှင်နိုင်ငံတွေ လှူချင်တန်းချင်တဲ့ သဒ္ဒါစိတ်တွေ တဖွါးဖွါး ပေါက်သွားလောက်အောင် လှူတာနဲသလေး မပြည့်မီသေး လုပ်နေသလိုပါပဲ။ လက်ရှိလှူထားတာတွေတောင် ဒုက္ခသည်တွေဆီ ရောက်မှန်းမသိ၊ ဘယ်တွေရောက်မှန်းမသိပဲနဲ့ ပိုက်ဆံတနင့်တပိုး တောင်းသလောက် အလှူရှင်တွေက ပေးရမှာလားဗျာ။ ရပ်ထဲရွာထဲမှာ အလှူခံပုဂ္ဂိုလ်တွေ အလှူခံတာကို မကြာခဏ မြင်ဖူးကြမှာပါ။ အဲဒီလို အလှူခံတွေမှာ ကိုယ်မသိတဲ့ အလှူခံမျိုးဆိုရင် လှူဒါန်းလိုက်တဲ့ ငွေကြေးပမာဏနဲ့ ကိုယ်သိနေတဲ့ အလှူခံမျိုး၊ ကိုယ်ကိုးကွယ်နေတဲ့ ကျောင်းတိုက်က အလှူခံမျိုးဆိုရင် လှူဒါန်းလိုက်တဲ့ ငွေကြေးပမာဏ မတူညီဘူးဆိုတာကို လက်သင့်ခံကြမှာပါ။ ဒီလိုပဲ နာဂစ်မုန်တိုင်းသင့်ဒေသတွေအတွက် လှူဒါန်းထားတဲ့ ငွေကြေးတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အကျိုးရှိရှိ လုပ်ဆောင်နေတာ တွေ့ခဲ့ရင် အလှူငွေတွေက နောက်ထပ် ၀င်လာမှာပါ။

မည်သို့ပင်ဖြစ်စေ အမိဧရာဝတီ၏ နွေးထွေးသော ရင်ခွင်၌ ဧရာဝတီသား မြန်မာတို့အတွက် ရေခံမြေခံကောင်း၊ အခြေခံကောင်းများ ရှိပြီးဖြစ်သည်။ ယာယီအားဖြင့် ခေါက်ဆွဲခြောက်ထုပ်နှင့် ဘီစကွတ်တို့ လိုကောင်းလိုပါလိမ့်မည်။ သို့သော် ဧရာဝတီသားတို့အတွက် လယ်ကြားမြောင်းကြားမှ ဆောင်းအုပ်၊ ခနွှဲပက်၊ ကွန်ပစ်လိုက်ရုံဖြင့် ပရိုတိန်းဓါတ် အပြည့်ပါသော ငါးများ ဟင်းစားရနိုင်ပါသည်။ သုံးဦးစပ် ငပိရည်ကျိုကို ငါးပနော် မီးအုံးထည့်ပြီး လယ်စပ်မှာ အလေ့ကျ ပေါက်နေသော မှိုနားတို၊ ကညွတ်၊ ထိကရုံးစသည့် ဟင်းသီးဟင်းရွက်ပင်များကို လတ်လတ်ဆတ်ဆတ်ခူးကာ တို့မြှုပ်၍ စားရလျှင်ပင် မြန်မာလယ်သမားများ ထမင်းစားမြိန်သလို လိုအပ်သော အာဟာရဓါတ်များလည်း အပြည့်အစုံပါပြီး ဖြစ်ပါသည်။ မိုးဦးကျမှာ ထွက်လာတတ်သည့် စားဖားဆူဆူကြီးများကိုလည်း ညအခါ မီးအုပ်ဆောင်းဖြင့် ထွက်၍ရိုက်ဦးမလား၊ စားစရာတွေက ပေါလှသည်။

ဒီစာသားတွေကတော့ ရင်ကို တကယ်ထိတယ်ဗျာ။ ကျွန်တော်တို့ရဲ့ ဆန်အိုးကြီးဖြစ်တဲ့ ဧရာဝတီတိုင်းက ပြည်သူတွေအပေါ် ထားရှိတဲ့ ဆောင်းပါးရှင်ရဲ့ စေတနာတွေက တလွဲဆံပင်ကောင်းပါပဲ။ ကိုယ်ကျတော့ မြို့ပေါ်မှာ ကြက်သားဆီပြန်၊ ငရှဉ့်ချဉ်စပ်၊ ၀က်သားလုံးကြော်တွေ စားနေတဲ့အချိန်မှာ အဲဒီဒေသက လူတွေကို ဖားရိုက်စား၊ ငါးဖမ်းစား၊ ငပိရည်နဲ့တို့စရာတွေ စားလို့ ပြောနေတာ ဘယ်လိုမှ ခံစားပေးလို့ကို မရပါဘူး။ အစားတစ်လုပ်အတွက် မိုးထဲရေထဲ မှောင်မှောင်မဲမဲမှာ မြွေမကြောက် ကင်းမကြောက် ရှာစားရတဲ့ ဘ၀ကို လွယ်တယ်များ ထင်နေပါသလား။ နဂိုကတည်းက ဒီလို ရှာစားနေတာပဲကွာလို့ ဘာထူးဆန်းလဲလို့ ချေပ မပြောပါနဲ့ဗျာ။ အဲဒီဒေသတွေကို ငဘတို့ခေတ်မှာပဲ ထားခဲ့တော့မှာလား။ သူတို့ဘ၀ရဲ့ တိုးတက်မှုတွေကို ဖန်တီးပေးရမယ်ဆိုတာ တကယ်ကို မသိတာလား။ အာဆီယံနိုင်ငံတွေမှာ ကိုယ်နိုင်ငံရဲ့ အဆင့်က ဘယ်နေရာ ရောက်နေသလဲကို နိုင်ငံအပြင်ထွက်ပြီး လေ့လာဖူးရင် သိမှာပါ။ စကာင်္ပူတို့နဲ့ နှိုင်းပြီးပြောရင်တောင် အရမ်းကွာနေအုံးမယ်။ ၁၉၉၀ က သိပ်မကွာခဲ့တဲ့ ဗီယက်နမ်နဲ့ပဲ နှိုင်းပါအုံး။ အခုချိန်မှာတော့ မိုးနဲ့မြေလို့ ကွာသွားပါပြီ။

နိုင်ငံတကာမှ လှူဒါန်းသည့် ချောကလက်တောင့်များ မစားရလျှင်လည်း ဧရာဝတီတို့ ကိုယ့်အားကိုယ်ကိုး ရှင်သန်နိုင်ပါသည်။

မုန်တိုင်းပြီးကာစအချိန်တွေမှာ စားစရာတွေ မရှိလို့ လူတွေရေထဲက ဆန်တွေလိုက်စစ်ပြီး၊ ကျွဲနွား အသေကောင်တွေ စားနေတဲ့ အချိန်မျိုးမှာ အရေးပေါ်ဖြေရှင်းဖို့ နိုင်ငံတကာ အလှူရှင်တွေက အဲဒီလို ဘီစကစ်တွေ၊ ချော့ကလက်တောင့်တွေကို ပို့ပေးလိုက်တာပါ။ အဲဒီ ချော့ကလက်တွေ၊ ဘီစကစ်တွေဟာ ဇိမ်ခံ အစားစာမျိုး မဟုတ်ပါဘူး။ လူတစ်ယောက် လိုအပ်တဲ့ အခြေခံ အာဟာရတွေကို အသေအချာ တွက်ချက်ပြီး အဲဒီ ချော့ကလက်တွေ၊ ဘီစကစ်တွေမှာ ထည့်သွင်းပေးထားပါတယ် ဆိုတာ ဆောင်းပါးရှင်အနေနဲ့ မသိခဲ့ဘူးဆိုတာကို ရိုးသားစွာ မြင်မိပါတယ်။ အဲဒါတွေကို သိရဲ့သားနဲ့ ဒီိလိုမျိုးကို ရေးသားခဲ့တယ်ဆိုရင်တော့ ဘယ်လို အပြုသဘောဆောင်တဲ့ အခြေခံစိတ်ဓါတ်မျိုးနဲ့ ရေးသားခဲ့သလဲ ဆိုတာကို ပြန်လည်မေးခွန်း ထုတ်ရပါတော့မယ်။

မြန်မာပြည်မှာ ကာလကြာရှည် ကျပ်တည်းဆင်းရဲခဲ့သည့် စစ်အတွင်းကာလ ဂျပန်ခေတ်ကပင် ငတ်၍သေသူ မရှိခဲ့ပါ။

နောက်တစ်ခါ စစ်အတွင်းဂျပန်ခေတ်နဲ့ နှိင်းပြောထားထားကိုလည်း တွေ့လိုက်ရတော့ အခုခေတ်က ဂျပန်ခေတ်လားလို့တောင် ပြန်မေးချင်ပါတယ်။ ဂျပန်ခေတ်ကို ကျော်ခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဂျပန်ခေတ်က အခြေခံလိုအပ်ချက်နဲ့ အခုခေတ် အခြေခံလိုအပ်ချက်တွေ မတူဘူးဆိုတာ လက်ရှိခေတ်မှာ နေထိုင် အသက်ရှင်နေတဲ့ ဆောင်းပါးရှင်အနေနဲ့ လျှစ်လျူမရှုသင့်ပါဘူး။

နိဂုံးချုပ်အနေနဲ့ ပြောချင်တာက ဆောင်းပါးရှင်အနေနဲ့ ကိုယ်ချင်းစာစိတ်ကို အခြေခံပြီး သေချာ စဉ်းစား ရေးသားသင့်ပါတယ်။ ကိုယ်တိုင်ဆိုရင်လည်း ဒီလိုပဲ ရှာဖွေ စားသောက်နေမှာလား... ကိုယ့်ရဲ့ နောက်မျိုးဆက် သားသမီးတွေလည်း ဒီလိုပဲ ခက်ခက်ခဲခဲ ရှာဖွေ စားသောက်တဲ့ဘ၀မှာပဲ ပျော်နေစေချင်လားကို ကျေးဇူးပြုပြီး ပြန်ဖြေပေးပါလားဗျာ။