.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, June 19, 2008

The Holy Angel

အန္တရာယ်လေပြင်းက
ပန်းသီချင်းတွေဖြစ်ပါစေ...။

တီတာတာဒုက္ခမိုးတို့
လိုရာမတိုးဖြစ်ပါစေ...။

စုပေါင်းကျတဲ့မျက်ရည်တွေ
မွှေးမြစမ်းရေဖြစ်ပါစေ...။

ကျန်းမာသောလောကမှာ
ပါဝင်ရသူဖြစ်ပါစေ...။

မာကျောတဲ့နွေအဝေးမှာ
စေလိုရာစေဖြစ်ပါစေ...။

ပါပဂြိုဟ်ဆိုးတို့ရဲ့
ခင်တွယ်မဲ့သူဖြစ်ပါစေ...။

စေတနာမိုးများကြောင့်
ဗျာပါကင်းသူဖြစ်ပါစေ...။

ဒီကဗျာလေးက ၂၀၀၇ ခုနှစ်က အန်တီစုမွေးနေ့အတွက် နေးတစ်မြန်မာဖိုရမ်မှာ ကိုမင်းအို ရေးတင်ခဲ့တဲ့ ကဗျာလေးပါ။ ဒီနှစ် ၂၀၀၈ မှာတော့ ကိုမင်းအိုတစ်ယောက် အန်တီစုမွေးနေ့အတွက် ကဗျာရေးတင်ဖို့ အခွင့်မသာသေးပါဘူး။ ဒါနဲ့ပဲ ၂၀၀၇ မှာ ကိုမင်းအိုရေးခဲ့တဲ့ ကဗျာလေးကိုပဲ မွေးနေ့အမှတ်တရအနေနဲ့ ပြန်လည် ဖော်ပြလိုက်ပါတယ်။

တစ်လက်စတည်း ပြောလိုတာက... အန်တီစု ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အရင်က ကျွန်တော် အမြင်တွေ မကြည်လင်ခဲ့ပါဘူး။ ၈၈ ဆိုတဲ့အချိန်မှာ မူလတန်းကျောင်းသား ကျွန်တော်... ၉၀... ၉၁ ဆိုတဲ့အချိန်မှာ အလယ်တန်းကျောင်းသားလေး ကျွန်တော်... ဘာဆိုဘာမှ သိခဲ့တဲ့သူ မဟုတ်ခဲ့ပါဘူး။ အန်တီစု ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဆိုတာပဲ သိခဲ့တယ်။ ငယ်ငယ်ကတည်းက ဖတ်စရာအနေနဲ့ လက်လှမ်းမှီခဲ့တာက နိုင်ငံပိုင်သတင်းစာတွေ... လုပ်သားတို့ ကြေးမုံတို့ပေါ့။ ပုံပြင်စာအုပ်၊ ကာတွန်းစာအုပ်ဆိုတာ နေ့တိုင်း ငှားဖတ်နိုင်ခဲ့တာ မဟုတ်ဘူးလေ။ အခုလို အင်တာနက်ဆိုတာကြီးကိုလည်း အိမ်မက်တောင် မမက်ခဲ့ပါဘူး။

အဲဒီ သတင်းစာမှာ ရေးတဲ့ ခေါင်းကြီးပိုင်းတို့ ဆောင်းပါးတို့ကို အခြားသတင်းတွေထက် အဖတ်များခဲ့တယ်။ သတင်းတွေက လူကြီးတွေ ဟိုသွားတယ် ဒီသွားတယ် ဆိုတာကြီးတွေက ဖတ်ရလွန်းပြီး ခေါက်ရိုးကျိုးနေလို့ ဓါတ်ပုံကြည့်လိုက်တာနဲ့ သတင်းမှာ ဘာရေးမယ်ဆိုတာကိုတောင် ခန့်မှန်းနိုင်တယ်လေ။ ဒါနဲ့ သတင်းစာက ဆောင်းပါးတွေကိုပဲ အဖတ်များခဲ့တယ်။ ဆောင်းပါးတွေထဲမှာ ရေးတဲ့အတိုင်း အန်တီစုဟာ... အဖေမျက်နှာကိုမှ မထောက်... ကိုယ်နိုင်ငံကို ကျွန်လုပ်သွားတဲ့ မျက်နှာဖြူ အင်္ဂလိပ်နဲ့ လင်တော်ထားတယ်။ ပြည်ပမှာပဲ အနေများခဲ့တယ်။ အဖြူကောင်လေး ၂ ယောက်ကို မွေးထားတယ်။ ပြည်ပအင်အားကြီးနိုင်ငံတွေရဲ့ သွေးထိုးလှုံ့ဆော်မှုနဲ့ ပြည်တွင်းရေးကို ခြယ်လှယ်နေတယ်။ ဒေါ်လာတွေစားပြီး နိုင်ငံရေး လုပ်နေတယ်။ ပုဆိန်းရိုးတို့ ဘာတို့ ညာတို့တွေကို ဖတ်ရတာ အတော်များခဲ့ပါတယ်။ အဲဒါနဲ့ပဲ... သြော်... ဒီအန်တီကြီး အတော်ဆိုးပါလား ပေါ့.. ကလေးပီပီ တွေးခဲ့မိပြီး သူ့အပေါ် အမြင်မကြည်ခဲ့ပါဘူး။ ကလေးတွေအပေါ်ကို မီဒီယာရဲ့ လွှမ်းမိုးမှုက အတော်ရှိခဲ့ပါလားဆိုတာ သက်သေတစ်ခုပါပဲ။

အခုတော့ အရွယ်ကလည်း ရောက်လာပါပြီ။ အတွေ့အကြုံကလည်း များလာပါပြီ။ အင်တာနက်ကနေ ဖတ်ရှုလေ့လာခဲ့တာတွေလည်း ရှိခဲ့ပါပြီ။ သတင်းစာတွေရဲ့ အရေးအသားရယ်... အင်တာနက်မှာ တင်ထားတဲ့ ဆောင်းပါးတွေ စာတွေရဲ့ အရေးအသားတွေရယ်... အဲဒီနှစ်ခုက အစွန်း ၂ ဘက်ကို ရှောင်ပြီး အလယ်အလတ်မှာရှိတဲ့ အမှန်တရားတွေကို ရှာဖွေကြည့်မိတဲ့အခါ အန်တီစုဟာ ကျွန်တော် ထင်ခဲ့သလောက် မဆိုးခဲ့ပါဘူး။ တိုင်းပြည်အတွက် သူမလုပ်ခဲ့တာ မှားတာ မှန်တာတွေ... သူမဘာတွေ လုပ်ခဲ့လဲ... ဘာတွေ ဆက်လုပ်နေလဲ... ဆိုတာတွေထက်... နှစ်ပေါင်းများစွာ အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရတဲ့ သူမရဲ့ဘ၀ကို အတော်လေး စာနာမိခဲ့ပါတယ်။ ငယ်ရွယ်နုပျိုတဲ့ဘ၀ကို အထီးကျန်ဆန်ဆန် ဖြတ်သန်းခဲ့ရတဲ့ စွန့်လွှတ်မှုမျိုးက အတော်လေးကို အားထုတ်ယူရမှာပါ။ တော်ရုံတန်ရုံ စိတ်ဓါတ်မျိုး မဟုတ်ပါဘူး။

ဒါကြောင့် ကိုမင်းအိုရဲ့ ကဗျာလေးအတိုင်း အန်တီစု ကျန်းမာပါစေ..... ပန်းလိုမွှေးပါစေ ခင်ဗျာ..... လို့ မွေးနေ့မင်္ဂလာမှာ ဆုတောင်းမေတ္တာ ပေးပို့လိုက်ပါတယ် ခင်ဗျာ။

1 comment:

ပေါက်ကျော်မ said...

`ကိုယ်က အနိုင်ယူချင်ရင် အနိုင်ယူတဲ့စိတ်ကို မွေးရမယ်´ လို့ ဒေါ်စု ပြောခဲ့တာ ရှိပါတယ်.... အနိုင်ယူတယ်ဆိုတာ အနိုင်ကျင့်တာ မဟုတ်ဘူးလို့ ယူဆပါတယ်.... ဘာလိုလိုနဲ့ ဒေါ်စု ထောင်တွင်းမှာ အသက် ၆၃ နှစ် ပြည့်ခဲ့ပြန်ပြီ... နောက်မွေးနေ့မှာ လွတ်မြောက်လာနိုးနိုး.. ဒီမွေးနေ့မှာ လွတ်မြောက်နိုင်နိုးနိုးနဲ့ ပြည်သူတွေက ဒေါ်စုကို မျှော်လင့်နေကြပြီ.....

မြန်မာပြည်သူတွေအတွက် ဒေါ်စု အမြန်ဆုံး လွတ်မြောက်လာပါတော့..
Happy Birthday Aunty Suu!!!