.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, June 11, 2008

The truth behind real news

ဆိုရေးရှိလို့ ဆိုပါရစေခင်ဗျာ... ကျွန်တော်အနေနဲ့ ဒီစာကိုတင်ရတဲ့ ရည်ရွယ်ချက်က အလွန်ရှင်းပါတယ်။ နာဂစ်မုန်တိုင်းကြောင့် အများပြည်သူတွေ အတိဒုက္ခရောက်နေတဲ့အချိန်မှာ တကယ်ကို အောက်ခြေအထိ ကူညီဖြေရှင်းနေတဲ့ အဖွဲ့အစည်းတွေကို အမြင်စောင်းမှာကို မလိုလားလို့ပါ။ ကျွန်တော်အနေနဲ့လည်း ထူးဆိုတဲ့ ကုမ္ပဏီနဲ့ ဘာတစ်ခုမှ သက်ဆိုင်မှု မရှိပါဘူး။ ခေတ်ပြိုင်ဆိုတာ ကျွန်တော် ဖတ်လေ့ရှိတဲ့ သတင်းဆိုဒ်တစ်ခုပါ။ ခေတ်ပြိုင်ရဲ့ ဇွန်လ ၉ ရက်နေ့မှာ ဖော်ပြထားတဲ့ နိုင်ငံတကာအကူအညီ ကုမ္ပဏီများ အမြတ်ထုတ် ဆိုတဲ့ သတင်းလေးနဲ့ ပါတ်သတ်ပြီး ပြန်လည် ဖြေရှင်းပေးချင်လို့ပါ။ ခေတ်ပြိုင်ရဲ့ သတင်းက မမှားပါဘူး။ ဒါပေမယ့် သတင်းရဲ့ နောက်ကွယ်မှာ ကျန်ခဲ့တဲ့ အချက်အလက်အချို့ကို ပြန်လည်ဝေမျှ တင်ပြပေးချင်ပါတယ်။ ခေတ်ပြိုင်ကို သတင်းပေးသူကိုယ်တိုင် မသိခဲ့တဲ့ အချက်အလက်တွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် ခေတ်ပြိုင်မှာ တာဝန်မရှိသလို သတင်းပေးသူမှာလည်း တာဝန်မရှိပါဘူး။

သတင်းလေးရဲ့ စာပိုဒ်အချို့ကို အောက်မှာ ဖော်ပြထားပါတယ်။


Photo Credit: Khitpyaing

"ပုဂ္ဂလိက အကူအညီပေးသူတဦးက “ကျနော်တို့အဖွဲ့တွေ ဘိုကလေးမြို့ကနေ စက်လှေတွေနဲ့ တဆင့် ထပ်သွားရတဲ့ ကဒုံကနိ၊ ကွင်းပုန်းကျေးရွာ စတဲ့ ရွာတွေကို ရောက်တယ်။ အဲဒီမှာ အင်္ဂလန်နိုင်ငံ Rotary Club က လှူထားတဲ့ Shelter Box နဲ့ ရွက်ဖျင်တဲတွေ တွေ့ရတယ်။ အဲဒီ ရွက်ဖျင်တဲ အားလုံးအပေါ်မှာ H ဆိုတဲ့ ထူးထရေးဒင်း ကုမ္ပဏီအမှတ်တံဆိပ်တွေ ကပ်ထားတယ်။ မသိရင် ဒါတွေဟာ ထူးကုမ္ပဏီက လှူတာတွေလို့ ပြည်သူတွေ ထင်သွားမယ်” ဟု ပြောသည်။

အလားတူ ဘိုကလေးမြို့နယ်အတွင်း ရောက်ရှိခဲ့သူတဦးက German Federal Agency မှ လှူဒါန်း ထားသည့် Mobile Purify ရေသန့်စက်ကို မြင်တွေ့ခဲ့ရကြောင်း၊ အဆိုပါ ရေသန့်စက်များ၊ ရေစစ် ကန်များ အပေါ်၌လည်း H လိုဂိုနှင့် ထူးထရေးဒင်းကုမ္ပဏီ အမှတ်အသားကို မြင်တွေ့ရကြောင်း၊ ရေသန့်စက် ကိုင်တွယ်သူသည်လည်း ထူးထရေးဒင်းက ၀န်ထမ်းဖြစ်နေကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် အဆိုပါရေသန့်စက် လှူဒါန်းသူသည် ထူးထရေးဒင်းကဟု ထင်မြင်ယူဆ သွားနိုင်ကြောင်း ပြောသည်။"

~~~~~~~~~~~

အဲဒါပြောကြားချက်နဲ့ ပါတ်သတ်ပြီး ဘိုကလေးကရွာတွေမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ၂၀၀၈ မေလ ၇ ရက်နေ့ကတည်းက သားပစ်မယားပစ် အိုးပစ်အိမ်ပစ် လုပ်နေတဲ့ ကျွန်တော့် အသိမိတ်ဆွေဖြစ်တဲ့ အစ်ကိုဆီက ဖိုရမ်တစ်ခုမှာ တင်ထားတဲ့စာကို ပြန်လည်ဖော်ပြပေးချင်ပါတယ်။ အဲဒီ အစ်ကိုအနေနဲ့ လတ်တလောကာလမှာ အွန်လိုင်းကို လာနိုင်မှာ မဟုတ်ပါဘူး။ ရန်ကုန်ကို မနေ့ညက ရောက်ပြီး ဒီညပဲ ဘိုကလေးကို ပြန်သွားပါပြီ။
~~~~~~~~~~~

"အင်တာနက်ထဲမှာ ခင်ဗျားတို့သတင်းတွေ ရေးထားတယ်လို့ ဖုန်းဆက်ပါတယ်...။ ဟုတ်လား ဘာတဲ့လဲဆိုတော့ အင်္ဂလန်က လှူတဲ့ ယာယီတဲတွေမှာ ကုမ္ပဏီက တံဆိပ်တွေ ကပ်ထားလို့ပါတဲ့...။ သူတို့လှူတာမဟုတ်ဘဲ မျက်နှာဝင်ယူကြတယ်တဲ့...။

ပြုံးမိတယ်...။ ဘိုကလေးကို ရောက်ဖူးပါသလား...။ ဘိုကလေးကနေ စက်လှေနဲ့ ၅နာရီစီးသွားရတဲ့ ရွာတွေကို ရောက်ဖူးပါသလား...။ အဲဒီက လှိုင်းတွေ၊ လေတွေ၊ မိုးတွေကြားမှာ သွေးမတော်သားမစပ်တွေအတွက် မနက် ၆နာရီကနေ ည ၁၁နာရီထိ နေ့စဉ်သွားနေတဲ့လူတွေ မြင်ဖူးသလား...။ ဒါလေးပဲ မေးချင်မိတယ်...။

လစာမတိုးဘူး...။ ဘောနပ်စ်မပေးဘူး...။ အခွင့်အရေးဘာမှ မရဘဲ...။ ဌာနဆိုင်ရာဝန်ထမ်း မဟုတ်ဘဲ လာလုပ်ပေးနေတဲ့သူ ဘယ်နှစ်ယောက်ရှိသလဲ...။ စုံစမ်းကြည့်ကြပါဦးလို့လဲ ပြောချင်မိတယ်...။

ယူအန်ဝန်ထမ်းတွေလို လစာတနင့်တပိုးရပြီး၊ ဟိုရောက်တော့လည်း ရန်ကုန်မှာနေသလို အဆင့်မီနေထိုင် စားသောက်ကြရင်း လုပ်ကိုင်နေတာမဟုတ်တဲ့ တချို့သော လူတွေအကြောင်းကို သိအောင် စုံစမ်းစေချင် ပါသေးတယ်...။

လုပ်ငန်းသဘောသဘာဝလေးတွေကို ပြောရဦးမယ်...။

ဒေါ်လဲ့လဲ့ဆိုတာက ဦးအောင်ဆန်းဦးရဲ့ ဇနီးလို့ပြောတယ်...။ သူက တာဝန်ယူပြီး အင်္ဂလန်ကနေ ယာယီတဲတွေ ယူလာတယ်...။ အစိုးရကိုလည်း ပေးတယ်...။ ကုမ္ပဏီတွေကိုလည်း ပေးတယ်...။ အဲဒီပေးတဲ့စာရင်းကိုလည်း သက်ဆိုင်ရာကို ပေးတယ်...။

ယာယီတဲလိုက်ထိုးရတယ်ဆိုတာ ပြောရင်တော့ လွယ်လွယ်လေးဗျ...။ တဲတွေ စက်လှေနဲ့တင်သွား...။ ရောက်တဲ့ရွာမှာ ချထိုး...။ နော့...။

တကယ်ထိုးတော့ အဲဒီလိုမဟုတ်ပါဘူး...။

စက်လှေငှား၊ အလုပ်သမားနဲ့တင်၊ မြစ်ထဲထွက်... ဝေးရင် ဝေးသလို ရေထဲမှာ ၆နာရီအထိ သွားရတာ...။ ရွာရောက်တော့ တဲထိုးစရာ မြေပြောင်ပြောင်ကမရှိ...။ ရွှံ့ထဲမှာ ရွာပျက်ကို ရှင်းကြ...။ ရွာသားတွေကို အကူအညီတောင်းရ...။ တချို့က ကူညီတယ်...။ တချို့ရွာက လုပ်မပေးချင်ဘူး...။ လုပ်မပေးချင်ရင် သွားတဲ့လူတွေ ကိုယ့်ဘာသာ လုပ်ရတာပေါ့...။ စားစရာကတော့ ပါသွားတဲ့ အခြောက်အခြမ်းလေးတွေ စားကြပေါ့...။ ပြီးရင်တဲထိုး...။ ရွာလူကြီးခေါ်အပ်...။ နေမယ့်လူနာမည်စာရင်းယူ...။ တစ်ခါတလေ တဲလေး အလုံး ၃၀ထိုးတာ နှစ်ရက်လောက် ကြာတယ်...။ သွားလက်စနဲ့ဆိုပြီး ရွာသားတွေအတွက် ဆန်တို့၊ စားစရာတို့၊ အ၀တ်အစားတို့လည်း လှေဆန့်ရင် ဆန့်သလောက် ထည့်ပေးပါတယ်...။ ဝေဟယ်ငှဟယ်လေးလုပ်ကြ...။ ဆရာဝန်အဖွဲ့တစ်ဖွဲ့ထည့်ပေးပြီး လိုအပ်ရင် ဆေးလေးဝါးလေးပေးပေါ့...။ လူနာလေးဘာလေး ကုပေါ့...။

ဘာဖြစ်သလဲဆိုတော့ အဲဒီတဲတွေ ပျောက်ရင် အဲဒီတဲတွေ ဈေးထဲလာရောင်းရင် တာဝန်ယူထားတဲ့ ကုမ္ပဏီရဲ့ တာဝန်ပါ...။ ဒီအတွက် တဲတွေမှာ စတစ်ကာ ကပ်ရပါတယ်...။ ကုမ္ပဏီနာမည်မကပ်ပါဘူး...။ တံဆိပ်ပဲ ကပ်ခိုင်းပါတယ်...။ ကပ်တဲ့အခါမှာလည်း မူလ အလှူရှင်တွေရဲ့ နာမည်ကို ဖုံးမကပ်ပါဘူး...။ လွတ်တဲ့နေရာမှာ ကပ်ပါတယ်...။

အဲဒီ ထိုးသမျှစာရင်းကို စစ်ရေးချုပ်ရုံး၊ စစ်ထောက်ချုပ်ရုံး၊ ကက(ကြည်း)၊ န.တ.ခ၊ ဆိုင်ရာကွပ်ကဲရေးရုံးနဲ့ မ.ယ.က ကို သတင်းပို့ရပါသေးတယ်...။ မျက်နှာလိုချင်လို့ဆိုရင်တော့ အဲဒီတဲတွေ လိုက်ထိုးမပေးပါဘူး...။ တခြား ကုမ္ပဏီတွေလုပ်သလို တီဗွီထဲများများပါအောင် လုပ်ပါမယ်...။ မင်းသားမင်းသမီးတွေနဲ့ စီစဉ်ပါမယ်...။ လေဘေးကို ဘယ်လို ကယ်တင်လိုက်မယ်လို့ ကြွေးကြော်ပြီး ဂျာနယ်မျက်နှာပြည့် အစည်းအဝေး မှတ်တမ်းတွေ တင်ပါမယ်...။

လိုအပ်နေတဲ့အတွက် လိုအပ်တာကို လုပ်ပေးခြင်းသက်သက်ပါ...။

ဂျာနယ်တစ်စောင်က မေးတယ်...။ အခုလို လုပ်ပေးရတဲ့အတွက် ဘယ်လို ပီတိခံစားရပါသလဲတဲ့...။ အမှန်အတိုင်း ဖြေရမလားဆိုတော့ ဖြေပါတဲ့...။ ဘယ်လိုမှ မနေပါဘူးလို့ ပြန်ပြောဖြစ်တယ်...။

ဒါဟာ လုပ်ပေးဖို့ကို လိုအပ်တာ...။ ဒီလူတွေ တကယ်ကို ဒုက္ခရောက်နေကြတာ...။ အဲဒါကို လုပ်ပေးရတာ ပီတိဖြစ်စရာမဟုတ်ပါဘူး...။ မပြည့်မစုံ လုပ်ပေးနေရတဲ့အတွက် သူတို့ရဲ့ သောကတွေ ပူပန်မှုတွေကို မဝေမျှပေးနိုင်တဲ့အတွက် စိတ်မကောင်းဘဲ ဖြစ်ပါတယ်...။

မုန်တိုင်းဖြစ်မှာကို တစ်ပတ်ကြိုသိပါလျက်နဲ့ လူတစ်ယောက်တောင် လှေနဲ့ သွားမခေါ်နိုင်ခဲ့တဲ့ ကျွန်တော်က ဘယ်ကိစ္စကိုမှ ကျေနပ်ပီတိဖြစ်နေမယ်မဟုတ်ပါ...။

တွေးမိသမျှ...

မနေ့ကပါ...။

စာကြွင်း။ ။ ရေသန့်စက်ကိုလည်း အဲဒီလိုလုပ်တယ်လို့ ရေးထားသေးတယ်...။ သတင်းစာတွေ ဂျာနယ်တွေ မဖတ်ဘူးထင်တယ်...။ အဲဒီထဲမှာ ဂျာမန်သံအမတ်ကြီး အစီအစဉ်နဲ့ ဂျာမနီနိုင်ငံက လှူပါတယ်ဆိုတာကို တရားဝင် ပြောထားပါလျက်နဲ့ကွယ်...။ ကလေးအထာတွေ မလုပ်ကြပါနဲ့...။ သတင်းအမှန်ကို ရအောင် လုပ်ပါ...။ နိုင်ငံကိုချစ်ရင် ဒီအချိန်မှာ ဘာလုပ်ရမလဲကို စဉ်းစားပါ...။ လုပ်နေတဲ့လူတွေ အရေးယူခံရ ပြန်ခေါ်ခံရရင် ဝေလေလေတွေ လုပ်စားမယ့်လူတွေ ဒေသကို ရောက်လာပြီး ဒေသခံတွေပဲ နစ်သထက် နစ်ပါလိမ့်မယ်...။ ဆင်ခြင်စဉ်းစားကြည့်ကြဖို့ပါပဲ...။"
~~~~~~~~~~~

အဲဒီတော့ ဝေလေလေတွေ.. လုပ်စားမယ့်သူတွေ.. ဆိုတာ ဘယ်သူတွေလဲပေါ့။ အဲဒီလို လူမျိုးတွေသာ အဲဒီဒေသတွေကို ရောက်လာရင်ဆိုတဲ့ နောက်ဆက်တွဲလေးကို ကျွန်တော်တို့ စဉ်းစားပေးကြပါအုံးဗျာ။ တကယ်လုပ်နေတဲ့သူတွေကို မထိခိုက်စေချင်တဲ့... သူများတကာတွေ အားလုံးအပြီးအဆီး လုပ်ပြီးကာမှ အလံတွေ တလူလူလွှင့်ပြီး နေရာဝင်ယူတတ်တဲ့ ဝေလေလေတွေ အဲဒီဒေသတွေကို မရောက်လာစေချင်တဲ့... ကျွန်တော့်ရဲ့ ပကတိ အရိုးခံစေတနာလေးကို နားလည်ပေးကြပါလို့ ပြောလိုက်ပါရစေ။

20 comments:

Welcome said...

အမှန်တရားကိုဖော်ထုတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဗမာပြည်မှာ ဝေလေလေ တွေ၊ ဘေးလွယ်အိတ်တွေများတယ်အစ်ကို
ကိုယ်ကစေတနာနဲ့လုပ်တာတောင် အကောင်း မြင်ဖို့တော့မဟုတ်ပေမယ့် အကောင်းမပြော ကြပါဘူး။

အောင်မျိုးဟန် said...

ဟုတ်ပါတယ်။တကယ်စေတနာနဲ့ အလုပ်လုပ်တဲ့ လူတွေ ထိခိုက်သေနိုင်တဲ့ စကားမျိုးတွေနဲ့ မပုတ်ခတ်စေလိုပါ။ ကိုယ်မလုပ်နိုင်တဲ့ နေရာမှာ သူများတွေ အဲလို သွားလုပ်ပေးနေတာကို သာဓုခေါ်တယ်လို့ပြောပေးပါ ကို ဂျူလိုင်ရေ။

ရွှန်းမီ said...

သေသေချာချာ ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။
ကိုယ်ထိလက်ရောက် သွားလှူပေး၊ လုပ်ပေးရတဲ့ လူတွေ အားလျော့မသွားစေချင်ပါ။
အားလုံး ကျန်းကျန်းမာမာ ပြန်လည်ထူထောင်နိုင်ပါစေ။

Anonymous said...

အဖြစ်အပျက်အမှန်ကို သိအောင်ပြောပြတာ ကျေးဇူးတင်ပါတယ်။ ဒီလိုသတင်းမျိုးကို distorted news လို့ ခေါ်ပါတယ်။ သတင်းက မှားသလားဆိုတော့ မမှားပါဘူး။ မှန်သလားဆိုတော့လဲ လုံးဝ မမှန်ပါဘူး။ အမှန်ကို နည်းနည်းထည့် ပြီးရင် သတင်းဖတ်လိုသူရဲ့ ခေါင်းထဲကို ရိုက်ထည့်ချင်တာကို ပေါင်းထည့်ပေးလိုက်။ အခု ခေတ်ပြိုင်သတင်းကို ဖတ်လိုက်ရင် သေချာမသိတဲ့ သူတွေက "ထူး"က လူပေါ်လူဇော် လုပ်တယ်ပေါ့။ အားလုံးကို ပြောချင်တာကတော့ လေဘေးဒဏ်ခံဒေသမှာ လုပ်အားပေးနေတဲ့သူတွေဟာ ဘာကိုယ်ကျိုးမှ မရကြပါဘူး။ အစိုးရ၀န်ထမ်းပဲဖြစ်ဖြစ်၊ ပုဂ္ဂလိက ၀န်ထမ်းပဲ ဖြစ်ဖြစ်၊ ပြည်ခိုင်ဖြိုးပဲဖြစ်ဖြစ်၊ NGO ပဲ ဖြစ်ဖြစ်၊ စစ်သားပဲ ဖြစ်ဖြစ် အခက်အခဲတွေကြားထဲမှာ ဒုက္ခခံပြီး လုပ်အားပေးနေတာဟာ ပြည်ပကနေ ကွန်ပျူတာရှေ့ အခန့်သားထိုင်ပြီး သေချာလဲမသိ ဟိုလူပြောဟုတ်နိုးနဲ့ သတင်းရေးနေကြသူတွေထက်တော့ သာကြတာချည်းပါပဲ။

ခင်မင်းဇော် said...

ဒါပေမယ့် အဲဒီတဲတွေကို အင်္ဂလန်က မှတြယ်၊ ထူး၊ ရွှေသံလွင် စတဲ့ ကုပ္မဏီတွေက မှာတာ အလုံး ၁၀၅၀ ဆိုပြီး ဇွန်လ ၉ ရက်နေ့ထုတ်သတင်းစာမှာ ပါတယ် အဲဒါ ခေတ်ပြိုင်က သတင်းမှာ သေချာ ကုတ် လုပ်ထားပါတယ်။ ဒီလြိ သတင်းစာက တရားဝင်ကျေညာပြီး ခုလို ထူးနာမည်တပ်တော့ ဒီလို သတင်းရေးလိုက်တာကလည်း သတင်းရေးသူ အပြစ်မဟုတ်ဘူးထင်ပါတယ်။ stanley အနေနဲ့လဲ အပြစ်တင်မစောစေချင်ပါဘူး။ ဒီ သတင်းရဲ့ နောက်ပိုင်းအခြေအနေကို သေချာ မသိတာမို့ ခေတ်ပြိုင်သတင်း ရေးသူ မြှးတယ်လို့ ဘယ်လိုမှ ပြောမရပါ။ ကျမ က ၉ ရက်နေ့ သတင်းစာကိုလည်း သေချာ ဖတ်ကြည့်ပြီးမှ ရေးပြတာပါ။

Chaos said...

တစ်ခါတစ်လေတော့လဲ
အမှန်တရားဆိုတာ ကိုယ်တိုင်ရှာဖွေတွေ့ရှိတဲ့ အဖြစ်မှန်ကပဲ အမှန်တရားကို ကိုယ်စားပြုတယ်နော့
ကိုယ်တိုင်လုပ်နေတဲ့လူတွေကပြောတဲ့ အမှန်တရားဆိုတာ တန်ဖိုးရှိပါတယ်

ဘလူးဖီးနစ် said...

ကျွန်တော့် အမြင်ပြောရရင် ဘယ်သူ
လှူတယ် ဆိုတာက တကယ့် အသေးအဖွဲလေးတွေ ပါ။ ဘယ်သူ့လက်ထဲ ဘယ်အချိန် ရောက်သွားသလဲ ဆိုတာက ပို အရေးကြီးပါတယ်။

အဲလို လိုအပ်တဲ့သူ လက်ထဲ တကယ် အချိန်မှီ ရောက်အောင် ကိုယ်ကျိုးစွန့်ပြီး လုပ်နေတဲ့ သူတွေကို နားလည်ပေးသင့်ပါတယ်။ ဒီလို ပြန်ကြားရတော့ သူတို့တွေ ရင်ကျိုး ရတာပေါ့ဗျာ။

ကျွန်တော်တို့ က ကိုယ်တိုင် မလုပ်ပေးနိုင်တော့ လုပ်နေတဲ့သူတွေကို အားပေးသင့်ပါတယ်။ တကယ်က ခု ကိုယ်က မြန်မာပြည်ထဲမှာ ရှိနေရင်တောင် ကိုယ်ရေးကိုယ်တာတွေ၊ အလုပ်တွေကို ပစ်ပြီး တစ်ပြားမှ မရပဲ အဆင်းရဲခံလုပ်ဖို့ ဆိုတာ မလွယ်ဘူးလို့ ထင်ပါတယ်။

ဒီတော့ လုပ်နေသမျှလူတွေကို အားရှိအောင် ကူညီ ပေးသင့်ပါတယ်။ နိုင်ငံရေး အတွက် အသုံးချတာမျိုးက အရမ်းကို ဆိုးဝါးလွန်းပါတယ်။ လှူမဲ့သူတွေကလဲ ဒီလို သတင်းမျိုးနဲ့ လက်တွန့်သွားနိုင်ပါတယ်။

ဘယ်သူတွေ မှားတယ် မှန်တယ် ဆိုတာထက် ဒုက္ခသည်တွေ အဆင်ပြေအောင် ဘယ်လို လုပ်ကြမယ်ဆိုတာက အရေးကြီးနေတဲ့ အချိန်ပါ။ အရာတိုင်းမှာ အကုန် perfect မဖြစ်နိုင်ပါဘူး။

ကျွန်တော့် အနေနဲ့လဲ ဦးတေဇကို ပါဆင်နယ်အရ မကြိုက်တဲ့ အချက်တွေ အများကြီးပါ။ ဒါပေမယ့် ဒီအချိန်မှာ သူက ထိရောက်အောင် လုပ်နိုင်တယ်၊ လုပ်ပေးချင်တယ်၊ လုပ်ပေးနေတယ်ဆိုရင် သူနဲ့ မပူးပေါင်းတောင်၊ အားမပေးရင်တောင် လုပ်နေတဲ့ သူတွေကို အထင်လွဲအောင် မပြောသင့်ပါဘူး။

ခုဟာက အသိသာကြီးပါ။ လူကြိုက်မယ်ထင်တဲ့ သတင်းမျိုးတွေကို မသေချာပဲ ရေးနေတယ်ဆိုတာ။ သတင်းသမားဆိုတာ ကိုယ့် သတင်းကို ကိုယ် တာဝန် ယူရပါတယ်။ ၂ ဘက်လုံးက သတင်းမှားတွေ အတွက် တာဝန် ရှိပါတယ်။

ကျွန်တော့် အနေနဲ့ နိုင်ငံရေး၊ ကိစ္စတွေကို လုံးဝ ကွန်မန့် မပေးပါဘူး။ ဒီကိစ္စက နိုင်ငံရေး မဟုတ်ပဲ လုပ်နေတဲ့ လူတွေကို စော်ကားတယ်လို့ မြင်လို့ အမြင်မတော်လွန်းလို့ ရေးလိုက်တာပါ။

စာရေးသူတိုင်းဟာ မိမိရေးလိုက်တဲ့ စာတွေရဲ့ အတိမ်အနက် အကျိုးအပြစ်ကို သေချာ စဉ်းစားကြစေလိုပါတယ်။ မှားသွားရင် လဲ တောင်းပန် ၀န်ခံသင့်တယ်လို့ ထင်ပါတယ်ခင်ဗျာ။

ခင်မင်လေးစားစွာဖြင့်
ဘလူးဖီးနစ်
http://engineer4myanmar.com

TKLinn said...

ကျွန်မသည်လည်း ကိုတေဇကို အင်မတန်ကို မကြိုက်တဲ့ သူတစ်ယောက်ပါပဲ။ ထူး နဲ့ ပက်သက်တဲ့ ဘယ် ထုတ်ကုန်ပစ္စည်းမဆို တတ်အားသဂ်ျ အားမပေးဘူးဆိုတဲ့ အထဲကပါပဲ

ဒါပေမယ့် ခုကိစ္စမှာက တစ်ကယ် ဒုက္ခရောက်နေတဲ့ ဒုက္ခသည် တွေကို ထိထိရောက်ရောက် ကူညီပေးနိုင်မှု၊ တစ်ကယ့် စစ်မှန်သော အကူအညီကသည်က အဓိက ကျပြီး ကျန်တဲ့ ဟာတွေက သာမည ကိစ္စတွေလို့ မြင်ပါတယ်။

ခုလိုအချိန်ခါမှာ နိုင်ငံရေး၊ လူမျိုးရေး၊ ပုဂ္ဂလိက ခံစားချက်တွေကို အတတ်နိုင်ဆုံး ဖယ်ပြီး တစ်ကယ့် ပရဟိတ စစ်စစ်ကို လုပ်နိုင်တဲ့သူတွေလိုပြီး လုပ်နေ တဲ့သူတွေကို အင်မတန် ဦးညွတ် လေးစား ပါတယ်။

ခုလိုချိန်မှာ ကျွန်မ မသွားနိုင်လို့ တစ်ကယ်လိုနေတဲ့ နေရာတစ်ခုကို ဆန် ၁၀ အိပ်ကို ထူးက သွားလှူတဲ့ကားနဲ့ လူကြုံပါးရမယ်ဆိုပါစို့။ တစ်ကယ့် situation in the ground အရ လိုအပ်ချက်တွေအရ သူတို့ရဲ့ စည်းကမ်းအရ ထူး တံဆိပ်ကပ်ဖို့ လိုချင်လိုပါလိမ့်မယ်။ အဲ့ဒါကြောင့် ထူးအလှူ မူလ ဆန် အိပ် ၁၀၀၀ မှာ ကျွန်မ ဆန် ၁၀ အိပ်က ရောပြီး ၁၀၁၀ ဖြစ်သွားလည်း ကျွန်မ အတွက် ၀မ်းနည်းစရာ ဒေါသထွက်စရာမရှိပါ။

ဒါပေမယ့် ကျွန်မကိုယ်တိုင် လှူတာ မဟုတ်ဘဲ တစ်ခြား အလှူရှင် တစ်ဦးဦးက လှူခိုင်းတာ သူက ဘယ် အဖွဲ့အစည်းနဲ့မှ မပက်သက်ပါနဲ့ဆိုရင်တော့ ကျွန်မ တို့ ကြိုးစားပေးရပါတယ်။ အဲ့လိုအခါမှာ ကိုယ့်ဘာသာကိုယ် ဆင်းစီစဉ်ရပါတယ်။

ကျွန်မတို့ ပရဟိတ အလုပ်တွေကို တစ်ကယ့် ground ထိ ဆင်းလုပ်ဖူးတဲ့သူတွေပါ။ အဲ့ဒီမှာ ကြုံရတဲ့အ ခက်အခဲတွေကို ကြုံဘူးသူတိုင်း နားလည်ပါတယ်။

ကျွန်မ ယူဆတာတော့ ရှင်းပါတယ် ထူးနာမည်နဲ့ ကပ်တာ မကြိုက်ရင် ကိုယ့်ဘာသာ team ဖွဲ့ပြီးတာဝန်ယူ ပြီး ground ထိ ဆင်းလုပ်ကြတာ ပိုကောင်းတာပေါ့။

ကိုယ်တိုင်မလုပ်ဘဲ ပါးစပ်ကလေး တစ်ပေါက်နဲ့ ဝေဖန်တာ အကြံပေးတာ လုပ်တာ လူတိုင်း လုပ်နိုင် ကြပါတယ်။

တစ်ခါတစ်ရံ အဓိက နဲ့ သာမညကို ကျွန်မတို့တွေ မခွဲတတ်ကြဘူး မြင်ပါတယ်။

တားမြစ် ထားသော... said...

ကွန်မန့်လာရေးအုံးမယ် စဉ်းစားထားလို့ ပြန်လာတာ။ အခုမှ သေချာဖတ်မိတယ်။ အမြင်တွေက စုံနေပါပြီ။ သူတို့ရဲ့ (တကယ့် လုပ်ငန်းခွင်မှ ကူညီနေသူများ) အခက် အခဲတွေက များမှများပါပဲ။ မဖြစ်သင့်တာတွေ မဖြစ်အောင် အားလုံး (ကွင်းဆင်း ကူညီနေသူတွေ၊ အဝေးမှစီမံ ခန့်ခွဲနေသူတွေ၊ ကိုယ်ထိလက်ရောက် အလှူရှင်တွေ၊ အဝေးမှ အလှူရှင်တွေ ... အားလုံး.. မီဒီယာတွေ၊ သတင်းဌာနတွေ ... အားလုံး) ဖြူဖြူစင်စင်စိတ်နဲ့ လုပ်ငန်းပြီးမြောက်ရေးကို အဓိက ထားစေချင်တာပါပဲ။

Unknown said...

ဒီလို ကူညီမှုတွေလုပ်တဲ့ အခါ ကျွန်တော်တို့ ဘာစဉ်းစားရမလဲဆိုတော့ အဓိက က ဒုက္ခရောက်နေသူတွေကို ကူညီဖို့ပဲ.. အစိုးရဘက်တို့ ဘာဘက်တို့ကို သိပ်ကြည့်နေစရာမလိုပါဘူး အစိုးရကို မကြိုက်ရင် မကြိုက်နဲ့ .. ကူညီနေတဲ့ သူတွေကို ပြောနေမဲ့အစား ပကတိအခြေအနေတွေကို လာကြည့်ပါ....လုပ်ကြည့်ပါ... အားလုံးအပြောတွေ လျှော့သင့်ပါတယ် အလုပ်တွေနဲ့ ပြောကြတာပေါ့....

Unknown said...

ဘယ်လိုပဲလုပ်လုပ်၊ ဘယ်လောက်ပဲ လက်တွေ့ပြပြ အဆိုးမြင်တဲ့သူတွေကတော့ ဆက်ပြီးတော့ အဆိုးမြင်နေကြအုံးမှာပါပဲ..။ သေချာတာကတော့ ဒီအချိန်က တစ်ယောက်နဲ့ တစ်ယောက် လက်ညိုးထိုးနေရမယ့် အချိန်မဟုတ်ပဲ ကိုယ်တကယ်ထိထိရောက်ရောက် ဘယ်လောက် လုပ်ပေးနိုင်တယ်ဆိုတာကို ပြဖို့ပဲ ရှိပါတယ်။

ဘယ်သူလှူတယ် ဘယ်ဝါလှူတယ်ဆိုတာ ထက် အဲ့ဒီ အလှူပစ္စည်းတွေ ပြည်သူတွေ လက်ထဲကို ရောက်သွားဖို့က အဓိကပါ။ အလှူတစ်ခု အထမြောက်ဖို့ ဆိုတာ စိတ်ထားတတ်ဖို့လည်း လိုပါတယ်။ ကိုယ်လှူလိုက်တဲ့ အလှူဟာ ကိုယ့်ကုသိုလ်ပါပဲ။ ဘယ်သူမှ ဖျက်ဆီးလို့မရပါဘူး။ အဲလိုမှမဟုတ်ရင်တော့ အခုလုပ်နေကြတာတွေဟာ ကိုယ့်တစ်ဦးတစ်ယောက် သို့မဟုတ် အသင်းအဖွဲ့ နာမည်ရဖို့အတွက်လား၊ တကယ်ဒုက္ခရောက်နေတဲ့ သူတွေကို စေတနာ၊မေတ္တာ အပြည့်နဲ့ ကူညီချင်လို့လား ဆိုတာတွေးစရာ ဖြစ်လာနိုင်ပါလိမ့်မယ်..။

အခုလို အမှန်တရားတစ်ခုကို ထုတ်ဖော်တင်ပြ ပေးတဲ့ ကို July Dream ကိုလည်း ကျေးဇူးတင်ပါတယ်။ အမှန်တရားဆိုတာ ဘုရားဟောတွေကလွဲလို့ ကျန်တဲ့အရာတွေဟာ အချိန်နဲ့နေရာကို လိုက်ပြီး ပြောင်းလဲနိုင်တာမှန်ပေမယ့်..။ အခုအစ်ကိုတင်ပြပေးလိုက်တဲ့ အမှန်တရား တစ်ခုကတော့ အခုချိန်မှာ တကယ်ကို ကိုက်ညီ လိုအပ်တဲ့ အမှန်တရား တစ်ခု ဖြစ်တဲ့အတွက် လေးစားပါတယ်....။

BLACK DREAM

su wai said...

တကယ်တမ်းကတော့ ဘယ်နေရာမဆို တစ်ဖက်စွန်းရောက်တဲ့ အမြင်နဲ့ မကြည့်တာ အကောင်းဆုံးဖြစ်မယ် ထင်တယ်နော်။ သတင်းရေးတာပဲဖြစ်ဖြစ် သတင်းပေးတာပဲဖြစ်ဖြစ်ပေါ့။ လက်ရှိအချိန်မှာက ဒုက္ခသည်တွေလက်ထဲကို အကူအညီ အထောက်အပံ့တွေ ရောက်သွားဖို့က အဓိကပါ။ သူတို့နဲ့ နိုင်ငံရေးအရ ခံယူချက်မတူပေမယ့်လဲ အခုကိစ္စက လူမှုရေးနဲ့ ဆိုင်ပါတယ်။ မလှူပဲ နာမည်ခံတယ်ဆိုရင်လဲ သူတို့နာမည်နဲ့မှ အနှောင့်အယှက်ကင်းမယ် ဆိုရင် ကိုယ့်ခံယူချက်တွေကို ဘေးချိတ်ထားပြီး ဒုက္ခရောက်နေတဲ့သူတွေကို ဦးစားပေးရမှာပါပဲ။ သူတို့နာမည်တပ်မှာမို့လို့ မလှူတော့ဘူးဆိုရင် တကယ်နစ်နာမှာက အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ပြည်သူတွေပါ။

အညာသား said...

ကိုယ့်စေတနာက ကိုယ့်ကိုပြန်ပြီးအကျိုးပြုပါလိမ့်မယ်ဗျာ..။

ကလူသစ် said...

ဟိုဘက်ဒီဘက် သတင်းနဲ့ကော၊ ကော်မန့်နဲ့ပါဆိုရင် တော်တော်ပြည့်စုံသွားပြီ။ ဖတ်ရုံပဲ ဖတ်တော့မယ်။

Ka Daung Nyin Thar said...

အခုလို ရှင်းပြပေးတဲ့ ဂျူလိုင်အိပ်မက်ကို ကျေးဇူးအထူးတင်ပါ၏။ အခုလို အင်တာနက်ခေတ်ကြီးထဲမှာ ကျနော်တို့ သတင်းဌာနတွေကိုချည်း အားကိုးနေလို့ မရဘူးဆိုတာ ဒီပို့စ်လေးက သက်သေပြလိုက်တာပါပဲ။

မြန်မာ့ ဘလော့လောက အဓွန့်ရှည်ပါစေ။

JulyDream said...

အင်း.... အဲဒီပို့စ်တင်တဲ့နေ့ကပဲ မြန်မာပြည်က သတင်းစာမှာ ပါလာသေးတာကို... အမာခံ လက်ရွေးစင် ၂၆၄ ယောက်ဆိုပဲ။ အရင်ကတည်းက ထင်ထားပါတယ်။ အခု ၁ လကျော် အကြာမှာ ထင်တဲ့အတိုင်းပါပဲ။

နာဂစ်သင့်ဒေသက ပြည်သူတွေ ဘေးဘယာ ကင်းဝေးကြပါစေ... လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...

RED said...

ရေးမယ်ဆိုတော့ရေးစရာမရှိဘူးဖြစ်နေတယ်။ လုပ်နိုင်တဲ့လူကို အတော်ဘဲလေးစားမိပါတယ်။ ကိုယ်မလုပ်နိုင်တာ သူကလုပ်နိုင်တာကို။ ဒီအချိန်မှာ ဒီလိုစိတ်ရှိတဲ့လူတွေအများကြီးလိုအပ်ပါတယ်။

kay said...

ကိုဇူလိုင်ရေ...ဒီအောက်က..ဆောင်းပါး မှာ ပါတဲ့ သတင်းစာ ဖြတ်ပိုင်း လေး ကလည်း.. တွေးစရာ ဖြစ်နေ ပြန် တယ်။ ဘာ ရယ် တော့မဟုတ်ပါဘူး နော်။ ခု ချိန်မှာ..အမှားအမှန်..လူကောင်း လူဇော် ဆိုတာ..ခွဲခြား ရ သိပ်တော့ မခက် ပါဘူး။

http://maungyin.blogspot.com/2008/06/blog-post_22.html

JulyDream said...

မကေရေ...
အစ်မပြောတဲ့အချက်ကို ကျွန်တော် မြင်မိပါတယ်။ အဲဒါက သတင်းစာထဲမှာ တကယ် ပါလာတာပါ။

ဒါပေမယ့် အစ်မရေ...
မြန်မာပြည်က သတင်းစာကို ဘယ်တုန်းက ယုံလို့ရခဲ့လို့နော့်။ အဲဒီ သတင်းတွေကို ရေးတဲ့သူဟာ သတင်းထဲမှာပါတဲ့ ကုမ္ပဏီတွေက လူ မဟုတ်တာတော့ အသေအချာပါပဲ။ ကုမ္ပဏီတွေအနေနဲ့လည်း ဒီလို ရေးပေးပါလို့ တောင်းဆိုခဲ့တာ မဟုတ်ပါဘူး ခင်ဗျာ။

သတင်းစာအနေနဲ့ ဖြစ်ရပ်အမှန်... အလှူရှင် အမှန်ကို သေချာမစုံစမ်းပဲ ပစ္စည်းတွေ လာသယ်တဲ့ ကုမ္ပဏီက ကားတွေကို ကြည့်ပြီး သတင်းအနေနဲ့ ရမ်းသမ်း ရေးထည့်တာမျိုး ဖြစ်နိုင်သလို... တခြား အကြံအစည် ၁ ခုခုနဲ့ ထည့်ရေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

သတင်းအနေနဲ့ လိုအပ်နေတာလေးတွေကို ကျွန်တော် သိထားသလောက် ပြန်လည် ဖြန့်ဝေပေးတာပါ။ ထူးကုမ္ပဏီ ဘက်ကနေ ရှေ့နေ လိုက်နေတာမျိုးတော့ မဟုတ်ပါဘူး ခင်ဗျာ။ လူမှု ကူညီရေး လုပ်ငန်းတွေကို မနစ်နာစေချင်လို့ပါ။

လက်ရှိအချိန်မှာ ဘိုကလေးဘက်မှာ ထူးကုမ္ပဏီက တာဝန်ယူထားပါတယ်။ တစ်ချက်လောက် လေ့လာ ကြည့်ကြပါ။ အဲဒီ လုပ်ငန်းတွေမှာ ဦးဆောင်နေတဲ့ လူရဲ့ တကယ် စေတနာကို အစ်မတို့ မြင်တွေ့နိုင်မှာပါ ခင်ဗျာ။

kay said...

ဟုတ်ပါတယ်..ဇူလိုင်ရေ..နားလည်ပါတယ်။
ခုလို..ဆွေးနွေး ပြောဆို..ဖြစ်တာ ကို က.. မကောင်းဘူးလား။ တွေးစရာ လေး တွေ ပေါ့။
း) ခင်မင်လျက်-