.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, January 26, 2009

Chinese New Year @SG


အခုတစ်ခါက စင်္ကာပူမှာ ဒုတိယအကြိမ်မြောက် တရုတ်နှစ်သစ်ကူးပွဲကို သွားခြင်းပါပဲ။ ၂၀၀၇ ခုနှစ်တုန်းက ပွဲကို ရောက်ခဲ့ပေမယ့် ၂၀၀၈ ခုနှစ်က ပွဲကိုတော့ မသွားဖြစ်ခဲ့ပါဘူး။ အခု ၂၀၀၉ ခုနှစ် ပွဲကိုတော့ ရုံးက ဖိလစ်ပိုင်လေးနဲ့ အတူ သွားဖြစ်ခဲ့ပါတယ်။ သူက ရုံးမှာ အလုပ်ဖြုတ်ခံရတဲ့အထဲ ပါသွားပြီး ဖိလစ်ပိုင်ကို ပြန်ရတော့မှာဆိုတော့ စင်္ကာပူမှာ ရှိနေတဲ့အချိန်လေး ဟိုဟိုဒီဒီ လည်ပတ်ချင်တယ် ဆိုတာကြောင့် အဲဒီပွဲကို တကူးတက လိုက်ပို့ပေးခဲ့တာပါ။ ကိုယ်လည်း တရုတ်မလေးတွေ ကြည့်ရတာပေါ့။ ငမ်းတာ မဟုတ်ဘူးနော်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲလေ။

ည ၉ နာရီလောက် အိမ်ကနေ ထွက်လာခဲ့ပြီး အနီလိုင်းကနေ ခရမ်းလိုင်းကို ပြောင်းပြီး တရုတ်တန်းမှာ ဆင်းခဲ့တယ်။ လူအုပ်ကြီးတွေ သွားရာနောက်ကို ယောင်တောင် ပေါင်တောင်နဲ့ လိုက်သွားတာ ဇာတ်စင်ရဲ့ အနောက်ဘက်ကို ရောက်သွားလို့ တကွေ့တပတ်ကြီး ပြန်ပတ်ပြီး ဇာတ်စင်ရှေ့ကို ရောက်အောင် မနည်းကို တိုးဝှေ့ခဲ့ရသေးတယ်။ ကားလမ်းတွေ ပိတ်ထားသလို ရဲတွေလည်း အများကြီးပါပဲ။ လူတွေကလည်း ကျိတ်ကျိတ်တိုးပါပဲ။ ကြွားနိုင်တဲ့သူတွေကလည်း ရှိတာတွေအကုန် ထုတ်ကြွားကြပါတယ်။ တိုနိုင်သမျှတို ဟိုက်နိုင်သမျှ ဟိုက်ကြပါတယ်။ အဲဒီတော့ မတော်တဆ လက်ရောက်မှုတွေ မဖြစ်ရလေအောင် ကင်မရာကို လက်နှစ်ဘက်နဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့လိုက်တော့ တစ်ရန်ရှင်းတာပေါ့။ ဒါလည်း တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။

ဇာတ်စင်နားရောက်တော့ ရွှေရင်စို့တာပါပဲ။ ဇာတ်စင်ရှေ့တည့်တည့်မှာ တာလပတ်စတွေနဲ့ ကာထားတော့ ဘာမှ မမြင်ရဘူး။ အဲဒါနဲ့ အဝေးကနေပဲ နတ်ကရာ ကျီးမော့ခဲ့ရတယ်။ အိမ်မှာ အေးအေးဆေးဆေး တီဗွီဖွင့်ပြီး ကြည့်ရင်တောင် အစုံမြင်ရအုံးမယ်။ အခုတော့ ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်နဲ့ ခြေဖျားလေး ထောက်ပြီး ကြည့်နေရတယ်။ ဓါတ်ပုံရိုက်တော့လည်း လက်လေးမြှောက်ပြီး ရချင်ရာရ ရမ်းတမ်းရိုက်ရတယ်။ လူအုပ်ထဲမှာ တိုးဝှေ့နေရတော့ မီးနေသည် ချွေးအောင်းသလိုပဲ ချွေးတွေကလည်း တပြိုက်ပြိုက်ပဲ။ မိုးကလည်း ဖွဲဖွဲလေး ရွာနေသေးတော့ ကင်မရာကို ဥစ္စာခြောက်ရသေးတယ်။ ဒါလေးပဲ ချမ်းသာတာလေ။

၁၂ နာရီထိုးခါနီးတော့ ဆက်မနေနိုင်တော့ဘူး။ လူလည်း နုံးချိပြီး သာခွေယိုင် ဖြစ်နေပြီ။ အဲဒါနဲ့ လူအုပ်ကြီးကို မနည်းတိုးဝှေ့ထွက်ပြီး ပွဲဈေးလျှောက်နေလိုက်တယ်။ ဗိုက်ကလည်း ဆာနေပြီဆိုတော့ အမြည်းကျွေးထားတဲ့ သရေစာမုန့်တွေ ဆိုင်တကာလှည့် လျှောက်နှိုက်စားတာပေါ့။ ပြီးတော့ ၀ယ်လည်း မ၀ယ်ကြဘူး။ အဲဒါနဲ့ ဗိုက်ဝသွားရော။ ၁၂ နာရီကျော်တော့ ရထားဘူတာထဲကို ရောက်နှင့်နေပြီ။ အရင်တစ်ခါတုန်းက ပွဲပြီးမှ ထွက်လာတာ လူအုပ်တိုးရတာနဲ့တင် ဘူတာရောက်ဖို့ နာရီဝက်ကျော် ကြာတယ်။ ရထားပေါ်မှာလည်း လူက အရမ်းကျပ်ခဲ့တယ်။ ဒီတစ်ခါတော့ နားလည်သွားပြီ။ စောစော ဘူတာဆင်းနှင့်ပြီး ရထားပေါ် တက်ခဲ့တော့ ချောင်ချောင်ချိချိ စီးရတာပေါ့ဗျာ။

အခုပွဲမှာ ပျော်စရာတွေ ရှိသလို အဆင်မပြေတာတွေလည်း ဒွန်တွဲနေပါတယ်။ ဒီလောက်တိုးဝှေ့နေရတဲ့ လူအုပ်ကြီးထဲမှာ ဆေးလိပ်သောက်ကြတဲ့ စလုံးဖင်ပြားမတွေက နံပါတ်တစ်အချက်ပေါ့ဗျာ။ ဥပဒေအသစ် ထုတ်ထားတာကို မသိတာလား လူလိုပဲ နားမလည်တာလား။ တစ်ခုခုတော့ တစ်ခုခုပါပဲ။ ပိန်ချင်တော့လည်း သူတို့ပဲ။ ရှိသမျှ အပေါ်ပင့်ပြီး ကြွားချင်တာလည်း သူတို့ပဲ။ နားလည်ရ ခက်လှပါပေတယ်။ အဲဒီလိုပဲ လူအုပ်ကျပ်လွန်းလို့ ကလေးငိုနေတာကို လျှစ်လျှူရှုပြီး ပွဲဈေးတိုးတဲ့ ကုလားလင်မယားကလည်း အတော့်ကို လေးစားစရာပါပဲ။ လှည့်ပြန်သွားရင် ဘာဖြစ်သွားမှာမို့လို့လဲတော့ မသိပါဘူး။ ပွဲဈေးကို တောက်လျှောက် တိုးနေတော့ပါပဲ။ ကလေးကလည်း အာပြဲကြီးနဲ့ ငိုနေတုန်းပဲ။ လင်နဲ့မယား အတော်ကို လိုက်ဖက်ညီပါတယ်။

နောက်တစ်ခုက ရထားပေါ်က အော်ကျယ်အော်ကျယ် ရွှေတစ်ဖွဲ့ပါ။ ကြည့်ရတာ WPနဲ့ လုပ်နေတဲ့သူတွေ ဖြစ်ဖို့များပါတယ်။ အ၀တ်အစားတွေ မတောက်ပြောင်တာကို ကြည့်ပြီး ခန့်မှန်းကြည့်တာပါ။ ရထားတစ်တွဲ ခြားနေတာတောင် သူတို့အသံက ဒီဘက်အတွဲအထိ ရောက်ပါတယ်။ ကြားရယုံလေး မဟုတ်ပဲ အတော်ကို ကျယ်နေတာပါ။ အာပေါင်အားရင်းသန်သန် ပြောနေတဲ့ အကြောင်းကလည်း ဂေလမ်းဆိုတဲ့ ဇိမ်နန်းတွေမှာ ပျော်ပါးယစ်မူးခဲ့တဲ့ အကြောင်းတွေပါ။ အခုလို အတွေ့အကြုံမျိုးကို မြန်မာဘာသာနဲ့ လူသိရှင်ကြား ဝေမျှရဲတဲ့ ပွင့်လင်းမှုကို လေးစားပါတယ်ခင်ဗျာ။ နောက်ဆုံးတစ်ခုကတော့ လူလိုသူလို သောက်စားမလာပဲ စားပိုးနင့် အန်ဖတ်စို့တဲ့ တရုတ်တွေပါပဲ။ ရထားဘူတာမှာလည်း အန်ဖတ်တွေ၊ ရထားထဲမှာလည်း အန်ဖတ်တွေ။ နှစ်ကူးကို အန်ဖတ်စို့ပြီး ကြိုဆိုပုံလေးက ချဉ်စော်နံ့လေးကို သင်းနေတော့တာပါပဲဗျာ။

ဒီလိုနဲ့ပဲ တရုတ်နှစ်သစ်ကူးပွဲမှာ... မျက်စိလည်း အစာကျွေး ဗိုက်ကိုလည်း အစာကျွေး။ ပီတိတွေဝေသလို ဒေါသတွေလည်း ဝေဖြစ်ခဲ့ရပါတယ် ခင်ဗျာ။

14 comments:

Moe Cho Thinn said...

မီးနေသည် ချွေးအောင်းတဲ့ ပို့စ်လေး လာဖတ်သွားပါတယ်။ အသက်ဝင်လိုက်တာ။ ကင်မရာကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပေလို့ပဲ။ ဒါကြောင့် ဒီပုံလေးတွေ ကြည့်ရတာ။ :D

JuneOne said...

လူအရမ်း များလွန်းလို့ မသွားဖြစ်တာ ၂ နှစ်ရှိပြီ။

khin oo may said...

တီလုပ်မလေးတွေ ကိုကြည့်
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်
အရပ်ကလေးပုတော့လက်ကလေးမြှောက်လို့
အရူးမကိုလင်လုပ်ရသလိုဘဲ..မကျေနပ်လို့.
မီးနေသည်လို ချွေးကလေးအောင်း
ချမ်းသာတာက ကင်မရာတစ်လုံး
အားကမရှိ..ယိုင်တိုင်တိုင်
ကပ်စီးကကုပ်..အမြည်းတွေ အုပ်
ဥာဏ်ကလေးကပြေး.. ချောင်ချိဘို့အရေး
ယူမှာက မြန်မာမလေး…သေချာတာပေါ့
ဘာကြောင့်လဲသိချင်ရင်သေချာဖတ်
ကြွားတတ်တဲ့သူတွေ ကိုလည်းခွင့်လွတ်ပါကွယ်.. တစ်ခါထဲပါ
တော်ပါသေးရဲ့ အန်ဖတ်တွေနဲ့လွတ်သွားလို့

khin oo may said...

ကိုယ့်ဘာသာရေးပြီး အားရလိုက်တာကွယ်..သိတ်ကောင်းတာဘဲ..။

JulyDream said...

မမိုးချိုသင်းရေ...
လက်ကလေးကို သေချာထိန်းရတယ်။ ကိုယ်က သွားထိတာမဟုတ်ပေမယ့် သူတို့က လာထိသွားရင်လည်း ကိုယ့်လက်က ကင်မရာပေါ်မှာ ဆိုတော့လေ... အဟဲ...

ဇွန်ဝမ်းခင်ဗျာ...
ဟုတ်ပါတယ်။ လူအရမ်းများလို့ အဲဒီလို နေရာတွေ ကျွန်တော်လည်း ရှောင်ပါတယ်။

အန်းတိတ်မမ...
ကဗျာတွေ ဘာတွေ ကိုယ်တိုင်ရေးပြီး ကျေနပ်ပျော်ရွှင်နေပါလား။ ကဗျာကို ဘီပလပ်စ် တော့ ပေးလိုက်ပါမယ်ဗျာ။ ကဗျာထဲမှာပါတဲ့ အချက်တစ်ခုက လုံးဝ မှားနေလို့ပါဗျာ။

ကလူသစ် said...

တခါမှမရောက်ဖူးဘူး။ တခါမှလဲ သွားဖို့ စိတ်မကူးဖူးဘူး။ ဒါတွေကြိုသိနေတယ်လေ။ ဟဲဟဲ

tututha said...

အင်း မီးနေသည်ချွေးအောင်းတဲ့ အတွေ့အကြုံလည်း ရှိတာပဲနော် :)

pandora said...

မရောက်ဖြစ်ဘူး
အိမ်တွင်းပဲ အောင်းနေတယ်

Anonymous said...

တခါမှကို မကြုံဖူးဘူးဗျ ကျေးဇူးဗျာ

ဒီဇင်ဘာနှင်း said...

စလုံးတရုတ်မလေးတွေက ချောလားဟင် အခုလိုပုံလေးတွေနဲ့ ဝေမျှပေးတာကျေးဇူးနော်

Taungoo said...

ကိုယ့်ဒေါသနဲ့ ကိုယ် သွားပြီးမှတော့ ဘာမှ ညဉ်းချင်းချမနေနဲ့တော့ သားသားဂျူလိုင်ရေ။ အိမ်မှာ အေးဆေးအနားယူတာကမှ အားအင်ပြည့်ဖြိုးဦးမယ်။
မှတ်နော် မှတ်နော် :D

strike said...

KOM ရဲ့ underground သီချင်းကမိုက်လှချည်လား၊လန်း
ပြီးလန်တယ်။
အသက်၄၀ကျော်၊၅၀နီးပါးအန်တီKOM တို့ကလဲဒါမျိုးတွေရေးတတ်
သားနော်။

နိုင်းနိုင်းစနေ said...

新年快樂း)

My Diary said...

အဲသလိုလား

စာထဲမှာပဲ ၀င်နွဲလိုက်တယ်။
စာက တကယ့်ကို အစီစဉ်တကျ ရေးထားတာဆိုတော့ စိတ်ကူးနဲ့တင် ရောက်သွားသလိုပဲ