.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, January 7, 2009

The Death

တားရော့ကဒ်မှာဆို နံပါတ် ၁၃ ကဒ်ပေါ့။ သေခြင်းတရားလို့ပဲ ခေါ်ရမလားပဲ။ သံချပ်ကာဝတ်စုံဝတ်ထားတဲ့ အရိုးစုကြီးက လက်ထဲမှာ အနက်ရောင်အောက်ခံ အဖြူရောင် ပန်းပွင့်ပုံပါတဲ့ အလံကြီးကို ကိုင်ပြီး မြင်းဖြူကြီး စီးနေတဲ့ပုံပေါ့။ လူတွေက အဲဒီကဒ်ကျရင် မကောင်းဘူးလို့ပဲ ယေဘုယျ မြင်ကြတယ်။ သေဆုံးမှုဆိုတာ ကြေကွဲရတယ်။ ဆုံးရှုံးရတယ်ပေါ့။ တကယ့်တမ်းတော့ ကောင်းတာတွေလည်း ပါနေပါတယ်။ အသစ်တဖန် ပြန်လည်စတင်ဖို့ သေဆုံးပေးရတယ်။ ဘ၀ဟောင်းကို စွန့်ခွာပေးရတယ်။ ဒါတွေကိုတော့ တားရော့ကဒ် ပညာရှင်တွေ ပိုသိကြမှာပါ။

သေခြင်းတရားဆိုတာ လက်တစ်ကမ်းအလိုမှာ အမြဲရှိနေပါတယ်။ နေ့စဉ် နေ့စဉ် တဖုတ်ဖုတ် ကြွေလွင့်နေတဲ့ အသက်ဝိဥာည်တွေ မရေတွက်နိုင်လောက်အောင် မနည်းမနှောပါပဲ။ သတိမထားမိလို့ မသိသာသေးတာပါ။ ဒါမှမဟုတ် မသိချင်ယောင်ဆောင် မေ့ထားကြတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ နေ့ကို ညစား ညကို နေ့စား... ကြွက်ဖြူ ကြွက်မည်း ၂ ကောင် ကြားမှာ ဘ၀ကြီးက သာယာနေတယ်လို့ ထင်နေကြပုံပဲ။ သားရေးသမီးရေး မိသားစုအရေးတွေနဲ့ သံယောဇဉ်နှောင်ကြိုးတွေကြားက လွတ်အောင် မရုန်းထွက်နိုင်ခဲ့ကြပါဘူး။

၀၈၀၈၀၈ တုန်းက အမေဘက်က ကျွန်တော့် ဦးလေးကြီးတစ်ယောက် ဆုံးပါးသွားခဲ့တယ်။ လူလတ်ပိုင်းအရွယ် ရောက်နေချိန်... ကျွန်တော့်အတွက် အမျိုးအရင်းကြီးထဲက ပထမဦးဆုံး ဆုံးပါးမှုတစ်ခုပေါ့။ မလိမ်မညာတမ်း ပြောရရင် မတုန်လှုပ်မိပါဘူး။ လူဆိုတာ သေမျိုးကြီးပါပဲ။ ဒါပေမယ့် သူ့မိသားစုအတွက် ကိုယ်ချင်းစာပါတယ်။ ရှိနေတယ်ဆိုတဲ့ လူသားတစ်ယောက် လောကကြီးမှာ မရှိတော့ဘူးလို့ သိလိုက်ရတာမျိုးပေါ့။

ဒီနေ့ မနက် ၇ နာရီကျော်မှာလည်း အဖေ့ဘက်က ကျွန်တော့် ဘလေးတစ်ယောက် ဆုံးပါးသွားခဲ့ပါတယ်။ ဘလေးဆိုတာ ဘကြီး မဟုတ်ဘူးပေါ့။ ဘလေးအပေါ်မှာ ဘကြီးတစ်ယောက် ရှိသေးတယ်။ သင်္ဃန်းကျွန်း စံပြဆေးရုံမှာ ဆုံးသွားခဲ့တယ်ဆိုပဲ။ ရုတ်တရက်ကြီး Heart Attack ရပြီး ကွယ်လွန်သွားတာဆိုပြီး ညနေပိုင်းမှာ ညီတစ်ယောက်က ဂျီတော့ခ်ကနေ လှမ်းပြောပြလို့ သိလိုက်ရတယ်။ ထုံးစံအတိုင်း ကျွန်တော့်အဖြေက..... သြော် ဟုတ်လားပေါ့။

သူက အဖေ့ဘက်က မိသားစုထဲမှာ ပညာအတော်ဆုံးလို့ ပြောလို့ရတယ်။ နောက်ပြီး အဆိုးဆုံးလို့လည်း ခေါ်နိုင်တယ်။ အင်္ဂလိပ်စာ အတော်ကောင်းတယ်။ အိမ်မှာ အင်္ဂလိပ်စာအုပ်တွေ မဂ္ဂဇင်းတွေ ဖတ်တာဆိုလို့ သူတစ်ယောက်ပဲ ရှိတယ်။ ဘားလမ်းမှာ ရှေ့နေ့ရုံးခန်းတွေ ဖွင့်ဖြစ်သေးတယ်။ နောက်ပိုင်း ရှေ့နေ့အလုပ် ဆက်မလုပ်ဖြစ်ဘူး။ ဘာကြောင့်လဲဆိုတာတော့ ကလေးပီပီ မသိခဲ့ဘူး။ ဆိုးတာကတော့ အရက်သောက်တယ်။ မူးရင် ရမ်းတယ်။ ဒေါသကြီးတယ်။ လက်သံပြောင်တယ်။ အဖိုးမသေခင်ကတည်းက သဘောမတူတဲ့ မိန်းမကို ခိုးပြေးလို့ မိသားစုနဲ့ ဝေးရာမှာ နေခဲ့ရတယ်။ အခု သေတဲ့ အချိန်ထိပေါ့။

သူ့မှာ ခလေး ၂ ယောက် ကျန်ခဲ့တယ်။ မိန်းခလေးတစ်ယောက်နဲ့ ယောကျာ်းလေးတစ်ယောက်ပေါ့။ သမီးက ၂၀၀၈ကမှ ဆယ်တန်းအောင်ထားတာ။ ဂုဏ်ထူးတွေ ပါပေမယ့် ဆေးကျောင်းတော့ မ၀င်လောက်ဘူးလို့ ကြားမိတယ်။ သားကတော့ ဒီနှစ် ဆယ်တန်းဖြေမယ် ထင်တယ်။ သူတို့နဲ့ အနေမနီးတော့ သိပ်မသိဘူး။ ဘာပဲဖြစ်ဖြစ်... ကလေးတွေအတွက်တော့ စိတ်မကောင်းပါဘူး။ အဖေမရှိတော့ဘူးဆိုတာ သူတို့ဘ၀မှာ ကွက်လပ်ကြီး တစ်ခုပဲလေ။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တစ်ခု ဖြစ်စေနိုင်ပါတယ်။ ကျန်ခဲ့တဲ့ အမေက ထိန်းကျောင်းယူရမှာပေါ့။ သွားလေသူအတွက် အထွေအထူး မခံစားရပေမယ့် ကျန်ရစ်သူတွေအတွက်တော့ ရင်လေးမိပါတယ်။ ရှေ့ဘ၀ခရီးကို ရင်ဆိုင်ရမှာ သူတို့တွေလေ...

5 comments:

အိမ်လွမ်းသူ said...

သံဝေဂတွေ ဟူသွားပါတယ်..။

pandora said...

အင်း.. မသေခင် အချိန်လေးမှာ ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် ဘ၀ကို ဖြတ်သန်းနိုင်ဖို့..

မသက်ဇင် said...

မွေးဖွားပြီးရင် သေဆုံးခြင်းပါပဲ--
အရင်--နဲ့
နောက်--
ပါပဲ---

khin oo may said...

ဝမ်းနည်းမိပါကြောင်း။

Anonymous said...

သေခြင်းတရားက ဖြိုလှဲလို့ ပြိုလဲသွားတဲ့ မိသားစုတစ်စုရဲ့ ရွှေတောင်ကြီးအတွက် ရင်ထဲမှာ စိတ်မကောင်းဖြစ်မိပြီး အထူးပဲ ၀မ်းနည်းမိပါတယ်...တကယ်ပါ ... ။ သတ္တ၀ါတစ်ခု ကံတစ်ခုပေါ့ဗျာ ... ။း(