.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, June 2, 2009

The Olympians

နတ်ဆိုတာ လူနဲ့မတူတဲ့ ၃၁ ဘုံသားပေါ့။ ကမ္ဘာပေါ်က နေရာတိုင်း လူမျိုးတိုင်းမှာ နတ်တွေကို အရောင်အသွေး စုံစုံလင်လင်နဲ့ တွေ့ရစမြဲပါ။ မြန်မာနတ်တွေမှာလည်း အတွင်း ၃၇ မင်း အပြင် ၃၇ မင်း စုံနေတာပါပဲ။ အီဂျစ်မှာလည်း နတ်ဘုရားတွေ ပလုံစိနေတာပဲ။ တရုတ်မှာလည်း နတ်တွေ မနည်းမနောပဲ။ ခက်တာက တရုတ်နတ်တွေ အကြောင်း သိပ်မသိသေးဘူး။ တရုတ်စာ မဖတ်တတ်တာကြောင့်ပေါ့။

နတ်တွေထဲမှာ ဂရိနတ်တွေကို စိတ်ဝင်တစား ရှိမိတယ်။ ကွန်ပျူတာဂိမ်းတွေ ဆော့ရင်း သူတို့အကြောင်းကို သိချင်လာခဲ့တယ်။ တိုက်တန်၊ အိုလံပီယံဆိုပြီး ဂရိနတ်တွေက အုပ်စုလိုက်လေး ရှိကြတယ်။ အဲဒီ အုပ်စုထဲမှာ အိုလံပီယံလို့ခေါ်တဲ့ နတ်အုပ်စုကို စိတ်ဝင်တစား ရှိခဲ့တာပါ။ အိုလံပီယံလို့ ခေါ်တာ Mount Olympus အိုလံပတ်တောင်ထိပ်မှာ နေတဲ့ နတ်တွေမို့လို့ အဲဒီလိုခေါ်တာ ဆိုပဲ။ ပုပ္ပါးတောင်ထိပ်မှာ နေခဲ့ရင် ပုပ္ပါးယံ ဆိုပြီး ခေါ်ချင်ခေါ်ကြမှာ။ အိုလံပီယံမှာ Top Ten စာရင်း မရှိပဲ Top Twelve စာရင်း ဖြစ်နေတယ်။

အိုလံပီယံ နတ်စာရင်းမှာ ထိပ်ဆုံး ၁၂ ပါးကတော့...

Zeus
သူကတော့ ဂိုဏ်းချုပ်မှုးကြီးပါပဲ။ နတ်တွေထဲမှာ ပါဝါ အကြီးဆုံးပေါ့။ ကောင်းကင်ဘုံကို စိုးမိုးထားတယ်။ မြေကမ္ဘာကိုလည်း အုပ်ချုပ်ပါတယ်။ တရားဥပဒေနဲ့ အမိန့်အာဏာပိုင်းကို ကြီးစိုးပါတယ်။ လက်ထဲမှာလည်း မိုးကြိုးကြီး ကိုင်ထားသေးတယ်။ ပစ်ချလိုက်ရမလား ဆိုတာ သူ စ အော်ခဲ့တာ ထင်တယ်။ မိန်းမတွေလည်း အများကြီးပါပဲ။ အချစ်ရေးတွေလည်း သပွတ်အူလို ရှုပ်ပါတယ်။ သားတွေ သမီးတွေလည်း အများကြီးပါပဲ။ အဲဒီအထဲမှာ ဟာကြူလီကို အချစ်ဆုံးလို့ ဆိုကြပါတယ်။

Poseidon
သူကတော့ ပင်လယ်ပြင်ကို အုပ်ချုပ်ပါတယ်။ သူက Zeusရဲ့ ညီပါ။ မြင်းတွေနဲ့လည်း သက်ဆိုင်သေးတယ်။ သူ မြင်းစီးနေလို့ ပင်လယ်ပြင်မှာ လှိုင်းထန်စေသလားပဲ။ မြေငလျှင်တွေလည်း သူ့လက်ချက်ပါ။ မြင်းမစီးဖို့ မှာထားရမယ် ထင်တယ်။ လက်ထဲမှာတော့ သုံးခွခရင်းကြီး ကိုင်ထားလေ့ရှိတယ်။ အိုလံပီယံ စာရင်းဝင် နတ်ဖြစ်ပေမယ့် ပင်လယ်ထဲမှာပဲ ပျော်နေလေ့ရှိပါတယ်။ အိုလံပစ်ပွဲမှာ ရေကူးချန်ပီယံ ဖြစ်လောက်တယ်။

Hermes
သူက ခြေမြန်တော်နတ်ပါ။ သူ့ဦးထုပ်နဲ့ဖိနပ်မှာ အတောင်ပံလေးပါတယ်။ လက်ထဲမှာလည်း ကျိုင်းတံလေး ကိုင်ထားတယ်။ သူက Zeus နတ်မင်းကြီးရဲ့ သားတော်တစ်ပါးဖြစ်ပြီး စီးပွါးရေးကို ကူညီစောင့်ရှောက်တဲ့ နတ်လို့လဲ ယုံကြည်ကြတယ်။ ဒါကြောင့် ကုန်သည်တွေ စီးပွါးရေးသမားတွေ သူ့ကို ကိုးကွယ်ကြပါတယ်။ သူက သေသွားတဲ့သူတွေကို ၀ိဥာည်လောကဆီ လမ်းပြပို့ဆောင်ပေးသေးတယ်။

Hera
သူမက နတ်မိဖုရားခေါင်ကြီးပေါ့။ Zeusရဲ့ မိန်းမပါ။ သူတို့က မောင်နှမချင်း ပြန်ယူထားတာပါ။ နတ်တွေထဲမှာ အချောဆုံး အလှဆုံးလို့လဲ ပြောကြပါတယ်။ မှော်အတတ်ပညာကို ကျွမ်းတယ်လို့ ဆိုပါသေးတယ်။ သူမလက်ထဲမှာ ဒေါင်းတောင်လေး ကိုင်ထားလေ့ရှိပြီး အိမ်ထောင်ရေးနဲ့ အဓိကသက်ဆိုင်တဲ့ နတ်တစ်ပါးပေါ့။ ဒါပေမယ့် အိမ်ထောင်ရေးမှာတော့ သူမ ကိုယ်တိုင်လည်း ကံမကောင်းရှာပါဘူး။

Hephaestus
ဂရိနတ်တွေထဲမှာ ခြေထောက် ထော့နဲ့ထော့နဲ့ဖြစ်နေတဲ့ နတ်က သူပေါ့။ သူက မီးကို စောင့်ရှောက်တဲ့ နတ်ပါ။ ပန်းတိမ်တွေ၊ ပန်းပဲတွေနဲ့ အဓိက သက်ဆိုင်ပါတယ်။ Zeusရဲ့ အမိန့်အရ ပန်ဒိုရာကို ဖန်တီးခဲ့တာ သူပေါ့ကွယ်။ မည်းနက်နေတဲ့ သူ့ဆံပင်တွေက ရောခ့်ကာတွေလို အရှည်ကြီးပါပဲ။ လက်ထဲမှာ မီးတုတ်ကြီး ကိုင်ထားလေ့ရှိတယ်။ သူလည်း Zeus နတ်မင်းကြီးရဲ့ သားတော်တစ်ပါးပဲ။ သူက ခြေမသန် ရုပ်မချောပေမယ့် လှလွန်းပါတယ်ဆိုတဲ့ အချစ်နတ်ဘုရားမ Aphroditeနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။

Demeter
သူမက စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ နတ်တစ်ပါးပါ။ စိုက်ပျိုးမြေတွေမှာ မြေဆီသြဇာ ကောင်းအောင် လုပ်ပေးပါတယ်။ ပြီးတော့ သူမက Zeusရဲ့ ညီမပါ။ လက်ထဲမှာ ကောက်ပဲသီးနှံတွေ အပြည့်ထည့်ထားတဲ့ ဦးချိုကြီးတစ်ခုကို ကိုင်ထားလေ့ရှိပါတယ်။ ရည်းစားထားဖူးပေမယ့် အိမ်ထောင်မရှိတဲ့ အပျိုကြီးနတ်ပါ။ ဒါပေမယ့် ကလေးတော့ ရှိပါတယ်။ ထူးဆန်းပါဘိကွယ်။ ၀ိဥာည်လောကကို အုပ်ချုပ်နေတဲ့ Hades က သူမရဲ့သမီး Persephoneကို ခိုးပြေးသွားသေးတယ်။

Dionysus
သူ့ကို အရက်သမားနတ်လို့ပဲ ခေါ်ရမလားပဲ။ သူက စပျစ်ပင်တွေနဲ့ ၀ိုင်တွေကို ပိုင်စိုးတယ်။ လက်ထဲမှာ အရွက်ခွက်ကို ကိုင်ထားလေ့ရှိတယ်။ သူလည်း Zeus နတ်မင်းကြီးရဲ့ သားတော်တစ်ပါးပဲ။ သူ့မှာ အနုပညာ ဗီဇလည်း ရှိတယ်။ သူက လူသားတွေကို ပျော်ရွှင်မှုတွေ ပေးစွမ်းစေတယ်တဲ့။ ပြီးတော့ လူသေတွေကို ၀ိဥာည်လောကကနေ ပြန်ခေါ်ယူနိုင်စွမ်းရှိတဲ့ နတ်တွေထဲမှာ သူလည်းပါတယ်။ ဒါကြောင့် လူဝင်စားတွေ ရှိလာတာ သူ လုပ်ပေးလို့ဆိုပဲ။

Ares
ပဋိပက္ခတွေကို ဖန်တီးတတ်တဲ့ နတ်ပါ။ သူ့လက်ထဲမှာ သွေးစိုနေတဲ့ လှံကြီးကိုင်ထားပါတယ်။ လင်းတတွေ၊ ခွေးတွေလည်း မွေးထားပါတယ်။ စစ်ပွဲတွေကို ကြီးစိုးပါတယ်။ စစ်တိုက်ချင်တဲ့ နတ်ပေါ့။ ရုပ်ရည် ချောမောပြီး ရက်စက်တဲ့ပုံစံရှိပါတယ်။ သူရဲ့ပလ္လင်မှာ လူ့ဦးခေါင်းခွံတွေ အပြည့်ပဲလို့ ဆိုထားပါတယ်။ သူလည်း Zeus နတ်မင်းကြီးရဲ့ သားတော်တစ်ပါးပဲ။ သူ့မှာ အိမ်ထောင်ဘက် မရှိပါဘူး။ စစ်ပွဲကိုပဲ ချစ်သူလို ချစ်တယ်တဲ့။ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာလို့ပဲ မှတ်နေခဲ့လား မသိပါဘူး။ ဒါပေမယ့် အချစ်နတ်ဘုရားမ Aphroditeနဲ့ ဇာတ်တွေ ရှုပ်ထားဖူးတယ်။ အဲဒါကို နေနတ်သားက ဖော်လိုက်လို့ သူတို့တွေ အရှက်ကွဲရပါလေရော။

Athena
သူမကို လှံနဲ့ ဒိုင်းကို ကိုင်ထားတဲ့ ပုံစံမျိုး တွေ့ရလေ့ရှိပါတယ်။ ဇီးကွက်လေးလည်း မွေးထားသေးတယ်။ ဥာဏ်ပညာတွေကို ကြီးစိုးပါတယ်။ စစ်ပွဲတွေမှာလည်း တွေ့ရတတ်ပါတယ်။ ဒါပေမယ့် သူမဟာ တိုက်စစ်ထက် ခံစစ်မှာ ပိုပြီး ထူးချွန်ပါတယ်။ ငြိမ်းချမ်းရေး ကမ်းလှမ်းတဲ့ နေရာမှာလည်း တော်ပါတယ်။ Zeus နတ်မင်းကြီးရဲ့ နဖူးကနေ မွေးဖွားလာတဲ့ သမီးတော်တစ်ပါးပဲ။ လှံနဲ့ဒိုင်းကို လက်မှာကိုင်ပြီး နဖူးကနေ ထွက်လာခဲ့တာပါ။ ဂရိတွေအတွက် သံလွင်ပင်တွေ ဖန်တီးပေးခဲ့တယ်။

Apollo
ရထားပျံကြီး စီးပြီး ကောင်းကင်အနှံ့ ခြေဆန့်နေတဲ့ နေနတ်သားပါ။ ဂီတကို ကြီးစိုးတဲ့ နတ်တစ်ပါးလည်း ဖြစ်ပါတယ်။ အနာရောဂါတွေကို ပျောက်ကင်းစေတဲ့ အစွမ်းလည်း ရှိပါတယ်။ လူတွေ ရုတ်တရက် သေသွားရင် သူ့လက်ချက်လို့ ယုံကြည်ကြတယ်။ သူ လက်ဆော့ပြီး ပစ်လိုက်တဲ့ မြားမှန်ပြီး သေတာတဲ့။ သူလည်း Zeus နတ်မင်းကြီးရဲ့ သားတော်တစ်ပါးပဲ။ အမွှာအစ်မဖြစ်တဲ့ လနတ်သမီး Artemisနဲ့အတူ မွေးလာတာပါ။ တူရိယာတွေကို မဖန်တီးပေမယ့် ဂီတသံစဉ်တွေကို ထူးထူးချွန်ချွန် ဖန်တီးခဲ့ပါတယ်။ နတ်ချောလေးလို့လဲ ဆိုကြပါတယ်။ အဖေ့ခြေရာ နင်းသူပီပီ ရည်းစားတွေ အများကြီးရှိပေမယ့် အိမ်ထောင်မပြုပါဘူးတဲ့။

Artemis
ဂရိနတ်တွေထဲမှာ ရှားမှရှားတဲ့ အပျိုစင်နတ်သမီးလေးပါ။ တောထဲမှာပဲနေပြီး ပြေးရလွှားရ လွယ်အောင် စကပ်အတိုလေးပဲ ၀တ်ထားလေ့ရှိတယ်။ အမဲလိုက်တာ ၀ါသနာပါတယ်။ အဲဒါကြောင့် အမဲလိုက်ခွေးတွေ ၀က်ဝံတွေ မွေးထားပြီး လေးနဲ့မြားကို ကိုင်ထားလေ့ရှိတယ်။ လနတ်သမီးလည်းဖြစ်တော့ လေးကိုင်းမှာ လခြမ်းပုံလေး တပ်ထားလေ့ရှိတယ်။ Zeus နတ်မင်းကြီးရဲ့ သမီးတော်တစ်ပါးပဲ။ Apolloနဲ့ အမွှာဖြစ်ပေမယ့် သူမက အရင်မွေးတာပါ။ မွေးပြီးပြီးချင်း အမွှာဖြစ်တဲ့ Apollo မွေးလို့ရအောင် အမေ့ကို ၀ိုင်းကူပေးပြီး လက်သည်လုပ်ခဲ့တယ်လို့လည်း ဆိုကြပါသေးတယ်။ ဒါကြောင့် မီးနေသည်တွေ မီးဖွားတဲ့အခါမှာ သူမကို တိုင်တည်ကြပါတယ်။ လက်သည်နတ်သမီးပေါ့။ အပျိုစင်နတ်သမီးပီပီ ယောကျာ်းတွေကို မကြိုက်ပါဘူးတဲ့။

Aphrodite
အချစ်နတ်ဘုရားမလေးလို့ တင်စားခံရတဲ့ နတ်ပေါ့။ ကျက်သရေရှိပြီး အတော်လှတယ်လို့ ပြောကြတယ်။ Zeus နတ်မင်းကြီးရဲ့ သမီးတော်တစ်ပါးပဲ။ ပင်လယ်ထဲက ရေမှုန်ရေပန်းတွေကနေ ထွက်လာတယ်လို့ ဆိုကြပါတယ်။ ခြေမသန်တဲ့ ပန်းပဲနတ် Hephaestusရဲ့ တရားဝင် ဇနီးချောပါ။ သူတို့ လင်မယားကနေ မြားနတ်မောင်လေး မွေးလာပါတယ်။ ဒါပေမယ့် စစ်ပွဲတွေကို ချစ်တယ်ဆိုတဲ့ Aresက သူမနဲ့ ချစ်ခဲ့ဖူးပါတယ်။ အိမ်ထောင်ဘက် မရှိတဲ့ Aresကို အထီးကျန်မဆန်တဲ့ ညပေါင်းများစွာ ရှိရလေအောင် လုပ်ပေးခဲ့တာ သူမပေါ့။ ကောင်းကင်အနှံ့ ရထားပျံနဲ့ သွားနေတဲ့ နေနတ်သား ဖော်ကောင်လုပ်လို့ သူတို့ ဇာတ်ရှုပ်တွေ အထုပ်ဖြည်ပြခဲ့ရရှာတယ်။


မှတ်ချက်။ ကျွန်တော် သိထားသလောက်လေး ချရေးထားတာပါ။ ဒဏ္ဍာရီဆိုတော့လည်း ပုံပြင်လိုပဲ ဖတ်တာ ကောင်းပါတယ်။ ဒါကြောင့် အကြောင်းအရာတွေ အတိအကျ မှန်ကန်မယ်လို့ မဆိုဝံ့ပါဘူး။ ဒီရက်တွေမှာ ကျွန်တော်လည်း ချီးပန်းနေတယ်။ အဲဒီတော့ မှားတာတွေ ကွဲလွဲတာတွေ ရှိနေရင်လည်း အရူးချီးပန်း ရေးထားတယ်လို့ပဲ မှတ်လိုက်ကြပါတော့ဗျာ။

12 comments:

ဖိုးသင်္ကြန် said...

ပန်းမယ့်ပန်း ဆက်ပန်းပါဗျို့။ နားခေါင်းပိတ်ပြီး ဆက်အားပေးမယ်။

ဗီလိန် said...

ဓာတ်ပုံလေးတွေ ရှာပြီးထည့်ပေးပါလားဗျာ။ တွဲကြည့်ချင်လို့ပါ။

JulyDream said...

ပုံတွေ တင်ဖို့ကိစ္စ ကော်ပီရိုက်နဲ့ ငြိမှာစိုးလို့ ငြိမ်နေပါတယ်။ တခါ မဟာတံတိုင်းပုံလေး တင်မိတာ သက်ဆိုင်ရာကနေ လှမ်းပြီး တိုင်လိုက်လို့ ပြန်ဖြုတ်ပေးခဲ့ရပါတယ်။ ဒါကြောင့် မလိုအပ်ရင် မလိုအပ်သလို ပုံတွေ မတင်ဖို့ ဆုံးဖြတ်ထားပါတယ်။

မမသီရိ said...

အချစ်နတ်သမီးပါ ဆိုမှတော့
ချစ်ကြည့်တော့မှာပေါ့ မောင်လေးရဲ့
Aphrodite မှာ တခြား ချစ်သူတွေလဲ ရှိခဲ့သေးတယ် လို့ ဖတ်ဖူးတယ် ထင်တာပဲ...း)...
သူ့ကိုရှုတ်ချခဲ့တဲ့ နတ်မင်းအပေါင်းတွေကလဲ သူမလေးနဲ့သာ တညတာ အပန်းဖြေခွင့်ရမယ်ဆို ဘာမဆို လုပ်ပေးနိုင်တယ် လို့လဲ ပြောခဲ့သတဲ့...း)..

Taungoo said...

ဒီ Top 12 က လူသိများတဲ့ နတ်တွေလား။ တချို့တွေက မြန်မာနတ်တွေနဲ့ သဘောသဘာဝချင်း နီးစပ်သလိုပဲ။ ဥပမာ-ပန်းပဲမောင်တင့်တယ်နတ်၊ ဦးမင်းကျော်နတ်

တချို့နာမည်တွေ ကြားဖူးပေမယ့် ခုမှပဲ ဇာတ်ရည်လည်တော့တယ်။ ဗဟုသုတရလို့ ကျေးဇူးသူငယ်ချင်း။

ဒါနဲ့ ဂျူလိုင်ငယ်
လိုင်းတော့ မပြောင်းပါဘူးနော်။း)

ရွှန်းမီ said...

မိတ်ဆက်ပုံလေးတွေပါ တင်ပေးသင့်ပါတယ်..
ဓာတ်ပုံပိုင်ရှင်တွေကတော့ ပြဿနာ လာမရှာလောက်ပါဘူး..
နတ်ဖုရားတွေကို.. ကိုယ်ကလည်း ပရိုမုတ် လုပ်ပေးရသေးတယ်..

မိုးခါး said...

ဖတ်သွားပါတယ် ကိုဇူလိုင်ရေ .. ကြားဖူး သိဖူးတာပေါ့ ..း)

TZA said...

ဘလော့ဂ်ပိုင်ရှင် အလိုအပ်ဆုံးအရာ = ဘူးစို့ကောင်းကောင်းတစ်ခု

:P

နှင်းပွင့်ဖြူ said...

အဲ့ ဂရိနတ်တွေကို စိတ်ဝင်စားလို့ လိုက်ဖတ်စုနေတာကြာပီ... အလုပ်သိပ်မအား အချိန်မရတာနဲ့ ပြန်ပြစ်ထားလိုက်တာ.. ကြာပေါ့ ခု ကိုဂျူလိုင်တင်တာတွေ့တော့မှာပဲ သတိရတော့တယ်။ အဲ့လောက်အသိမ်းကောင်းတာ။ ပုံတွေက တစ်ချို.တွေဆို စိတ်ကူးနဲ့မှန်းဆွဲထားတာကြောင့် စာထဲကအတိုင်း လှလှပပလေးတွေမဟုတ်ကျဘူး ထူးထူးဆန်းဆန်းအကောင်တွေကျနေတာပဲ။ ဇု နတ်မင်းကြီးဆို တော်တော်ရုပ်ဆိုးတယ် :P

Unknown said...

သုတကို အစ်ကို့ရဲ့ ကိုယ်ပိုင် ဟာသရသလေးနဲ့ တွဲပြီးရေးသွားတာ ဖတ်ရတာ အကျိုးရှိပြီး ပေါ့ပေါ့ ပါးပါး နဲ့ အနှစ်သာရ ရှိလှပါတယ် အစ်ကိုရေ...။

နွေးနေခြည် said...

ဖတ်လို့ကောင်းတယ် ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားဖို့ကောင်းတယ်... သက်သာသွားပြီလား

Anonymous said...

ခေါမှာနေတဲ့ သူတောင် မသိဘူး ကိုဂျု ပြောမှ သိတော့တယ် အဟေဟေဟေဟေ