ကိုရန်အောင်က လာဖတ်တဲ့သူမှန်သမျှ Tag တယ်ဆိုပြီး စေတနာအပြည့်ပါတဲ့ ၀ါးလုံးရှည်ကြီးနဲ့ အားရပါးရ သိမ်းကြုံးရမ်းလိုက်တော့ ကျွန်တော်လည်း ရေးရမယ့်အထဲ ပါသွားတော့တာပေါ့။ ဒီဇင်ဘာ ၂၈ ကနေ ၃၀ ရက်နေ့အထိက စင်္ကာပူကြက်ခြေနီရဲ့ လူငယ်စခန်းမှာ စခန်းဝင်နေရတော့ ဒီကြားထဲမှာ ပို့စ်တွေ မရေးတင်ဖြစ်ဘူး။ လူငယ်စခန်းကို ကွန်ပျူတာ ယူသွားပြီး ပို့စ်တင်မလို့ လုပ်ပေမယ့် စ ရောက်တဲ့ နေ့ကစပြီး ပိုက်ဆံအိတ်၊ ဟန်းဖုန်း စတဲ့ တန်ဖိုးရှိတဲ့ အရာမှန်သမျှကို သိမ်းပေးထားတော့ ကွန်ပျူတာပါ ပေးလိုက်ရတယ်။ အဲဒါနဲ့ ခဲလေသမျှ သဲရေကျခဲ့ရတယ်။ ကွန်ပျူတာ ပေးထားလည်း ပို့စ်တင်ဖြစ်ဖို့ နေနေသာသာ တစ်နေကုန် တစ်နေခမ်း ပင်ပန်းထားလို့ အနားယူချိန် ပေးတာနဲ့ အိပ်ရာထဲ ၀င်တော့တာပါပဲ။
ဒီဇင်ဘာ ၃၁ ရက်နေ့ မနက်မိုးလင်း အိပ်ရာထတော့ မနက် ၉ နာရီလောက် ထိုးနေပြီ။ စခန်းမှာ ပင်ပန်းခဲ့သမျှ အိမ်မှာ အေးဆေးအိပ်လိုက်တာ နေဖင်ထိုးပါလေရော။ ရုံးကနေလည်း ခွင့်ယူထားတော့ အေးအေးဆေးဆေး အိပ်နေတာပေါ့။ မျက်နှာသစ်ပြီးတော့ အိမ်မှာ အတူနေတဲ့ ဗိသုကာ အကိုတစ်ယောက်နဲ့ အိမ်အောက်ဆင်းပြီး ကော်ဖီသောက်လိုက်ပါတယ်။ ပြီးတော့ အိမ်ပေါ်ပြန်တက်လာပြီး အင်တာနက်ထဲ ဟိုဟိုဒီဒီ ၀င်ပြီး မွှေနှောက်နေတာပေါ့။ နေးတစ်မြန်မာဖိုရမ်ကိုလည်း ကမ့်ဝင်နေလို့ မဖတ်ရတာ ၃ ရက်ရှိပြီဆိုတော့ ဖိုရမ်ထဲမှာ ၀င်ဖတ်နေလိုက်တယ်။ အဲဒါနဲ့ နေ့လည်ကို ရောက်ပါလေရောဗျာ။
နေ့လည်ပိုင်း နေ့လည်စာ စားပြီးကတည်းက တောကျီးကန်း သွေးလှူရှင်အဖွဲ့ရဲ့ Blog မှာ တင်စရာ သတင်းတွေ ကျန်နေတာကို ပြန်လည်ရှာဖွေပြီး စာတွေ စီပြီး ရေးတင်လိုက်ပါတယ်။ ဒီကြားထဲမှာ အလုပ်ကများနေတော့ ပို့စ်တင်ရမယ့် တာဝန်တွေ လစ်ဟင်းနေတော့တယ်။ နှစ်မကုန်ခင် နောက်တစ်နှစ်ကို အကြွေး မယူသွားချင်လို့ မသိတာတွေ မရှင်းတာတွေကို ရန်ကုန်ကို ဂျီတော့ခ်ကတဆင့် လှမ်းမေးပြီး စာတွေကို ရေးတင်နေလိုက်တယ်။ သတင်းတွေကို နိုဝင်ဘာလကတည်း မရေးတင်ရသေးတော့ ၂ လစာကို တစ်ရက်တည်း အပြီးရေးတင်နေရတယ်။ ရန်ကုန်ဘက်ကလည်း သတင်းတွေ ပို့ဖို့ ကျန်တာတွေကို ဆက်ပို့ခိုင်းနေရတယ်။ အဲဒါနဲ့ တစ်နေကုန်ပါလေရော။
နှစ်သစ်ကူးဆိုတာ ကျွန်တော့်အတွက် သိပ်ပြီးတော့ ခံစားချက် မရှိပါဘူး။ ရန်ကုန်မှာ နေတုန်းကတော့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ညမအိပ်ပဲ စားသောက်ကြတာပဲ ရှိပါတယ်။ ထူးထူးခြားခြား အလေးအနက်ထား ခံစားတာတွေတော့ မရှိပါဘူး။ ဒါကြောင့်လည်း ဒီနှစ် ၂၀၀၇ ညမှာလည်း ဘယ်မှ မသွားချင်တာနဲ့ အိမ်က အခန်းထဲမှာပဲ နေပြီး RAVEN BDC Blog ကိုပဲ ပို့စ်တွေ တောက်လျှောက် တင်နေမိလိုက်တယ်။ ဟန်းဖုန်းကို မတ်ဆေ့ခ်ျတွေ ၀င်လာတော့မှ နှစ်သစ်ကူးခါနီးပြီ ဆိုတာကို သတိထားမိပြီး သူငယ်ချင်းတွေ အသိတွေဆီကို နှစ်သစ်ကူး ဆုမွန်တွေ မတ်ဆေ့ခ်ျ ပို့နေလိုက်ပါတယ်။ လူငယ်ကမ့်က သူငယ်ချင်း အသစ်တွေကိုရောပေါ့။ သူတို့ဆီက ပြန်လာတဲ့ စာတွေကို ဖတ်လိုက်... စာပြန်လိုက်နဲ့ ၂၀၀၇ ရဲ့ ဒီဇင်ဘာ နောက်ဆုံးညကို အဲဒီလိုနဲ့ပဲ ဖြတ်သန်းခဲ့ပါတယ်။
အင်း.... ၂၀၀၈ ဆိုတော့ ၈ ဂဏန်းတွေ ဆုံအုံးမယ့် နေ့တစ်နေ့ ပါလာအုံးမှာပေါ့။ ဒီနှစ် ၂၀၀၇ မှာ ၀၇-၀၇-၀၇ ဆိုပြီး ၇ သုံးလုံး ဆုံခဲ့ပြီးပြီလေ။ အဲဒီနေ့လေးက ကျွန်တော့်ရဲ့ ဇူလိုင်အိမ်မက် Blog လေး မွေးဖွားခဲ့တဲ့ နေ့တစ်နေ့ပေါ့။ အခု ၂၀၀၈ မှာဆိုလည်း ၀၈-၀၈-၀၈ တွေ ဖြစ်အုံးမှာလေ။ ၂၀၀၈ တရုတ် အိုလံပစ်ကလည်း အဲဒီနေ့မှာ ကျင်းပအုံးပါ။ အဲဒီလို ဂဏန်းတွေ ထပ်တဲ့နေ့တွေမှာ မြန်မာ့သမိုင်းက ထူးခြားတတ်ပါတယ်။ ဒါကြောင့် အခုလာမယ့်နှစ် ၂၀၀၈ အတွင်းမှာ မြန်မာပြည်ကြီး အေးချမ်း တိုးတက်ပါစေ။ ငြိမ်းချမ်းသာယာပါစေဗျာ။ ဘေးရန်အပေါင်းမှ ကင်းရှင်းပါစေ။ လူအချင်းချင်း လှည့်ပတ်ခြင်းလည်း ကင်းဝေးကြပါစေ။ကဲ... ကိုရန်အောင်ရေ ခင်ရင်တော့ များများရေး... မုန်းရင်တော့ ၁၀ ကြောင်းလောက်ပဲ ရေးဆိုတော့ အခုဒီပို့စ်မှာ ကျွန်တော်ရေးထားတာ ၁၀ ကြောင်းရှိလား... မရှိလားဆိုတာကို ကိုယ့်ဘာသာ ကိုယ်ပဲ ရေကြည့်လိုက်ပါတော့။ ကဲ... ပျော်ပျော်ပါးပါး စာကြောင်းတွေကို ရေတွက်ကြည့်ရင်း နှစ်သစ်ကို ကြိုဆိုလိုက်ပါအုံးဗျာ။